အရည်ဆို ပူပူလောင်လောင်မှသောက်တတ်သူတွေ ကင်ဆာဖြစ်နိုင်ခြေကို ပညာရှင်တွေသတိပေး

    • ရေးသားသူ, မစ်ချယ် ရောဘတ်စ်
    • ရာထူးတာဝန်, ဒစ်ဂျစ်တယ်ကျန်းမာရေး အယ်ဒီတာ
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၃

လက်ဖက်ရည်နဲ့ ကော်ဖီလို သောက်စရာတွေကို အလွန်ပူနေတဲ့ အပူချိန်မှာ အမြဲလိုလိုသောက်သုံးတာဟာ အစာပြွန် ဒါမှမဟုတ် အစာမျိုပြွန်မှာ ကင်ဆာ (oesophageal cancer) ဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့ ဗြိတိန်က သုတေသနတစ်ခုက ဖော်ပြပါတယ်။

လူတစ်သန်းနီးပါးကို လေ့လာထားတဲ့ဒီသုတေသနဟာ အလွန်ပူတဲ့သောက်စရာတွေနဲ့ ကင်ဆာဖြစ်နိုင်ခြေကြား ဆက်နွှယ်မှုကို ဖော်ထုတ်နိုင်ခဲ့တဲ့သမိုင်းတလျောက် အကျယ်ပြန့်ဆုံး လေ့လာမှုဖြစ်တယ်လို့ သုတေသီတွေက ပြောပါတယ်။

လက်ဖက်ရည် ဒါမှမဟုတ် ကော်ဖီ သောက်စရာတွေကို "အလွန်ပူပူ" သောက်သူတွေဟာ "နွေးနွေး" သောက်သူတွေထက် ဒီကင်ဆာဖြစ်နိုင်ခြေ သုံးဆလောက် ပိုမြင့်မားကြောင်း လေ့လာမှုအရ သိရပါတယ်။ ဒါပေမဲ့ အပူသောက်တာနဲ့ ကင်ဆာ ဖြစ်လာနိုင်ခြေကတော့ ယေဘုယျအားဖြင့် နည်းပါးပါတယ်လို့ ကျွမ်းကျင်သူတွေက အလေးထား သတိပြုစရာ ပြောပါတယ်။

အငွေ့တထောင်းထောင်းထနေတဲ့ ပူပြင်းတဲ့အရည်ဟာ အစာမျိုပြွန် အပေါ်ယံ ဆဲလ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

အလွန်ပူတဲ့ သောက်စရာများ

နိုင်ငံတကာ ကင်ဆာဂျာနယ်(International Journal of Cancer)မှာ ဖော်ပြထားတဲ့ Oxford University ရဲ့သုတေသနက အပူချိန် ၆၅ ဒီဂရီ စင်တီဂရိတ် ဒါမှမဟုတ် အဲဒီထက်ပိုပူတဲ့ သောက်စရာမှန်သမျှကို "အလွန်ပူ" တယ်လို့ သတ်မှတ်ပြီး အန္တရာယ်ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

သက်လတ်ပိုင်း အမျိုးသားနဲ့ အမျိုးသမီး ၉၇၇,၂၈၂ ဦးဆီက ရရှိတဲ့အချက်အလက်တွေအရ တစ်နေ့ကို ပူတဲ့သောက်စရာ ၆ ခွက် ဒါမှမဟုတ် အဲဒီထက်ပိုပြီး သောက်သုံးတာကလည်း ဖြစ်နိုင်ခြေကို ပိုပြီး များစေပါတယ်။

နို့ထည့်လိုက်တာက သောက်စရာကို အနည်းငယ် အေးသွားစေနိုင်ပေမဲ့ နို့ပါပြီးသား လက်ဖက်ရည် ဒါမှမဟုတ် ကော်ဖီတွေဟာ အလွန်ပူနေတာမျိုး ဖြစ်နိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။

ရေနွေးအိုး ပွက်ပွက်ဆူပြီးပြီးချင်း ဖျော်ထားတဲ့ လက်ဖက်ရည်ဟာ ရေဆူမှတ်ဖြစ်တဲ့ ၁၀၀ ဒီဂရီ စင်တီဂရိတ် ဒါမှမဟုတ် ၂၁၂ ဒီဂရီ ဖာရင်ဟိုက်နီးပါး ရှိပါတယ်။ ခွက်ထဲကို လောင်းထည့်လိုက်ချိန်မှာတော့ အပူချိန်က ၉၀ ဒါမှမဟုတ် ၉၅ စင်တီဂရိတ်လောက်အထိ ကျဆင်းသွားပါတယ်။

သောက်စရာကို ပိုပြီးဘေးကင်းတဲ့ အပူချိန်အထိ အေးသွားစေဖို့ မသောက်ခင် မိနစ်အနည်းငယ် စောင့်ဖို့ အကြံပြုကြပါတယ်။

ပူတဲ့သောက်စရာကို အေးသွားအောင် အချိန် ဘယ်လောက်ကြာကြာ ထားသင့်တယ်ဆိုတာက အတိ အကျပြောဖို့ ခက်ခဲတယ်လို့ ယူကေ ကင်ဆာ သုတေသနအဖွဲ့(Cancer Research UK) က ဆိုပါတယ်။

"ဒါပေမဲ့ စိုးရိမ်တယ်ဆိုရင် အလွန်ပူနေဆဲအချိန်မှာ မသောက်ဘဲ သောက်ရတာ အဆင်ပြေတဲ့ အချိန်အထိ စောင့်ဖို့ အကြံပြုချင်ပါတယ်" လို့ အဲဒီ ပရဟိတအဖွဲ့က ပြောပါတယ်။

ဦးဆောင်သုတေသီ ဒေါက်တာ ကီရန် ပါပီယာက တောင်အမေရိကမှာ လူအများအပြားက မာတေး (mate) လို့ခေါ်တဲ့ အလွန်ပူတဲ့ ဆေးဖက်ဝင် သောက်စရာတစ်မျိုးကို သောက်ကြပြီး အဲဒီဒေသမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတွေကလည်း ပူတဲ့သောက်စရာတွေနဲ့ အစာမျိုပြွန်ကင်ဆာကြား အလားတူ ဆက်နွှယ်မှုရှိကြောင်း ပြသခဲ့ကြတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ "သောက်စရာတွေရဲ့ အပူချိန်က ဘယ်လောက်များများဆိုရင် ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်မှုရှိတယ် ဆိုတာကို ဖော်ထုတ်နိုင်ဖို့ကတော့ နောက်ထပ် သုတေသနတွေ လိုအပ်နေပါသေးတယ်" လို့ သူက ပြောပါတယ်။

နို့မထည့်တဲ့ ဘလက် ကော်ဖီ အမျိုးမျိုးကို အကြိမ်ကြိမ် မြည်းစမ်းခဲ့တဲ့ လူငယ် ၁၁၈ ဦးကို သီးခြားလေ့လာမှုတစ်ခု ပြုလုပ်ခဲ့ရာ အများစုက အပူချိန် ၇၀ ဒီဂရီ စင်တီဂရိတ် ဒါမှမဟုတ် အဲဒီထက်ပိုမှသာ ဒီကော်ဖီက အလွန်ပူတယ်လို့ ယူဆခဲ့ကြပါတယ်။

တစ်ခါသုံး ကော်ဖီခွက် ထုတ်လုပ်သူတစ်ဦးရဲ့ အဆိုအရ သွားရင်းလာရင်း သောက်ဖို့ ကော်ဖီအတွက် အသင့်တော်ဆုံး အပူချိန်က ၄၉ ဒီဂရီကနေ ၆၀ ဒီဂရီ စင်တီဂရိတ်ကြားလို့ သိရပါတယ်။

ကော်ဖီမှာတဲ့သူက ပိုပြီး ပူတာကို တောင်းဆိုလို့ ကော်ဖီကို ပိုကြာကြာ ပူနေစေချင်ရင် အပူချိန် ၈၂ ဒီဂရီ စင်တီဂရိတ် ကျော်နဲ့ လုပ်ပေးလို့ ရကြောင်း MTPak Coffee ဆိုင်က ဆိုပါတယ်။

ခြုံကြည့်ရင်တော့ဖြစ်နိုင်ခြေနည်း

Worldwide Cancer Research အဖွဲ့ရဲ့ အဆိုအရ အစာမျိုပြွန်ကင်ဆာဟာ ကမ္ဘာတစ်ဝန်းမှာ ဒဿမမြောက် အဖြစ် အများဆုံး ကင်ဆာဖြစ်ပြီး ကင်ဆာကြောင့် သေဆုံးမှု အကြောင်းရင်းတွေထဲ သတ္တမမြောက် ဖြစ်ပါတယ်။

အစာမျိုပြွန်ကင်ဆာရဲ့ အစောပိုင်းလက္ခဏာတွေဟာ မထင်ရှားတာမို့ သတိပြုမိဖို့ ခက်ခဲနိုင်တာကြောင့် နောက်ကျတဲ့အဆင့်ရောက်မှ ရောဂါကို ရှာဖွေတွေ့ရှိနိုင်လေ့ရှိပါတယ်။

အစောပိုင်း ရောဂါ လက္ခဏာတွေထဲမှာ အောက်ပါတို့ ပါဝင်နိုင်ပါတယ်။

  • အစာမျိုရခက်ခဲတာ
  • ရင်ပူတာ ဒါမှမဟုတ် အစာအိမ် အချဥ်ရည် ပြန်ပျို့တက်တာ
  • နေလို့မကောင်းတာ ဒါမှမဟုတ် နေမကောင်းချင်သလို ခံစားရတာ
  • အသံဝင်တာ
  • အစာစားချင်စိတ် ပျောက်တာ

လူတွေက အလွန်ပူတဲ့ သောက်စရာတွေ မသောက်တော့ဘူးဆိုရင် အစာမျိုပြွန်ကင်ဆာ ဖြစ်ပွားမှု ၁၀ ခု မှာ တစ်ခု ဒါမှမဟုတ် နှစ်ခု လောက် လျော့သွားနိုင်တယ် လို့ သုတေသီတွေက ခန့်မှန်းပါတယ်။

ဖြစ်ပွားလေ့ နည်းပါးတဲ့ Squamous cell oesophageal cancer လို့ခေါ်တဲ့ အစာမျိုပြွန် ကင်ဆာ တစ်မျိုးဟာ ရှားပါးပြီး တစ်နှစ်ကို လူ ထောင်ဂဏန်း အနည်းငယ်ချီတဲ့ အရေအတွက် ဖြစ်ပွားတတ်ပါတယ်။

ဗြိတိန်မှာ လူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်ဟာ သူတို့ဘဝ တစ်လျှောက် တချိန်ချိန်မှာ ဒီကင်ဆာအမျိုးအစားမျိုး ဖြစ်နိုင်ခြေရှိပါတယ်။

ဒါကြောင့် ပူလောင်နေတဲ့ သောက်စရာတွေက လူတစ်ဦးရဲ့ ကင်ဆာ ဖြစ်နိုင်ခြေ အန္တရာယ်ကို မြင့်တက်စေနိုင်ပေမဲ့ အမှန်တကယ် ဒီ ကင်ဆာ ဖြစ်လာနိုင်ခြေကတော့ နည်းပါးနေဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဆေးလိပ်သောက်ခြင်းလို တခြားအကြောင်းရင်းတွေက အစာမျိုပြွန်ကင်ဆာ ဖြစ်နိုင်ခြေကို ပိုမြင့်တက်စေတတ်ပါတယ်။

ဒီသုတေသနကို ရန်ပုံငွေထောက်ပံ့ခဲ့တဲ့ ယူကေ ကင်ဆာ သုတေသန အဖွဲ့ (Cancer Research UK) က Fiona Osgun က "ဒီကင်ဆာမျိုး ဖြစ်နိုင်ခြေကို လျှော့ချဖို့ အရေးအကြီးဆုံး နည်းလမ်းတွေကတော့ ဆေးလိပ်မသောက်တာနဲ့ အရက်သောက်သုံးမှု လျှော့ချတာတို့ ဖြစ်ပါတယ်" လို့ ဂရုထားစရာအဖြစ် ပြောပါတယ်။