Amazon ကုန်တင်လေယာဉ် မိုင်ယာမီလေဆိပ်မှာ ပြေးလမ်းကျော်ထွက်လို့ လူ ၅ ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေဇုန်ကုမ္ပဏီရဲ့ကုန်ပို့ (Amazon Air) လေယာဉ်တစ်စင်းဟာ မိုင်ယာမီနိုင်ငံတကာလေဆိပ်ကို ဆင်းသက်ဖို့ ပြင်ချိန် ပြေးလမ်းချော်ခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး နောက်ထပ် ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။
Boeing 767-300 အမျိုးအစား ကုန်တင်လေယာဉ်ဟာ ပေါ်တိုရီကိုနိုင်ငံ၊ ဆန်ဟွမ်မြို့လေဆိပ်ကနေ ထွက်ခွာလာပြီးနောက် မိုင်ယာမီ လေဆိပ်ကို အဆင်းမှာ ပြေးလမ်းကျော်ခဲ့တာပါ။
Amazon ဘက်ကတော့ “ဖြစ်စဉ်အတိအကျကိုသိနိုင်ဖို့ ဒေသန္တရအာဏာပိုင်တွေ၊ တာဝန်ရှိသူတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် အမေရိကန်ပြည်ထောင်စုလေကြောင်းအာဏာပိုင်အဖွဲ့ (FAA) ကတော့ လေဆိပ်က လေယာဉ်ခရီးစဉ်အားလုံးကို ရပ်နားခိုင်းထားပါတယ်။
ဒီပျက်ကျမှုဟာ တစ်နှစ်အတွင်း ခရီးသွားလာမှု အများဆုံး အချိန်တွေထဲက တစ်ခုဖြစ်တဲ့ လေဘာဒေး အားလပ်ရက် ကာလအတွင်း ဖြစ်ပွားခဲ့တာပါ။
“အနည်းဆုံး လူ ၅ ဦး အသက်ဆုံးရှုံးခဲ့ပြီး နောက်ထပ် ၅ ဦး ဒဏ်ရာရရှိထားပါတယ်” လို့ မိုင်ယာမီဒိတ် ကောင်စီ မြို့တော်ဝန် ဒန်နီလာ လာဗင်း ကာတာက တနင်္ဂနွေနေ့ ညနေပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒဏ်ရာရသူ ၅ ဦးထဲက ၃ ဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့ မိုင်ယာမီ မီးသတ်ဌာန အကြီးအကဲ ရိ ဂျာဒယ်လာက ပြောပါတယ်။
ဒဏ်ရာရသူတချို့ဟာ မြေပြင်မှာရှိတဲ့ကားတွေထဲ ဒါမှမဟုတ် ကားအောက်မှာ ပိတ်မိခဲ့ကြသူတွေလို့လည်း မီးသတ်နဲ့ ကယ်ဆယ်ရေးအဖွဲ့ရာချီနဲ့ ကယ်ထုတ်ခဲ့ရတယ်လို့ ဂျာဒယ်လာက ပြောပါတယ်။
တာဝန်ရှိသူတွေကတော့ လေယာဉ်ပြေးလမ်းကျော်ရတဲ့အကြောင်းရင်းကို သိဖို့ စောလွန်းသေးတယ်လို့ ပြောပြီး အမျိုးသား ပို့ဆောင်ရေး ဘေးကင်းလုံခြုံရေးဆိုင်ရာ ဘုတ်အဖွဲ့က စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
မြောက်ကယ်လိုရိုင်းနားအခြေစိုက် စင်းလုံးငှားလေကြောင်းကုမ္ပဏီ 21 Air က ပြေးဆွဲတဲ့ Amazon လေယာဉ်ဟာ “မိုင်ယာမီ နိုင်ငံတကာလေဆိပ်ရဲ့ ထောင့်ဖြတ်ပြေးလမ်းကို ကျော်ထွက်သွားခဲ့ပြီး လေဆိပ်ရဲ့ အနောက်မြောက်ဘက်အစွန်မှာ ရပ်သွားတယ်” လို့ လေဆိပ်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
မိုင်ယာမီ ဒိတ် မီးသတ်တပ်ဖွဲ့ကတော့ ကယ်ဆယ်ရေးအဖွဲ့တွေ “ဒီပျက်ကျမှုကြောင့် မီးစွဲလောင်နေတဲ့ လေယာဉ်ကို တွေ့ခဲ့ရပြီး မီးတောက်ကြီးတွေနဲ့ မီးခိုးထွက်နေတာကို တွေ့ခဲ့ရတယ်” လို့ ပြောပါတယ်။
FlightRadar24 ရဲ့ လေကြောင်းခရီးစဉ် အချက်အလက်တွေအရ Amazon ကုန်တင်လေယာဉ်ဟာ “အသုံးပြုနိုင်တဲ့ ပြေးလမ်း” ကို ကျော်ထွက်တဲ့အချိန်မှာ ၁၁၂ knots (တစ်နာရီ ၁၂၉ မိုင်၊ ၂၀၇ ကီလိုမီတာ) နှုန်းနဲ့ သွားနေခဲ့ပါတယ်။
အဲဒီ ဝက်ဘ်ဆိုက်ရဲ့ရေးသားချက်အရ လေယာဉ်ဟာ Amazon ဂိုဒေါင်နဲ့ အခြား စီးပွားရေးလုပ်ငန်းတွေကို ဝန်ဆောင်မှုပေးတဲ့ကားရပ်နားကွင်းအနီးမှာ ရပ်တန့်သွားခဲ့တယ်လို့ဆိုပါတယ်။





