ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကောင်းကင် ပိုပူလာလို့ လေယာဉ်စီးသူတွေ ခရီးမချောမွေ့မှု ပိုကြုံလာရနိုင်
- ရေးသားသူ, လီယို လက်ဂတ်
- ရာထူးတာဝန်, နိုင်ငံတကာ စီးပွားရေးဆိုင်ရာသတင်းထောက်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၉
ဇွန်လနှောင်းပိုင်းကစပြီး နွေရာသီ အပူလှိုင်းတွေဖြတ်နေလို့ နိုင်ငံတဝန်း အပူဒဏ်ကို ခံနေရချိန် အင်္ဂလန်တောင်ပိုင်းနဲ့ ဥရောပမြောက်ပိုင်းဒေသအများစုမှာလည်း မိုးကြိုးမုန်တိုင်းတိမ်တိုက်ကြီးတွေ စုဝေးလာခဲ့ပါတယ်။
ရုံးပိတ်ရက်ကာလလည်းဖြစ်နေတာကြောင့် စနေတစ်ရက်မှာ ခရီးသည်ထောင်ချီဟာ လန်ဒန်က ဟီးသရိုးလေဆိပ်နဲ့ ဂတ်ဝစ်လေဆိပ်တွေကို ခရီးနှင်ခဲ့ကြပါတယ်။ အဲဒီနေ့က တိုးမပေါက်တဲ့ လူအုပ်ကြီးကြောင့် လေဆိပ်တွေလည်း အလုပ်ဝန်များခဲ့တဲ့နေ့ပါ။
နောက်ဆက်တွဲဖြစ်လာတာက ခရီးသည်တွေလည်း ကစင့်ကလျားဖြစ်ရတာပါ။ အကြောင်းကတော့ လေကြောင်းထိန်းချုပ်ရေးအဖွဲ့ဟာ မုန်တိုင်းတွေအနီးက လေယာဉ်တွေကို ရှောင်ကွင်းလမ်းပြဖို့ အခက်တွေ့ခဲ့လို့ ကောင်းကင်မှာ လေယာဉ်တွေ ပြည့်နှက်နေခဲ့ပါတယ်။ မြေပြင်မှာလည်း ထွက်ခွာမယ့်လေယာဉ်တွေ ပျံတက်မရ ဖြစ်ကုန်ပါတယ်။
ဒီဖြစ်စဉ်ကြောင့် လေယာဉ်ခရီးစဉ် ၉၀၀ လောက် နှောင့်နှေးခဲ့ရပါတယ်။ တချို့လေကြောင်းလိုင်းတွေဆို အချိန် ၁၁ နာရီလောက် နောက်ဆုတ်ခဲ့ကြပါတယ်။ ဒါဇင်နဲ့ချီတဲ့လေယာဉ်ခရီးစဉ်တွေလည်း ဖျက်သိမ်းခဲ့ကြပါတယ်။ လန်ဒန်ကို လာဖို့ ဥရောပ တဝန်းက လေဆိပ်တွေမှာ စောင့်ဆိုင်းနေကြတဲ့ခရီးသည်တွေဟာလည်း မသေချာ၊ မရေရာမှုတွေနဲ့ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ကြရပါတယ်။
အခုတော့ ယူကေမှာ ရာသီဥတုက ပုံမှန်ပြန်ဖြစ်သွားပြီး ခရီးသည်တွေဟာလည်း သူတို့ ကြုံတွေ့ခဲ့ရတာတွေကို သိပ်မကြာခင်မှာ မေ့ကောင်းမေ့သွားနိုင်ပါတယ်။ ဒါပေမဲ့ လေကြောင်းသွားလာရေးလုပ်ငန်းကတော့ ဒါကို အချက်ပေးခေါင်းလောင်းသံတစ်ခုအဖြစ် ရှုမြင်ပါတယ်။
ဖြစ်ခဲ့တဲ့အချိန်ကို ကြည့်ရင် ကံမကောင်း အကြောင်းမလှခဲ့တာလို့ ဆိုရမှာပါ။ ဒီလို ရာသီဥတုတွေဖောက်ပြန်နေသရွေ့ အခုလိုဖြစ်စဉ်တွေ ခပ်စိပ်စိပ်ဖြစ်လာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ရာသီဥတုစနစ်တွေဟာ ကမောက်ကမ ဖြစ်နိုင်တာကြောင့် လေကြောင်းခရီးစဉ်တွေလည်း ကြန့်ကြာမှုတွေ ဆက်ရှိနေမှာပါ။ လေကြောင်းလိုင်းတွေ၊ လေဆိပ်တွေ နဲ့ ခရီးသွားတွေအဖို့ အပိုကုန်ကျစရိတ်တွေလည်း ဆက်ရှိလာမယ့်သဘောပါ။
လေကြောင်းလိုင်းတစ်ခုရဲ့ ဘေးအန္တရာယ်ဆိုင်ရာ အကြံပေးတစ်ဦးလည်းဖြစ် လေယာဉ်မှူးဟောင်းလည်းဖြစ်တဲ့ တင် အက်ကင်ဆန် ကတော့ ယူကေနဲ့ ဥရောပမြောက်ပိုင်းရဲ့ကောင်းကင်တွေမှာ လေယာဉ်တွေ စုပြုံခဲ့တာကိုကြည့်ရင် ဒီဒေသဟာ ဘယ်လောက်ထိလွယ်ရှလွယ်နေလည်းဆိုတာကို သိနိုင်တယ်လို့ ပြောပါတယ်။
ကြီးမားတဲ့အန္တရာယ်လည်းရှိနေတယ်လို့ သူက ထောက်ပြပါတယ်။ ဥပမာ လန်ဒန်မြို့ ရဲ့ လေဆိပ်တွေအားလုံးဟာ မုန်တိုင်းဒဏ်ကို တစ်ချိန်တည်းခံစားရနိုင်ပါတယ်။ ဒါဟာ ဝေဟင် နဲ့ မြေပြင်မှာပါ ကြီးမားတဲ့သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ သူကပြောပါတယ်။
"ကျွန်တော်တို့ အခုမြင်တွေ့နေရတာက ရာသီဥတုအလျင်အမြန် ပြောင်းလဲနေမှုဖြစ်တယ်" လို့ အက်ကင်ဆန်က ပြောပါတယ်။
"အရင်က လေဆိပ်တစ်ခုလုံးကို ရပ်တန့်သွားစေနိုင်တဲ့ ရာသီဥတုအခြေအနေမျိုး ဖြစ်လာရင်တောင် အတော်အတန် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုက ကြိုတင်ခန့်မှန်းဖို့ ပိုခက်လာသလို ဖြစ်လာရင်လည်း လန်ဒန်က လေဆိပ်တွေအားလုံး ဆိုင်းမဆင့် ဘုံမဆင့် ရပ်တန့်သွားနိုင်တဲ့ အခြေအနေမျိုးပါ"
ဒီလိုဖြစ်ရပ်မျိုးဟာ ပြီးခဲ့တဲ့ ဇွန်လက ခရီးသည်တွေ ကြန့်ကြာမှုတွေကြုံခဲ့ရတဲ့ဖြစ်စဉ်ကိုတောင် သေးတိမ်သွားစေနိုင်ပါတယ်။ ပြီးတော့ ပိုပြီးတော့လည်း အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒီနေရာမှာမေးစရာ ရှိတာက ဒီလိုဖြစ်စဉ်မျိုး ဖြစ်နိုင်ခြေ ဘယ်လောက်ရှိလဲဆိုတာပါ။
လေယာဉ်အမြောက်အများဆင်းသက်မှုတွေ
ဟမ်ရှိုင်းယားပြည်နယ်၊ ဆွမ်ဝစ်က ဗြိတိန်အမျိုးသားလေကြောင်းထိန်းချုပ်ရေးဌာန (NATS) အတွက်တော့ သူတို့အစိုးရိမ်ဆုံးအရာဟာ မိုးကြိုးမုန်တိုင်းတွေဖြစ်ပါတယ်။ ဘီဘီစီက သွားရောက်ခဲ့တဲ့အချိန်တုန်းက ရာသီဥတုဟာ ပူပြီး စိုထိုင်းနေပါတယ်။ အနီးအနားဒေသတွေမှာတော့ တိမ်တိုက်မည်းတွေ၊ လျှပ်စီးတွေနဲ့အတူ မိုးတွေလည်း သည်းသည်းမဲမဲ ရွာချနေတာပါ။
လန်ဒန်နဲ့ လန်ဒန်တောင်ပိုင်းလေဆိပ်တွေရဲ့အဝင်အထွက်တွေ လေကြောင်းခရီးစဉ်တွေကို ထိန်းချုပ်ကွပ်ကဲတဲ့လေဆိပ်ထိန်းချုပ်ရေးစခန်း (Terminal Control) ကတော့ မုန်တိုင်းဖြစ်လာနိုင်တဲ့ဆဲလ်တွေကို အမြဲတစေ စောင့်ကြည့်နေပါတယ်။ ဒီဆဲလ်တွေရဲ့ဖြစ်ပေါ်တိုးတက်မှုမှန်သမျှကို အကြီးစား ရေဒါမျက်နှာပြင်ကြီးမှာ စောင့်ကြည့်နေတာပါ။ မိုးလေဝသခန့်မှန်းချက်တွေကိုလည်း တချိန်တည်းမှာ စိစစ်စောင့်ကြည့်ပါတယ်။
ပုံမှန်အားဖြင့် လေယာဉ်အတက်အဆင်းနှုန်းဟာ တစ်နေ့တာမှာ တစ်လိုင်းပြီး တစ်လိုင်းပေါ်တတ်ပါတယ်။ နေ့လယ်ထမင်းစားချိန်မှာတော့ မရှိသလောက်ရှားပြီး အဓိကလေယာဉ်လမ်းကြောင်းတွေမှာလည်း မိုးလေ ကင်းစင်တတ်ပါတယ်။ ဒါပေမဲ့ ညနေပိုင်းမှာ လေယာဉ်အသွားအလာတွေ ပိုများတတ်တာကြောင့် ဝန်ထမ်းတွေဟာ ဒီအတွက် ကြိုတင်ပြင်ဆင်ကြရပါတယ်။
မုန်တိုင်းထန်တဲ့ရာသီဥတုက လေယာဉ်တွေ သွားစရာ လေပိုင်နက်ဧရိယာကို ကျဉ်းသွားစေပါတယ်။ ဒါ့ကြောင့် တားမြစ်ချက်တွေ၊ လေယာဉ်လမ်းကြောင်းပြောင်းတာတွေ လုပ်ရပါတယ်။ ဥပမာ လေပြင်းအားကြောင့် မဆင်းသက်နိုင်တဲ့လေယာဉ်တွေကို တခြားလေဆိပ်တစ်ခုခုမှာ ဆင်းခိုင်းလို့ရပါတယ်။
ဒါဟာ မြွေမသေ တုတ်မကျိုးတဲ့ ဖြစ်ရပ်တော့ မဟုတ်ပါဘူး။ တကယ်လို့ ဝန်ပိနေတဲ့လေဆိပ်တစ်ခုမှာ ကြိုတင်စာရင်းမပေးထားတဲ့လေယာဉ်အမြောက်အများရောက်လာရင်လည်း အဲဒီလေယာဉ်အားလုံးကို ထားစရာနေရာ မရှိပြန်ပါဘူး။
လေယာဉ်တွေအတွက်တော့ ပျံသန်းဖို့ လေယာဉ်ဆီနဲ့ ရပ်နားဖို့ တစ်နေရာ လိုပါတယ်။ ခရီးသည်တွေအတွက် အစားအစာနဲ့ ဝန်ဆောင်မှုတွေလိုပါတယ်။ အဲဒီတော့ လက်ခံဖို့ နေရာမရှိရင် အရေးပေါ် ဆင်းသက်မှုကလွဲလို့ ကျန်တဲ့လေယာဉ်တွေအားလုံးကို လက်ခံဖို့ ငြင်းဆိုနိုင်ပါတယ်။
ဒီနေရာမှာ လေယာဉ်မှူးဟောင်း အက်ကင်ဆန် ပြောတဲ့ဖြစ်စဉ်မျိုး စဖြစ်လာပါပြီ။
ဟီးသရိုး၊ ဂတ်ဝစ်ခ်၊ လူတန်နဲ့ စတန်စတက် လေဆိပ်တွေကနေ တပြိုင်နက်တည်း လေယာဉ်တွေကို လမ်းကြောင်းပြောင်းပေးရတဲ့အခြေအနေမျိုးနဲ့ပတ်သက်ပြီး သူက သတိပေးထားပါတယ်။
အဲဒီလိုဆိုရင် အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီး ဝင်လာတဲ့လေယာဉ်တွေနဲ့ ဥရောပက လေယာဉ်ခရီးစဉ်အများအပြားဟာ တချိန်တည်းမှာ ဆင်းသက်ဖို့ နေရာရှာရမှာဖြစ်ပါတယ်။
တချို့လေယာဉ်တွေမှာတော့ လက်ကျန်လောင်စာဆီက တဖြည်းဖြည်း နည်းပါးလာနေနိုင်ပါတယ်။
ခရီးသည်တွေအတွက်လည်း ဒါဟာ အနှောင့်အယှက်ဖြစ်စေပါတယ်။ သူတို့ မူလဦးတည်ချက်နေရာနဲ့ မိုင်ရာနဲ့ချီ ဝေးသွားနိုင်ပါတယ်။ အက်ကင်ဆန် ပြောဆိုတဲ့နောက်ထပ် ကြီးမားတဲ့ အန္တရာယ်ကတော့ ကောင်းကင်မှာ လေယာဉ်ဆီကုန်သွားနိုင်တဲ့ပြဿနာပါ။
လေယာဉ်တိုင်းဟာ အရေးပေါ် တခြားလေဆိပ်တစ်ခုမှာ ဆင်းသက်ဖို့ လုံလောက်တဲ့ဆီပမာဏကို တရားဝင်သယ်ယူခွင့်ရှိပါတယ်။ ဒီပမာဏဟာ နောက်ထပ် မိနစ် ၃၀ လောက် ပျံသန်းနေနိုင်ပါတယ်။
အက်ကင်ဆန်ရဲ့ စိုးရိမ်ချက်လိုမျိုး လူတိုင်းမှာတော့ ရှိမနေပါဘူး။ လေကြောင်းလိုင်းတစ်ခုရဲ့ အမှုဆောင်အရာရှိဟောင်းလည်းဖြစ် ဆွစ်ဇာလန်အခြေစိုက် လေကြောင်းဆိုင်ရာ အသိပညာပေးအဖွဲ့ တာဝန်ရှိသူလည်းဖြစ်တဲ့ အန်ဒရူးချာလ်တန် ကတော့ အန္တရာယ်ဖြစ်နိုင်ခြေက နည်းပါးတယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့တွေအားလုံးက အဆိုးအဆုံးအခြေအနေတွေကို အမြဲစဉ်းစားထားရမှာပဲ" လို့ သူကပြောပါတယ်။
"ဒါပေမဲ့ အဆိုးဆုံးဆိုတဲ့ အခြေအနေကို ချင့်ချိန်ချဉ်းကပ်ဖို့လည်းလိုတယ်"
"ဒါက ဖြစ်လာနိုင်တယ်လို့တော့ စိတ်ကူးကြည့်လို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ငန်းတွေက ဆုံးဖြတ်ချက်မှန်မှန်နဲ့ ဒါကို အကောင်းဆုံးတုံ့ပြန်နိုင်မယ်လို့ ယုံကြည်တယ်။ ကျွန်တော့်ကို မနက်သုံးနာရီ တရေးနိုးလာစေတဲ့အကြောင်းအရာတွေမှာ ဒီဖြစ်စဉ်တော့မပါဝင်ဘူး"
မုန်တိုင်းရာသီ
မိုးကြိုးမုန်တိုင်းတွေဟာ အပူရှိန်ကြောင့် ဖြစ်လာတဲ့လေထုအတွင်း လှုပ်ရှားမှု (convective activity) ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာတာပါ။ မြေပြင်အနီးက စိုထိုင်းတဲ့လေတွေဟာ ခပ်မြန်မြန် ပူနွေးသွားပြီး အပေါ်ဘက်ကို အလျင်အမြန် တက်သွားပါတယ်။ အဲဒီလေတွေဟာ အပေါ်ရောက်တဲ့အခါ ပျံ့သွားပြီး အေးသွားပါတယ်။ အဲဒီလေထဲမှာ ပါလာတဲ့ စိုထိုင်းမှုတွေနဲ့ ကြီးမားတဲ့ တိမ်တိုက်တွေ ဖြစ်စေပါတယ်။ ပူနွေးမှုပိုများလေ မတည်ငြိမ်မှု ပိုဖြစ်စေပါတယ်။ ကမ္ဘာကြီးက တစ်ဒီဂရီလောက် ပိုပူလာတိုင်း လေထုက စိုထိုင်းဆ ၇ ရာခိုင်နှုန်းလောက် ပိုပြီး ထမ်းရွက်ရပြီး မိုးကြီးနိုင်ခြေကလည်း ပိုများစေပါတယ်။
ဒါက ယူကေနဲ့ ဥရောပ တဝန်းမှာ မိုးကြိုးမုန်တိုင်းတွေ ပိုဖြစ်လာမယ်ဆိုတာကိုတော့ တပ်အပ် မပြောနိုင်ပါဘူး။ အပူစွမ်းအင်နဲ့ စိုထိုင်းဆအပြင် တခြားအကြောင်းအရာတွေနဲ့လည်း သက်ဆိုင်နေလို့ပါ။ ကမ္ဘာ့တချို့နေရာတွေမှာတော့ ဒီလိုဖြစ်စဉ်တွေ လျော့ကျနိုင်ပါတယ်။
လေ့လာမှုတွေအရ ကမ္ဘာမြောက်ခြမ်းက ကုန်းမြင့်ဒေသတွေမှာ ပိုပြင်းထန်တဲ့ မုန်တုန်းတွေ ပိုတွေ့လာရနိုင်တယ်လို့ ဆိုပါတယ်။
ဗြိတိန်မိုးလေ၀ဌာန(Met Office)ကတော့ "ကျွန်တော်တို့တွေ မိုးကြိုးမုန်တိုင်းတွေကို ခဏခဏ မတွေ့ရပေမဲ့ ကြုံလာတဲ့အခါမှာတော့ ပိုပြီးပြင်းထန်နိုင်တယ်" လို့ ပြောပါတယ်။
လေယာဉ်မှူးတွေဟာ ဖြစ်နိုင်ရင် မုန်တိုင်းရာသီဥတုကို ရှောင်လွှဲမောင်းကြပါတယ်။ လေယာဉ်တွေဟာ ပြင်းထန်ဆိုးရွားတဲ့အခြေအနေတွေမှာ ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားကြပေမဲ့ မုန်တိုင်းတွေဟာ လေယာဉ်တွေအတွက် လေထုတွင်းမတည်ငြိမ်မှု (Turbulence) တွေကို ဖြစ်စေတတ်ပါတယ်။ လေယာဉ်အစိတ်အပိုင်းတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ခရီးသည်ခါးပတ်မတပ်ထားတဲ့သူဆိုရင် လေယာဉ်ကိုယ်ထည်ထဲ လွင့်သွားစေနိုင်ပါတယ်။
မိုးသီးကြွေကျတာတွေကလည်း ပြဿနာကြီးပါတယ်။ လေကာမှန်တွေကို အပ်ကွဲစေနိုင်သလို၊ အင်ဂျင်ကိုလည်း ထိခိုက်နိုင်ပါတယ်။ ဘယ်လို အဆင်မပြေမှုတွေပဲ ရှိရှိ၊ လေယာဉ်ဝန်ထမ်းတွေကတော့ ခရီးသည်တွေရဲ့ဘေးကင်းလုံခြုံမှုကို အမြဲရှေ့တန်းတင်သွားမှာပါ။
လေယာဉ်မှာပါတဲ့ ရာသီဥတုရေဒါစနစ်ဟာ မိုင် ၃၂၀ အကွာက ရာသီဥတုအခြေအနေတွေကို တိုင်းဆနိုင်ပါတယ်။ အွန်လိုင်းကနေ အချိန်နဲ့တပြေးညီတင်ဆက်နေတဲ့ရာသီဥတုခန့်မှန်းချက်တွေကိုလည်း ရယူနိုင်ပါတယ်။
ဒါပေမဲ့ မိုးကြိုးမုန်တိုင်းတွေဟာ အလျင်အမြန် ရွေ့လျားသွားနိုင်ပါတယ်။
ခရန်းဖီးလ်ဒ်တက္ကသိုလ်က လေကြောင်းပညာဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ ဂိုင်း ဂရက်တန်ကတော့ ဒီစနစ်တွေဟာ "မဟာဗျူဟာ ဆိုတာထက် နည်းဗျူဟာ" ပိုကျတယ်လို့ ဆိုပါတယ်။
သဘောက ဒီစနစ်ဟာ လေယာဉ်မှူးကို အနီးအနားက မုန်တိုင်းဆဲလ်တွေကို ပြသပြီး လေယာဉ်လမ်းကြောင်းပြောင်းဖို့ပြောဆိုနိုင်ပေမဲ့ ခရီးစဉ်အစအဆုံးအတွက် အသေးစိတ် အစီအစဉ် ကိုတော့ မပြင်ဆင်ပေးနိုင်ပါဘူး။
ရလဒ်ကတော့ လေယာဉ်ခရီးစဉ်တော်တော်နောက်ကျမှ မမျှော်လင့်ထားတဲ့လမ်းကြောင်းပြောင်းပျံသန်းမှုတွေလုပ်ရတာပါ။ အဲဒီအတွက်လည်း လောင်စာဆီ ပိုသုံးရပါတယ်။ တကယ်လို့ မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် နှောင့်နှေးမှုတွေ မကြာခင်ဖြစ်လာမယ်ဆိုရင် လေယာဉ်တွေအနေနဲ့ မမြင်နိုင်တဲ့ရာသီဥတုဆိုးရွားမှုတွေအတွက် လောင်စာဆီအပိုဖြည့်တင်ထားရတော့မယ်လို့ အန်ဒရူး ချာလ်တန်က ပြောပါတယ်။
"လေယာဉ်တွေဟာ ပိုဝေးဝေး ပျံသန်းရတော့မှာဖြစ်ပြီး ဒီလို ဝေးဝေး ပျံသန်းရနိုင်တယ်ဆိုတဲ့ အခြေအနေကိုပါ ကြိုတင်ထည့်သွင်းစဉ်းစားထားရတော့မယ်" လို့ သူက ပြောပါတယ်။
လေကြောင်းလိုင်းတွေအတွက် လောင်စာဆီဟာ အဓိကကုန်ကျစရိတ်တွေထဲက တစ်ခုဖြစ်ပါတယ်။
ဒါကြောင့် လောင်စာဆီကုန်ကျစရိတ် မြင့်တက်လာရင် ခရီးသည်တွေ လက်မှတ်ခ ပိုပေးရဖို့က လည်းမလွဲမသွေဖြစ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။
ပိုပြင်းထန်တဲ့မုန်တိုင်းတွေဟာ လေယာဉ်အသွားအလာများတဲ့ဒေသတွေမှာ လေကြောင်းလမ်းထိန်းချုပ်ရတာကို ပိုခက်ခဲစေနိုင်ပြီး လေယာဉ်ခရီးစဉ် နှောင့်နှေးတာနဲ့ ဖျက်သိမ်းရတာတွေလည်း ပိုများစေနိုင်ပါတယ်။
ဒါပေမဲ့ နည်းပညာသစ်တွေကို အသုံးပြုပြီး ဒီပြဿနာကို လျှော့ချနိုင်ဖို့တော့ ဖြစ်နိုင်ပါတယ်။
ဥပမာအားဖြင့် ဟီးသရိုးနဲ့ ဂတ်ဝစ်ခ်လေဆိပ်နှစ်ခုစလုံးဟာ ဆင်းသက်မယ့်လေယာဉ်တွေအကြား အနည်းဆုံးအကွာအဝေးကို သတ်မှတ်ထားတဲ့စနစ်ကို အသုံးမပြုတော့ဘဲ လေတိုက်နှုန်းနဲ့ လေယာဉ်အမျိုးအစားတွေကို အခြေခံပြီး လေယာဉ်တစ်စင်းနဲ့တစ်စင်းကြား ထားရှိရမယ့် အချိန်အကွာအဝေးကို အဆက်မပြတ် တွက်ချက်ပေးတဲ့စနစ်ကို အသုံးပြုလာပါတယ်။
လက်တွေ့မှာတော့ ဒီစနစ်က လေတိုက်နှုန်းပြင်းတဲ့အချိန်တွေမှာ ဆင်းသက်လာတဲ့လေယာဉ်တွေအကြား အကွာအဝေးကို လျှော့ချနိုင်စေပြီး လေယာဉ်တွေကို မြေပြင်ပေါ် ပိုမိုမြန်ဆန်စွာ ဆင်းသက်နိုင်စေပါတယ်။
ဗြိတိန်အမျိုးသားလေကြောင်းထိန်းချုပ်ရေးဌာန (NATS) ရဲ့အဆိုအရ ဒီစနစ်ကြောင့် လေယာဉ်ဆင်းသက်နိုင်တဲ့အရေအတွက်ကို အောင်အောင်မြင်မြင် တိုးမြှင့်နိုင်ခဲ့သလို လေယာဉ်ခရီးစဉ် နှောင့်နှေးမှုတွေလည်း သိသိသာသာ လျော့ကျလာခဲ့ပါတယ်။
ဒါပေမဲ့ ပိုမိုပြင်းထန်တဲ့ မုန်တိုင်းတွေကြောင့် တခြားသက်ရောက်မှုတွေလည်း ရှိလာနိုင်ပါတယ်။ ဥပမာ မိုးကြီးလို့ ရေကြီးရေလျှံမှုလည်း ပိုများလာနိုင်ပါတယ်။
အဆိုးဆုံးအခြေအနေမှာတော့ လေဆိပ်လုပ်ငန်းတွေ အားလုံးနီးပါး ရပ်တန့်သွားနိုင်ပါတယ်။
၂၀၂၄ ခုနှစ် ဧပြီလတုန်းကဆိုရင် ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မိုးသည်းခဲ့လို့ လေဆိပ်လုပ်ငန်းတွေ ရပ်တန့်ခဲ့ရပါတယ်။
အဲဒီတုန်းက လေဆိပ်ထဲက လေယာဉ်ပြေးလမ်းတွေကို ခဏပိတ်ထားခဲ့ရပြီး လေကြောင်းခရီးစဉ်တွေလည်း နှစ်ရက်ခန့်ကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။ လေယာဉ်ခရီးစဉ် ၁,၂၀၀ ကျော် ဖျက်သိမ်းခဲ့ရပြီး ခရီးသည် သောင်းနဲ့ချီ ထိခိုက်ခဲ့ပါတယ်။
လေယာဉ်တွေဟာ သူတို့ ပြေးလမ်းမှာ ရေမဝပ်ဘဲ ရှင်းလင်းနေရင် အခက်အခဲမရှိ ပျံသန်းနိုင်ပေမဲ့ ကားလမ်းတွေ၊ ရထားလမ်းတွေ ရေကြီးနေရင်တော့ ခရီးသည်တွေ လေယာဉ်ချိန် မီဖို့ အခက်တွေ့နိုင်ပါတယ်။
အခုလိုအန္တရာယ်တွေကို ကြိုတင်ကာကွယ်ဖို့ ကုန်ကျစရိတ်လည်း ကြီးပါတယ်။
၂၀၁၃ ခုနှစ် ခရစ္စမတ်ကာလမှာ ရေကြီးမှုဒဏ်ကို အဆိုးဆုံးခံခဲ့ရတဲ့ ဂတ်ဝစ်ခ်လေဆိပ်ကတော့ မကြာသေးခင်နှစ်တွေအတွင်းမှာပဲ ရေကြီးမှုအန္တရာယ် လျှော့ချနိုင်ဖို့ အစီအမံတွေအတွက် ပေါင်သန်းပေါင်းများစွာ သုံးစွဲထားပါတယ်။
ဒါပေမဲ့ အဲဒီပမာဏဟာ အခု ပေါင် ၂ ဘီလျံကျော် သုံးပြီး လေဆိပ်တိုးချဲ့မယ့်စီမံကိန်းနဲ့ နှိုင်းယှဉ်ရင်တော့ မပြောပလောက်တဲ့ပမာဏပါ။
လေထုရှင်းရှင်းမှာဖြစ်တဲ့ လေထုတွင်းမငြိမ်သက်မှု
လေထုထဲ တိမ်စိုင်တိမ်လိပ် မတွေ့ရဘဲ ရှင်းနေပေမဲ့ လေထုမငြိမ်သက်မှုဖြစ်စဉ်တွေ ရှိနေတာကလည်းခေါင်းခဲစရာကိစ္စတစ်ခုပါ။ မြင်လည်းမြင်ရသလို ရာသီဥတုပူလေ ပိုအဖြစ်များလေပါ။
ဒါဟာ မြင့်မားတဲ့အမြင့်မှာ တိမ်တွေ ဒါမှမဟုတ် လေယာဉ်မှူးတွေ ကြိုတင်မြင်နိုင်မယ့် အချက်ပြမှုတွေ မရှိဘဲ လေထုက ပြင်းထန်စွာ လှုပ်ရှားနေတာကို ဆိုလိုတာပါ။
ခရီးသည်တွေအတွက်တော့ ပုံမှန်အားဖြင့် လေယာဉ်အနည်းငယ် တုန်ခါသွားသလောက်သာ ဖြစ်တတ်ပေမဲ့ တခါတရံမှာတော့ ပိုမိုပြင်းထန်တဲ့အခြေအနေ ဖြစ်လာနိုင်ပါတယ်။
၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့တုန်းကဆိုရင် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့ကနေ ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ကို ပျံသန်းလာတဲ့ လူဟန်ဇာလေကြောင်းလိုင်းရဲ့ လေယာဉ်တစ်စင်းဟာ "ခဏတာဆိုပေမဲ့ ပြင်းထန်တဲ့" လေထုမတည်ငြိမ်မှုကို ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
လေယာဉ်ပေါ်မှာ လိုက်ပါလာသူတွေရဲ့ပြောကြားချက်အရ လေယာဉ်ဟာ ရုတ်တရက် ထိုးဆင်းသွားတဲ့ပြီး ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေ အားလုံး လေယာဉ်ထဲမှာ တစ်နေရာ နဲ့ တစ်နေရာ လွင့်စင်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ အရေးပေါ်ဆင်းသက်ပြီးနောက် လူ ၇ ယောက်ကို ဆေးရုံပို့ခဲ့ရပါတယ်။
ဒီလိုဖြစ်စဉ်ဟာ ကြုံတောင့်ကြုံခဲပေမဲ့ အရင်ကထက် ခပ်စိပ်စိပ် ဖြစ်ပေါ်လာသလို နောင်မှာလည်း ဒီထက်ပိုများလာနိုင်ပါတယ်။
"ဖြစ်နိုင်ခြေအညွှန်းကိန်းတွေကတော့ တော်တော်လေး စိုးရိမ်စရာကောင်းပါတယ်။ ကမ္ဘာတဝန်း က အသုံးများတဲ့လေကြောင်းလမ်းတွေမှာ ဒီလိုပြင်းထန်တဲ့လေထုမတည်ငြိမ်သက်မှုဖြစ်စဉ်တွေ ဟာ နှစ်ဆ၊ သုံးဆ ဒါမှမဟုတ် ဒီထက်ပိုပြီး တိုးလာနိုင်ပါတယ်" လို့ ရီးဒင်းတက္ကသိုလ်က လေထုသိပ္ပံ ပါမောက္ခ ပေါလ် ဝီလျံစ်က ပြောပါတယ်။
မြောက်အတ္တလန္တိတ်ဒေသမှာ ဖြစ်ပွားတဲ့အခုလိုဖြစ်စဉ်တွေဟာလည်း ၁၉၇၉ ခုနှစ်ကစလို့ ၅၅ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
ဒါပေမဲ့လည်း ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေနိုင်မယ်လို့ သူ ယုံကြည်နေဆဲပါ။
ရာသီဥတု ကြိုတင်ခန့်မှန်းမှုကို ပိုမိုတိကျအောင် အဆင့်မြှင့်တင်တာနဲ့ လေဆာနည်းပညာ အသုံးချတာတွေကလည်း ဖြေရှင်းနည်းဖြစ်တယ်လို့ ဆိုပါတယ်။
ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု
လေကြောင်းလုပ်ငန်းအတွက် ရာသီဥတုပြောင်းလဲမှုနဲ့ဆက်နွှယ်တဲ့ နောက်ထပ်အန္တရာယ်တစ်ခုလည်း ရှိနေပါတယ်။ ကျော်လွှားဖို့လည်း ပိုခက်ပါတယ်။ ဒါကတော့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် အောက်တိုဘာလက ဟာရီကိန်း ဆန်ဒီ ဟာ အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းကို ရောက်လာခဲ့တဲ့မုန်တိုင်းအရှိန်ကြောင့် ပင်လယ်ရေ မြင့်တက်လာပြီး မြို့တစ်ခုလုံး ရေဖုံးလွှမ်းခဲ့ပါတယ်။
နယူးယောက်မြို့က လာဂွါဒီယာလေဆိပ်ရဲ့လေယာဉ်ပြေးလမ်းနှစ်ခုလည်း ရက်အတော်ကြာ ရေဖုံးလွှမ်းခဲ့ပြီး မုန်တိုင်းပြီးသွားတဲ့အထိ လေဆိပ်ကို ပြန်မဖွင့်နိုင်ခဲ့ပါဘူး။
စက်မှုခေတ် မတိုင်မီကာလတုန်းက နှစ်ပေါင်း ၅၀၀ မှ တစ်ကြိမ်လောက်သာ ကြုံရတဲ့ နယူးယောက်မြို့ရေကြီးမှုဟာ အခုဆို ၂၅ နှစ်လောက် တစ်ကြိမ် ဖြစ်လာနေပါတယ်။
နောက်ထပ် နှစ် ၅၀ ကြာလာရင် ၅ နှစ်မှာ တစ်ကြိမ်အထိ ဖြစ်လာနိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ ဖော်ပြပါတယ်။
အဲဒီအချက်ကြောင့် ဖလပ်ရှင်းပင်လယ်အော်အနီး မြေဖို့တည်ဆောက်ထားတဲ့ လာဂွါဒီယာလေဆိပ်ဟာ ရေကြီးမှုအန္တရာယ် ကြုံလာရနိုင်တဲ့နေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။
ဒီတစ်ခုတည်းတော့ မဟုတ်ပါဘူး။ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းခန့်ဟာ ကမ်းရိုးတန်းကနေ ကီလိုမီတာ ၁၀၀ အတွင်းမှာ နေထိုင်ကြတာကြောင့် လေဆိပ်အများအပြားကို ပင်လယ်နားက မြေနိမ့်ပိုင်းဒေသတွေမှာ တည်ဆောက်ထားကြပါတယ်။
နယူးကာဆယ်တက္ကသိုလ်ရဲ့လေ့လာချက်အရ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ကမ္ဘာတဝန်းက လေဆိပ် ၂၆၉ ခုဟာ လက်ရှိရေကြီးမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး ဒီထက်လည်း ပိုတိုးလာဖို့ ရှိတယ်လို့ ဆိုပါတယ်။
ရေကြီးမှုအန္တရာယ်ကြုံရနိုင်တဲ့ လေဆိပ်တွေထဲ အမ်စတာဒမ် စခီဖိုးလ်၊ လန်ဒန်စီးတီး၊ ဘာရိန်းအပြည်ပြည်ဆိုင်ရာနဲ့ နယူးအာ့ခ် လစ်ဘာတီ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေ ပါဝင်နေပါတယ်။
လေဆိပ်အများစုဟာ ရေဘေးကာကွယ်ရေး အစီအမံတချို့ ရှိပြီးသားဖြစ်ပါတယ်။ အဓိကလေဆိပ်ကြီးတွေမှာဆိုရင် ပိုကောင်းတဲ့ကာကွယ်ရေးစနစ်တွေ ရှိပါတယ်။ ဒါပေမဲ့ လာမယ့်ရာစုနှစ်အတွင်း ကြုံလာရနိုင်တဲ့ ရေကြီးမှုအန္တရာယ်လျှော့ချဖို့ဆိုရင် ရေဘေးကာကွယ်ရေးစနစ်၊ ပြေးလမ်းမြှင့်တာ ဒါမှမဟုတ် လေဆိပ်တစ်ခုလုံး ပြောင်းရွှေ့တဲ့လုပ်ငန်းတွေအပေါ် ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါတယ်။
နယူးကာဆယ်တက္ကသိုလ်ရဲ့အစီရင်ခံစာအရ ဒီလုပ်ငန်းတွေအတွက် ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၅၇ ဘီလျံ (ပေါင် ၄၂ ဘီလျံ)အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒီကုန်ကျစရိတ်တွေကို နောက်ဆုံးမှာ အခွန်ထမ်းပြည်သူတွေနဲ့ ခရီးသည်တွေက ကျခံရဖို့ များပါတယ်။
လေကြောင်းလုပ်ငန်းဟာ ရာသီဥတုပြောင်းလဲမှု ဖြစ်စေတဲ့ ကာဗွန်ထုတ်လွှတ်မှုတွေအတွက် အဓိက တရားခံလို့ မကြာခဏ ဝေဖန်ခံရလေ့ရှိပါတယ်။ တဖက်မှာလည်း ၂၀၅၀ ခုနှစ်မှာ ကာဗွန်ထုတ်လွှတ်မှု သုညအထိလျှော့ချဖို့နဲ့ နောက်ဆယ်စုနှစ်နှစ်ခုအတွင်း ကမ္ဘာတဝန်း လေယာဉ်အရေအတွက် နှစ်ဆအထိ တိုးလာရမယ်ဆိုတဲ့စိန်ခေါ်မှုတွေလည်းရှိနေပါတယ်။
သေချာတာကတော့ ရာသီဥတုပြောင်းလဲမှုဒဏ်ကို လေကြောင်းလိုင်းတွေ၊ လေဆိပ်တွေ သာမက မှခရီးသည်တွေပါ မလွဲမသွေ ခံစားရတော့မှာပါ။
"ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်တာကတော့ ဒီသက်ရောက်မှုတွေ လျှော့ချဖို့ ကြိုတင်ပြင်ဆင်ထားဖို့လိုမယ်" လို့ အန်ဒရူး ချာလ်တန်က ပြောပါတယ်။
"လေယာဉ်ခရီးစဉ်တွေ နှောင့်နှေးမှုတွေကြောင့် လေဆိပ်မှာ စောင့်ဆိုင်းရမယ့်သူတွေအတွက် လည်း လုံလောက်တဲ့နေရာရှိဖို့၊ ဟိုတယ်အခန်းတွေ လုံလောက်ဖို့၊ ကားရပ်နားစရာနေရာတွေ လုံလောက်ဖို့နဲ့ အခြားလိုအပ်တာတွေကိုလည်း အဆင်သင့်ပြင်ဆင်ထားဖို့လိုမယ်" လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ နောက်ဆုံးမှာတော့ "အဆင်မပြေတဲ့ အချိန်ကာလတွေက ပိုပြီးများလာတော့မှာပါ" လို့ သူကပြောပါတယ်။
လေကြောင်းခရီးသည်တွေအနေနဲ့လည်း ဒါကို မဖြစ်မနေ လက်ခံထားရတော့မယ့် အခြေအနေဖြစ်တယ်လို့ သူကပြောပါတယ်။
Lead image: Getty