သြဂုတ် ၂၉ ရက်သတင်းများအနှစ်ချုပ် - မလေးရှားက မြန်မာဒုက္ခသည် ၁၅၀၀ ဝန်း ကျင် ပြန်ပို့မယ့်ကိစ္စ ရပ်ဆိုင်းထားသင့်လို့ Fortify Rights ပြော

မလေးရှားအစိုးရရဲ့ ဒုက္ခသည်စိစစ်အတည်ပြုတဲ့ လုပ်ငန်းစဥ်လုပ်ဆောင်နေတဲ့ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Kementerian Dalam Negeri

ဓာတ်ပုံ ပုံစာ, မလေးရှားအစိုးရရဲ့ ဒုက္ခသည်စိစစ်အတည်ပြုတဲ့ လုပ်ငန်းစဥ်လုပ်ဆောင်နေတဲ့ အခြေအနေ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၁

ဒုက္ခသည်တစ်ဦးချင်းစီရဲ့ အဆိုပြုချက်တွေနဲ့ ဘက်မလိုက်တဲ့ အကဲဖြတ်ချက်တွေ လုပ်ဆောင်ပြီးတဲ့အထိ မလေးရှားအစိုးရအနေနဲ့ မြန်မာဒုက္ခသည် ၁,၄၇၆ ဦးကို ပြန်လည်ပို့ဆောင်မယ့်အစီအစဥ်ရပ်ဆိုင်းထားသင့်တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ဆန္ဒအလျောက်နေရပ်ပြန်ရေးအစီအစဥ်ရဲ့ ပထမအသုတ်အနေနဲ့ စက်တင်ဘာ ၂၉ ရက်မှာ မြန်မာအစိုးရက အတည်ပြုစစ်ဆေးပြီးတဲ့ ဒီဒုက္ခသည်တွေကို ပြန်ပို့တော့မယ်လို့ မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက သြဂုတ် ၂၇ ရက်မှာ ပြောပါတယ်။

ဒီအစီအစဥ်နဲ့ ပြန်ပို့မယ့် ဒုက္ခသည် ၅,၀၀၀ ရှိနေတာဖြစ်ပါတယ်။ ထပ်ပြီး အန္တရာယ်ပြုခံရနိုင်ခြေ၊ ဖိနှိပ် ညှဥ်းပန်းခံရနိုင်ခြေရှိတဲ့ သူတွေကို မလေးရှားအနေနဲ့ အတင်းအကျပ်နေရပ်ပြန်မပို့သင့်ဘူးလို့ Fortify Rights က ဆိုပါတယ်။

"ပြန်လည်ပို့ဆောင်မှုအားလုံးကို စနစ်တကျ၊ အဆင့်ဆင့်နဲ့ ကာယကံရှင်တွေရဲ့ သဘောဆန္ဒအရ ဆောင်ရွက်နေပြီး လုံခြုံမှု၊ လူသားချင်းစာနာထောက်ထားမှုနဲ့ တာဝန်ယူမှုရှိတဲ့ အုပ်ချုပ်မှုစနစ်ကို အဓိကထား လုပ်ဆောင်နေတယ်" လို့ မလေးရှားပြည်ထဲရေးဝန်ကြီးက မနေ့က ထုတ်ပြန်ချက်မှာပြောပါတယ်။

ဒါပေမဲ့ ပြန်လည်ပို့ဆောင်မယ့်သူတွေကို ဒုက္ခသည်ဆိုင်ရာ အဆိုပြုချက်နဲ့ အကဲဖြတ်တာတွေ လုပ်ဆောင်ခဲ့တဲ့ နည်းလမ်းကိုတော့ အသေးစိတ်ပြောတာမရှိပါဘူး။

မလေးရှားဘက်က ထုတ်ပြန်ချက်အရ ဒုက္ခသည်တွေကို မြန်မာရေတပ်က စစ်သင်္ဘောနှစ်စင်းနဲ့ မြန်မာရေတပ်ပိုင် ဆေးရုံသင်္ဘောတစ်စင်းအသုံးပြုခေါ်ဆောင်မယ်လို့ သိရပါတယ်။ မလေးရှားကိုရောက်နေတဲ့ ဒုက္ခသည်အများစုဟာ မြန်မာနိုင်ငံကဖြစ်ပြီး ၉၅ ရာခိုင်နှုန်းအထိရှိတယ်လို့ ပြည်ထဲရေးက ဆိုပါတယ်။

ဒီထဲမှာ ရိုဟင်ဂျာအပြင် ချင်း၊ ကရင်နဲ့ မွန်တိုင်းရင်းသားတွေလည်း ပါဝင်တာပါ။ မလေးရှားအစိုးရရဲ့ ဒုက္ခသည်မှတ်ပုံတင်ခြင်းဆိုင်ရာအစီအစဥ်အရ ဒီနှစ်ထဲမှာ ရိုဟင်ဂျာအများစုပါတဲ့ မြန်မာဒုက္ခသည် ၄,၀၀၈ ဦးကို စိစစ်အတည်ပြုထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒီထဲမှာမပါဘဲ ဆန္ဒအလျောက်နေရပ်ပြန်မယ့်သူက ၅,၀၀၀ ရှိတယ်လို့ မလေးရှား ပြည်ထဲရေးက ပြောတာပါ။ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းမှာလည်း မြန်မာနိုင်ငံသား ၁၀,၃၈၈ ဦး ရှိနေပြီး ဒုက္ခသည်ဆိုင်ရာအချက်အလက်တွေ စစ်ဆေးသွားမယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။