စက်တင်ဘာ ၁၂ ရက်သတင်းများအနှစ်ချုပ် - မီးပြတ်ချိန် မီးတက်ပြင်တဲ့ EPC ဝန်ထမ်းဓာတ်လိုက်သေဆုံး

စက်တင်ဘာ ၁၁ ရက်၊ ညနေပိုင်းက မန္တလေး၊ စိန်ပန်းရပ်ကွက်က ဓာတ်တိုင်ပေါ် မီးတက်ပြင်တဲ့ EPC ဝန်ထမ်း ဓာတ်လိုက်ခံရအပြီး ဆေးရုံပို့ဖို့ လုပ်နေတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, မဟာလူမှုကူညီရေးအဖွဲ့

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၁ ရက်၊ ညနေပိုင်းက မန္တလေး၊ စိန်ပန်းရပ်ကွက်မှာ ဓာတ်တိုင်ပေါ် မီးတက်ပြင်တဲ့ EPC ဝန်ထမ်း ဓာတ်လိုက်ခံရအပြီး ဆေးရုံပို့ဖို့ လုပ်နေတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တွေ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

သပြေဝ-တောင်တွင်းကြီး ဓာတ်အားလိုင်းအပြစ်ဖြစ်ပြီး မနေ့က တနိုင်ငံလုံးမီးမရချိန်မှာ မန္တလေး၊ စိန်ပန်းရပ်ကွက်က ဓာတ်တိုင်ပေါ်မီးတက်ပြင်တဲ့ လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံးတယ်လို့ စိန်ပန်းရပ်ကွက်နေသူတချို့ဆီက သိရပါတယ်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၈၉လမ်း၊ ၄၀ × ၄၁ ကြားမှာ မနေ့က ညနေ ၄ နာရီခွဲဝန်းကျင်က ဖြစ်သွားတာပါ။

"မီးလောင်ဒဏ်ရာလည်းရတယ်။ ရပ်ကွက်က လူမှုကူညီရေးအသင်းကားခေါ်ပေးလိုက်တာပဲ။ ကြည့်ရသလောက်တော့ ဓာတ်လိုက်တဲ့ နေရာမှာပဲ ဆုံးနေပါပြီ" လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

လျှပ်စစ်ရုံးက ဝန်ထမ်းတွေတာဝန်ချိန် အကူးအပြောင်းမှာ ဓာတ်တိုင်ပေါ်ပြင်ဆင်ရေးလုပ်တာကို သတိမထားမိဘဲ လျှပ်စစ်လွှတ်လိုက်တာကြောင့် ဓာတ်လိုက်တာလို့ သိရကြောင်း ရပ်ကွက်နေသူတချို့က ပြောပေမဲ့ ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။

မန္တလေးမှာ ငလျင်ကာလအလွန် ဓာတ်မီးတိုင်တွေပေါ်တက်ရောက်ပြီး မီးပြင်တဲ့လျှပ်စစ်ဝန်ထမ်းတချို့ ဓာတ်လိုက်တာ၊ သေဆုံးတာရှိသလို ဒီနှစ်ထဲမှာလည်း တစ်ဦးသေဆုံးတယ်လို့ မြို့ခံတချို့ရဲ့ ပြောပြချက်အရသိရပါတယ်။

မနေ့က မနက် ၆ နာရီဝန်းကျင်ကတည်းက တနိုင်ငံလုံးလျှပ်စစ်ဓာတ်အားပြတ်တောက်တာတွေဖြစ်ခဲ့ပြီး ဒေသအများစုမှာ ၂ ကြိမ်ထက်မနည်း လျှပ်စစ်မီးပြတ်တောက်မှုတွေဖြစ်ခဲ့ပါတယ်။

EPC ဝန်ထမ်း ဓာတ်လိုက်သေဆုံးရတာနဲ့ ပတ်သက်လို့ မန္တလေးတိုင်းလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း MESC နဲ့ မြို့နယ် လျှပ်စစ်ရုံးကို ဆက်သွယ်ခဲ့ပေမဲ့ ဖြေဆိုတာမရှိပါဘူး။​

ဒိုင်ယာနာမင်းသမီးရဲ့ နာမည်ကျော် "လက်စားချေဝတ်စုံ" လေလံတင်မယ်

၁၉၉၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က လန်ဒန်မြို့ Serpentine Gallery မှာ ကျင်းပတဲ့ Vanity Fair ပါတီကို နာမည်ကျော် အနက်ရောင် "Revenge Dress" ကို ဝတ်ဆင်ပြီး တက်ရောက်လာတဲ့ဝေလမင်းသမီး ဒိုင်ယာနာ

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, ၁၉၉၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က လန်ဒန်မြို့ Serpentine Gallery မှာ ကျင်းပတဲ့ Vanity Fair ပါတီကို နာမည်ကျော် အနက်ရောင် "Revenge Dress" ကို ဝတ်ဆင်ပြီး တက်ရောက်လာတဲ့ဝေလမင်းသမီး ဒိုင်ယာနာ

၁၉၉၄ ခုနှစ်တုန်းက ဒိုင်ယာနာမင်းသမီးဝတ်ဆင်ခဲ့တဲ့ "လက်စားချေ" ဝတ်စုံလို့ နာမည်ကြီးတဲ့ အနက်ရောင် ညနေခင်း ဝတ်စုံကိုလေလံတင်ရောင်းချမှာဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ချားလ်မင်းသားက အိမ်ထောင်ရေးဖောက်ပြန်တာကို လူသိရှင်ကြားဝန်ခံတဲ့နေ့မှာ ဒိုင်ယာနာမင်းသမီးက အဲဒီအနက်ရောင်ဝတ်စုံကိုဝတ်ဆင်ပြီး လန်ဒန်မြို့မှာကျင်းပတဲ့ ပါတီပွဲတစ်ခုကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

မင်းသမီး ဒိုင်ယာနာဟာ သူ့ဘဝရဲ့ အဆိုးရွားဆုံးညကို ဖြတ်သန်းရမှာဖြစ်ပေမဲ့ သူ့ကို ကြည့်လိုက်ရင် အဲဒီအငွေ့အသက်ကိုရနေမှာမဟုတ်ဘဲ အဲဒီအခိုက်အတန့်က သာမန် ကော့တေးပါတီဝတ်စုံလေးကနေ ကမ္ဘာကျော် ပြယုဂ်တစ်ခု ဖြစ်သွားခဲ့ပါတယ်။

လေလံတင်ရောင်းချရေးကုမ္ပဏီကတော့ လာမယ့် ဒီဇင်ဘာ ၉ ရက် လေလံပွဲမှာ ပေါင် ၂၂၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ ခန့်) အထိ ရဖို့မျှော်မှန်းထားပါတယ်။

လက်စားချေဝတ်စုံ(Revenge Dress) လို့ လူသိများတဲ့ အဲဒီဝတ်စုံကို မရောင်းချခင် ကမ္ဘာတဝန်း ပြသသွားမှာဦးမှာဖြစ်ပါတယ်။

စက်တင်ဘာ ၁၈ ရက်ကနေ ၂၄ ရက်အထိ လန်ဒန်က Sotheby's ပြခန်းမှာ ပြသမှာဖြစ်ပြီး ဟောင်ကောင်နဲ့ ဂျီနီဗာကိုပတ်ပြီး နောက်ဆုံး နယူးယောက်မှာ လေလံတင် ရောင်းချမှာ ဖြစ်ပါတယ်။

ဒီဝတ်စုံကို နောက်ဆုံးအကြိမ် လေလံတင်ရောင်းချခဲ့သူဟာ ဒိုင်ယာနာ ကိုယ်တိုင်ဖြစ်ပြီး ကင်ဆာနဲ့ AIDS ပရဟိတအဖွဲ့တွေအတွက် ရန်ပုံငွေရှာဖို့ ရောင်းချခဲ့တဲ့ ပစ္စည်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ဝတ်စုံကို Glasgow မြို့မှာ နေထိုင်တဲ့ ဇနီးမောင်နှံက ပေါင် ၃၉,၀၉၈ နဲ့ ဝယ်ယူခဲ့ကြတာပါ။

အမျိုးသားကွယ်လွန်ပြီးတဲ့နောက်မှာ အမျိုးသမီးဖြစ်သူက လေလံတင်ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဝတ်စုံကို လေလံဆွဲဝယ်ယူခဲ့တဲ့နေ့ဟာ သူတို့နှစ်ယောက် ဘဝမှာ အမှတ်ရစရာ အကောင်းဆုံးနေ့ရက်တွေထဲက တစ်နေ့ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့နွေဦးဆုရတဲ့ ဒီမိုကရေစီဆုပေးပွဲပြုလုပ်

စက်တင်ဘာ ၁၀ ရက်၊ National Endowment for Democracy အဖွဲ့ကပေးအပ်တဲ့ ၂၀၂၆ ခုနှစ် ငြိမ်းချမ်းစွာ စုဝေးခွင့် ဒီမိုကရေစီဆုကို အွန်လိုင်းကလက်ခံရယူတဲ့ ကိုနန်းလင်း

ဓာတ်ပုံ ရင်းမြစ်, NED

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၀ ရက်၊ National Endowment for Democracy အဖွဲ့ကပေးအပ်တဲ့ ၂၀၂၆ ခုနှစ် ငြိမ်းချမ်းစွာ စုဝေးခွင့် ဒီမိုကရေစီဆုကို အွန်လိုင်းကလက်ခံရယူတဲ့ ကိုနန်းလင်း

အမေရိကန်အခြေစိုက် National Endowment for Democracy အဖွဲ့ကပေးအပ်တဲ့ ၂၀၂၆ ခုနှစ် ငြိမ်းချမ်းစွာ စုဝေးခွင့် ဒီမိုကရေစီဆုကို လူငယ်တက်ကြွလှုပ်ရှားသူကိုနန်းလင်းက အွန်လိုင်းကတဆင့် ကိုယ်စား လက်ခံရယူတယ်လို့ NED က စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီဆုဟာ မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း လူထုအခြေပြုဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ရည်ရွယ်ပေးအပ်တာဖြစ်ပြီး ကိုနန်းလင်းက အားလုံးကိုယ်စားလက်ခံရ ယူခဲ့တာဖြစ်ပါတယ်။

ဒီဆုပေးပွဲကို အမေရိကန် ပထမဆုံးသမ္မတဟောင်း ဂျော့ချ် ဝါရှင်တန်ရဲ့ သမိုင်းဝင်အိမ်ရာဖြစ်တဲ့ မောင့်ဗာနွန်မှာ စက်တင်ဘာ ၁၀ ရက်တုန်းက ပြုလုပ်ခဲ့တာပါ။

"ဖြတ်သန်းနေတဲ့ ၅ နှစ်တာခရီး လူထုရဲ့ တိုက်ပွဲဝင်မှုကို ဂုဏ်ပြုတဲ့ ဆုလို့မြင်တယ်။ မြန်မာပြည်သူတွေကိုပိုပြီးတော့ အသိအမှတ်ပြုဂုဏ်ပြုလို့ အားဖြစ်ရသလို လုပ်မယ့်အလုပ်တွေအတွက်လည်း အထောက်အပံ့ဖြစ်စေတာပေါ့ဗျာ" လို့ ဆုကြေညာတဲ့ဇူလိုင်လတုန်းက ကိုနန်းလင်းက ဘီဘီစီကိုဖြေထားပါတယ်။

၂၀၂၆ ခုနှစ် ဒီမိုကရေစီတွေကို မြန်မာ့နွေဦးတော်လှန်ရေးလူထုအခြေပြုဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ရရှိတဲ့ လွတ်လပ်စွာစုဝေးခွင့်အပြင် လွတ်လပ်စွာကိုးကွယ်ခွင့်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်အပါအဝင်ဆု ၅ ခုကိုလည်း ပေးအပ်တာပါ။

ဘယ်လာရုစ် လူ့အခွင့်အရေးလှုပ်ရှားသူ Ales Bialiatski က ၂၀၂၆ Democracy Service Medal ကိုရသလို အီသီယိုးပီးယား သတင်းဌာန Addis Standard ကလည်း ၂၀၂၆ Democracy Award for Freedom of the Press ကို ရရှိပါတယ်။

အမေရိကန်အထက်လွှတ်တော်အမတ် Chris Coons၊ ရုရှားအရပ်ဘက်အဖွဲ့အစည်း Peace Unto All(Mir Vsem) နဲ့ ကျူးဘားဒီမိုကရေစီရေးလှုပ်ရှားသူတွေဖြစ်တဲ့ Luis Manuel Otero Alcántara, Maykel Castillo Pérez နဲ့ Félix Navarroတို့လည်း ဒီမိုကရေစီဆုတွေ အသီးသီးရရှိတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်နေတယ်လို့ ဟွန်ဆင်ပြော

စက်တင်ဘာ ၁၁ ရက်၊ ကမ္ဘောဒီးယားနိုင်ငံကို တရားဝင်ခရီးစဥ်သွားရောက်တဲ့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယားယာယီအကြီးအကဲ ဟွန်ဆင်

ဓာတ်ပုံ ရင်းမြစ်, PPIB

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၁ ရက်၊ ကမ္ဘောဒီးယားနိုင်ငံကို တရားဝင်ခရီးစဥ်သွားရောက်တဲ့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယားယာယီအကြီးအကဲ ဟွန်ဆင်တွေ့ဆုံမှု

လက်ရှိမြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို မြင်တွေ့နေရတယ်လို့ ကမ္ဘောဒီးယားနိုင်ငံရဲ့ယာယီအကြီးအကဲဟွန်ဆင်က ဦးမင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယားမှာ တွေ့ဆုံစဥ်ပြောလိုက်ပါတယ်။

သူပြောခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်မှာပဲ မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် ပြည်တွင်းစစ်ဖြစ်ပြီး စီးပွားရေးကျဆင်းနေတဲ့ မြန်မာကို တိုးတက်နေတယ်လို့ပြောတာက ဟွန်ဆင်ရဲ့ သံတမန်ရေးအရ ချဲ့ကားပြောဆိုမှုလို့ နိုင်ငံတကာဆက်ဆံရေးလေ့လာစောင့်ကြည့်နေသူတွေက သုံးသပ်ပါတယ်။

မနေ့က ကမ္ဘောဒီးယားနိုင်ငံကို ရောက်နေတဲ့ နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဥ်မှာ နှစ်နိုင်ငံသဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ ၄ ခုလက်မှတ်ရေးထိုးတယ်လို့ ဒီနေ့နိုင်ငံပိုင်သတင်းက ထုတ်ပြန်ပါတယ်။

ဒီခရီးစဥ်ကို ကမ္ဘောဒီးယားဘုရင်ရဲ့ဖိတ်ကြားချက်နဲ့သွားရောက်ခဲ့ပေမဲ့ ဦးမင်းအောင်လှိုင် မနေ့ကရောက်ချိန်မှာ ဘုရင်နဲ့မိဖုရားက ပြည်ပရောက်နေကြတာပါ။

ရင်းနှီးမြှုပ်နှံမှုအပြန်အလှန်မြှင့်တင်ရေးနဲ့ အကာကွယ်ပေးရေးဆိုင်ရာ သဘောတူ စာချုပ်၊ အခွန်နှစ်ထပ်ကျသင့်မှုရှောင်ရှားရေး၊ ယဥ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူစာချုပ်တွေနဲ့ ပြန်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာတွေ ဖြစ်ပါတယ်။ နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်တို့ တွေ့ဆုံချိန်မှာ နှစ်နိုင်ငံကဏ္ဍအလိုက်တာဝန်ရှိသူတွေက လက်မှတ်ရေးထိုးခဲ့တာပါ။

နေပြည်တော်သမ္မတက ကမ္ဘောဒီးယားနိုင်ငံရဲ့ယာယီအကြီးအကဲဟွန်ဆင်နဲ့ တွေ့ဆုံချိန်မှာလည်း မြန်မာက ထားဝယ်အထူးရေနက်ဆိပ်ကမ်းအပါအဝင် အထူးစီးပွားရေးဇုန်တွေမှာ အကောင်အထည်ဖော်နေတာကြောင့် ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ဖို့လည်း ပြောခဲ့တာပါ။

ကမ္ဘောဒီးယားဝန်ကြီးချုပ်က မြန်မာဟာ ကမ္ဘောဒီးယားအတွက် ယုံကြည် စိတ်ချရတဲ့ နိုင်ငံတနိုင်ငံဖြစ်တယ်လို့ပြောပြီး ဦးမင်းအောင်လှိုင်က လည်း ယုံကြည်စိတ်ချရတဲ့မိတ်ဆွေကောင်းနိုင်ငံအဖြစ်ဆက်ရပ်တည်မယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံကို အခြေပြုလုပ်ကိုင်နေကြတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ပပျောက်ရေးနဲ့ ပတ်သက်လို့ မြန်မာဘက်ကသတင်းမှာဖော်ပြပါတယ်။ ဦးမင်းအောင်လှိုင်ရဲ့ သမ္မတရာထူးယူအပြီး သွားရောက်ခဲ့တဲ့ အာဆီယံနိုင်ငံတွေထဲမှာ ကမ္ဘောဒီးယားနိုင်ငံဟာ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ရဲ့ ရောမသဘောတူညီမှုမှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့နိုင်ငံဖြစ်ပါတယ်။

ဒီခရီးစဥ်အတွက် တဖက်နိုင်ငံရဲ့ အာမခံချက်အများအပြားရထားလို့သာ သွားရောက်တာဖြစ်နိုင်တယ်လို့ အင်ဒိုပစိဖိတ်ရေးရာကျွမ်းကျင်သူ မစ္စတာချွန်ပေါ့အုန်းက ဘီဘီစီကိုပြောထားပါတယ်။

ကျောက်မဲ၊ ရွှေမိုးရွှေဆိုင် ဓားပြတိုက်ခံရ ရွှေ ၈၀ သားပါသွား

စက်တင်ဘာ ၁၁ ရက်၊ မနက်ပိုင်း ဓားပြတိုက်ခံရတဲ့ ကျောက်မဲမြို့၊ မြို့မဈေးတောင်ဘက်တိုက်တန်းမှာ ဖွင့်ထားတဲ့ ရွှေမိုးရွှေဆိုင်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၁ ရက်၊ မနက်ပိုင်း ဓားပြတိုက်ခံရတဲ့ ကျောက်မဲမြို့၊ မြို့မဈေးတောင်ဘက်တိုက်တန်းမှာ ဖွင့်ထားတဲ့ ရွှေမိုးရွှေဆိုင်

ဆိုင်ရှင်နဲ့ စည်ပင်ဝန်ထမ်း ၁ ဦး သေနတ်ထိမှန်

ကျောက်မဲမြို့၊ မြို့မဈေးတောင်ဘက်တိုက်တန်းမှာဖွင့်ထားတဲ့ ရွှေမိုးရွှေဆိုင် ဒီမနက်ဆိုင်ခင်းဖို့လုပ်နေချိန်မှာပဲ ဓားပြတိုက်ခံရပြီး ရွှေ ၈၀ သားပါသွားတယ်လို့ မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

သေနတ်ကိုင်ထားသူ ၃ ဦးက ဆိုင်တွင်းဝင်ရောက်ဓားပြတိုက်သွားတာလို့ သူက ပြောပါတယ်။

"ဆိုင်ခင်းနေတုန်းဆိုတော့ အထုပ်လိုက်ပါသွားတာ။ ဆိုင်ရှင်က လက်မောင်းကျည် ထိတယ်။ ကြားထဲကနေ ဆိုင်ကယ်နဲ့ဝင်တားတဲ့ စည်ပင်ဝန်ထမ်းကောင်လေးက ခြေထောက်ကျည်ထိတယ်" လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

ဒီမနက်ဖြစ်သွားတဲ့ ကျောက်မဲမြို့မဈေးဓားပြတိုက်ခံရမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးတာတွေ လုပ်နေဆဲ ဖြစ်ပါတယ်။