အမေရိကန်မှာ မဲလိမ်မှုကြီးနေတယ်ဆိုတဲ့ထရမ့်အပြော တကယ်မှန်လား

    • ရေးသားသူ, ဂျိတ်ဟော်တန်
    • ရာထူးတာဝန်, BBC Verify
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်မှာ မဲ မသမာမှုရှိတယ်ဆိုတဲ့အကြောင်း ပြစ်ဒဏ်ချမှတ်နိုင်တဲ့အထိ သတင်းပေးနိုင်သူကို ဒေါ်လာ ၁ သန်းဆုချီးမြှင့်မယ်လို့တောင် ဆိုလာပါတယ်။

နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်မှာပဲ ထရမ့်ဟာ မဲတွေနဲ့ ပတ်သက်တဲ့လုံခြုံရေးအပေါ် သံသယ၀င်နေသလို စာတိုက်ကနေ မဲပေးတာနဲ့ နိုင်ငံသားမဟုတ်သူတွေ မဲပေးမှုတွေမှာ မဲမသမာမှုတွေ အများကြီးဖြစ်နေတယ်လို့ စွပ်စွဲပြောဆိုပါတယ်။

ဒါပေမဲ့ လေ့လာချက်တွေမှာတော့ ဒီလိုဖြစ်နိုင်ခြေဟာ တကယ့်ကို ဖြစ်တောင့်ဖြစ်ခဲဆိုတာကို ပြသပါတယ်။

ဒါကြောင့် ဒီအထောက်အထားတွေနဲ့ ထရမ့်ပြောထားတဲ့ မဲပေးစနစ်အပြောင်းအလဲ အဆိုပြုချက်တွေကို BBC Verify က စေ့ငုကြည့်ထားပါတယ်။

စာတိုက်ကနေ မဲပေးစနစ်ကို ပြောင်းလဲဖို့ ထရမ့် ဘယ်လိုကြိုးစားခဲ့လဲ

စာတိုက်နေတဆင့် မဲပေးတာဟာ မဲလိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေစေတယ်လို့ ထရမ့်က သက်သေမခိုင်လုံဘဲ ပြောနေတာ နှစ်နဲ့ချီကြာနေပါပြီ။

အခု ကြားဖြတ်ရွေးကောက်ပွဲမှာတော့ စာတိုက်ကနေပဲ မဲပေးဖို့ သူက သူ့ရဲ့ ရီပတ်ဘလီကန်ပါတီ၀င်တွေကို အားပေးပါတယ်။ သူကိုယ်တိုင်လည်း ဟိုးတုန််းက စာတိုက်ကနေပဲ မဲထည့်ခဲ့တာလို့ပြောပါတယ်။

မသန်စွမ်းသူ၊ ကျန်းမာရေးမကောင်းသူ၊ စစ်မှုထမ်းနဲ့ ခရီးသွားလွန်နေသူတွေကိုပဲ စာတိုက်က မဲပေးခွင့်ပြုမယ့်ဥပဒေတစ်ရပ်ကို အတည်ပြုနိုင်အောင် ကွန်ဂရက်လွှတ်တော်ကို သမ္မတက တွန်းတွန်းတိုက်တိုက်လုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

အမေရိကန်ပြည်နယ်အများစုမှာ အကြောင်းပြချက်ပေးစရာမလိုဘဲ စာတိုက်ကနေ မဲပေးခွင့်ပြုထားပါတယ်။ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် လူပေါင်း ၄၈ သန်းခန့်ဟာ စာတိုက်နေ မဲပေးခဲ့ကြပါတယ်။

ထရမ့်ဟာ အစိုးရအေဂျင်စီတွေက ပြုစုထားတဲ့နိုင်ငံသားစာရင်းမှာပါတဲ့သူတွေဆီကိုပဲ စာတိုက်ကနေ မဲစာရွက်ပို့ဖို့ အမေရိကန်စာတိုက်လုပ်ငန်းကို ညွှန်ကြားထားတဲ့အမိန့်ကို ပြီးခဲ့တဲ့နှစ်က ထုတ်ခဲ့ပြီးဖြစ်ပါတယ်။

နောက်ပြီး စာတိုက်ကနေ မဲပေးရာမှာ ပုံစံတူစာအိတ်ကိုပဲ သုံးစွဲဖို့ အမေရိကန်က ပြည်နယ်တွေကို ညွှန်ကြားချက်လည်း အဲဒီအမိန့်ထဲ ပါ၀င်ပါတယ်။

ဒါပေမဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ အလွန်နီးကပ်လာတာကြောင့် ဒီလိုအပြောင်းအလဲလုပ်တာဟာ "ဆင်ခြင်သုံးသပ်ပြီးမှသာ ဖြစ်သင့်တယ်" လို့ဆိုပြီး အမေရိကန်ပြည်ထောင်စုအမြင့်ဆုံးတရားရုံးက အဲဒီအမိန့်ကို ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းကျရင်တော့ ဒီကိစ္စကို ပြန်လည်သုံးသပ်မယ်လို့ တရားရုံးချုပ်က ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်တွေဟာ စာတိုက်ကနေ မဲပေးတာတွေကို အတည်ပြုဖို့ သူတို့နည်း သူတို့ဟန် စည်းကမ်းအမျိုးမျိုး ရှိပြီးဖြစ်ပါတယ်။ ပြည်နယ်တိုင်းမှာ မဲပေးခွင့် ရှိ မရှိ စစ်ဆေးဖို့ မဲပေးအချက်အလက်တွေကို သူတို့မှာရှိတဲ့အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပါတယ်။ ပြီးတော့ လက်မှတ်ရေးထိုးတဲ့ပုံစံနဲ့ တိုက်ဆိုင်စစ်ဆေးကြတာလည်း ရှိပါတယ်။

စာတိုက်ကနေ မဲပေးမှုမှာ မသမာဘူး ဆိုတဲ့သက်သေတွေရှိပြီလား

အမေရိကန်ရွေးကောက်ပွဲတွေကို လေ့လာချက်တွေအရ စာတိုက်ကနေတဆင့် ပို့တဲ့မဲတွေမှာ မဲ မသမာမှု ဖြစ်ရပ်ဟာ ဖြစ်တောင့်ဖြစ်ခဲ ရှားပါး ဖြစ်ရပ်ဆိုတာကို ပြသနေပါတယ်။

Brookings Institution မူဝါဒသုတေသနအဖွဲ့ရဲ့လေ့လာချက်အရ ၂၀၁၆၊ ၂၀၁၈၊ ၂၀၂၀ နဲ့ ၂၀၂၂ ရွေးကောက်ပွဲတွေကို လေ့လာခဲ့ပြီး စာတိုက်ကနေတဆင့် မဲပေးမှု ၁၀ သန်းမှာ ပျမ်းမျှအားဖြင့် မသမာမှု ၄ ခုခန့်ကို တွေ့ရှိခဲ့ပါတယ်။ မဲ မသမာမှု ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ခံရတဲ့အမှုတွေကိုလည်း အဲဒီအချက်အလက်ထဲ မှတ်တမ်းတင်ထားပါတယ်။

အဲဒီအစီရင်ခံစာဟာ ထရမ့်နဲ့ မဟာမိတ်ဖွဲ့ခဲ့ဖူးတဲ့တတ်သိပညာရှင်အဖွဲ့ Heritage Foundation ကနေ သိုမှီး သိမ်းဆည်းထားတဲ့အချက်အလက်တွေကို အခြေခံ လေ့လာထားတာဖြစ်ပါတယ်။

ဒေတာဘေ့စ်ကို အသုံးပြုထားပြီး ရွေးကောက်ပွဲ မဲမသမာမှုဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားပါတယ်။

အဲဒီဒေတာဘေ့စ်ကို အခြေခံပြီး လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း အချက်အလက်တွေကို ဘီဘီစီက ပြန်လည်ကြည့်ရှုတဲ့အခါ စာတိုက်ကနေ မဲပေးတာကို မသမာတဲ့နည်းနဲ့သုံးလို့ ပြစ်မှုထင်ရှားသူ ၃၂၅ ဦး ရှိတာကို တွေ့ခဲ့ရပါတယ်။

အမေရိကန်စာရင်းအင်းအသင်းက ၂၀၂၀ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ခုမှာဆိုရင် ပြည်နယ် ၈ ခုက မဲထည့်ခွင့်ရှိတဲ့သူတွေကို စာတိုက်ကနေတဆင့် မဲစာရွက်တွေ ပို့ခဲ့ပြီး မဲလိမ်မှု ရှိ မရှိကို စောင့်ကြည့်ခဲ့ရာမှာ ပြည်နယ် ၈ ခုလုံးစာ ခြုံငုံလေ့လာကြည့်ရင် မဲမသမာမှု ဖြစ်နိုင်တဲ့အန္တရာယ်မမြင့်ဘူးဆိုတာကို တွေ့ခဲ့ပါတယ်။

ဥပမာအနေနဲ့ အော်ရီဂွန်ပြည်နယ်မှာ ၂၀၀၀ ပြည့်နဲ့ ၂၀၂၀ ကြား မဲလိမ်မှုဖြစ်ရပ် ၄၀ ကို မှတ်တမ်းတင်ခဲ့ပြီး အဲဒီကာလအတွင်းမှာ စာတိုက်ကနေ ပေးပို့ခဲ့တဲ့ မဲစာရွက် သန်း ၁၀၀ ကျော်အထိ ရှိခဲ့တာကို အဲဒီလေ့လာချက်က တွေ့ရှိပါတယ်။

ထရမ့်က မဲဆန္ဒရှင်တွေရဲ့မှတ်ပုံတင်စည်းကမ်းတွေကို ပြောင်းလဲဖို့ ဘယ်လို ကြိုးပမ်းခဲ့လဲ

နိုင်ငံသားမဟုတ်သူတွေ မဲပေးနေတာတွေလည်း ကျယ်ကျယ်ပြန့်ပြန်ဖြစ်နေတယ်လို့ ထရမ့်က ပြောပါတယ်။ ဒီမိုကရက်တွေဟာ ရွှေ့ပြောင်းနေထိုင်သူ သန်းပေါင်းများစွာကို အမေရိကန်မှာ "မဲပေး၊ မဲပေး၊ မဲပေးလို့ရအောင်" ခွင့်ပြုနေခဲ့တယ်လို့ ၂၀၂၄ ရွေးကောက်ပွဲ မတိုင်ခင်က ထရမ့်က ပြောခဲ့ပါတယ်။

အမေရိကန်ဖက်ဒရယ်ရွေးကောက်ပွဲမှာ နိုင်ငံသားမဟုတ်သူတွေ မဲပေးတာ တရားမဝင်ပါဘူး။ ပြစ်မှုထင်ရှားတယ်လို့တွေ့ရင် ထောင်ဒဏ်၊ ငွေဒဏ်နဲ့ နိုင်ငံကနေ နှင်ထုတ်တာမျိုးပါ ကြုံရနိုင်ပါတယ်။

သမ္မတက ကွန်ဂရက်လွှတ်တော်ကို အတည်ပြုရန် တွန်းအားပေးခဲ့တဲ့ မဲပေးခွင့်ဥပဒေမှာ မဲဆန္ဒရှင်တွေဟာ အစိုးရက ထုတ်ပေးထားပြီး ဓာတ်ပုံပါတဲ့မှတ်ပုံတင်အထောက်အထားကို မဲမထည့်ခင်မှာ ပြသရမှာဖြစ်ပါတယ်။

နောက်ပြီး မဲပေးဖို့ မှတ်ပုံတင်တဲ့အခါ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားနဲ့ နိုင်ငံသားဖြစ်ဖို့ အတည်ပြုနေဆဲတယ်ဆိုရင် အဲဒီအထောက်အထားကို ပြသဖို့ လိုအပ်မှာဖြစ်ပါတယ်။

မဲဆန္ဒရှင်ကို မှတ်ပုံတင်လိုအပ်ချက်တွေ ပိုမိုတင်းကျပ်လာတာဟာ ရွေးကောက်ပွဲမှာ မဲလာထည့်သူအရေအတွက်ကို ထိခိုက်စေနိုင်တယ်လို့ အကဲခတ်ထောက်ပြပါတယ်။ ဘာကြောင့်လဲဆိုရင် လူတိုင်းမှာ နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် အစိုးရက ထုတ်ပေးတဲ့ဓာတ်ပုံပါ မှတ်ပုံတင်မရှိနိုင်တာကြောင့်လို့ဆိုပါတယ်။

"ကျွန်တော်တို့မှာ တခြားနိုင်ငံတွေနဲ့မတူဘဲ အစိုးရက ထုတ်ပေးတဲ့မှတ်ပုံတင်ကတ် မရှိပါဘူး။ ယာဉ်မောင်းလိုင်စင်က အသုံးအများဆုံးဖြစ်ပေမဲ့ ကိုယ့်ရဲ့လူဝင်မှုကြီးကြပ်ရေးအခြေအနေကို မဖော်ပြနိုင်လို့ အမေရိကန်အများစု လက်ရှိကိုင်ထားတဲ့ဘယ်သူဘယ်၀ါဖြစ်ကြောင်းအထောက်အထားတွေက မဲထည့်ဖို့ လုံလောက်တဲ့အထောက်အထား မဖြစ်တော့ဘူး'' လို့ Campaign Legal Center က မဲပေးခွင့်ကျွမ်းကျင်သူ ဂျွန်နသန် ဒီးယာ့ဇ်က ပြောပါတယ်။

လစ်ဘရယ်ယိမ်းတဲ့တတ်သိပညာရှင်အဖွဲ့ Brennan Center for Justice က ၂၀၂၃ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ မဲပေးခွင့်ရှိတဲ့ အမေရိကန်နိုင်ငံသား ၂၁.၃ သန်းခန့်ဟာ နိုင်ငံသားဖြစ်ကြောင်း သက်သေပြတဲ့စာရွက်စာတမ်းတွေ လက်ထဲအသင့်မရှိဘူးဆိုတာကို ပြသပါတယ်။

ဒါပေမဲ့ ဒါတွေဟာ လက်ရှိမဲဆန္ဒရှင်မှတ်ပုံတင်ဥပဒေတွေအပေါ် သိသာထင်ရှားတဲ့သက်ရောက်မှုမရှိဘူးလို့ ဆွေးနွေးကြသူတွေလည်း ရှိပါတယ်။

"ပညာရှင်တွေဟာ မဲဆန္ဒရှင်မှတ်ပုံတင်ဥပဒေတွေရဲ့ အကျိုးသက်ရောက်မှုကို ပြောတဲ့အခါ ရှေးရိုးစွဲတွေဘက်က ပြောတဲ့ မဲမသမာမှုကိစ္စကို ပြောရင်ပြော မဟုတ်ရင် တိုးတက်ရေးအဖွဲ့တွေဘက်က ပြောတဲ့ မဲဆန္ဒရှင်တွေအပေါ် ဖိနှိပ်မှုဆိုတဲ့ခေါင်းစဉ်အောက်ကနေ ပြောနေကြတာ။ ဒါပေမဲ့ ဒီလိုအခြေအနေတွေ ဖြစ်ခဲ့ပါတယ်ဆိုတာမျိုး တစ်ဖက်ကမှ သက်သေမပြနိုင်ကြဘူး'' လို့ ရှေးရိုးစွဲ Cato Institute မှ ရွေးကောက်ပွဲကျွမ်းကျင်သူ ၀ေါ်တာ အိုလ်ဆွန်က ပြောပါတယ်။

ရီပတ်ဘလီကန်ပါတီကို ထောက်ခံသူများတဲ့ပြည်နယ်အချို့မှာတော့ မှတ်ပုံတင် ပြရမှာမျိုးလို မဲထည့်သူရဲ့အချက်အလက် စိစစ်မှုအပိုင်းကို ပြီးခဲ့တဲ့နှစ်တွေအတွင်း တင်းကျပ်တာတွေ လုပ်ခဲ့ပါတယ်။ Brennan Center for Justice က လေ့လာမှုတစ်ခုအရ ၂၀၂၄ ရွေးကောက်ပွဲကစပြီး မှတ်ပုံတင်ပြရမှာမျိုးလို စည်းကမ်းပါတဲ့မဲပေးခွင့်ဥပဒေ ၂၁ ခုကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါတယ်။

နိုင်ငံသားမဟုတ်သူတွေ မဲပေးတယ်ဆိုတာနဲ့ပတ်သက်ပြီး ဘယ်လိုအထောက်အထားတွေ တွေ့ထားလဲ

ပြီးခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲတွေမှာ နိုင်ငံသားမဟုတ်သူတွေ မဲပေးခဲ့တယ်လို့ဆိုတာနဲ့ပတ်သက်ပြီး သက်သေပြနိုင်တာ အလွန်နည်းပါးတဲ့အကြောင်း လေ့လာမှုတွေက ပြသပါတယ်။

၂၀၀၅ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံသားမဟုတ်ဘဲ မဲပေးခဲ့ကြောင်း ပြစ်မှုထင်ရှားလို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူ ၂၄ ဦးရှိတာကို Heritage Foundation ရဲ့ ဒေတာဘေ့စ်မှာ တွေ့ရပါတယ်။

ရိုက်တာသတင်းဌာနက ၂၀၂၆ ခုနှစ်မှာ စိစစ်ခဲ့တဲ့သတင်းဖော်ပြချက်အရ ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း ဖက်ဒရယ်တရားရုံးတွေကိုရောက်လာတဲ့ နိုင်ငံသားမဟုတ်ဘဲ မဲပေးသူ လူ ၁၂၉ ဦး ကို ရာဇ၀တ်ကြောင်းအရ တရားစွဲဆိုခဲ့ရာမှာ အဲဒီထဲက ပြစ်မှု ထင်ရှားသူ ၇၃ ဦးပဲရှိခဲ့ပါတယ်။

"နိုင်ငံသားမဟုတ်သူတွေ မဲပေးခွင့်မရှိတာက တရားမဝင်ဘူးဆိုကတည်းက ရှင်းနေပါပြီ။ ဘာလို့ဆို ကိုယ့်ရဲ့လူ၀င်မှုကြီးကြပ်ရေး အခြေအနေကြောင့် မဲသွားထည့်ရင် အန္တရာယ်များတယ်ဆိုတာကို အားလုံးက ချိန်ဆထားပြီးလို့လေ။" လို့ Brookings Institution က အကြီးတန်းသုတေသီ ဒါရယ် ၀က်စ် က ပြောပါတယ်။

"လူအများကြီး ဒီလိုလုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထား ဘယ်တုန်းကမှ မရှိခဲ့ပါဘူး၊ ရွေးကောက်ပွဲကို လွှမ်းမိုးဖို့ လုံလောက်တဲ့ အထောက်အထားတော့ မရှိပါဘူး။"

နိုင်ငံသားမဟုတ်ဘဲ မဲပေးဖို့ မှတ်ပုံတင်ကြတဲ့ကိစ္စကရော ဘယ်လိုရှိလဲ

ထရမ့်ဟာ နိုင်ငံသားမဟုတ်ဘူးလို့ သံသယရှိတဲ့ မဲဆန္ဒရှင်တွေကို ဖော်ထုတ်ဖို့နဲ့ မဲစာရင်းကနေ ဖယ်ရှားဖို့ ဖက်ဒရယ်ဒေတာဘေ့စ် မှတ်ပုံတင်စနစ် (Save) ကို အသုံးပြုဖို့လည်း ပြည်နယ်တွေကို တိုက်တွန်းပါတယ်။

အဲဒီ စနစ်ဟာ ဖက်ဒရယ်အစိုးရနဲ့အဆက်အဆံရှိခဲ့ဖူးပြီး နိုင်ငံသားဖြစ်ခွင့်ရသူတွေနဲ့ နိုင်ငံသားမဟုတ်သူများအကြောင်း အချက်အလက်တွေကို သိနိုင်ပါတယ်။

အစိုးရအေဂျင်စီတွေဟာ အမေရိကန်ပြည်တွင်းထဲရှိနေတဲ့လူတွေကို အစိုးရပေးတဲ့ဖူလုံရေးတွေမှာ ခံစားခွင့်ရှိသူ ဟုတ် မဟုတ်ဆိုတာကို အတည်ပြုဖို့ အဲဒီစနစ်ကို ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ စတင်သုံးခဲ့တာဖြစ်ပါတယ်။

အကဲခတ်တွေကတော့ ဒီစနစ်ကိုအခြေခံပြီး မဲဆန္ဒရှင်တွေကို မဲစာရင်းကနေ ဖယ်ရှားမှာကို ထောက်ပြပါတယ်။ အကြောင်းကတော့ ဒီစနစ်ဟာ နှစ်ပေါင်းများစွာကြာနေပြီမို့လို့ တချို့လူတွေဟာ အခုဆို နိုင်ငံသားဖြစ်ခွင့်ရရှိသွားသူတွေလည်း ရှိနိုင်တာကို ထောက်ပြတာပါ။ ဒါပေမဲ့ အမေရိကန်တရားရုံးချုပ်တော့ ထရမ့် အစိုးရအနေနဲ့ ဒီစနစ်ကို ဒီနည်းအတိုင်းသုံးနိုင်တယ်လို့ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။

"ဖက်ဒရယ်ဒေတာဘေ့စ်တွေဟာ မဲဆန္ဒရှင်စာရင်းတွေကို အသစ်ပြုစုတာမျိုးလုပ်မယ့်ပြည်နယ်တွေအတွက်တော့ တန်ဖိုးရှိပါတယ်" လို့ အိုလ်ဆွန်က ပြောပါတယ်။

"ဒီတော့ အချက်အလက်တွေကို မျှဝေဖို့ လိုတယ်လို့ပြောတဲ့ထရမ့်ရဲ့အစီအစဉ် တစ်စိတ်တစ်ပိုင်းက ကောင်းတဲ့ကိစ္စလို့ ပြောနိုင်တယ်။ ဒါပေမဲ့ တစ်ဖက်မှာ နှစ်တွေကြာနေလို့ အချက်အလက်တွေ ကွာဟနေတာ၊ မတိကျမှုတွေရှိနေတဲ့စနစ်ကို ပြည်နယ်တွေကြား မျှ၀ေသုံးစွဲတာမျိုးဆိုတာ ကျတော့ မကောင်းဘူးပြန်ဘူး''

ဒီစနစ်ကို ပြည်နယ်တိုင်း မဖြစ်မနေ သုံးရမယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။

ပြီးတော့ ဒီစနစ်ကို မကြာသေးခင်တုန်းကမှ အသုံးပြုထားတဲ့ပြည်နယ်တွေ အပြောအရဆိုရင်လည်း နိုင်ငံသား မဟုတ်သူတွေ မဲပေးဖို့ စာရင်းသွင်းတယ်ဆိုတဲ့အချက်ကို စနစ်ထဲမှာ တွေ့ရှိတာ အတော်ကို နည်းပါးတယ်လို့ ဆိုပါတယ်။

ဂျော်ဂျီယာပြည်နယ်မှာ ပြည်နယ်ရဲ့မဲဆန္ဒရှင်စာရင်းတွေကို စစ်ဆေးပြီးနောက် နှစ်ပေါင်း ၃၀ အတွင်း မဲဆန္ဒရှင်စာရင်းမှာ နိုင်ငံသားမဟုတ်သူ ၄၃၂ ဦးကို တွေ့ရှိခဲ့သည်။

ပြည်တွင်းလုံခြုံရေးဌာနကလည်း မဲပေးဖို့ မှားယွင်းမှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံသားမဟုတ်သူတွေကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ဆိုပြီး လူနာမည်စာရင်း ၁၈၅ ခုကို နဗားဒါးပြည်နယ်ကို ပို့ခဲ့ပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာပြည်နယ်က စိစစ်တဲ့အခါ အဲဒီလူတွေဟာ နိုင်ငံသားအစစ်ဖြစ်တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

အိမ်ဖြူတော်က နယူးဂျာစီပြည်နယ်မှာ ယခုနွေရာသီတုန်းက ပြည်နယ်ရဲ့ယာဉ်မောင်းလိုင်စင်ဌာနက ဆော့ဖ်ဝဲလ် ချို့ယွင်းချက်တစ်ခုကြောင့် ၂၀၂၃ ခုနှစ် ဇွန်လကနေ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း မဲပေးသူ ၆,၆၀၀ ခန့်ရှိခဲ့တဲ့ဖြစ်ရပ်တစ်ခုကို ထောက်ပြပါတယ်။

ပြည်နယ်အရာရှိတွေကတော့ မဲပေးသူ ၄၀၀ အောက်သာရှိပြီး လက်ရှိမှာ ဒီလူတွေ အားလုံးကို စနစ်ထဲကနေ ဖယ်ရှားလိုက်ပြီလို့ပြောပါတယ်။

အမေရိကန်တရားရေးဌာနကလည်း "နိုင်ငံသားမဟုတ်ဘဲ မှတ်ပုံတင်ထားတယ်" လို့ ယူဆရတဲ့သူတွေဆီကနေ လာတဲ့ စာတိုက် မဲ ၂၀,၀၀၀ ကို မရေတွက်ဖို့ ကယ်လီဖိုးနီးယားပြည်နယ်ကို တောင်းဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာ အယူခံရုံးတွေက ဒါကို ပယ်ချခဲ့ပါတယ်။

အဲဒီမဲ ၂၀,၀၀၀ ထဲမှာမှ တရားမဝင် မဲပေးဖို့ မှတ်ပုံတင်ထားတဲ့နိုင်ငံသားမဟုတ်သူ ၂၈ ဦးကို တရားစွဲဆိုထားတယ်လို့ တရားရေးဌာနက ပြောပါတယ်။