စက်တင်ဘာ ၇ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ ‘‘FREE HER’’ လှုပ်ရှားမှုကို သားဖြစ်သူ ကင်မ် အဲရစ် စတင်တဲ့သတင်းအပါအဝင် မြန်မာနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
စက်တင်ဘာ ၇ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။
အင်ဒီရုပ်ရှင်ဖန်တီးသူအဖြစ် လူသိများသလို စိတ်ကျန်းမာရေးကုသမှုလိုအပ်သူတွေကို ပန်းချီကုထုံးနဲ့ ကုသပေးတဲ့ အထွေထွေရောဂါကုဆရာဝန်တစ်ဦးအဖြစ် ထင်ရှားတဲ့ ဒေါက်တာ အောင်မင်းဟာ စက်တင်ဘာ ၆ ရက် ညပိုင်းက ၉၆ ပါးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
''မနက်ဖြန် စက်တင်ဘာ ၈ ရက် ညနေ ၄ နာရီမှာ ရေဝေးသုဿန်ကို ပို့ဆောင်သင်္ဂြိုဟ်ပါမယ်'' လို့ သားဖြစ်သူက ပြောပါတယ်။
အင်ဒီရုပ်ရှင်ဖန်တီးသူ၊ စာရေးဆရာ အောင်မင်း ခေါ် ဒေါက်တာအောင်မင်း ကွယ်လွန်ချိန်မှာ အသက် ၆၂ ရှိပြီ ဖြစ်ပြီး ဇနီးဖြစ်သူ စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာ စန်းစန်းဦးနဲ့ သား နှစ်ဦးတို့ ကျန်ရစ်ခဲ့ပါတယ်။
''ဦးနှောက်သွေးကြောပြတ်လို့ ရုတ်တရက် အကောင်းကနေပဲ ဆုံးပါးသွားတာလို့ သိရပါတယ်။ သူဆုံးပါးသွားတာ Independent Film လောကအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပါတယ်။ နယ်ပယ်အားလုံးမှာတော်တဲ့အနုပညာရှင် ဆရာဝန်ဖြစ်တော့ အားလုံးကလည်း နှမြောနေကြတယ်'' လို့ ဒေါက်တာအောင်မင်း နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
အင်ဒီရုပ်ရှင်အသိုင်းအဝိုင်းရဲ့အပြောအရ ဒေါက်တာအောင်မင်းမှာ တိုင်းပြည်အခြေအနေကြောင့် ရိုက်ကူးထားပြီး မထုတ်ရသေးတဲ့ရုပ်ရှင်တချို့လည်း ရှိသေးတယ်လို့ဆိုသလို Aung MHI (အောင် အနုပညာကုထုံးဆေးခန်း)နဲ့ လည်း စိတ်ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်သူတွေကို ကုသပေးနေတယ်လို့ ပြောကြပါတယ်။
ပန်းချီဆရာ(ဦး) မိုးညိုကတော့ ''အနုပညာနဲ့ပတ်သက်ရင် တက်ကြွ အပင်ပန်းခံတဲ့ လူတော်မိတ်ဆွေတစ်ယောက် ဆုံးရှုံးသွားတဲ့အတွက် အလွန်စိတ်မကောင်းဖြစ်ရပါတယ်'' လို့ ဘီဘီစီကိုမှတ်ချက်ပေးပါတယ်။
၁၉၉ဝ ခုနှစ်မှာ ရန်ကုန် ဆေးတက္ကသိုလ် ၁ ကနေ အမ်ဘီဘီအက်စ်ဘွဲ့ရခဲ့ပြီး ဆေးပညာအပြင် စာရေးစာဖတ်ကို ပိုဝါသနာ ပါခဲ့တာကြောင့် ၁၉၈၄ ခုနှစ်ကစလို့ မင်းစည် ကလောင်အမည်နဲ့ ဆေးတက္ကသိုလ် ၁ နှစ်လည်မဂ္ဂဇင်း၊ ရှုမဝမဂ္ဂဇင်း၊ စံပယ်ဖြူ မဂ္ဂဇင်းတို့မှာ ဝတ္ထုတိုတွေ ရေးခဲ့သူဖြစ်ပါတယ်။
၁၉၉၇ ခုနှစ်ကစပြီး အောင်မင်း အမည်နဲ့ပဲ ဟန်သစ်၊ BEAUTY၊ စတိုင်သစ် မဂ္ဂဇင်းတို့မှာ ဝတ္ထုတို၊ ဝတ္ထုရှည်တွေ ရေးခဲ့ပါတယ်။
၂ဝဝ၅ ခုနှစ်ကစပြီး ရုပ်ရှင်ဇာတ်ညွှန်းတွေ စတင်ရေးသားခဲ့ပြီး The Clinic (20 min)၊ Evening (10 min)၊ Bamboo Grove (20 min)၊ Raining Season (20 min)၊ A Monk (90 min)၊ Mrauk Oo Story ၊ Heartbroken bird၊ Boarding House၊ Man with the Beard Yangon Midnight စတဲ့ အင်ဒီရုပ်ရှင်တွေရဲ့ဇာတ်ညွှန်းတွေကို ရေးသားခဲ့သလို ဖန်တီးမှုတွေလည်းရှိခဲ့ပါတယ်။
သူ့ရဲ့ စာအုပ်တွေထဲ မြန်မာ့ခေတ်ပြိုင်ပန်းချီ အနုပညာရှင်များနှင့် တွေ့ဆုံမေးမြန်းခန်းများ၊ Myanmar Contemporary Art 1 စာအုပ်တို့ကို ရေးသားခဲ့တာနဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေရရှိထားတဲ့ "The Monk" ဇာတ်လမ်းရုပ်ရှင်ရဲ့ ဇာတ်ညွှန်း ရေးသားခဲ့သူအဖြစ် လူသိများပါတယ်။
မကွယ်လွန်ခင်အချိန်အထိ ပန်းချီကုထုံးနဲ့ ကုသပေးတဲ့ ''အောင်'' အနုပညာကုထုံးဆေးခန်းကို ဇနီးဖြစ်သူ စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာ စန်းစန်းဦး၊ သား နှစ်ဦးနဲ့ အတူ လုပ်ဆောင်ခဲ့ပါတယ်။
မြန်မာပြည်တွင်းမှာ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်း ဖြိုခွင်းတာတွေလုပ်နေတယ်လို့ နေပြည်တော်က ပြောနေပေမဲ့ ထိုင်း- မြန်မာ နယ်စပ် ကရင်ပြည်နယ်ထဲက မြ၀တီမြို့နယ်ထဲမှာ ကျားဖြန့်လုပ်ငန်းတွေရှိနေဆဲလို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
အဲဒီလုပ်ငန်းတွေထဲမှာ ရောက်ပြီး ကျားဖြန့်လုပ်ငန်းလုပ်ဖို့ စေခိုင်းခံရသူ ၂ ဦးနဲ့ ဘီဘီစီက ဆက်သွယ် စကားပြောနိုင်ခဲ့တာကြောင့် ဒီအခြေအနေကို သိရှိခဲ့ရတာဖြစ်ပါတယ်။
သူတို့နဲ့စကားပြောဆိုမှုတွေအရ သူတို့ဟာ ကျားဖြန့်လုပ်ငန်းမှာ အွန်လိုင်းလိမ်လည်မှု လုပ်ရတာအပြင် နှိပ်စက်ခံရတာ၊ နောက် ကျားဖြန့်လုပ်ငန်းခွင် တစ်ခုကနေ တစ်ခုဆီကို လက်လွှဲရောင်းစားခံရတာ ကြုံနေရတယ်လို့ ဖွင့်ပြောလာကြပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုပါ။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ''FREE HER'' လှုပ်ရှားမှုကို သားဖြစ်သူ ကင်မ် အဲရစ်က စတင်လိုက်ပါတယ်။
ဒီလှုပ်ရှားမှုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးပြီး မိသားစုနဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုတိုက်တွန်းလှုံ့ဆော်မှု နောက်တစ်ဆင့်ဖြစ်တယ်လို့ ကင်မ်က ထုတ်ပြန်ချက်မှာပြောထားပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းကတည်းက ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြားပထမဆုံး အကြိမ်အနေနဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့(ICRC) က ကိုယ်စားလှယ်နဲ့ သြဂုတ် ၃ ရက်က တွေ့ဆုံမှု အပြီးမှာ အခုလှုပ်ရှားမှုကို ထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။
ICRC နဲ့ ပေးတွေ့လို့ သူ့ မိခင်ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း အတည်ပြုနိုင်ပေမဲ့ ဘယ်မှာရှိနေလဲဆိုတာ မသိရသလို မိသားစုနဲ့လည်း တွေ့ဆုံခွင့်မရဖြစ်နေဆဲလို့ သားဖြစ်သူ ကင်မ်က ထောက်ပြပါတယ်။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၈၁ နှစ်ရှိနေပြီဖြစ်သလို မိသားစုနဲ့ တွေ့ခွင့်မရတာလည်း ၅ နှစ်ကျော်လာပြီဖြစ်ပါတယ်။
“ICRC က သွားတွေ့နိုင်တာ အရေးပါတဲ့အဆင့်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမေဟာ မလွတ်မြောက်သေးသလို ကျွန်တော်တို့ မိသားစုဟာ ပုံမှန်ဆက်သွယ်လို့လည်း မရသေးပါဘူး။ ကျွန်တော် မေမေ့ကို တွေ့ချင်ပြီး သူနေကောင်းလား၊ ဘယ်လိုနေလဲဆိုတာကို သိချင်ပါတယ်။ ကျွန်တော့် အမေကို လွှတ်ပေးစေချင်ပါတယ်” လို့ ကင်မ်က ပြောပါတယ်။
“ကျွန်တော် ငယ်စဉ်တုန်းကလည်း မေမေက အိမ်အကျယ်ချုပ်ကျတာကို နေခဲ့ရပြီးပြီ။ ဆယ်စုနှစ်တွေအကြာမှာ ကျွန်တော်တို့ ဒီလိုအခြေအနေ ပြန်ကြုံရလိမ့်မယ်လို့ တွေးတောင် မတွေးခဲ့ပါဘူး။ ကျွန်တော့် အမေကို မြင်တွေ့ချင်ပါတယ်။ ကျန်နေသေးတဲ့အချိန်မှာ ကျွန်တော်တို့ မိသားစု အတူရှိနေချင်ပါတယ်” လို့လည်း သူက ပြောပါတယ်။
သားဖြစ်သူ ကင်မ်ရဲ့အခုတောင်းဆိုလှုပ်ရှားမှုဟာ ဒေါ်အောင်ဆန်းစုကြည် အခြေအနေကို ကမ္ဘာက မမေ့ဖို့ ရည်ရွယ်သလို မြန်မာမှာ တရားမဲ့ထိန်းသိမ်းခံထားရသူတွေအားလုံးရဲ့ လွတ်လပ်မှုနဲ့ ရပိုင်ခွင့်တွေအတွက် တပါတည်းတောင်းဆိုချက်လို့ ပြောထားပါတယ်။
နွေဦးတော်လှန်ရေး ၅ နှစ်အတွင်း အသက်ပေးခဲ့သူတွေ၊ စစ်ရေးတာဝန်တွေကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့တဲ့ရဲဘော်တွေကို စစ်ဘက်ဆိုင်ရာဘွဲ့နဲ့ ဆုတံဆိပ်တွေ ချီးမြှင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ကြေညာပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တည်ထောင်မှု ၅ နှစ်ပြည့်နဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် ၅ နှစ်ပြည့်အနေနဲ့ ဆုချီးမြှင့်ပွဲကို ဒီနေ့ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ဆုချီးမြှင့်ပွဲကို မြေပြင်နဲ့ အွန်လိုင်း နှစ်မျိုးပေါင်းစပ် ကျင်းပခဲ့တာဖြစ်ပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလအပါအဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်တယ်လို့လည်း ဆိုပါတယ်။
ဆုတံဆိပ်ချီးမြှင့်ခံရသူတွေထဲ ၂၀၂၄ ခုနှစ် မေလတုန်းက ကွယ်လွန်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး R.ခေါင်လွမ်းလည်း ပါ၀င်ပါတယ်။သူ့ကို ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ ချီးမြှင့်တာဖြစ်ပြီး KIA ဗိုလ်မှူးကြီး တစ်ဦးက ဒုဗိုလ်ချုပ်ကြီး R.ခေါင်လွမ်း မိသားစုကိုယ်စား ဆုတက်ယူခဲ့ပါတယ်။
NUG ချီးမြှင့်ခဲ့တဲ့ ဆုတွေကတော့ ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့၊ သူရဲကောင်းဘွဲ့၊ ပြည်သူ့ဇာနည်ဆု၊ ပြည်သူ့သားကောင်းဆုနဲ့ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ်တို့ဖြစ်ပါတယ်။
ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ ရရှိသူ ၁ ဦး၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ ရရှိသူ ၂၁ ဦး၊ ပြည်သူ့ဇာနည်ဆု ရရှိသူ ၁,၆၄၇ ဦး၊ ပြည်သူ့သားကောင်းဆု ရရှိသူ ၈၁ ဦး နဲ့ တော်လှန်ရေးအမှုထမ်းကောင်း တံဆိပ် ရရှိသူ ၄၂ ဦး ရှိခဲ့ပါတယ်။
စစ်ဘက်ဆိုင်ရာ ဆုချီးမြှင့်ခံရသူစုစုပေါင်း ၁,၇၉၂ ဦးအထိ ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ PDF တပ်ဖွဲ့ဝင် ၁,၄၄၂ ဦး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDO က ၃၂၄ ဦး၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေက ၂၆ ဦး နဲ့ စစ်ဒေသ၊ တပ်မ၊ တပ်ရင်း၊ တပ်ဖွဲ့ ၄၅ ဖွဲ့ကိုဆုချီးမြှင့်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
ဘယ်သူ၊ ဘယ်ဝါနဲ့ ဘယ်အဖွဲ့အစည်းတွေ ဖြစ်တယ်ဆိုတာကိုတော့ NUG က အသေးစိတ်မကြေညာခဲ့ပါဘူး။
ဆုချီးမြှင့်ခံရတဲ့ ရဲဘော်တွေကိုယ်စား မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက တပ်ရင်းမှူး ရဲဘော်ပျားအုံနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကိုယ်စား မသဇင်ညွန့်အောင်က အွန်လိုင်းကနေ ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။
ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေမှာ စစ်မှုထမ်းဖို့အတွက် သြဂုတ်နဲ့ စက်တင်ဘာလအတွင်း လူငယ်တွေကို ပေါ်တာဆွဲခံရတဲ့ဖြစ်ရပ်တွေ ပိုများလာလို့ စောင့်ကြည့်သူတွေက ပြောသလို ညဘက်သွားလာရေး ဂရုစိုက်နေရတယ်လို့လည်း မြို့ခံတွေဆီကနေ သိရပါတယ်။
စက်တင်ဘာလ ပထမပတ်ထဲမှာတင် ရန်ကုန်က မြို့နယ် ၁၀ ခုမှာ စစ်သားအဓမ္မစုဆောင်းမှုတွေရှိခဲ့တယ်လို့ Rangoon Scout Network က ပြောပါတယ်။
“ရန်ကုန်မြို့မှာဆို စက်တင်ဘာလ ပထမအပတ်ထဲ အဖမ်းအဆီးတွေ တော်တော်များနေပါတယ်။ ကျွန်တော်တို့ဆီ စာရင်းရောက်သလောက်က စက်တင်ဘာ ပထမအပတ်ထဲတင် အဆွဲခံရတာ လူအယောက် ၃၀ ထက်မနည်းဘူး” လို့ ရန်ကုန်ကင်းထောက်ကွန်ရက် (RSN)ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
RSN ရဲ့အချက်အလက်အရ မင်္ဂလာတောင်ညွန့်မြို့နယ်တစ်ခုတည်းမှာ ၁၀ ယောက်ခန့်နဲ့ စစ်သားစုဆောင်းမှု အများဆုံးဖြစ်နေပါတယ်။
စက်တင်ဘာ ၆ ရက်ကလည်း မရမ်းကုန်းမြို့နယ်၊ အလယ်ဗဟိုလမ်းမှာ လူငယ်တစ်ဦးကို အမျိုးသားတစ်ဦးက အတင်းအဓမ္မဆွဲခေါ်သွားတယ်လို့ ယူဆရတဲ့ရုပ်သံတစ်ခုလည်း ထွက်ပေါ်နေပါတယ်။
လူမှုကွန်ရက်အသုံးပြုသူတွေကတော့ ဒါဟာ စစ်မှုထမ်းဖို့ စုဆောင်းအခေါ်ခံရတာလို့ ရေးပေမဲ့ ဘီဘီစီအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
မန္တလေးမှာတော့ စစ်မှုထမ်းအတွက် တောင်းယူတဲ့လူအရေအတွက် အတိအကျကို မသိရဘဲ ပုံမှန်ထက် လူပိုတိုးခေါ်ဖို့ ညွှန်ကြားထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး အသိုင်းအဝိုင်းကနေ သိရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မန္တလေးမြို့ပေါ် မဟာအောင်မြေမြို့နယ်က ရပ်ကွက်တချို့မှာလည်း ဒီရက်ပိုင်းအတွင်း စစ်မှုထမ်းမဲနှိုက်တာတွေ ပြန်လုပ်နေပါတယ်။
“အရင်လကတည်းက ပေါ်တာ မသိမသာရော ပေါ်တင်စွဲတာပါ လုပ်တယ်။”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
RSN ရဲ့ သြဂုတ်လစာရင်းအရလည်း ရန်ကုန်မှာ မတရားဖမ်းဆီးခံရသူ ၉၈ ဦးရဲ့ဖြစ်စဉ်ကို လေ့လာရာမှာ စစ်မှုထမ်းသင်တန်းအတွက် အဖမ်းခံရတာတွေလည်း ရှိနေပါတယ်။
အဲဒီထဲက ၅ ဦးကို အကျဉ်းထောင်တွေ ဆီပို့ပြီး ၈ ဦး ပြန်လွတ်ခဲ့ပေမဲ့ ၈၅ ဦးရဲ့ နောက်ဆက်တွဲ အခြေအနေကိုမသိရနေဘူးလို့ ရန်ကုန် ကင်းထောက်ကွန်ရက်က ဖော်ပြပါတယ်။
စစ်မှုထမ်းဥပဒေအသက်သွင်းပြီးတဲ့နောက် လစဉ်ပျှမ်းမျှ စစ်မှုထမ်းတပ်သား ၄,၇၀၀ ဦးကို မြန်မာစစ်တပ်က စုဆောင်းထားနိုင်တယ်လို့ CDM စစ်သားတွေနဲ့ဖွဲ့စည်းထားတဲ့ မြန်မာစစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က ထုတ်ပြန်ထားပါတယ်။
လတိုင်း အပတ်စဉ် အသစ်တွေ ဖွင့်လှစ်ခဲ့ပေမဲ့ ဇူလိုင်လမှာ မဖွင့်လှစ်နိုင်ခဲ့ပါဘူး။သြဂုတ် ၈ ရက်မှသာ အပတ်စဉ် ၂၇ ကို သင်တန်းဖွင့်ခဲ့ကြောင်း နေပြည်တော်ရဲ့တရားဝင်ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါကြောင့် မြန်မာစစ်တပ်အနေနဲ့ အပတ်စဉ်အသစ်အတွက် စစ်မှုထမ်းအရေအတွက် လုံလောက်အောင် မစုဆောင်းနိုင်တဲ့အနေအထားဖြစ်နေတယ်ဆိုပြီဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
နေပြည်တော် စစ်မှုထမ်းစုဆောင်းရေးဗဟိုကတော့ ပေါ်တာဆွဲတာလို အတင်းအဓမ္မ စစ်မှုထမ်းတာတွေအတွက် နစ်နာသူ ကိုယ်တိုင် တိုင်ကြားနိုင်တယ်လို့ ဘီဘီစီကို ပြီးခဲ့တဲ့တစ်ပတ်မှာ တုံ့ပြန်ပါတယ်။
စစ်မှုထမ်းဖို့ အဓမ္မ စုဆောင်းတယ်ဆိုတဲ့ပြဿနာဟာ နေပြည်တော်က လွှတ်တော်မှာ မေးမြန်းဆွေးနွေးတဲ့အထိဖြစ်ခဲ့ပါတယ်။
နေပြည်တော် ပြည်ထဲရေး ဒု၀န်ကြီးကတော့ နေအိမ်တွေနဲ့ လမ်းတွေပေါ် အထိ တက်ပြီး စစ်မှုထမ်းဖို့ လူစုဆောင်းတာ မဟုတ်ဘူးလို့ တုံ့ပြန်ပြီး ဒါတွေဟာ စစ်မှုထမ်းဖို့ တိမ်းရှောင်ကြတာတွေကြောင့် ဖြစ်လာတာလို့ လွှတ်တော်မှာ ခုခံပြောဆိုသွားပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတဲ့ လစ်ဗျားနိုင်ငံကို အမေရိကန်နိုင်ငံသားတွေ မဖြစ်မနေ သွားရမယ်ဆိုရင် သေတမ်းစာ မဖြစ်မနေရေးခဲ့ ချန်ခဲ့ဖို့နဲ့ မျိုးဗီဇ(DNA) စံနမူနာတွေ ထားခဲ့ဖို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက အကြံပြုလိုက်တယ်လို့ ဖောက်စ် သတင်းဌာနက သတင်းဖော်ပြပါတယ်။
အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက အခုလို အကြံပြုချက်ထုတ်ပြန်တဲ့အကြောင်း ဖောက်စ် သတင်းဌာနက စက်တင်ဘာလ ၄ ရက်မှာ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။
မကြာသေးခင်ကပဲ အမေရိကန်အစိုးရဟာ လစ်ဗျားနိုင်ငံဟာ ခရီးသွားဖို့ မသင့်တဲ့နိုင်ငံ (အဆင့် ၄) အဖြစ်သတ်မှတ်လိုက်ပြီး အဲဒီကို သွားမယ့် အမေရိကန်နိုင်ငံသားတွေအနေနဲ့ ခရီးသွားမယ့်အစီအစဉ်တွေကို ပြန်သုံးသပ်သင့်ပြီလို့ ပြောပါတယ်။
လစ်ဗျားနိုင်ငံတဝန်းမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်နေတာ၊ မပေါက်ကွဲသေးတဲ့မိုင်းတွေရှိနေတာ၊ အချိန်မရွေး အစိုးရ တပ်တွေနဲ့ လက်နက်ကိုင်တပ်တွေအကြားတိုက်ပွဲတွေဖြစ်လာနိုင်တာနဲ့ လစ်ဗျားမှာ အမေရိကန်သံရုံးမရှိတာတွေကို နိုင်ငံခြားရေးဘက်က ထောက်ပြပြီး အခုလိုအကြံပြုလိုက်တာလို့ ဆိုပါတယ်။
“သေတမ်းစာပြင်ဆင်ခဲ့ပါ။ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေ လွှဲပြောင်းမှုအစ၊ အဆုံးအတွက် ကြိုတင်ပြင်ဆင်ခဲ့ပါ” လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန ခရီးသွားအကြံပြု သတိပေးချက်မှာ ဖော်ပြထားပါတယ်။
“သေရေးရှင်ရေးဖြစ်တဲ့အခါ မိသားစုဘက်က အတည်ပြုနိုင်ဖို့ DNA စံနမူနာတွေထားခဲ့ပါ” ဆိုပြီးလည်း ပြောထားပါတယ်။
အမေရိကန်အစိုးရဟာ လစ်ဗျားနိုင်ငံလိုပဲ မြန်မာနိုင်ငံကို ပြည်တွင်းပဋိပက္ခတွေကြောင့် ခရီးသွားဖို့ မသင့်တဲ့နိုင် (အဆင့် ၄) အဖြစ် ဒီနှစ် မေလ မှာ ဆက်ပြီး သတ်မှတ်ထားပါတယ်။
မြန်မာမှာ စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းထားတာ၊ လက်နက်ကိုင်ပဋိပက္ခဖြစ်နေတာ၊ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်တွေရှိနေတာနဲ့ ဥပဒေကို လိုသလိုကျင့်သုံးပြီး အကြောင်းမဲ့ဖမ်းဆီးတာတွေကြောင့် မြန်မာကို ခရီးသွားမယ့် အမေရိကန်နိုင်ငံသားတွေကို နိုင်ငံခြားရေး၀န်ကြီးဌာနက ခရီးသွားကြံပြုချက် ထုတ်ထားတာဖြစ်ပါတယ်။
အထူးသဖြင့် မြန်မာမှာ စစ်မှုထမ်းဥပဒေကျင့်သုံးနေတာကြောင့် စစ်မှုထမ်းအသက်အကျုံး၀င်တဲ့ မြန်မာဖွား အမေရိကန်နိုင်ငံသားတွေ မြန်မာကို ခရီးသွားတာကိုလည်း သတိထားဖို့ နိုင်ငံခြားရေးက အကြံပြုပါတယ်။
မြန်မာနိုင်ငံကို သွားရောက်မယ့်အမေရိကန်နိုင်ငံသားတွေအနေနဲ့ တစ်ခုခုကြုံရတဲ့အခါ မိသားစုက စီမံခန့်ခွဲနိုင်ဖို့ အရေးကြီးတဲ့စာရွက်စာတမ်းတွေ၊ လျှို့ဝှက်နံပါတ်တွေ၊ ဆက်သွယ်ရမယ့်နံပတ်တွေထားခဲ့ဖို့၊ စမတ် ခရီးသွားစာရင်းသွင်းအစီအစဉ် (STEP) မှာ စာရင်းသွင်းမှတ်ပုံတင်ထားဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
အမေဇုန်ကုမ္ပဏီရဲ့ကုန်ပို့ (Amazon Air) လေယာဉ်တစ်စင်းဟာ မိုင်ယာမီနိုင်ငံတကာလေဆိပ်ကို ဆင်းသက်ချိန် ပြေးလမ်းကျော်ခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး နောက်ထပ် ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။
Boeing 767-300 အမျိုးအစား ကုန်တင်လေယာဉ်ဟာ ပေါ်တိုရီကိုနိုင်ငံ၊ ဆန်ဟွမ်မြို့လေဆိပ်ကနေ ထွက်ခွာလာပြီးနောက် မိုင်ယာမီ လေဆိပ်ကို အဆင်းမှာ ပြေးလမ်းကျော်ခဲ့တာပါ။
Amazon ဘက်ကတော့ “ဖြစ်စဉ်အတိအကျကိုသိနိုင်ဖို့ ဒေသန္တရအာဏာပိုင်တွေ၊ တာဝန်ရှိသူတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် အမေရိကန်ပြည်ထောင်စုလေကြောင်းအာဏာပိုင်အဖွဲ့ (FAA) ကတော့ လေဆိပ်က လေယာဉ်ခရီးစဉ်အားလုံးကို ရပ်နားခိုင်းထားပါတယ်။
ဒီပျက်ကျမှုဟာ တစ်နှစ်အတွင်း ခရီးသွားလာမှု အများဆုံး အချိန်တွေထဲက တစ်ခုဖြစ်တဲ့ လေဘာဒေး အားလပ်ရက် ကာလအတွင်း ဖြစ်ပွားခဲ့တာပါ။
“အနည်းဆုံး လူ ၅ ဦး အသက်ဆုံးရှုံးခဲ့ပြီး နောက်ထပ် ၅ ဦး ဒဏ်ရာရရှိထားပါတယ်” လို့ မိုင်ယာမီဒိတ် ကောင်စီ မြို့တော်ဝန် ဒန်နီလာ လာဗင်း ကာတာက တနင်္ဂနွေနေ့ ညနေပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒဏ်ရာရသူ ၅ ဦးထဲက ၃ ဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့ မိုင်ယာမီ မီးသတ်ဌာန အကြီးအကဲ ရိ ဂျာဒယ်လာက ပြောပါတယ်။
ဒဏ်ရာရသူတချို့ဟာ မြေပြင်မှာရှိတဲ့ကားတွေထဲ ဒါမှမဟုတ် ကားအောက်မှာ ပိတ်မိခဲ့ကြသူတွေလို့လည်း မီးသတ်နဲ့ ကယ်ဆယ်ရေးအဖွဲ့ရာချီနဲ့ ကယ်ထုတ်ခဲ့ရတယ်လို့ ဂျာဒယ်လာက ပြောပါတယ်။
တာဝန်ရှိသူတွေကတော့ လေယာဉ်ပြေးလမ်းကျော်ရတဲ့အကြောင်းရင်းကို သိဖို့ စောလွန်းသေးတယ်လို့ ပြောပြီး အမျိုးသား ပို့ဆောင်ရေး ဘေးကင်းလုံခြုံရေးဆိုင်ရာ ဘုတ်အဖွဲ့က စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
မြောက်ကယ်လိုရိုင်းနားအခြေစိုက် စင်းလုံးငှားလေကြောင်းကုမ္ပဏီ 21 Air က ပြေးဆွဲတဲ့ Amazon လေယာဉ်ဟာ “မိုင်ယာမီ နိုင်ငံတကာလေဆိပ်ရဲ့ ထောင့်ဖြတ်ပြေးလမ်းကို ကျော်ထွက်သွားခဲ့ပြီး လေဆိပ်ရဲ့ အနောက်မြောက်ဘက်အစွန်မှာ ရပ်သွားတယ်” လို့ လေဆိပ်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
မိုင်ယာမီ ဒိတ် မီးသတ်တပ်ဖွဲ့ကတော့ ကယ်ဆယ်ရေးအဖွဲ့တွေ “ဒီပျက်ကျမှုကြောင့် မီးစွဲလောင်နေတဲ့ လေယာဉ်ကို တွေ့ခဲ့ရပြီး မီးတောက်ကြီးတွေနဲ့ မီးခိုးထွက်နေတာကို တွေ့ခဲ့ရတယ်” လို့ ပြောပါတယ်။
FlightRadar24 ရဲ့ လေကြောင်းခရီးစဉ် အချက်အလက်တွေအရ Amazon ကုန်တင်လေယာဉ်ဟာ “အသုံးပြုနိုင်တဲ့ ပြေးလမ်း” ကို ကျော်ထွက်တဲ့အချိန်မှာ ၁၁၂ knots (တစ်နာရီ ၁၂၉ မိုင်၊ ၂၀၇ ကီလိုမီတာ) နှုန်းနဲ့ သွားနေခဲ့ပါတယ်။
အဲဒီ ဝက်ဘ်ဆိုက်ရဲ့ရေးသားချက်အရ လေယာဉ်ဟာ Amazon ဂိုဒေါင်နဲ့ အခြား စီးပွားရေးလုပ်ငန်းတွေကို ဝန်ဆောင်မှုပေးတဲ့ကားရပ်နားကွင်းအနီးမှာ ရပ်တန့်သွားခဲ့တယ်လို့ဆိုပါတယ်။
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်က ရွှေ့ပြောင်းလုပ်သား အဆောင်တန်းလျားတစ်ခုမှာ မြန်မာအမျိုးသမီးတွေကို ဖုန်းနဲ့ ဗီဒီယို ခိုးရိုက်တဲ့တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၂ ရက်နေ့မှာ ဖမ်းဆီးသွားတယ်လို့ မြန်မာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုအဖွဲ့ (MHAC) ဦးဆောင်သူ ကိုရဲမင်းက ပြောပါတယ်။
“ကျောချင်းကပ်ဆောက်ထားတဲ့ တစ်ထပ်တန်းလျားတွေအနောက်မှာ လမ်းကြားတွေရှိတယ်။ အဲဒီကနေ ဝင်ပြီး ရေချိုးခန်း လေဝင်ပေါက်ကနေ ဖုန်းထိုး ထည့်ပြီး ဗီဒီယို ရိုက်တာ။ ဒါကို သက်သေနဲ့တကွ မိသွားတာ” လို့ ကိုရဲမင်းက ပြောပါတယ်။
ဒီလို ဗီဒီယိုရိုက်နေတာကို တစ်ဆောင်တည်းမှာနေတဲ့ အမျိုးသမီးတစ်ဦးက လှမ်းမြင်ခဲ့ပြီးနောက် အဲဒီအမျိုးသားနေထိုင်တဲ့အခန်းကို သွားရောက်စစ်ဆေးခဲ့ကြရာကနေ ခိုးရိုက်ထားတဲ့ရုပ်သံတွေကိုပါ တွေ့ရှိခဲ့တာလို့လည်း သူက ပြောပါတယ်။
စက်တင်ဘာ ၂ ရက်က သွားရောက်စစ်ဆေးခဲ့ပြီး နေ့တွင်းချင်းပဲ ထိုင်းရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
စွပ်စွဲခံရတဲ့အမျိုးသား အသက် ၃၀ နှစ်အရွယ်ရှိပြီး အိမ်ထောင်သည်တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ထိုင်းရဲတပ်ဖွဲ့က သူ့ကို ချွန်ဘူရီခရိုင်ထဲက အချုပ်ထောင်မှာ ဖမ်းဆီးထိန်းထားတယ်လို့လည်း သိရပါတယ်။
အခုတော့ ဒီအမျိုးသားကို ကျူးလွန်ခံရတဲ့ အမျိုးသမီး ၅ ဦးက တရားလိုလုပ်ပြီး ပိုင်နက်ကျူးကျော်ဗီဒီယိုခိုးရိုက်တဲ့အမှု၊ အမျိုးသမီးတွေကို ကာအိန္ဒြေပျက်ပြားစေမှုတွေနဲ့တရားစွဲဆို ထားတယ်လို့လည်း သူက ပြောပါတယ်။
ထိုင်းဥပဒေအရ ဒီပြစ်မှုနှစ်ခုကို ကျူးလွန်ရင် အနည်းဆုံးထောင်ဒဏ် ၄ နှစ် ချမှတ်ခံရနိုင်ပြီး တရားခံက ပြစ်မှုရှိကြောင်း ဝန်ခံရင် ပြစ်မှု ထက်ဝက်လျှော့ပေါ့ခံရနိုင်တယ်လို့ ကိုရဲမင်းက ပြောပါတယ်။
ဥရောပကနေ ဗီယက်ကို ပျံသန်းလာတဲ့ ဗီယက်နမ် လေကြောင်းလိုင်းက လေယာဉ်တစ်စင်းဟာ လေယာဉ်ပေါ်မှာ ခရီးသည်တစ်ဦး ကလေးမီးဖွားလို့ ရန်ကုန်လေဆိပ်မှာ မနေ့က အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ ဗီယက်နမ်နိုင်ငံပိုင် သတင်းက ဖော်ပြပါတယ်။
Vietnam Airlines လေကြောင်းလိုင်းက လေယာဉ်တစ်စင်းဟာ စက်တင်ဘာ ၅ ရက်နေ့က ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့ကနေ ဗီယက်နမ်နိုင်ငံကို ပျံသန်းလာချိန် ၁၀ နာရီအကြာမှာ ဗီယက်နိုင်ငံသူ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက လေယာဉ်ပေါ်မှာပဲ ကလေးမွေးဖွားခဲ့တာပါ။
ခရီးသည်တွေထဲ ပါလာတဲ့ဆရာဝန်တချို့နဲ့ လေယာဉ်ဝန်ထမ်းတွေက အဲဒီအမျိုးသမီးရဲ့ရင်သွေးငယ်ကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
ဒါပေမဲ့ ကလေးမွေးဖွားပြီးတဲ့နောက်မှာ မိခင်နဲ့ ကလေးငယ်အတွက် ကျန်းမာရေး စစ်ဆေးမှုတွေ လိုအပ်တာကြောင့် လေယာဉ်ဝန်ထမ်းတွေဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အရေးပေါ်ဆင်းသက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
မိခင်နဲ့ ကလေးငယ်တို့ နှစ်ဦး ဆေးဝါးကုသမှုတွေ ခံယူပြီးတဲ့နောက်မှာ ခရီးသည် ၂၅၀ ပါလာတဲ့ဒီလေယာဉ်ဟာ စက်တင်ဘာ ၆ ရက်နေ့၊ မနက် ၃ နာရီခွဲမှာ ဗီယက်နမ်ကို ပြန်လည်ထွက်ခွာခဲ့တယ်လို့ဆိုပါတယ်။
ဒီလိုဖြစ်စဉ်မျိုး ၂၀၁၆ ခုနှစ်က စင်ကာပူကနေ ရန်ကုန်ကို ပျံသန်းလာတဲ့ Jetstar Asia လေကြောင်းလိုင်းပေါ်မှာလည်း ဖြစ်ပွားခဲ့ပါသေးတယ်။
အဲဒီအချိန်တုန်းက မွေးဖွားခဲ့တဲ့ ကလေးရဲ့ နာမည်ကို လေကြောင်းလိုင်းနာမည် Jetstar ကို အစွဲပြုပြီး ခေါ်တွင်ခဲ့ပါသေးတယ်။
မြန်မာကနေ ၀င်လာတဲ့ မူးယစ်ဆေး မရှိအောင် ၃ နှစ်အတွင်း အမြစ်ဖြတ်မယ်လို့ အိန္ဒိယပြည်ထဲရေး၀န်ကြီးက ပြောလိုက်တယ်လို့ အိန္ဒိယကနေလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။
ဂိုအာမှာ မနေ့က သတင်းထောက်တွေနဲ့တွေ့ဆုံတဲ့သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယပြည်ထဲရေး၀န်ကြီး အမစ် ရှားက အခုလိုပြောလိုက်တာဖြစ်ပါတယ်။
''မူးယစ်ဆေးတွေ ထုတ်နေကြတာတင် မဟုတ်ဘူး။ ထုတ်တဲ့နှစ်နိုင်ငံစလုံး ကြားမှာ အိန္ဒိယက ရောက်နေတာ။ ဆေးတွေက မြန်မာဘက်ခြမ်းကနေလည်း အိန္ဒိယကို ၀င်လာတယ်။ အာဖဂန်နစ္စတန်ဘက်ကနေလည်း ၀င်လာနေတယ်။ မြန်မာနဲ့က နယ်စပ်ကလည်း လွတ်လွတ်လပ်လပ် ဖွင့်ထားတဲ့အခြေအနေဖြစ်နေတယ်။ အစိုးရကတော့ နယ်စပ်လုံအောင် လုပ်နေပါတယ်။ ဒါပေမဲ့ အခြေအနေတွေက ရှုပ်ထွေးနေတယ်'' လို့ ၀န်ကြီးက ပြောပါတယ်။
အိန္ဒိယနိုင်ငံရေး မူးယစ်နှိမ်နင်းရေးကို ၃ နှစ်စီမံကိန်းချပြီး တိုက်ဖျက်ဖို့ ပြင်နေတယ်လို့လည်း ပြောပါတယ်။
နောက်ပြီး အိန္ဒိယမှာ မူးယစ်ဆေးတွေကို စာတိုက် ပစ္စည်းပို့စနစ်နဲ့ ရောင်း၀ယ်နေတာတွေကို နှိမ်နင်းမယ့် အရေးကိုလည်း သတင်းထောက်တွေက ၀န်ကြီးကို မေးမြန်းခဲ့ပါတယ်။ အဲဒီအတွက်လည်း နှိမ်နင်းရေးအစီအစဉ် တစ်ခုထွက်လာအောင် လုပ်နေတယ်လို့ ၀န်ကြီးက ပြောပါတယ်။
၂၀၁၄ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အတွင်း အိန္ဒိယမှာ ဖမ်းမိတဲ့မူးယစ်ဆေးပမာဏဟာ အမေရိကန်ဒေါ်လာအနေနဲ့ဆိုရင် ၁၉ ဘီလျံကျော်အထိ ရှိနေတယ်လို့ ၀န်ကြီးရဲ့ပါတီ BJP က လူမှုကွန်ရက်မှာရေးပါတယ်။
ဥရောပမှာ နွေအပူ စံချိန်သစ်ချိုး ရောက်နေချိန်၊ နိုင်ငံရေးသမားတွေလည်း ပိတ်ရက် ပေါ့ပေါ့ပါးပါး စိတ်ရောက်နေချိန်မှာ ရုရှားကတော့ စစ်ပွဲအပေါ် သူ့အာရုံစိုက်မှု လျော့မသွားပါဘူး။
ရုရှားဟာ ပြီးခဲ့တဲ့လအတွင်း ယူကရိန်းနိုင်ငံတလွှားမှာ အရပ်သားအသေအပျောက်များစေတဲ့ သူ့ရဲ့စစ်ရေးတိုက်ခိုက်မှုတွေကို ပိုပြီးပြင်းပြင်းထန်ထန် လုပ်ခဲ့ရုံတင်မက ဥရောပတလွှားမှာလည်းသူ့ရဲ့အဖျက်အမှောင့်လှုပ်ရှားမှုတွေကိုလည်း အရှိန်မြှင့်တင်လိုက်ပုံရပါတယ်။
ဒီတစ်ကြိမ်မှာတော့ စစ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာနေရာတွေဟာ အဓိကပစ်မှတ်ဖြစ်လာခဲ့ပါတယ်။
ယူကရိန်းက စစ်ဘက်ဆိုင်ရာပစ္စည်းတွေသယ်ပို့ရာမှာအသုံးပြုနေတဲ့ လိုက်ဇစ်လေဆိပ်မှာ ပေါက်ကွဲပစ္စည်းတွေ တပ်ဆင်ထားတဲ့ဒရုန်းတွေကိုတွေ့ရှိခဲ့တာ တစ်လပြည့်မှာတော့ ဒီဒရုန်းတွေဟာ ''ရုရှားလက်ချက်'' လို့ ဂျာမနီပြည်ထဲရေးဝန်ကြီးက ကြေညာခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကတော့ သူ့ထုံးစံအတိုင်း သက်သေအထောက်အထား တောင်းဆိုနေပြီး ရုရှားတာဝန်ရှိသူတွေကတော့ အဲဒီစွပ်စွဲချက်ကို "အဓိပ္ပာယ်မရှိတဲ့စကားတွေ" လို့ ပြောနေပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။
နေပြည်တော်မှာ အိမ်စီးကားတစ်စီးကို ကားငှားခဲ့ပြီးနောက် အငှားယာဉ်မောင်းအမျိုးသားကို သတ်ပြီး အလောင်းစွန့်ပစ်ကာ ကားကို လုယက်ခဲ့သူ အမျိုးသားတစ်ဦးကို ဖမ်းမိတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရန်ကုန် - မန္တလေး အမြန်လမ်းဘေး ၂၇၉ မိုင် ၁ ဖာလုံခန့်မှာ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ညေပိုင်းမှာ နွားကျောင်းသူ တစ်ဦးက တွေ့ခဲ့ရာကနေ အခုစုံစမ်းမှုကို စတင်ခဲ့တာဖြစ်ပါတယ်။
ရုပ်အလောင်းမှာ ဦးခေါင်းခွံပေါက်ပြဲဒဏ်ရာတစ်ချက် နဲ့ ညာဘက်မျက်လုံးမှာ ဖူးရောင်ဒဏ်ရာတွေ နဲ့ သေဆုံးနေတာဖြစ်တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ ပရဟိတအသင်းတာဝန်ရှိသူက လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားပါတယ်။
သေဆုံးသူဟာ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်မှာ နေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် ဦးဝင်းကို ဆိုသူဖြစ်ပြီး ကားအငှား၀န်ဆောင်မှု ပေးတဲ့သူဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဘက်က သိရပါတယ်။
စက်တင်ဘာ ၆ ရက်၊ ညနေ ၄ နာရီခွဲလောက်မှာ သားဖြစ်သူရဲ့ဖုန်းကို မိဘတွေက ဆက်သွယ်ရာမှာ တခြားအမျိုးသားတစ်ယောက်က ဖုန်းကိုင်ခဲ့ပြီး နောက်ပိုင်းမှာ ဖုန်းစက်ပိတ်ခဲ့တာကြောင့် စိုးရိမ်စိတ်နဲ့ မိတ္ထီလာမြို့နယ် ရဲစခန်းကို အကူအညီတောင်းခံခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် အမြန်လမ်းနံဘေး သတ်ဖြတ်ခံရထားတဲ့ရုပ်အလောင်းကို မိဘတွေကို အတည်ပြုခိုင်းရာကနေ ဦး၀င်းကို ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။
ဦး၀င်းကိုကို သတ်ခဲ့တယ်လို့ စွပ်စွဲခံရသူ အမျိုးသားဟာ နေပြည်တော်ကနေ မိတ္ထီလာကို သွားဖို့ ကားငှားခဲ့သူဖြစ်တယ်လို့လည်း အခြေအနေသိရှိသူက ပြောပါတယ်။
ဦးဝင်းကို ရဲ့ ရုပ်အလောင်းကိုတော့ မိတ္ထီလာပြည်သူ့ဆေးရုံကြီး၊ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ပရဟိတအသင်းဆီကနေ သိရပါတယ်။
မင်္ဂလာပါ။ စက်တင်ဘာ ၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။