တိုက်ရိုက်ထုတ်လွှင့်မှု, ပုပ္ပါးမှာ တောင်ကျရေနဲ့မျောပါတဲ့ လူ ၂၀ ကို အသက်ရှင်လျက် ကယ်တင်နိုင်

ပုပ္ပါးမှာ တောင်ကျရေနဲ့မျောပါတဲ့ လူ ၂၀ ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တဲ့သတင်းအပါအဝင် ဧပြီ ၂၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • တတိယမြောက် ချားလ်စ် ဘုရင်ရဲ့အမေရိကန်ပြည်ထောင်စုဆီ နိုင်ငံတော်ခရီးစဉ်ဟာ စီစဉ်ထားတဲ့အတိုင်း ဆက်ရှိမယ်လို့ ဘက်ကင်ဟမ်နန်းတော်ပြော
  • အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲ အပြင်ဘက်မှာ သေနတ်ပစ်ခတ်ခဲ့တဲ့ မသင်္ကာသူ သေနတ်သမားကို ဒီနေ့ ရုံးတင်မယ်
  • စစ်မှုထမ်းပြီးတဲ့သူတွေကို ပြည်ပအလုပ်အကိုင်အခွင့်အလမ်းရရှိအောင် ဆောင်ရွက်ပေးဖို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)ကို နေပြည်တော်ညွှန်ကြား
  • အမျိုးသားစာပေဆုရှင် စာရေးဆရာ ဦးတင်ညွှန့်နဲ့ သားအငယ်အပါအဝင် ၃ ဦး ဖမ်းဆီးခံထားရ
  • အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူ့အရာရှိတွေဟာ သေနတ်သမားရဲ့ ပစ်မှတ်တွေဖြစ်နိုင်ခြေရှိတယ်လို့ အမေရိကန်ယာယီ ရှေ့နေချုပ်ပြော
  • ကျောက်ပန်းတောင်း-ပုပ္ပါးလမ်းပေါ်မှာရှိတဲ့ ဆည်ပေါက်ကျေးရွာက ချောင်းထဲ မျောပါသွားတဲ့ ထော်လာဂျီတစ်စီးပေါ်က လူအယောက် ၂၀ ကို ကယ်ဆယ်နိုင်ခဲ့

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ချားလ်စ်ဘုရင်ရဲ့အမေရိကန်ခရီး စီစဉ်ထားတဲ့အတိုင်း ဆက်ရှိ

    ၂၀၂၅ ခုနှစ်တုန်းက သမ္မတ ထရမ့်ရဲ့ဗြိတိန်ခရီးစဉ်အတွင်း ဂုဏ်ပြုတပ်ဖွဲ့ရဲ့အလေးပြုခံနေတဲ့ ချားလ်စ်ဘုရင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

    ဓာတ်ပုံ ရင်းမြစ်, PA Media

    ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ်တုန်းက သမ္မတ ထရမ့်ရဲ့ဗြိတိန်ခရီးစဉ်အတွင်း ဂုဏ်ပြုတပ်ဖွဲ့ရဲ့အလေးပြုခံနေတဲ့ ချားလ်စ်ဘုရင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

    ဒီနေ့နှောင်းပိုင်းမှာ စတင်ဖို့ရှိတဲ့ တတိယမြောက် ချားလ်စ် ဘုရင်ရဲ့အမေရိကန်ပြည်ထောင်စုဆီ နိုင်ငံတော်ခရီးစဉ်ဟာ စီစဉ်ထားတဲ့အတိုင်း ဆက်ရှိမယ်လို့ ဘက်ကင်ဟမ် နန်းတော်က ပြောပါတယ်။ ဒါပေမဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ချိန်ညှိမှု အနည်းငယ်တော့ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

    ခရီးစဉ်အတွက် အမေရိကန်ရော၊ ဗြိတိန်ဘက်မှာပါ ဆွေးနွေးခဲ့ပြီး ဗြိတိန်အစိုးရရဲ့အကြံဉာဏ်ကြောင့် ခရီးစဉ်ကို ဆက်ထားရှိဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း ဘက်ကင်ဟမ်နန်းတော်ရဲ့ကြေညာချက်က ဆိုပါတယ်။

    ဝါရှင်တန် ညစာစားပွဲက ပစ်ခတ်မှုမှာ သမ္မတ ထရမ့်၊ သမ္မတကတော် မယ်လာနီယာနဲ့ တခြားဧည့်သည်တွေ အထိအခိုက် မရှိခဲ့တာကို ချားလ်စ်ဘုရင်ဟာ အတော်လေး စိတ်သက်သာရာရခဲ့တယ်လို့ နန်းတော်ဘက်က ပြောပါတယ်။

    ချားစ်လ်ဘုရင်ဟာ အမေရိကန်လွှတ်တော်နှစ်ရပ်ကို မိန့်ခွန်းပြောဖို့ရှိပြီး နယူးယောက်မြို့က 9/11 တိုက်ခိုက်မှု အောက်မေ့ဖွယ်နေရာကို သွားရောက်တာနဲ့ ဗာဂျီးနီးယားပြည်နယ်မှာ အမေရိကန်နဲ့ ဗြိတိန်စစ်သားတွေ ကျဆုံးမှု အောက်မေ့ဖွယ်ပန်းခွေချဖို့လည်း ရှိနေပါတယ်။ ဒါပေမဲ့ အခုခရီးအတွင်း အစီအစဉ်တွေ အပြောင်းအလဲရှိ မရှိဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    အခုနိုင်ငံတော်ခရီးစဉ်ဟာ ခရီးစဉ်ကို စီစဉ်ရသူတွေအတွက် သံခင်းတမန်ခင်းအရ စိန်ခေါ် မှုတွေရှိနေခဲ့ပါတယ်။ ဗြိတိန်က ဖောက်ကလန်ကျွန်းစုကို အချုပ်အခြာပိုင်မှုအပိုင်းနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ရပ်တည်ချက်ကို ပြန်လည်သုံးသပ်ဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာချိန်မှာပဲ အခုခရီးစဉ်ရှိလာတာဖြစ်ပါတယ်။

    အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် Sir Christian Turner ဆာ ခရစ်ရှန် တာနာကတော့ ဘုရင်နဲ့ ကြင်ယာတော် မိဖုရားတို့ရဲ့ အမေရိကန်ခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေးကို သွေးသစ်လောင်း ခိုင်ကြည်စေလိမ့်မယ်လို့ ဆိုပါတယ်။

    ဒါပေမဲ့ ဝါရှင်တန်မှာလည်း စနေ့နေ့ညပိုင်းတုန်းက သမ္မတ တက်တဲ့ညစာစားပွဲမှာ ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် လုံခြုံရေးပိုင်းကို စိုးရိမ်တာတွေ ရှိခဲ့ပါတယ်။

    ဗြိတိန်သံအမတ်ကတော့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တနင်္ဂနွေနေ့မှာ စကားပြောခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

    ပစ်ခတ်မှုဖြစ်ခဲ့ပြီးတဲ့နောက် ဘုရင်နဲ့ ကြင်ယာတော် မိဖုရားတို့ဟာ သမ္မတထရမ့်ဆီ သီးသန့်ဆက်သွယ် သတင်းမေးခဲ့တယ်လို့လည်း သိရပါတယ်။

    ချားလ်စ် ဘုရင်ရဲ့ ၄ ရက်ကြာ အမေရိကန်ခရီးစဉ်မှာ သမ္မတ ထရမ့်နဲ့ သမ္မတကတော် မယ်လာနီယာတို့က အိမ်ဖြူတော်မှာ ကြိုဆိုနှုတ်ဆက်တာလည်း ပါဝင်မှာဖြစ်ပါတယ်။

  2. ဝါရှင်တန် ညစာစားပွဲက သေနတ်သမားဆိုသူကို ဒီနေ့ ရုံးတင်မယ်

    သေနတ်သမားကို ဖမ်းဆီးမိပြီလို့ ထရမ့်က ပြောတဲ့ Truth ဆိုရှယ်ပို့စ်မှာ တင်ထားတဲ့ ဓာတ်ပုံဖြစ်ပြီး အမျိုးသား တစ်ဦး ကြမ်းပြင်ကော်ဇောပေါ် ဝမ်းလျားမှောက်နေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သေနတ်သမားကို ဖမ်းဆီးမိပြီလို့ ထရမ့်က ပြောတဲ့ Truth ဆိုရှယ်ပို့စ်မှာ တင်ထားတဲ့ ဓာတ်ပုံ

    အမေရိကန်ပြည်ထောင်စုမှာတော့ ဒေသစံတော်ချိန် တနင်္လာနေ့ မနက် ၄ နာရီကျော်ရှိပါပြီ။

    စနေနေ့ညပိုင်းတုန်းက ဝါရှင်တန်ဒီစီမြို့မှာ ပြုလုပ်တဲ့ အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲ ခန်းမအပြင်ဘက်မှာ သေနတ်ပစ်ခတ်ခဲ့တဲ့သူလို့ မသင်္ကာသူ သေနတ်သမားကို ဒီနေ့မှာ တရားရုံးတင် အမှုဖွင့်ဖို့ ရှိနေပါတယ်။

    သေနတ်သမားဟာ အသက် ၃၁ နှစ်အရွယ် ကိုးလ် သောမတ်စ် အယ်လန်ဆိုသူဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ တောရန့်စ်မြို့က ဖြစ်တယ်လို့ အမေရိကန်မီဒီယာတွေက သတင်းဖော်ပြပါတယ်။

    အမေရိကန် ယာယီ ရှေ့နေချုပ် တော့ဒ် ဘလန့်ချ်ကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူ့အရာရှိတွေဟာ သေနတ်သမားရဲ့ပစ်မှတ်တွေဖြစ်နိုင်ခြေရှိတယ်လို့ ပြောပါတယ်။

    ကိုးလ် သောမတ်စ် အယ်လန်ဟာ ဝါရှင်တန်မြို့က ဝါရှင်တန် ဟေလ်တန် ဟိုတယ်မှာ ပြုလုပ်နေတဲ့ညစာစားပွဲအတွင်း လုံခြုံရေးစစ်ဆေးတဲ့နေရာအနီးမှာ သေနတ်ပစ်ခတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

    ပစ်ခတ်မှုဖြစ်ပြီး ၁ နာရီတောင်မကြာခင်မှာပဲ ထရမ်က ''သေနတ်သမားကို ဖမ်းမိပြီ'' လို့ လူမှုကွန်ရက် Truth လူမှုကွန်ရက်ကနေ ထုတ်ပါတယ်။ အဲဒီပို့စ်မှာ ဓာတ်ပုံကိုလည်း သူက တင်ပါတယ်။

    အမေရိကန်တရားဥပဒေစိုးမိုးရေးအဖွဲ့တွေကတော့ မသင်္ကာသူ သေနတ်သမားကို ဝါရှင်တန် ဒီစီမြို့ အနောက်မြောက်ပိုင်းက မြို့ရဲဌာနရဲစခန်းတစ်ခုမှာ ထိန်းသိမ်းထားတာဖြစ်ပြီး မြို့အရှေ့တောင်ပိုင်းက ထိန်းသိမ်းရေးအဆောက်အဦဆီ ဒီနေ့နှောင်းပိုင်းမှာ ပို့ဆောင်မယ်လို့ အမေရိကန် မိတ်ဖက်သတင်းဌာန စီဘီအက်စ်ကို ပြောပါတယ်။

    အကြမ်းဖက်တဲ့ရာဇဝတ်မှုတစ်ခုအတွင်း ဖက်ဒရယ်အရာရှိ တစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ သူ့ကို ဒီနေ့မှာ တရားဝင် တရားစွဲဆိုမယ်လို့ ယူဆရပါတယ်။ အဲဒီနောက်ပိုင်း နောက်ထပ် ဖက်ဒရယ်တရားစွဲဆိုမှုတွေ ဆက်လုပ်မယ်လို့ အမေရိကန် ယာယီ ရှေ့နေချုပ် ဘလန့်ချ်က ပြောပါတယ်။

  3. စစ်မှုထမ်းပြီးသူတွေ ဂျပန်၊ မလေးနဲ့ ထိုင်းမှာ အလုပ်ရအောင် လုပ်ဖို့ နေပြည်တော်ညွှန်ကြား

    ကယား(ကရင်နီ)ပြည်နယ်ထဲက စစ်မှုထမ်းအပတ်စဉ် ၁ ပြီးမြောက်လို့ ပြန်လာတဲ့သူတွေကို ကြိုဆိုတဲ့အခမ်းအနားမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ကယား(ကရင်နီ)ပြည်နယ်ထဲက စစ်မှုထမ်းအပတ်စဉ် ၁ ပြီးမြောက်လို့ ပြန်လာတဲ့သူတွေကို ကြိုဆိုတဲ့အခမ်းအနားမြင်ကွင်း

    စစ်မှုထမ်းပြီးတဲ့သူတွေကို ပြည်ပအလုပ်အကိုင်အခွင့်အလမ်းရရှိအောင် ဆောင်ရွက်ပေးဖို့ဆိုပြီး နေပြည်တော် အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)ကို ညွှန်ကြားလိုက်တယ်လို့ ဒီအကြောင်းသိတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ဝန်ကြီးဌာနတာဝန်ရှိသူတွေက MOEAA အဖွဲ့ဝင်တို့ နေပြည်တော်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံချိန် အခုလို ညွှန်ကြားလိုက်တာလို့လည်း သူက ဆိုပါတယ်။

    “စစ်မှုထမ်းချင်လာ‌အောင် လုပ်တာပေါ့။ အဲဒီလူတွေကို မဖြစ်မနေ လုပ်ပေးရမယ်ဆိုပြီး ညွှန်ကြားလာတာ” လို့ သူက ဆိုပါတယ်။

    စစ်မှုထမ်းပြီးသူတွေကို ပြည်ပကို အလုပ်အကိုင်နဲ့စေလွှတ်တဲ့အခါမှာလည်း အခမဲ့ ဒါမှမဟုတ် အလုပ်လုပ်မယ့် အလုပ်သမားဘက်က ငွေပေးချေတဲ့စနစ်နဲ့ MOEAA ဘက်က အဲဒီသူတွေကို ပြည်ပဆီ လွှတ်ပေးမလားဆိုတဲ့အပေါ် အဓိကဆွေးနွေးခဲ့တယ်လို့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။

    စစ်မှုထမ်းပြီး ပြန်လာတဲ့သူတွေကို ယေဘုယျအားဖြင့် ဂျပန်၊ ထိုင်း နဲ့ မလေးရှားစတဲ့နိုင်ငံတွေကို စေလွှတ်ဖို့ နေပြည်တော်ဘက်က ဆန္ဒရှိနေတယ်လို့လည်း သူက ဆိုပါတယ်။

    လုပ်ခလစာတွေအနေနဲ့ ဂျပန်အတွက် တစ်လကို ကန်ဒေါ်လာ ၂,၈၀၀၊ ထိုင်းအတွက် တစ်လကို ထိုင်းဘတ် ၁၀,၀၀၀ နဲ့ မလေးရှားအတွက် တစ်လကို ကန်ဒေါ်လာ ၈၅၀ စတဲ့နှုန်းထားတွေနဲ့ စေလွှတ်ဖို့ MOEAA နဲ့ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    ဒါပေမဲ့ ဂျပန်ကို စေလွှတ်မယ်ဆိုရင် ဘာသာစကားလိုအပ်ချက်လည်း ရှိမှာဖြစ်လို့ စစ်မှုထမ်းပြီးသူတွေကို ဂျပန်ကို စေလွှတ်ဖို့ရာ ဖြစ်နိုင်ခြေနည်းလိမ့်မယ်လို့ ပြောပါတယ်။

    ဒါကြောင့် စစ်မှုထမ်းပြီးသူတွေအတွက် ပြည်ပအလုပ်အကိုင်ရရှိရေးဖန်တီးတဲ့အခါမှာ အလုပ်ရရှိမှုအပိုင်းမှာ စက်ရုံအလုပ်ရုံနေရာတွေအတွက် လုပ်သားခေါ်ယူမှုစျေးကွက်ပိုရှိတဲ့ ထိုင်းနဲ့ မလေးရှားတို့ကိုသာ စေလွှတ်နိုင်ခြေမြင့်တယ်လို့ အလုပ်သမားပို့ဆောင်ရေး အေဂျင်စီ ဖွင့်လှစ်လုပ်ကိုင်နေသူ တစ်ဦးက သုံးသပ်ပါတယ်။

    တစ်ဖက်မှာလည်း နေပြည်တော်က အသက်သွင်းလိုက်တဲ့ ပြည်သူ့ စစ်မှုထမ်းသင်တန်းကို အပတ်စဉ် ၂၄ အထိ ဖွင့်လှစ်ပြီးဖြစ်ပါတယ်။

    စစ်ကောင်စီလက်ထက် စတင်အသက်သွင်းတဲ့ စစ်မှုထမ်း ဥပဒေအောက် ၂ နှစ် တာဝန်ထမ်းပြီးတာနဲ့ အလုပ်အကိုင် ရရှိဖို့ပါ ဖန်တီးပေးမယ်လို့ စစ်ကောင်စီက ပြောထားတာဖြစ်ပါတယ်။

    နေပြည်တော်ကတော့ စစ်မှုထမ်းသင်တန်း ၂ နှစ်တက်ပြီးသူတွေကို အိမ်ပြန်ခွင့်ပေးနေပြီလို့ နိုင်ငံပိုင်သတင်းတွေက ထုတ်ပြန်နေပါတယ်။

    ဧပြီလဆန်းပိုင်းတုန်းကတော့ အစိုးရအဖွဲ့သစ်ရဲ့ကယားပြည်နယ်ဝန်ကြီးချုပ်က ကယား(ကရင်နီ)ပြည်နယ်ထဲက ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ပြီးမြောက်ခဲ့သူ ၃၈၅ ဦးအတွက် အခမ်းအနားပြုလုပ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းမီဒီယာတွေကနေ ကြေညာခဲ့ပါတယ်။

    ဒါပေမဲ့ စစ်မှုထမ်း အပတ်စဉ် တစ်ခုကို လူ ၅ ထောင်အထိ စုဆောင်းမယ်လို့ စစ်တပ်က ကြေညာခဲ့တာကြောင့် စစ်မှုထမ်းသက်ပြည့်လို့ အိမ်ပြန်ရသူတွေ သတင်းထုတ်တဲ့ပမာဏနဲ့ ကွာဟချက် လူ ထောင်ချီနေတဲ့အပေါ် မေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။

  4. အမျိုးသားစာပေဆုရှင် ဦးတင်ညွန့်နဲ့ သားဖြစ်သူအပါအဝင် ၃ ဦး ဖမ်းဆီးခံထားရ

    စာရေးဆရာ ဦးတင်ညွန့်(ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Tin Nyut

    ဓာတ်ပုံ ပုံစာ, စာရေးဆရာ ဦးတင်ညွန့် (ပုံဟောင်း)

    အမျိုးသားစာပေဆုရှင် စာရေးဆရာ ဦးတင်ညွန့်နဲ့ သားအငယ်အပါအဝင် ၃ ဦးကို ဧပြီ ၂၃ ရက် မနက်အစောပိုင်းလောက်မှာ အာဏာပိုင်တွေက သန်လျင်က နေအိမ်ကို လာပြီး ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    “ဦးတင်ညွန့်ရယ်၊ သား ၂ ယောက်လုံးကို ဖမ်းတာ၊ သားအကြီးကိုတော့ ပြန်လွှတ်ပေးလိုက်တယ်။ အငယ်ဖြစ်သူကတော့ စာအုပ်ထုတ်ဝေသူဆိုတော့ ဆက် ဖမ်းထားတယ်” လို့ သူက ဆိုပါတယ်။

    ဦးတင်ညွန့်ဟာ နိုင်ငံရေးအပြင် သုတ၊ ရသစာပေတွေကို ‌ရေးသားနေသူဖြစ်ပြီး သူ့စာအုပ်အများစုကို သားအငယ်ဖြစ်သူပိုင်တဲ့ မောက္ခစာအုပ်တိုက်ကနေ ထုတ်ဝေတာဖြစ်ပါတယ်။

    နောက်ထပ် ဖမ်းဆီးခံရသူတစ်ဦးကတော့ ဆရာဦးတင်ညွန့်ရဲ့ စာအုပ်တွေကို တစ်တော့မှာ ရောင်းချခဲ့သူ အမျိုးသမီးလို့သိရပြီး လိုင်စင်မဲ့ဈေးရောင်းချမှုနဲ့ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

    လက်ရှိမှာ စာရေးဆရာ ဦးတင်ညွန့်ဟာ အရပ်သားအစိုးရလက်ထက်တွေမှာ ထုတ်ဝေခဲ့တဲ့ စာအုပ် ၃ အုပ်ဖြစ်တဲ့ “ခွေးထိန်းငတာ၊ ဗိုလ်ချုပ်တွေ ကျွန်တော့်ကို ညာခဲ့သည်၊ ဦးသန်းရွှေ၏ယတြာများ”စတဲ့ စာအုပ်တွေနဲ့ပတ်သက်ပြီး ဖမ်းဆီးခံလိုက်ရတာလို့ ကနဦးသိရှိရပါတယ်။

    ဦးတင်ညွန့်နဲ့ နီးစပ်သူတစ်ဦးကလည်း မကြာသေးခင်ကမှ ဦးတင်ညွန့် ရေးသားခဲ့တဲ့ “ပညာတတ် အောက်တန်းစား” ဆိုတဲ့ ဆောင်းပါးနဲ့ ဖမ်းဆီးမှု ဆက်စပ်တယ်လို့ ဘီဘီစီကို ဒီနေ့ ဧပြီ ၂၇ ရက်မှာ ပြောပါတယ်။

    လက်ရှိမှာ စာရေးဆရာ ဦးတင်ညွန့်ကိုတော့ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားပြီး သားအငယ်ဖြစ်သူနဲ့အတူ သန်လျင်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ စာရေးဆရာအသိုင်းအဝိုင်းကနေ သိရပါတယ်။

    အမှုဖွင့်ခံထားရတာနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ဖို့ ဘီဘီစီက သန်လျင်ရဲစခန်းကို ဖုန်းခေါ်ဆို ဆက်သွယ်နေပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

    စာရေးဆရာ ဦးတင်ညွန့်ရဲ့သားအငယ် ပိုင်ဆိုင်တဲ့ မောက္ခစာအုပ်တိုက်ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ သတင်းဖြေကြားဖို့ ငြင်းဆိုပါတယ်။

    ကျောင်းဆရာဟောင်းလည်းဖြစ်တဲ့ ဦးတင်ညွန့်ဟာ ရိုးမပေါ်ကျတဲ့မျက်ရည်၀တ္ထုနဲ့ နာမည်ကြီးသူဖြစ်ပြီး ၂၀၁၇ ခုနှစ် အမျိုးသားစာပေဆုရှင်ဖြစ်ပါတယ်။ The Voice နေ့စဉ်သတင်းစာရဲ့အယ်ဒီတာဟောင်းလည်းဖြစ်ပါတယ်။

    လက်ရှိမှာ သုတရသစာတွေရေးသားနေသူဖြစ်ပြီး စေတနာရှင်တွေက ပေးပို့တဲ့ငွေကြေးတွေကို စုစည်းပြီး ကျောင်းဆရာ ဆရာမဟောင်းတွေကို ငွေကြေးထောက်ပံ့တဲ့ပရဟိတအလုပ်ကိုလည်း လုပ်နေတာကို ဦးတင်ညွန့်ရဲ့ လူမှုကွန်ရက်ပေါ်မှာတင်တဲ့ ပို့စ်တွေအရ တွေ့ရပါတယ်။

  5. ထရမ့်နဲ့အရာရှိတွေဟာ သေနတ်သမားရဲ့ပစ်မှတ် 'ဖြစ်နိုင်ခြေ' ရှိခဲ့တယ်လို့ အာဏာပိုင်တွေ ယုံကြည်

    သတင်းထောက်များအသင်းညစာစားပွဲအပြီး အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲအပြီးမှာ မြင်တွေ့ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သတင်းထောက်များအသင်းညစာစားပွဲအပြီး အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲအပြီးမှာ မြင်တွေ့ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူ့အရာရှိတွေဟာ အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲကို ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့သေနတ်သမားရဲ့ ပစ်မှတ်တွေဖြစ်နိုင်ခြေရှိတယ်လို့ အမေရိကန်ယာယီ ရှေ့နေချုပ် တော့ဒ် ဘလန့်ချ်က ပြောပါတယ်။

    အသက် ၃၁ နှစ်အရွယ် မသင်္ကာသူ သေနတ်သမား ကိုးလ် သောမတ်စ် အယ်လန်ဟာ ဝါရှင်တန်မြို့က ဝါရှင်တန် ဟေလ်တန် ဟိုတယ်မှာ ပြုလုပ်နေတဲ့ညစာစားပွဲအတွင်း လုံခြုံရေးစစ်ဆေးတဲ့နေရာအနီးမှာ သေနတ်ပစ်ခတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

    အန်ဘီစီသတင်းဌာနနဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ ယာယီရှေ့နေချုပ် ဘလန့်ချ်က သေနတ်သမားဟာ ဘာကြောင့် အခုလိုပစ်ခတ်မှု လုပ်တယ်ဆိုတာကို သိရအောင် စုံစမ်းနေပြီဖြစ်ပေမဲ့ ကနဦးစုံစမ်းချက်တွေအရ အစိုးရအဖွဲ့က အရာရှိတွေကို ပစ်မှတ်ထားခဲ့တယ်ဆိုတာကို ပြသနေတယ်လို့ပြောပါတယ်။

    အခုတော့ အမေရိကန်ထောက်လှမ်းရေး FBI ရဲ့ရာဇဝတ်စုံစမ်းရေးဌာနနဲ့ အကြမ်းဖက်တိုက်ဖျက်ရေးအထူးအဖွဲ့က ဒီဖြစ်ရပ်ကို စုံစမ်းနေပြီလို့ ဆိုပါတယ်။

    ညစာ စားပွဲခန်းမကနေ အရေးတကြီး ကယ်ထုတ်ခံခဲ့ရတဲ့ သမ္မတဒေါ်နယ်ထရမ့်ကတော့ ''ဒီလောက် အန္တရာယ်ကြီးတဲ့အလုပ် မရှိတော့ဘူး''လို့ ဆိုပြီး စနေနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

    တနင်္ဂနွေနေ့တုန်းက အိမ်ဖြူတော်ကနေ ထုတ်တဲ့ထုတ်ပြန်ချက်မှာတော့ ထရမ့်ဟာ သူ့အစိုးရအဖွဲ့ဝင်တွေနဲ့အတူ ရှိနေတုန်း ''သေနတ်ပစ်ခတ်မှုတွေရှိခဲ့တဲ့ လုပ်ကြံရန်ကြိုးပမ်းမှု တစ်ခုကနေ'' ရှင်သန်လွတ်မြောက်ခဲ့အပြီးမှာ ''အကြောက်တရားမရှိဘဲ ရပ်တည်နေတုန်း''ဖြစ်တယ်လို့ ရေးပါတယ်။

    အိမ်ဖြူတော်သတင်းထောက်များအသင်း ဥက္ကဋ္ဌ ဝီကျား ကျင်းကတော့ ဒီတိုက်ခိုက်မှုဟာ ထိတ်လန့်တုန်လှုပ်စရာလို့ ပြောပါတယ်။

    နောက်ပြီး ညစာစားပွဲမှာ စင်မြင့်ထက် ထရမ့်နဲ့အတူ ဘေးကျင်းကပ် ထိုင်ခဲ့တဲ့ ကျင်းက ''ထောင်နဲ့ချီတဲ့ဧည့်ပရိသတ်တွေကို ကာကွယ်ဖို့'' အားထုတ်လုပ်ဆောင်ခဲ့တဲ့ သမ္မတ သက်တော်စောင့် လုံခြုံရေးအဖွဲ့ကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

    မနေ့က ဖြစ်ပွားခဲ့တဲ့ဒီဖြစ်ရပ် နောက်ဆုံးရသတင်းတွေကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

  6. ၁၀၂၇ မဟာမိတ်စုဖွဲ့မှု တခန်းရပ်ပြီလား၊တရုတ်ဖိအား ဘယ်လောက်ပါသလဲ

    တအောင်းတပ် (TNLA) တပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, တအောင်းတပ် (TNLA) တပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)

    ၁၀၂၇ စစ်ဆင်ရေးအရှိန်ကောင်းနေတုန်းက နေပြည်တော်ကို ရောက်လာခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နောက်တစ်ခါ နေပြည်တော်ကိုရောက်လာပြန်ပါပြီ။

    ပထမတခါဝမ်ယိလာတုန်းက ရှမ်းမြောက်မှာစစ်ရေးမဟာမိတ်တွေဖြစ်ခဲ့ကြတဲ့ ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ်(TNLA) ရဲ့ အခြေအနေတွေလည်း ခြားနားနေပါပြီ။

    အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ အကျိုးစီးပွားရှေ့တန်းရောက်လာတဲ့အခါ မြန်မာစစ်တပ်ကိုအရှိုက်ထိစေခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ညီညွတ်မှုဖရိုဖရဲဖြစ်သွားတာက နွေဦးတော်လှန်ရေးထဲ ရှမ်းမြောက်ပါဝင်မှု တခန်းရပ်သွားတာကို မီးမောင်းထိုးပြနေတာလို့ နိုင်ငံရေးစစ်ရေးစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

    "ကိုးကန့်ဟာ နဂိုတည်းက တရုတ်ကိုမျက်နှာမူတဲ့စီးပွားရေးကိုလက်တွေ့ကျကျ ကျင့်သုံးနေတာဖြစ်လို့ ဒီအခြေအနေဟာ တရုတ်အတွက် ရှမ်းမြောက်အရေးကိုင်တွယ်ရာမှာ မဟာဗျူဟာကျကျကို အကျိုးရှိစေတယ်" လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ တရုတ်ကဏ္ဍ (China Studies Program) ဦးဆောင်သူ မနန်းလွင်က ပြောပါတယ်။

    တရုတ်-မြန်မာကုန်သွယ်ရေးအတွက် အရေးပါတဲ့နေရာတွေကိုလည်း လက်ရှိအချိန်မှာ ကိုးကန့်တပ် (MNDAA)နဲ့ မြန်မာစစ်တပ်က အဓိကနေရာယူထားပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  7. ပုပ္ပါးမှာ တောင်ကျရေနဲ့မျောပါတဲ့ လူ ၂၀ ကို အသက်ရှင်လျက် ကယ်တင်နိုင်

    ဧပြီ ၂၆ ရက် ညနေပိုင်းမှာ ပုပ္ပါးက ဆည်‌ပေါက်ချောင်းထဲ မျောပါနေတဲ့ ထော်လာဂျီတစ်စီးကို တွေ့ရတဲ့ မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Zin Ko

    ဓာတ်ပုံ ပုံစာ, ဧပြီ ၂၆ ရက် ညနေပိုင်းမှာ ပုပ္ပါးက ဆည်‌ပေါက်ချောင်းထဲ မျောပါနေတဲ့ ထော်လာဂျီတစ်စီးကို တွေ့ရတဲ့ မြင်ကွင်း

    မန္တလေးတိုင်း၊ ကျောက်ပန်းတောင်း-ပုပ္ပါးလမ်းပေါ်မှာရှိတဲ့ ဆည်ပေါက်ကျေးရွာက ချောင်းထဲ မျောပါသွားတဲ့ ထော်လာဂျီတစ်စီးပေါ်က လူအယောက် ၂၀ ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    “သက်ကြီးပိုင်း အမျိုးသမီးတစ်ယောက်တော့ ကယ်ကယ်ပြီးချင်း ခဏသတိလစ်သွားသေးတယ်။ အကုန်လုံးတော့ ဘေးကင်းပါတယ်”လို့ သူကဆိုပါတယ်။ မနေ့ ဧပြီ ၂၆ ရက် ညနေပိုင်းမှာ ပုပ္ပါးဘက်မှာ မိုးသည်းထန်ရွာပြီး တောင်ကျချောင်း အစီးသန်လို့ ချောင်းကိုဖြတ်ကူးတဲ့ ထော်လာဂျီတစ်စီး ကွန်ကရစ်လမ်းပေါ်ကနေ ချောင်းထဲအထိ မျောပါမှုဖြစ်ခဲ့ပါတယ်။

    လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်ထဲမှာလည်း ရေစီးသန်နေတဲ့ ဆည်ပေါက်ချောင်းထဲမှာ ထော်လာဂျီတစ်စီး မျောနေတာတွေ့ရပြီး ထော်လာဂျီပေါ်မှာပါလာတဲ့ လူတချို့ က မီးသတ်အဖွဲ့ဝင်တွေကို ကယ်ဆယ်ပေးဖို့ အကူအညီတောင်းအော်ခေါ်နေတာကို တွေ့ရပါတယ်။

    အဲဒီထော်လာဂျီပေါ်မှာ ကလေးငယ် ၃ ဦးနဲ့ ကိုယ်ဝန်သည်တစ်ဦးအပါအဝင် စုစုပေါင်း လူ အယောက် ၂၀ လိုက်ပါလာတာလို့ သိရပါတယ်။

    “ချောင်းကို စဖြတ်တုန်းက ရေစီးက အရမ်းမသန်သေးဘူး၊ ချောင်းအလယ်နားလောက်ရောက်မှ ရေကျတာ များလာပြီး ထိန်းမနိုင်ဖြစ်ခဲ့တာ” လို့ ရေစီးနဲ့ ထော်လာဂျီကား မျောပါခဲ့တဲ့အခြေအနေကိုသိထားတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

    ချောင်းထဲ မျောပါသွားတဲ့ ထော်လာဂျီပေါ်က လူတွေကို ကျောက်ပန်းတောင်နဲ့ ပုပ္ပါးမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီကယ်ဆယ်‌ရေးအဖွဲ့တချို့တို့ ပူးပေါင်းကယ်ဆယ်ခဲ့ကြတာလို့ ကယ်ဆယ်ရေးလုပ်ခဲ့သူတစ်ဦးက ပြောပါတယ်။

    “တောင်ကျချောင်းဆိုတော့ ရေစီးအရမ်းသန်တယ်၊ ချောင်းထဲ မျောပါသွားရင် ကယ်နိုင်ဖို့ဆိုတာ မလွယ်ဘူး၊ ကားသမားတွေ သတိကြီးကြီးထားပြီး ရေစီးကို ကြည့်သင့်တယ်” လို့ သူက ပြောပါတယ်။

    ၂၀၂၅ ခုနှစ်တုန်းကလည်း ဆည်ပေါက်ချောင်းထဲမှာ အိမ်စီးကားတစ်စီး မျောပါမှုဖြစ်ခဲ့ပြီး အဲဒီအအချိန်တုန်းကတော့ ကားပေါ်မှာ ပါလာတဲ့ ယာဉ်‌မောင်းတစ်ဦး ရေနစ်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

  8. မင်္ဂလာပါ။ ဧပြီ ၂၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။