လူဦးရေ ဆယ်သန်း ကန့်သတ်ဖို့အဆို ဆွစ်ပြည်သူတွေပယ်ချ - အစောပိုင်းစစ်တမ်းတွေအရ သိရ

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, အီမိုဂျန် ဖောက်က်စ်
- ရေးသားပေးပို့သည့်နေရာ, ဘန်းမြို့၊ ဆွစ်ဇာလန်နိုင်ငံ
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၄
ဆွစ်ဇာလန်နိုင်ငံမှာ လူဦးရေကို ၁၀ သန်းအထိသာ ကန့်သတ်ထားဖို့ အဆိုပြုချက်တစ်ရပ်ကို ဆွစ်ပြည်သူတွေက ကန့်ကွက်မဲပေးခဲ့ကြကြောင်း ဆန္ဒခံယူပွဲရဲ့ အစောပိုင်း စစ်တမ်းတွေက ဖော်ပြနေပါတယ်။
မဲအားလုံးကို မရေတွက်ရသေးပေမဲ့ လောလောဆယ် ရေတွက်ပြီးသမျှထဲမှာ ကန့်ကွက်မဲက ၅၅ ရာခိုင်နှုန်းရှိပြီး ထောက်ခံမဲက ၄၅ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။
နိုင်ငံရွှေ့ပြောင်းဝင်လာမှုကို ဆန့်ကျင်တဲ့ စင်မြင့်ကနေ ကာလတာရှည်မဲဆွယ်စည်းရုံးလာခဲ့တဲ့ လက်ျာဝါဒီ ဆွစ်ပြည်သူ့ပါတီကနေ ဆွစ်ဇာလန်နိုင်ငံမှာ လူဦးရေကန့်သတ်ဖို့ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။
အမြင်ကွဲပြားမှု ဖြစ်စေတဲ့ ဒီအဆိုပြုချက်ကြောင့် ဥရောပသမဂ္ဂနဲ့ လွတ်လပ်စွာ ဝင်ထွက်သွားလာရေး သဘောတူချက်တစ်ခု ထားရှိဖို့ ဆွစ်အစိုးရရဲ့ ကြိုးပမ်းနေမှုအပေါ် ထိခိုက်လာနိုင်စရာ ရှိပါတယ်။
ဆွစ်ဇာလန်နိုင်ငံရဲ့ လူဦးရေဟာ ၂၀၀၂ ခုနှစ်မှာ ၇ သန်း ၃ သိန်းရှိရာကစလို့ တဟုန်တိုး မြင့်တက်လာခဲ့ပြီး အခုအခါ ၉ သန်း ၁ သိန်း ရှိနေပါပြီ။ အဲဒီထဲက ၂၇ ရာခိုင်နှုန်းဟာ ဆွစ်နိုင်ငံသားတွေ မဟုတ်ကြပါဘူး။
ဒါပေမဲ့လည်း လူဦးရေ ကန့်သတ်ထားခြင်းအားဖြင့် သယ်ယူပို့ဆောင်ရေး၊ အိမ်ရာနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအပေါ် ဖိအားတွေ လျော့ကျသွားစေမယ် ဆိုတဲ့ ဆွစ်ပြည်သူ့ပါတီရဲ့ စောဒကတက် အဆိုပြုချက်က မဲဆန္ဒရှင်ပြည်သူတွေကို မသိမ်းသွင်းနိုင်ခဲ့ပါဘူး။
လူဦးရေ ကန့်သတ်တာဟာ ဆွစ်ဇာလန်နိုင်ငံရဲ့ လူထုဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေကို အကာအကွယ်ပေးဖို့ ဒီဇိုင်းဆွဲထားတာ ဖြစ်တယ်လို့ ဆွစ်ပြည်သူ့ပါတီက အခိုင်အမာ ပြောနေပေမဲ့ ဆွစ်ပြည်သူ့ပါတီဟာ ဟိုးကတည်းကိုက နိုင်ငံရွှေ့ပြောင်းဝင်လာသူတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ အခြေခံရပ်တည်ချက်တစ်ခုပေါ်ကနေ မဲဆွယ်စည်းရုံးလာခဲ့တာဖြစ်ပြီး လူမှုပြဿနာတွေဟာ ခိုလှုံခွင့်တောင်းသူတွေ၊ လူနည်းစု လူမျိုးခြားတွေကြောင့် ဖြစ်တာ ဆိုပြီး မကြာခဏ ပြစ်တင်ပြောဆိုလေ့ရှိပါတယ်။
မဲဆန္ဒရှင်ပြည်သူတချို့ကတော့ ခရီးသွားလုပ်ငန်း၊ ဆေးရုံတွေနဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတွေမှာ အကြီးအကျယ်လိုအပ်နေတဲ့ အလုပ်သမားတွေ ဆုံးရှုံးသွားမှာကို စိုးရိမ်နေပုံ ရပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တချို့ကတော့ အထူးသဖြင့် ဆွစ်စီးပွားရေးခေါင်းဆောင်တွေက ဆွစ်ဇာလန်နိုင်ငံအတွက် အရေးပါတဲ့ ဥရောပရဲ့ တစ်ခုတည်းသော စျေးကွက်ထဲ ဝင်ခွင့်မရမှာကို အကြီးအကျယ် စိုးရိမ်နေကြပါတယ်။
ဆွစ်ဇာလန်နိုင်ငံရဲ့ ထုတ်ကုန်အားလုံးရဲ့ တဝက်ကျော်ဟာ အီးယူ ဥရောပသမဂ္ဂနိုင်ငံတွေဆီ တင်ပို့ ရောင်းချနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဥရောပ စျေးကွက်တွေထဲ ဝင်ခွင့်ရရေးဟာ ဆွစ်အစိုးရက ဥရောပနိုင်ငံကလူတွေကို လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်ပြုရေး အပေါ် မူတည်နေပါတယ်။ တကယ်လို့ လူဦးရေ ကန့်သတ်ဖို့အဆိုကိုသာ အတည်ပြုခဲ့မယ်ဆိုရင် ဆွစ်ဇာလန်အစိုးရအနေနဲ့ ဒီသဘောတူချက်ကို အဆုံးသတ်ရဖို့ ရှိနေပါတယ်။
ဒါ့အပြင် လူဦးရေ ကန့်သတ်လိုက်ခြင်းအားဖြင့် မတည်မငြိမ် ဖြစ်နေတဲ့ ကမ္ဘာ့နိုင်ငံတွေအကြားမှာ ဆွစ်ဇာလန်နိုင်ငံ အထီးကျန် ဖြစ်သွားမှာကိုလည်း ဆွစ်ပြည်သူ မဲဆန္ဒရှင်တချို့က စိုးရိမ်ကြောက်ရွံ့နေကြပါတယ်။
ဥရောပက အိမ်နီးချင်းနိုင်ငံတွေလိုပဲ ဆွစ်ဇာလန်နိုင်ငံဟာ ကြားနေပေမဲ့ ကာကွယ်ရေးအတွက် အသုံးစရိတ်တွေ ပိုသုံးလာနေပြီး လုံခြုံရေးပိုင်းမှာ ဥရောပနဲ့ ပိုနီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို စူးစမ်းရှာဖွေလာနေပါတယ်။
ဆွစ်ဇာလန်နိုင်ငံကျင့်သုံးနေတဲ့ တိုက်ရိုက် ဒီမိုကရေစီ စနစ်အရ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို မဲပေးဆုံးဖြတ်တဲ့ နည်းနဲ့ပဲ ဆုံးဖြတ်လေ့ရှိပါတယ်။ မဲဆွယ်သူတွေအနေနဲ့ နိုင်ငံတဝန်း မဲပေးမှုတွေ လုပ်ဖို့ လက်မှတ် တစ်သိန်း ကောက်ခံ စုဆောင်းဖို့ပဲ လိုပါတယ်။

ဆွစ်ဇာလန် လူဦးရေ ကန့်သတ်ရေးအပေါ် အမြင်မတူကြတဲ့ နိုင်ငံရေးသမား လူငယ်နှစ်ဦးက မဲမပေးခင် ဘီဘီစီနဲ့ စကားပြောခဲ့ပါတယ်။
ဘန်းမြို့ ပါလီမန်ကို ကိုယ်စားပြုတဲ့ အသက် ၂၉ နှစ်အရွယ် ဆွစ်ပြည်သူ့ပါတီ ကိုယ်စားလှယ် နီးစ် ဖိခ်တာ က "ကျွန်တော်တို့ ထိန်းချုပ်လို့ မရတော့ဘူး"လို့ပြောပါတယ်။
"အစစ်အဆေးမရှိ နိုင်ငံထဲ ရွှေ့ပြောင်းဝင်လာမှုတွေကြောင့် ဆွစ်ဇာလန်ဟာ ဆွစ်ဇာလန်နဲ့ မတူတော့ပါဘူး" လို့ သူကပြောပါတယ်။
၂၀၂၂ ခုနှစ်မှာ ရိုမာနဲ့ ပျံကျ လှည့်လည်သွားလာနေထိုင်လေ့ရှိတဲ့ လူမျိုးစုအသိုင်းအဝိုင်းတွေကို ပစ်မှတ်ထားပြီး ဖြန့်ဝေခဲ့တဲ့ ပိုစတာတစ်ခုနဲ့ ဆက်နွှယ်ပြီး ဖိခ်တာနဲ့ ဆွစ်ပြည်သူ့ပါတီရဲ့ လူငယ်အဖွဲ့ခွဲ ပူးတွဲဥက္ကဋ္ဌတို့ ကို လူမျိုးရေးခွဲခြားမှု စွဲချက်နဲ့ ပြစ်မှုထင်ရှားကြောင်း ဆွစ်ဖယ်ဒရယ်တရားရုံးက စီရင်ချက်ချခဲ့ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ရင်ဆိုင်နေရတဲ့ အိမ်ရာ နည်းပါးလာမှု၊ ယာဉ်အသွားအလာ ပိတ်ဆို့မှု၊ စာသင်ကျောင်းတွေမှာ မနိုင်ဝန်ထမ်းနေရမှု၊ လူမှုဖူလုံရေးဝန်ဆောင်မှုလုပ်ငန်းတွေ ကျပ်တည်းလာနေမှုတွေ အပါအဝင် ပြဿနာ ပေါင်းစုံဟာ နိုင်ငံရွှေ့ပြောင်းဝင်လာမှုရဲ့ တိုက်ရိုက် ရလဒ်ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ဘန်း မြို့တော်ကောင်စီရဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ရွေးကောက်ခံကိုယ်စားလှယ်အမတ် အသက် ၃၁ နှစ်အရွယ် ဟီလင် ဂျီနီ ကတော့ ဒီပြောဆိုမှုတွေဟာ တလွဲအပြစ်ပုံချနေတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။
"အိမ်ငှားခတွေ တက်လာအောင်လုပ်တာ နိုင်ငံရွှေ့ပြောင်းဝင်လာသူတွေ မဟုတ်ပါဘူး။ ကျန်းမာရေး အာမခံကြေးတွေ တင်တာက နိုင်ငံရွှေ့ပြောင်းဝင်လာသူတွေ မဟုတ်ပါဘူး။ အိမ်ရာ၊ အခြေခံအဆောက်အအုံ ဒါမှမဟုတ် လူမှုရေး ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးအရ အဆုံးအဖြတ်ပေးတဲ့သူတွေကလည်း နိုင်ငံရွှေ့ပြောင်းဝင်လာသူတွေ မဟုတ်ပါဘူး" လို့ သူက ဘီဘီစီကို ပြောပါတယ်။
"နိုင်ငံထဲ ရွှေ့ပြောင်းဝင်လာသူတွေ ဆိုတဲ့ မှန်ဘီလူးနဲ့ ဒီပြဿနာတွေကို ဆန်းစစ်မယ်ဆိုရင်တော့ ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှာတွေ့မှာမဟုတ်ဘဲ။ သဘောထား ကွဲလွဲမှုတွေသာ ဖြစ်လာပါလိမ့်မယ်"လို့ သူက ဖြည့်စွက်ပြောသွားပါတယ်။
လူဦးရေ ကန့်သတ်ဖို့ လုပ်လာတဲ့အတွက် ဆွစ်ဇာလန်နိုင်ငံရဲ့ စီးပွားရေးအဖွဲ့ကြီးဖြစ်တဲ့ Economiesuisse အဖွဲ့ကြီးက အကြီးအကျယ် ထိတ်လန့်စိုးရိမ်မှုတွေ ဖြစ်သွားခဲ့ရပါတယ်။
တကယ်လို့များ ဒီအဆိုပြုချက် အတည်ပြုခဲ့မယ်ဆိုရင် ဆွစ်ဇာလန်နိုင်ငံဟာ ဥရောပသမဂ္ဂနဲ့ ဆက်ဆံရေးမှာ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့လာရနိုင်ပါတယ်လို့ အဲဒီအဖွဲ့ရဲ့ အကြီးအကဲ စီးပွားရေးပညာရှင် ရူဒေါ့ဖ် မင့်ချ် က ပြောပါတယ်။
ဥရောပသမဂ္ဂဝင် မဟုတ်တဲ့ နိုင်ငံတွေအနေနဲ့ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်လို လိုက်နာဆောင်ရွက်ရမယ့် ကိစ္စမျိုးတွေ မလုပ်ဘဲနဲ့ ဥရောပသမဂ္ဂရဲ့ တစ်ခုတည်းသော စျေးကွက်ရဲ့ အားသာမှုတွေကို ရယူခွင့် ရှိမှာမဟုတ်ဘူးလို့ ဥရောပသမဂ္ဂက ဟိုးကတည်းက သတိပေးထားပြီး ဖြစ်ပါတယ်။
"ဥရောပသမဂ္ဂဟာ ခုချိန်ထိ ဆွစ်ဇာလန်အတွက် အရေးပါဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်နေဆဲပါ။ကျွန်တော်တို့ရဲ့ အဓိက ကုန်သွယ်ရေး မိတ်ဖက်နဲ့ တည်ငြိမ်ပြီး ရှင်းလင်းပြတ်သားတဲ့ ဆက်ဆံရေး ထားရှိဖို့ လိုလားပါတယ်"လို့ မင့်ချစ် ကပြောပါတယ်။
ဆွစ်အလုပ်ရှင်တွေကလည်း အလုပ်သမား ပြတ်လပ်သွားမှာ၊ ဥရောပဒေသတဝန်းက ကျွမ်းကျင်လုပ်သားတွေ ခေါ်ယူခွင့် ဆုံးရှုံးသွားမှာတွေကို စိုးရိမ်နေကြပါတယ်။
ဆွစ်ဇာလန်နိုင်ငံက ဟိုတယ်တွေမှာ အလုပ်လုပ်နေကြသူတွေရဲ့ တဝက်လောက်ဟာ နိုင်ငံရွှေ့ပြောင်း ဝင်လာသူတွေ ဖြစ်ပါတယ်။ ဆေးရုံတွေနဲ့ သက်ကြီးရွယ်အို စောင့်ရှောက်တဲ့ ဂေဟာတွေမှာလည်း နိုင်ငံခြားသား အလုပ်သမားတွေကို အားထားနေရပါတယ်။
ဆွစ်ပြည်သူ့ပါတီက ဆွစ်ဇာလန်နိုင်ငံထဲ ရွှေ့ပြောင်း ဝင်လာသူတွေကြောင့် ဆေးရုံတွေမှာ လူနာတွေပိုများလာတယ်၊ စာသင်ကျောင်းတွေမှာ နေရာတွေ ပိုလိုလာတယ်လို့ ပြောနေပြီး နိုင်ငံရွှေ့ပြောင်း ဝင်လာသူတွေကို ကန့်သတ်ခြင်းအားဖြင့် ဒီဖိအားတွေကို လျှော့ချနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အတိုက်အခံတွေကတော့ ဒါဟာ လက်တွေ့မကျကြောင်းနဲ့ အခုအခါ ဆွစ်လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းဟာ အသက် ၆၅ နှစ်ကျော် အရွယ်တွေ ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။
အသက်အရွယ်ကြီးရင့်လာတဲ့ လူဦးရေအတွက် ဝန်ထမ်းတွေခန့်ဖို့နဲ့ ငွေကြေးရနိုင်ဖို့ အတွက် လူငယ်အလုပ်သမားတွေနဲ့ လူငယ် အခွန်ဆောင်သူတွေကို လိုအပ်နေပြီး ဆွစ်ဇာလန်နိုင်ငံဟာ သူတို့ဟာသူတို့ လူငယ်အလုပ်သမားတွေ မဖန်တီးနိုင်ဘူး လို့ အတိုက်အခံတွေက သတိပေးခဲ့ပါတယ်။
ဆွစ်ဇာလန်ဟာ ဥရောပမှာရှိတဲ့ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေလိုပဲ ကာကွယ်ရေး အသုံးစရိတ် ပိုသုံးလာနေပြီး ကြားနေနိုင်ငံအဖြစ် ခံယူထားပေမဲ့ အိမ်နီးချင်း ဥရောပနိုင်ငံတွေနဲ့ ပိုနီးကပ်တဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးတွေ ထားရှိဖို့ စီစဉ်နေပါတယ်။
ဆိုရှယ်ဒီမိုကရက်တစ်ပါတီရဲ့ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဂျွန် ပူလ်တ် က လူဦးရေ ကန့်သတ်တာနဲ့ ပတ်သက်လို့ သူအကြောက်ဆုံးကတော့ မတည်မငြိမ်ဖြစ်နေတဲ့ အန္တရာယ်များလှတဲ့ ကမ္ဘာကြီးမှာ ဆွစ်ဇာလန်နိုင်ငံ အထီးကျန် ရပ်တည်ရမှာကို ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။








