၁၀၂၇ မဟာမိတ်စုဖွဲ့မှု တခန်းရပ်ပြီလား၊တရုတ်ဖိအား ဘယ်လောက်ပါသလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၀၂၇ စစ်ဆင်ရေးအရှိန်ကောင်းနေတုန်းက နေပြည်တော်ကို ရောက်လာခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နောက်တစ်ခါ နေပြည်တော်ကိုရောက်လာပြန်ပါပြီ။
ပထမတခါဝမ်ယိလာတုန်းက ရှမ်းမြောက်မှာစစ်ရေးမဟာမိတ်တွေဖြစ်ခဲ့ကြတဲ့ ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ်(TNLA) ရဲ့ အခြေအနေတွေလည်း ခြားနားနေပါပြီ။
အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ အကျိုးစီးပွားရှေ့တန်းရောက်လာတဲ့အခါ မြန်မာစစ်တပ်ကိုအရှိုက်ထိစေခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ညီညွတ်မှုဖရိုဖရဲဖြစ်သွားတာက နွေဦးတော်လှန်ရေးထဲ ရှမ်းမြောက်ပါဝင်မှု တခန်းရပ်သွားတာကို မီးမောင်းထိုးပြနေတာလို့ နိုင်ငံရေးစစ်ရေးစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။
"ကိုးကန့်ဟာ နဂိုတည်းက တရုတ်ကိုမျက်နှာမူတဲ့စီးပွားရေးကိုလက်တွေ့ကျကျ ကျင့်သုံးနေတာဖြစ်လို့ ဒီအခြေအနေဟာ တရုတ်အတွက် ရှမ်းမြောက်အရေးကိုင်တွယ်ရာမှာ မဟာဗျူဟာကျကျကို အကျိုးရှိစေတယ်" လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ တရုတ်ကဏ္ဍ (China Studies Program) ဦးဆောင်သူ မနန်းလွင်က ပြောပါတယ်။
တရုတ်-မြန်မာကုန်သွယ်ရေးအတွက် အရေးပါတဲ့နေရာတွေကိုလည်း လက်ရှိအချိန်မှာ ကိုးကန့်တပ် (MNDAA)နဲ့ မြန်မာစစ်တပ်က အဓိကနေရာယူထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးကောက်ကြောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၀၂၇ စစ်ဆင်ရေးကြောင့် မြန်မာစစ်တပ်သမိုင်းမှာ တိုင်းစစ်ဌာနချုပ်နှစ်ခုကို လက်လွှတ်ခဲ့ရတဲ့ ခါးသီးတဲ့ရှုံးနိမ့်မှုအရသာကို ခံစားခဲ့ရပါတယ်။ ဒီစစ်ဆင်ရေးဟာ မြန်မာပြည်သူတရပ်လုံးရဲ့ လိုလားချက် ဖြစ်တဲ့ စစ်အာဏာရှင်အမြစ်ပြတ်ရေးရည်ရွယ်ချက်နဲ့ပေါ်လာတာလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ အကြောင်း ပထမဆုံးထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်မှာပါဝင်ခဲ့တဲ့အချက်တစ်ချက်က "တရုတ်-မြန်မာနယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်းကျယ်ပြန့်လာတဲ့ အွန်လိုင်းလောင်းကစားလိမ်လည်မှုပပျောက်ရေး၊ ကျားဖြန့်ကုမ္ပဏီတွေနဲ့ အဲဒီလုပ်ငန်းတွေကိုလုပ်ကိုင်နေတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို နှိမ်နင်းရေး" ဆိုတာပဲဖြစ်ပါတယ်။
"တရုတ်မီးစိမ်းပြလို့သာ စစ်ဆင်ရေးဖြစ်လာတာပေါ့။ ကျားဖြန့်လှိုင်းကို ကျွန်တော်တို့ပျော်ပျော်ကြီး စီးခဲ့ကြတာပါ" လို့ ရှမ်းမြောက်စစ်ရေးအကြောင်းစောင့်ကြည့်နေတဲ့ လူငယ်သုံးသပ်သူတစ်ဦးက ပြောပါတယ်။
တရုတ်ပြည်သူတွေကိုပစ်မှတ်ထားလိမ်လည်နေတာကြောင့်ဆိုပြီး ရှမ်းမြောက်မှာကြီးထွားနေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို တရုတ်အစိုးရက နှိမ်နင်းလိုစိတ်များခဲ့ကြောင်း ဘီဘီစီစကားပြောခွင့်ရတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့နီးစပ်သူတွေကပြောကြပါတယ်။
ဒါကြောင့် ကျားဖြန့်နှိမ်နင်းရေး စစ်ဆင်ရေးစတင်ဖို့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ နွေဦးတော်လှန်ရေးတပ်တွေ အချိန်ယူပြင်ဆင်ခဲ့ကြတယ်လို့ သူတို့ကပြောပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့မှာ ရှမ်းမြောက်က မြန်မာစစ်တပ် စခန်းတွေကို တပြိုင်နက်တိုက်ခိုက်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးပေါ်လာခဲ့ပေမဲ့ အဆင်သင့်ဖြစ်အောင် ၆ လတစ်ခါ သုံးကြိမ်ရွှေ့ဆိုင်းပြီး မှ ပေါ်ပေါက်လာတာလို့ မြောက်ပိုင်းသုံးဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။
"ဒီစစ်ဆင်ရေးက ကိုးကန့်အိမ်ပြန်ခရီးပဲ။ ဒါကိုတော်လှန်ရေးတပ်တွေကြား ကျေလည်မှုရပြီးသားပါပဲ။ ဘယ် EROs (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) က ဘယ်မြို့တွေကိုတိုက်ပြီးသိမ်းမယ်ဆိုတာ အရင်ကတည်းက နယ်မြေပိုင်းခြားမှုသတ်မှတ်ပြီးသားပါ" လို့ ရှမ်းမြောက်စစ်ရေးအကြောင်းစောင့်ကြည့်တဲ့ လူငယ်သုံးသပ်သူက ဆက်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, chinese ministry of public security
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တော်လှန်ရေးတပ်တွေရဲ့ ဘုံရန်သူဖြစ်တဲ့ စစ်တပ်ဟာ အဲဒီအချိန်မှာ ရုရှားနဲ့ဆက်ဆံရေးမြှင့်ပြီး တရုတ်နဲ့ အေးစက်စက်ဆက်ဆံရေးရှိနေချိန်ဖြစ်ပါတယ်။
ရှမ်းမြောက်စစ်မျက်နှာပြင်မှာ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အပါအဝင် မြို့ပေါင်း နှစ်ဒါဇင်ကျော်ကို စစ်တပ်က လက်လွှတ်ခဲ့ရပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ၂၀၂၄ သြဂုတ်လ နေပြည်တော်ခရီးစဥ်အပြီးမှာတော့ အခြေအနေတွေပြောင်းလဲ သွားပါတယ်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ခေါင်းဆောင် ဖုန်တာရွှင် တရုတ်မှာ အဖမ်းခံရတဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းကာလကစလို့ မြန်မာစစ်တပ်ကို အထိနာစေခဲ့တဲ့မြို့သိမ်းတိုက်ပွဲတွေရဲ့ နောက်ကွယ်ကအကြောင်းအရင်းကို ပိုပြီးထင်သာမြင်သာတွေ့လာရပါတယ်။
MNDAA က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ လမ်းခွဲတာကစလို့ လားရှိုးမြို့အုပ်စိုးသူပြန်ပြောင်းတာကနေ တရုတ်ကြားဝင်စေ့စပ်တဲ့ ဟိုင်ဂင်ဆွေးနွေးပွဲတွေ နေရာယူလာတာက အဲဒီနှစ်တွေထဲ သိသာတဲ့ အရွေ့တွေ ဖြစ်ပါတယ်။
တရုတ်ဖိအားကြောင့် ရှမ်းမြောက်ရဲ့ အင်အားအကြီးဆုံးလက်နက်ကိုင်တပ်ဖွဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က မြောက်ပိုင်းမဟာမိတ်တပ်တွေကို ထောက်ပံ့တော့မှာမဟုတ်ဘူးလို့ အတိအလင်းခေါ်ပြောခဲ့ပါတယ်။
ဒါ့အပြင် တရုတ် - မြန်မာနယ်စပ်နဲ့ တိုက်ရိုက်ထိစပ်မှုမရှိဘဲ ရှမ်းမြောက်၊ ကချင် နဲ့ မြေပြန့်ထိစပ်နေရာတွေမှာ လှုပ်ရှားတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အပေါ်ပါ တရုတ်ရဲ့ ဖိအားတွေ ဆက်တိုက်ဖြစ်လာခဲ့တာပါ။
အဲဒီနောက် ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းမှာ သိမ်းပိုက်ခဲ့တဲ့ မြို့အကုန်လုံးကို TNLA လက်လွှတ်လိုက်ရပြီး မြန်မာစစ်တပ်က စစ်ရေးအသာစီးပြန်ယူနိုင်ခဲ့ပါတယ်။
"တရုတ်က TNLA ကိုမကြိုက်ရတဲ့အကြောင်းအရင်းသုံးချက်ဆိုရင် နံပါတ်တစ်က တရုတ်ရဲ့ အုပ်ချုပ်ရေးလမ်းစဉ်ကိုမသုံးတာပါ၊ နှစ်ကတော့ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးရှိတာပါ။ သုံးကတော့ နိုင်ငံရေးရောစစ်ရေးမှာပါ ဒီမိုကရက်တစ်လမ်းစဉ်ဖြစ်တာကြောင့်ပါ" လို့ ရှမ်းမြောက်စစ်ရေးအကြောင်းစောင့်ကြည့်တဲ့ လူငယ်အကဲခတ်တစ်ဦးက သူ့အမြင်ကို ပြောပါတယ်။
ကိုးကန့်နဲ့မတူတဲ့ တအာင်းရဲ့ဟန်က အရပ်ဘက်အသွင်ပြောင်းတဲ့နိုင်ငံရေးဦးဆောင်ဟန်ရှိပါတယ်။
တအာင်းမှာ အစုအဖွဲ့ကြီး ၃ ခုရှိပါတယ်။ တအာင်းအမျိုးသားပါတီ (TNP)၊ လက်နက်ကိုင်တပ်ဖြစ်တဲ့ TNLA နဲ့ တအာင်းအရပ်ဖက်အစုအဖွဲ့တွေပါဝင်တဲ့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ (TPCC) ဆိုတဲ့ အစုအဖွဲ့တွေပါ။
ဒီအစုအဖွဲ့တွေဟာ တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ (TSCDC) က ရေးဆွဲတဲ့ "တအာင်းပြည်တော်လှန်ရေးကာလအစိုးရအစီအမံ" ကိုလက်ခံပြီး တအာင်းပြည်ကောင်စီ (TLC) ကို အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အဖြစ် ၂၀၂၅ ခုနှစ်၊ ဇွန်မှာ ဖွဲ့စည်းခဲ့ပါတယ်။
TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက တအာင်းပြည်ကောင်စီ (TLC) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။
"တရုတ်က TNLA ကို အနောက်နိုင်ငံတွေနဲ့နီးစပ်တယ်ဆိုပြီး သံသယဝင်တယ်။ ကိုးကန့်ကိုတော့ မွေးစားသားလို သတ်မှတ်လိုက်တဲ့သဘောပါ" လို့ ကိုးကန့်နဲ့ တအာင်း နှစ်ဖက်တပ်တွေအကြောင်း ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
ကိုးကန့်၊ တအာင်း နဲ့ နွေဦး

ဓာတ်ပုံ ရင်းမြစ်, TNLA
၁၀၂၇ မတိုင်ခင်က ရှမ်းပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်တပ်တွေထဲ နယ်မြေထိန်းချုပ်မှုအများဆုံးက "၀" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဖြစ်ပါတယ်။ ၂၀၂၆ အခင်းအကျင်းမှာတော့ ၁၀ မြို့အထိ လက်ဝယ်ရှိထားတာက ကိုးကန့်တပ် (MNDAA) ဖြစ်လာပါတယ်။
ကုန်းကြမ်း၊ မော်ထိုက်၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွတ်ခိုင်၊ ဖောင်းဆိုင်၊ မုံးကိုး၊ ပန်ဆိုင်း (ကြူကုတ်)၊ ကွမ်းလုံနဲ့ သိန္နီမြို့တွေဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက် ကွတ်ခိုင်အရေးအခင်းအပြီး မြို့ကို တအာင်းတပ် (TNLA) လက်ထဲကနေ အရယူလိုက်ပြီးနောက် MNDAA ဟာ ရှမ်းမှာ နယ်မြေအများဆုံးပိုင်ဆိုင်ထားသူ ဖြစ်လာပါပြီ။
ကွတ်ခိုင်ဖြစ်စဉ်ဟာ တရုတ်ရဲ့ မီးစိမ်းပြမှုကြောင့်ဖြစ်လာတယ်လို့ သုံးသပ်ကြပေမဲ့ တိတိကျကျ သက်သေပြနိုင်ဖို့ရာခက်ခဲတယ်လို့ တရုတ်-မြန်မာအရေးလေ့လာသူတွေကပြောကြပါတယ်။
"တိုက်ဆိုင်တာတခုကတော့ တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် (NPC) အပြီးနှစ်ရက်အကြာနဲ့ တရုတ်အထူးကိုယ်စားလှယ်နေပြည်တော်ရောက်နေချိန်မှာ ကွတ်ခိုင်တိုက်ပွဲဖြစ်ခဲ့တာပါ" လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ တရုတ်ကဏ္ဍ (China Studies Program) ကိုဦးဆောင်သူ မနန်းလွင်က ပြောပါတယ်။
ဒါပေမဲ့ TNLA ကတော့ တရုတ်ဖိအားရင်ဆိုင်ရကြောင်းအစောပိုင်းမှာထုတ်ပြောခဲ့ပေမဲ့ ကွတ်ခိုင်အရေး ကိုးကန့်နဲ့ တအာင်းအပစ်ရပ်ဆွေးနွေးမှုတွေမှာ တရုတ်ပါဝင်မှုရှိမရှိနဲ့ပတ်သက်လို့ ဘီဘီစီမေးမြန်းချက်ကို ပြန်ဖြေဖို့တော့ ငြင်းဆန်ထားပါတယ်။
"နယ်စပ်ဒေသတခုလုံးက တရုတ်အဆုံးအဖြတ်အပေါ်မူတည်တာပါ။ ကျားဖြန့်ကိစ္စမှာ ဝ ခေါင်းဆောင်တွေ ပါဝင်မှု၊ တော်လှန်ရေးအဖွဲ့တွေကို လက်နက်ထောက်ပံ့တာတွေလည်းပါ ပါတယ်။ အခုတော့ တရုတ်က ဝ ထက် ကိုးကန့်ကို ပိုယုံတဲ့သဘောပါပဲ" လို့ ရှမ်းမြောက်အရေးနှစ်ပေါင်းများစွာလေ့လာစောင့်ကြည့်လာတဲ့ ဝါရင့်နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။
ရှမ်းမြောက်နဲ့ ရှမ်းအရှေ့တကြောနယ်စပ်တွေမှာ "ဝ" တပ် UWSA ရှိနေပြီး ရှမ်းမြောက်နယ်စပ်ကနေ မြေပြန့်မရောက်ခင်အထိကို ကိုးကန့်တပ် (MNDAA) က ဖြန့်ကျက်ထားပြီဖြစ်ပါတယ်။
"လားရှိုးကလွဲပြီး သိန္နီကနေ ကွတ်ခိုင်တကြော၊ မူဆယ် - ၁၀၅ မိုင်နားအထိ ကိုးကန့်တပ်တွေပဲ နေရာယူထားပါတယ်" လို့ မြေပြင်အခြေအနေနဲ့ပတ်သက်လို့ နှစ်ဖက်တပ်တွေအကြောင်း ကျွမ်းကျင်သူက ပြောပါတယ်။
ဒါဟာ တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရော တရုတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ခါးပတ်လမ်း ရပ်ဝန်းစီမံကိန်း (BRI) မှာပါ ပါဝင်တဲ့ ဒေသတွေလည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
တရုတ်ရဲ့ လိုလားချက်တွေကိုကြည့်ရင်လည်း နယ်စပ်တည်ငြိမ်ရေး၊ နယ်စပ်ကုန်သွယ်ရေးပြန်လည်ပတ်ရေး နဲ့ မြန်မာထဲက သူ့အကျိုးစီးပွားတွေကို အကာအကွယ်ပေးရေးဆိုပြီး ယေဘုယျတွေ့နိုင်ပါတယ်။
"ကိုးကန့်ဟာ နဂိုတည်းက တရုတ်ကိုမျက်နှာမူတဲ့စီးပွားရေးကိုလက်တွေ့ကျကျ ကျင့်သုံးနေတာဖြစ်လို့ ဒီအခြေအနေဟာ တရုတ်အတွက် ရှမ်းမြောက်အရေးကိုင်တွယ်ရာမှာ မဟာဗျူဟာကျကျကို အကျိုးရှိစေတယ်" လို့ ISP-Myanmar ရဲ့ China Studies Program ကိုဦးဆောင်သူ မနန်းလွင်က ပြောပါတယ်။
ဧပြီလထဲမှာဆိုရင် တအာင်းတပ် (TNLA) သိမ်းပိုက်ထားတဲ့ နမ္မတူမြို့အနောက်ဘက်က နမ္မတူဘော်တွင်း တဝိုက်မှာပါ ကိုးကန့်အလံတွေထောင်ထားတယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။
"ဒီဘော်တွင်းဟောင်းက တရုတ်ကုမ္ပဏီတွေ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် မက်လုံးပါပဲ။ TNLA က လုပ်ပိုင်ခွင့်တွေပေးလိုက်ရတာမျိုးအထိဖြစ်နိုင်တယ်" လို့ ဝါရင့်နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။
အခုလိုကိုးကန့်တပ်ရဲ့ ခြေလှမ်းတွေဟာ တရုတ်အကျိုးစီးပွားအကာအကွယ်ပေးရေးအပြင် တရုတ်ယဉ်ကျေးမှုပြန့်နှံ့လာမှုဆိုတဲ့ အမျိုးသားရေးရှုထောင့်အမြင်တွေနဲ့ပါ ဝေဖန်မှုတွေရှိနေပါတယ်။
စော်ဘွားမြို့လို့သိကြတဲ့ သိန္နီကို တရုတ်လို "မူပန်" ဆိုပြီးတွင်တွင်ကျယ်ကျယ်ခေါ်လာတာကစလို့ ပူပူနွေးနွေးသိမ်းပိုက် ထားတဲ့ ကွတ်ခိုင်မြို့နယ်ထဲက တအာင်းရွာဆိုင်းဘုတ်တွေကို တရုတ်စာပြောင်းတာ၊ မြို့ပေါ်ကျောင်းတွေမှာ တရုတ်စာမဖြစ်မနေသင်ဖို့ညွှန်ကြားတာတွေက ဝေဖန်မှုအများဆုံးအကြောင်းအရာတွေပါ။
ကိုးကန့်တပ်သတင်းရင်းမြစ်ကတော့ "ကိုးကန့်က ဟန်လူမျိုးကဆင်းလာတော့ စကားလုံးကတူတယ်။ စကားပြောတာမှာတော့ကွာပါတယ်။ ဆိုင်းဘုတ်တွေကို မြန်မာလိုနဲ့ ကိုးကန့်လိုရေးလိုက်တာပါပဲ" လို့ တုံ့ပြန်ပြောပါတယ်။
အခုလို ညီနောင်မဟာမိတ်အကွဲအပြဲဟာ တရုတ်နဲ့ မြန်မာစစ်တပ်မှာ အကျိုးအမြတ်များပေမဲ့ နွေဦးတော်လှန်ရေးအတွက်ကတော့ သက်ရောက်မှုကြီးတယ်လို့ နိုင်ငံရေးရော စစ်ရေးစောင့်ကြည့်သူတွေကပါ ထောက်ပြပါတယ်။
လမ်းများအားလုံးနေပြည်တော်သို့ဆိုတဲ့ ကြွေးကြော်သံတွေလည်းတခန်းရပ်ပြီဖြစ်သလို ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းမြောက်ရဲ့အခန်းကဏ္ဍလည်းအဆုံးသတ်သွားခဲ့ပြီလို့ပါ သူတို့က ဆိုကြပါတယ်။
"ဒီအကွဲအပြဲက နွေဦးတော်လှန်ရေးမှာသက်ရောက်မှုများပါတယ်။ အရင်တုန်းကလို လမ်းကြောင်းတွေလည်း မလွယ်ကူတော့ဘူး၊ တဖွဲ့နဲ့တဖွဲ့ကြားလည်း မျက်စိဒေါက်ထောက်ကြည့်နေရတဲ့ အခြေအနေမျိုးဖြစ်သွားပါတယ်" လို့ ရှမ်းမြောက်စစ်ရေးအကြောင်း စောင့်ကြည့်တဲ့ လူငယ်သုံးသပ်သူက ပြောပါတယ်။
ဒါကြောင့် နွေဦးတော်လှန်ရေးရဲ့ စစ်ရေးအရွေ့ဟာ ကချင်၊ စစ်ကိုင်း၊ ချင်း စတဲ့ဒေသတွေနဲ့ ပဲခူး၊ ကရင်လို မြန်မာတောင်ပိုင်းစစ်ရေးတွေအပေါ် ပိုပြီးမူတည်လာပါတယ်။
ဒါအပြင် ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက အာရက္ခတပ်တော် (အေအေ) ရဲ့ အရွေ့ကို အလေးပေးစောင့်ကြည့်ကြမယ့်သဘောပါ။
အာရက္ခနဲ့ ပေါက်ဖော် ဘာလဲ ဘယ်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ညီနောင်မဟာမိတ်သုံးဖွဲ့ထဲ စစ်တပ်နဲ့အပစ်မရပ်သေးတာ အေအေပဲကျန်ပါတော့တယ်။ မာန်အောင်၊ ကျောက်ဖြူနဲ့ စစ်တွေကလွဲပြီး ရခိုင်တပြည်နယ်လုံးဟာ အေအေလက်ထဲမှာပါ။ တရုတ်စီမံကိန်းတွေရှိရာ ကျောက်ဖြူတိုက်ပွဲကလည်း နိုင်သူမပေါ် သေးတဲ့အသွင်မှာရှိနေပါတယ်။
ရှမ်းမြောက်ရဲ့ သာဓကအရ တရုတ်အကျိုးစီးပွားအတွက် ဖိအားတွေရှိလာနိုင်ပေမဲ့ အေအေက ပါးပါးနပ်နပ် ကိုင်တွယ်နေတယ်လို့ China Studies Program က မနန်းလွင်က သုံးသပ်ပါတယ်။
"အေအေဟာ တရုတ်အတွက် သူ့ရဲ့ နယ်စပ်မှာရှိမနေတာကြောင့် Frontier Management မလုပ်နိုင်တဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။ တဖက်မှာလည်း အိန္ဒိယနဲ့ဆက်ဆံရေးတစုံတရာရှိတဲ့အတွက် တခြား EROs တွေလိုတော့ ဖိအားတိတိပပ (Coercive Conflict Mediation) ပေးနိုင်ဖို့ခက်လိမ့်မယ်" လို့ သူက ဆက်ပြောပါတယ်။
အေအေဟာ တရုတ်အတွက် ပထဝီအနေအထားအရသတိထားကိုင်တွယ်ရတဲ့ဒေသမှာလှုပ်ရှားနေတာ ကလည်း ရှမ်းမြောက်နဲ့ မတူတဲ့အချက်ဖြစ်ပါတယ်။ ယှဉ်ပြိုင်မှုအများဆုံးဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရှိတဲ့ ပြည်နယ်ဖြစ်တာကြောင့် တရုတ်ကသတိထားကိုင်တွယ်နေတယ်လို့ ဆိုကြပါတယ်။
ဒီအချက်ကို ၂၀၂၆ တရုတ်နှစ်သစ်ကူးကာလမှာ ဒုတိယစစ်ခေါင်းဆောင်ဟောင်း ဦးစိုးဝင်းရဲ့ ပြောစကားက သက်သေခံနေပါတယ်။ တရုတ်နဲ့ ရင်းနှီးမှု ဆက်မြှင့်နိုင်ဖို့အတွက် မြန်မာဟာ တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ပေးနိုင်တယ်လို့ ပြောခဲ့တာပါ။
"လက်ရှိဖြစ်နေတဲ့ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းဖြစ်ချိန်မှာ တရုတ်ကသူ့ထွက်ပေါက်တွေကို ကြိုပြင်နေပါတယ်။ အဲဒါကြောင့်ပဲ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်တဲ့ မြန်မာမှာ သူ့အကျိုးစီးပွားကို အကာအကွယ်ရဖို့အဓိကလုပ်နေတာပါ" လို့ လူငယ်သုံးသပ်သူကလည်း ပြောပါတယ်။
ဧပြီလထဲ ကျယ်ကျယ်ပြန့်ပြန့်ထွက်ခဲ့တဲ့သတင်းတွေထဲမှာ တရုတ်နဲ့ အေအေတွေ့ဆုံဆွေးနွေးဖို့ရှိတယ်ဆိုတဲ့ သတင်းလည်းပါဝင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အေအေပြောခွင့်ရ ဦးခိုင်သုခကို ဘီဘီစီက ဆက်သွယ်မေးမြန်းပေမဲ့ ဧပြီ ၂၄ ရက် ညနေပိုင်းအထိပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
ဒီလထဲမှာပဲ နောက်ထပ်အရွေ့ကတော့ မြန်မာစစ်တပ်နဲ့ တရုတ်ရဲ့ "ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး" ပဲ ဖြစ်ပါတယ်။
ပုံပေါ်လာတဲ့ တရုတ်လိုလားချက်

ဓာတ်ပုံ ရင်းမြစ်, Thai MFA
ဦးမင်းအောင်လှိုင်အစိုးရကို တရုတ်က အရင်ဆုံးအသိအမှတ်ပြုခဲ့သလို တွေ့ဆုံမှုတွေ ဆက်တိုက် လုပ်နေပါတယ်။ တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ဧပြီ ၂၂ ရက်ကနေ ၂၆ ရက်အထိ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ မြန်မာနိုင်ငံခရီးစဉ်တွေလည်း ရှိနေပါတယ်။
ဒီခရီးစဉ်မှာ ထိပ်သီးခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက်တွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေကို နက်ရှိုင်းစေဖို့ ရည်ရွယ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားပါတယ်။
တရုတ်အနေနဲ့က "သုံးပွင့်တခိုင် မဟာဗျူဟာလုပ်ငန်းစဉ်" နဲ့ ဆောင်ရွက်နေတာလို့ ISP Myanmar က သုံးသပ်ပါတယ်။
- ပဋိပက္ခအရှိန်လျှော့ချရေး
- ရွေးကောက်ပွဲကတဆင့် တိုက်ရိုက်စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ရေး
- ရွေးကောက်ပွဲအလွန် တရုတ်နိုင်ငံက ကမကထလုပ်ပြီး ကြားဝင်ဖျန်ဖြေပေးရေး
China Studies Program က မနန်းလွင်ကတော့ တရုတ်ရဲ့ လိုလားချက်ဖြစ်တဲ့ ပဋိပက္ခလျော့ချဖို့ နဲ့ စစ်အုပ်ချုပ်ရေးအဆုံးသတ်ဖို့က အတိုင်းအတာတခုအထိ ခရီးပေါက်နေပြီလို့ ပြောပါတယ်။
"သူတို့ ဆက်ပြီးကြိုးပမ်းမှာကတော့ အခုအစိုးရသစ်နဲ့ကြားမှာ ကမကထလုပ်ပြီးကြားဝင်ဖျန်ဖြေဖို့ အာရုံစိုက်မယ်လို့ယူဆရပါမယ်။ တရုတ်အကျိုးစီးပွားနဲ့ ဆက်စပ်နေတဲ့ ဒေသတွေကိုလည်း ပဋိပက္ခ လျော့ချရေး ၊အပစ်အခတ်ရပ်စဲရေးအတွက် ဖိအားပေးတာတွေရှိလာနိုင်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI
ဦးမင်းအောင်လှိုင်ကလည်း သူဦးဆောင်မယ့်အစိုးရသစ်ရဲ့ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဖော်ဆောင်မယ် လို့ ပြောပြီး အပစ်ရပ် NCA လက်မှတ်မရေးထိုးရသေးတဲ့အဖွဲ့တွေရော ရေးထိုးထားတဲ့အဖွဲ့တွေအပြင် ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကိုပါဖိတ်ခေါ်မယ်လို့ ဆိုပါတယ်။
အရပ်ဘက်ပြောင်းလိုက်ပေမဲ့ တိုင်းနဲ့ပြည်နယ် ၉ ခုက မြို့နယ် ၆၀ ကိုအရေးပေါ်အခြေအနေ ဆက်ကြေညာ ထားပြီး တရုတ်ကြားဝင်မှုနဲ့ အပစ်ရပ်ထားတဲ့ MNDAA နဲ့ TNLA တပ်တွေထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က မြို့တွေပါ ပါဝင်နေပါတယ်။
ဒါအပြင် အေအေ၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သိမ်းပိုက်ထားတဲ့ မြို့တွေအပြင် မိုင်းလား (NDAA) နဲ့ ဝ တို့ထိန်းချုပ်ထားတဲ့မြို့တွေပါ ပါဝင်ပါတယ်။
ဒီလိုငြိမ်းချမ်းရေးဖိတ်ပြီး အရေးပေါ်အခြေအနေဆက်ကြေညာတဲ့အပေါ် စစ်ရေး၊ နိုင်ငံရေးအကဲခတ်တွေက မေးခွန်းထုတ်နေကြပါတယ်။ အထူးသဖြင့် ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ လားရာကို စောင့်ကြည့်ရမယ်လို့ ဆိုကြတာပါ။
ဟိုင်ဂင်ဆွေးနွေးပွဲနဲ့ အပစ်ရပ်တာဟာ အလွတ်သဘောပုံစံဖြစ်တာကြောင့် Formal (တရားဝင်) အပစ်ရပ်ရေးဖြစ်လာဖို့ကို တရုတ်ဘက်ကပါ စဉ်းစားဖို့ရှိလိမ့်မယ်လို့ ထောက်ပြကြတာပါ။
"အခုက ငြိမ်းချမ်းရေးဖြစ်ဖြစ် အုပ်ချုပ်ရေးပိုင်းဆိုင်ရာဖြစ်ဖြစ် ပြောကြတဲ့အခါမှာ သုံးဖွဲ့စလုံး တသံတည်းထွက်လာဖို့ထက် Bi-literal (နှစ်ဦးသဘောတူဆိုတဲ့) ပုံစံ ဖြစ်လာမယ်လို့ ထင်တယ်။ ဦးမင်းအောင်လှိုင်အစိုးရအတွက်လည်း တဖွဲ့ချင်းစီနဲ့ deal လုပ်တာပိုကောင်းမယ်ဆိုတဲ့ စဉ်းစားချက် ရှိနိုင်ပါလိမ့်မယ်" လို့ ISP Myanmar ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အကြီးတန်းသုတေသီ ကိုကျော်ထက်အောင် ကလည်း သုံးသပ်ပါတယ်။
လက်ရှိမှာတော့ ဦးမင်းအောင်လှိုင်အစိုးရကိုကြိုဆိုကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက တအာင်းတပ် (TNLA) သာ သဘောထားထုတ်ပြန်ထားပါတယ်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေကို ဆက်ထိန်းသိမ်းပြီး နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာဖို့ အထူးမျှော်လင့်တယ်လို့ TNLA က ဧပြီ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။
ကျန်တဲ့ ကိုးကန့်တပ် (MNDAA) နဲ့ အာရက္ခတပ်တော် (အေအေ) ကတော့ တစုံတရာမထုတ်ပြန်လာဘဲ အသံတိတ်နေဆဲဖြစ်နေပါတယ်။












