တရုတ်နဲ့နယ်စပ်က မူဆယ်မှာ ကျားဖြန့်ကို စစ်တပ်ဖမ်းပေမဲ့ အမြစ်မပြတ်တာဘာကြောင့်လဲ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
နေပြည်တော် ခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့တရုတ်ခရီးစဉ် မတိုင်ခင် ရက်ပိုင်းအလိုမှာပဲ စစ်တပ်က ရှမ်းမြောက်က တရုတ်- မြန်မာနယ်စပ်မြို့ မူဆယ်မှာ ကျားဖြန့်(အွန်လိုင်းငွေလိမ်လုပ်ငန်း) နေရာ ၂ ခုကို တစ်နေ့တည်းမှာ ဆက်တိုက် စီးနင်း လိုက်ပါတယ်။
တရုတ်နယ်စပ်မြို့ ရွှေလီနဲ့ကပ်လျက် မြန်မာဘက်ခြမ်းက နန်းတော်စစ်ဆေးရေးဂိတ်အနီးမှာရှိတဲ့ ကောင်းမှုတုံနဲ့ ကောင်းမှုလွယ် ရပ်ကွက်တွေထဲကို စစ်တပ်နဲ့ရဲက မေလ ၁၃ ရက်မှာ စီးနင်းပြီး တရုတ်နိုင်ငံသား ၂၀ ကျော်အပါအဝင် လူ ၉၀ ကျော်ကို ဖမ်းခဲ့တာပါ။
ဒါပေမဲ့ မူဆယ်မြို့ထဲက ကျားဖြန့်လုပ်ငန်းတွေဟာ တစ်နေရာမှာ ဖမ်းဆီးခံရပြီးနောက် တခြားနေရာမှာ အသစ်ထပ်ပေါ်လာတာကြောင့် အမြစ်မပြတ်တဲ့ရောဂါတစ်ခုလို ဖြစ်နေတယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။
တရုတ်က မြန်မာမှာ ကျားဖြန့်နှိမ်နင်းဖို့ ထပ်တလဲလဲပြောနေချိန်မှာ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်မြို့ မူဆယ်မှာ ကျားဖြန့်လုပ်ငန်းတွေ ဆက်ရှိနေတဲ့အပေါ် မေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။
မူဆယ်မှာ ကျားဖြန့်လုပ်ငန်းတွေကို ပြည်သူ့စစ်အဖွဲ့တွေက အကာအအကွယ်ပေးနေတယ်ဆိုတဲ့စွပ်စွဲချက်တွေ ရှိနေတာ၊ နယ်စပ်မြို့ဖြစ်တာကြောင့် အလွယ်တကူ နယ်စပ်ဖြတ်သန်းနိုင်နေတာတွေက အကြောင်းရင်းတွေထဲက အချို့ဖြစ်တယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။
မူဆယ်မှာ ကျားဖြန့်တွေ ခြေကုပ်ယူနိုင်တာ ဘာကြောင့်လဲ

ဓာတ်ပုံ ရင်းမြစ်, CINCDS
မူဆယ်ဟာ တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ အခရာကျတဲ့မြို့ဖြစ်နေတာကြောင့် စီးပွားရေး အချက်အချာကျတာနဲ့အမျှ ဟိုတယ်၊ လောင်းကစားရုံနဲ့ ကေတီဗီလို အဆောက်အဦတွေမှာ ကျားဖြန့်လို တရားမဝင်လုပ်ငန်းတွေလည်း ခြေကုပ်ယူလို့ လွယ်ကူတဲ့နေရာဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်မှာ လောင်းကစားဝိုင်းတွေ ၂၀၁၈ ခုနှစ်ကစလို့ ပိုများလာပြီး ကိုဗစ်ကပ်ဘေးနဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ ကျားဖြန့်လုပ်ငန်းတွေလည်း တဖြည်းဖြည်း ဝင်လာတာလို့ ဒေသခံ တွေက ပြောပါတယ်။
ဘီဘီစီစကားပြောခဲ့တဲ့ မြို့ခံအချို့ကတော့ စစ်တပ်နဲ့ အရပ်ဘက်အုပ်ချုပ်ရေး ရောယှက်နေတာ၊ မြို့နယ်ထဲ တိုင်းရင်းသားလက်နက်ကိုင်တွေရှိနေတာ၊ ပြည်သူ့စစ်အဖွဲ့တွေ ၁၀ ဖွဲ့ထက်မနည်းရှိနေတာနဲ့ အဲဒီအဖွဲ့တွေရဲ့အကျိုးစီးပွား ယှက်နွှယ်မှုကလည်း မူဆယ်မှာ ကျားဖြန့်အဖွဲ့တွေ ဆက်ရှိနေရတဲ့ အကြောင်းရင်းတွေဖြစ်တယ်လို့ ပြောကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြို့အခြေအနေ နှံ့စပ်ကျွမ်းကျင်သူ စိုင်းရှမ်ခမ်းဟိန်း(အမည်လွှဲ)ကတော့ ကျားဖြန့်လုပ်ငန်းတွေကို ပြည်သူ့စစ်တွေက လုံခြုံရေးယူပေးနေတာက သေချာတဲ့သက်သေဖြစ်တယ်လို့ အခိုင်အမာ ပြောပါတယ်။
"မြို့နယ်အဆင့်၊ ခရိုင်အဆင့် အုပ်ချုပ်ရေးအဖွဲ့တွေကလည်း ကျားဖြန့်တွေရှိတာ သိကြတယ်။ တရုတ်နိုင်ငံသားတွေက မူဆယ်မကဘူး တခြားမြို့တွေကိုပါ လွယ်လွယ်ကူကူ ရွှေ့ပြောင်းသွားလာလို့ရနေတာကိုပဲ ကြည့်လေ" လို့ စိုင်းရှမ်ခမ်းဟိန်းက ပြောပါတယ်။
ဒါတင်မက မူဆယ်ဟာ တရုတ်နယ်စပ်နဲ့ကပ်နေတဲ့မြို့ဖြစ်လို့ အဖမ်းအဆီးရှိတဲ့အခါ ကျားဖြန့်လုပ်ကိုင်သူတွေအတွက် တစ်ဖက်ကို ရှောင်တိမ်းဖို့ လွယ်ကူတဲ့အခြေအနေလို့လည်း မြို့ခံတွေက ပြောပါတယ်။
စစ်တပ်က ကျင်းပတဲ့ရွေးကောက်ပွဲကနေ အနိုင်ရတဲ့ မူဆယ်ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ဇော်မိုးကတော့ မူဆယ်မှာ ကျားဖြန့် လုပ်ငန်းတွေ အခိုင်အမာရှိနေတယ်ဆိုတာကို ဝန်ခံပါတယ်။
ဖမ်းဆီးမှုတွေ ရှိနေပေမဲ့ ကျားဖြန့်တွေ ဘာကြောင့် ဆက်ရှိနေလဲဆိုတဲ့ ဘီဘီစီရဲ့မေးခွန်းကိုတော့ သူက ရှင်းရှင်းလင်းလင်း မဖြေသွားပါဘူး။
ဒါပေမဲ့ မူဆယ်မှာ ကျားဖြန့်တွေကို စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေတာနဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပြီးရင်တော့ ပိုပြီး ဖိဖိစီးစီး ဖမ်းဆီးနိုင်မှာဖြစ်မယ်လို့ ဦးအောင်ဇော်မိုးက တုံ့ပြန်ပါတယ်။
မြုပ်ချီပေါ်ချီ ကျားဖြန့်လုပ်ငန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်တပ်က မူဆယ်မြို့က ကျားဖြန့်လုပ်ငန်းတွေကို ဖမ်းဆီးနေတာ အခုနှစ် ဧပြီလနဲ့ မေလအတွင်းမှာ ဆက်တိုက်ပြုလုပ်ခဲ့တာတွေ့ရပါတယ်။
မူဆယ်မြို့ထဲက ၄၅ ကုန်းရပ်ကွက်၊ စွမ်စော်ရပ်ကွက်၊ မန့်ဝိန်း၊ ကောင်းမှုလွယ်ရပ်ကွက်တွေထဲက ကျားဖြန့်လုပ်ငန်းတွေကို နှစ်ပတ်ခြား ဖမ်းဆီးတာတွေ ရှိပါတယ်။
အနီးစပ်ဆုံး ဇွန် ၁၃ ရက်မှာ စစ်တပ်က ဖမ်းဆီးတဲ့ ကျားဖြန့်လုပ်ငန်းနေရာဟာ နေအိမ်တစ်လုံးဖြစ်ပြီး တရုတ်နိုင်ငံသား ၁၇ ယောက်၊ မြန်မာနိုင်ငံသား ၈၈ ယောက်တို့ကို ဖမ်းမိတယ်လို့ နေ့စဉ်ထုတ် သတင်းစာတွေကနေ သိရပါတယ်။
"သူတို့(ကျားဖြန့်လုပ်သူတွေ) အပြင်ကို မထွက်ကြဘူးလေ။ အဖမ်းအဆီးလုပ်လို့ ကျားဖြန့်နေရာလို့သာ သိလိုက်ရတာ'' လို့ ကိုစိုင်းကျော်(အမည်လွှဲ)က ပြောပါတယ်။
ကိုစိုင်းကျော်အပါအဝင် မြို့ခံတွေကတော့ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)တွေဟာ မူဆယ်မှာ လောင်းကစားဝိုင်း၊ ကာရာအိုကေခန်း စတဲ့ လုပ်ငန်းတွေရဲ့နောက်ကွယ်ကနေ စတင်ခဲ့တာလို့ ပြောကြပါတယ်။
အဲဒီလိုနေရာတွေမှာ ကျားဖြန့် အဖမ်းအဆီးနဲ့ တိုင်ကြားခံရတာတွေရှိတဲ့အခါ ဟိုတယ်၊ တည်းခိုခန်းတွေမှာ ပြန်စကြပါတယ်။
၂၀၂၄ ခုနှစ်တုန်းက မင်္ဂလာမူဆယ်အနီး ကျားဖြန့်တိုက်ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး တရုတ်အလိုရှိနေတဲ့ ဝရမ်းပြေးတွေနဲ့ ဂိုဏ်းအဖွဲ့ဝင်တွေအပါအဝင် လူပေါင်း ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့တာ၊ အဆိုတော် ရှင်မင်းမြတ် တစ်ယောက် မင်္ဂလာဆောင်မှာ သီချင်းဆိုဖို့ဆိုပြီး လိမ်လည်ဖိတ်ကြားခံရပြီးတဲ့နောက် မူဆယ်က ဟိုတယ်တစ်လုံးမှာ ကျားဖြန့်ဂိုဏ်းရဲ့ပြန်ပေးဆွဲခံရတာတွေဟာ ဒီအရွေ့တွေကို ပြသပါတယ်။
အခုနောက်ဆုံး မူဆယ်မှာ ကျားဖြန့်လုပ်ကိုင်သူတွေဟာ ရပ်ကွက်ထဲက လူနေအိမ်တွေဆီ ရွှေ့ပြောင်းလုပ်ကိုင်လာတာကို တွေ့ရတယ်လို့ ကိုစိုင်းကျော်က ပြောပါတယ်။
"အိမ်ကြီးတစ်လုံးကို ငှား၊ ခြံစည်းရိုးတွေ အခိုင်အမာပြင်၊ ပြတင်းပေါက်တွေ အကုန်ပိတ်၊ လုံခြုံရေးတွေ ချထားပြီဆိုရင် အဲဒါ သေချာတယ်။ ကျားဖြန့်လုပ်ငန်းပဲ၊ အခုနောက်ပိုင်းဆို အိမ်အသေးလေးတွေ ငှားပြီး လူခွဲပြီး လုပ်နေကြတာ"လို့ ကိုစိုင်းကျော်( နာမည်လွှဲ) က ပြောပါတယ်။
ရွှေ့ပြောင်းတဲ့အခါမှာလည်း အဝတ်လက်ဆွဲအိတ်၊ ကွန်ပျူတာတို့လောက်သာ သယ်သွားကြတာကြောင့် ရှောင်တိမ်းဖို့ လွယ်ကူနေတာကလည်း ကျားဖြန့်လုပ်ကိုင်သူတွေရဲ့အားသာချက်ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ကျားဖြန့်လုပ်ငန်းတွေဟာ လူသူစည်ကားတဲ့ နေရာတွေထက် လူအသွားလာနည်းပြီး တိတ်ဆိတ်တဲ့ ရပ်ကွက်တွေမှာ ရှိနေတာလို့လည်း သိရပါတယ်။
ကောင်းမှုတုံရပ်ကွက်ထဲက (ဟိုနား၊ ကောင်းမှုလွယ်၊ ပန်လုံ)၊ စွမ်စော်ထဲက (မိန့်ဝိန်း၊ စွမ်စော်၊ ခူးဝိန်း)၊ တော်ရွက် (နယ်မြေ ၃ )၊ ဟိုမွန်ရပ်ကွက်( ၄၅ ကုန်း) စတဲ့ နယ်မြေတွေမှာ ကျားဖြန့်အများစု ရှိနေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
နေပြည်တော်ကနေ ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မူဆယ်မြို့ထဲက ကျားဖြန့်နှိမ်နင်းမှုတွေအတွင်း လူ ၁,၅၀၀ နီးပါးကို ဖမ်းမိခဲ့ပြီး အဲဒီထဲက အယောက် ၅၀၀ ကျော်ဟာ တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။
ဒေသခံ စိုးရိမ်ချက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မူဆယ်မြို့နယ်ထဲမှာတင် ကောင်းခါ၊ မုံးပေါ်၊ ဆင်ကျော့၊ တာမိုးညဲ၊ လုံထန်၊ ပိန်းဆာ၊ ပန်ဆေး၊ မန်ဂျယ် စတဲ့ ပြည်သူ့စစ်အဖွဲ့ အနည်းဆုံး ၁၀ ဖွဲ့ထက်မနည်း ရှိနေပါတယ်။
ဒီလိုပြည်သူ့စစ်အဖွဲ့တွေ များလွန်းလို့ ဘယ်အဖွဲ့က ဘယ်နေရာကို ထိန်းချုပ်ထားတယ်ဆိုတာတောင် ဒေသခံတွေကြား သေသေချာချာ မသိရှိကြပါဘူး။
ပြီးခဲ့တဲ့ မေ ၂၁ ရက်တုန်းကတော့ အဖွဲ့မတူတဲ့ ပြည်သူ့ စစ်နှစ်ဖွဲ့ကြား ၄၅ ကုန်းရပ်ကွက်ဘက်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
ပြည်သူ့စစ်တစ်ဖွဲ့ လုံခြုံရေးယူပေးထားတဲ့ ကျားဖြန့်နေရာကို တခြားအဖွဲ့က ဝင်ဖမ်းလို့ ပစ်ခတ်မှုဖြစ်တာလို့ ကိုစိုင်းကျော်(အမည်လွှဲ) က သူသိရှိထားတာကို ပြောပြပါတယ်။
ရှမ်းပြည်နယ်အခြေစိုက် ဒေသတွင်းသတင်းတွေမှာလည်း အလားတူ ရေးသားခဲ့ပေမဲ့ ဒီအချက်ကို ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
ဘီဘီစီက စကားပြောခဲ့တဲ့မြို့ခံတွေကတော့ ကျားဖြန့်နဲ့ဆက်နွယ်ပြီး ပြည်သူ့စစ်တွေ ချင်းချင်းကြား ပွတ်တိုက်မှုကနေ ဖြစ်လာနိုင်ခြေရှိတဲ့ပဋိပက္ခကြောင့် လုံခြုံရေးကို စိုးရိမ်တယ်လို့ ရင်ဖွင့်ကြပါတယ်။
သူတို့ရဲ့နောက်ထပ် စိုးရိမ်ချက်က မူဆယ်ကျားဖြန့်လုပ်ငန်းတွေမှာ တွေ့နေရတဲ့လူငယ်တွေ အရေးဖြစ်ပါတယ်။
နေပြည်တော် ထုတ်ပြန်ချက်တွေအရ မူဆယ်ကျားဖြန့် စီးနင်းမှုတွေမှာ တရုတ်နိုင်ငံသားတွေနဲ့အတူ ဖမ်းမိတဲ့သူတွေဟာ မြန်မာလူငယ် အမျိုးသမီးနဲ့ အမျိုးသားတွေဖြစ်ပြီး အရေအတွက်လည်း ဆယ်နဲ့ချီများပြားပါတယ်။
မူဆယ်မြို့ခံတွေကတော့ ကျားဖြန့်လုပ်ငန်းမှာ တရုတ်နိုင်ငံသားတွေအပြင် ပြည်တွင်းပဋိပက္ခဖြစ်ပွားရာ ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်၊ ရခိုင် စတဲ့ဒေသတွေက လူငယ်တွေလည်း လာရောက်လုပ်ကိုက်ကြတာကို သတိထားမိတဲ့အကြောင်း ပြောပါတယ်။
စိုင်းရှမ်ခမ်းဟိန်းကတော့ "မူဆယ်က လူငယ်တွေလည်း ဝင်လုပ်ကြတာပဲ။ ပိုက်ဆံက လွယ်လွယ်ရကြတာကိုး။ အရင်က စီးပွားရေး မပြေလည်တဲ့ သူက ကျားဖြန့်မှာ ဝင်လုပ်တာ နှစ်နှစ်လောက်အတွင်းမှာ အိမ်တွေ ဝယ်ကြတာလည်း တွေ့ရတယ်။ ဒီတော့ အလွယ်လမ်းတွေ လိုက်ကြတော့တာပဲ" လို့ ပြောပါတယ်။
ကျားဖြန့်နှိမ်နင်းမှုအရေးကို စောင့်ကြည့်သူတွေကတော့ တရုတ်နိုင်ငံသားတွေ ဦးဆောင်တယ်လို့ဆိုတဲ့ကျားဖြန့်ခွင်တွေကို နှိမ်နင်းမှုတွေမှာ အဲဒီလုပ်ငန်းခွင်တွေမှာလုပ်ကိုင်နေတဲ့ မြန်မာလူငယ်တွေအရေးကိုလည်း မမေ့ထားဖို့ ထောက်ပြကြပါတယ်။
ဒီလူတွေဟာ နှိမ်နင်းမှုတွေမှာ ပြန့်သွားပြီး နောက်ထပ်တစ်နေရာမှာ ပြန်လည်ခြေကုပ် လည်ပတ်မှုအရေးမှာ လူ့အရင်းအမြစ်တွေဖြစ်နိုင်တယ်ဆိုတာကို မမေ့ထားကြဖို့ ထောက်ပြကြတာဖြစ်ပါတယ်။












