ကိုယ့်ပုံကို အေအိုင်နဲ့လိင်ပိုင်းဆိုင်ရာပုံဖော်ခြိမ်းခြောက်လာရင် ဘာလုပ်မလဲ

    • ရေးသားသူ, နှင်းမို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၇

သတိပေးချက် - အခုဆောင်းပါးမှာ လိင်ပိုင်းဆိုင်ရာနဲ့ဆက်နွှယ်တဲ့ရေးသားဖော်ပြချက်တွေ ပါ၀င်တဲ့အကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။

"တယ်လီဂရန်အကောင့်ထဲ မက်ဆေ့ရောက်လာလို့ ဝင်ကြည့်လိုက်တော့ မဖွယ်မရာလုပ်နေတဲ့ ဗီဒီယို ဖြစ်နေတယ်၊ မျက်နှာက တည်ကြည့် ညီမလေးရဲ့မျက်နှာနဲ့လေ။ အကောင့်နာမည်ကလည်း ညီမလေးရဲ့နာမည်ပဲ"

ညီမဝမ်းကွဲဖြစ်သူရဲ့မျက်နှာနဲ့ဖန်တီးထားတဲ့ လိင်ဗီဒီယိုကို ရုတ်တရက်မြင်လိုက်ရတဲ့ အတွေ့အကြုံအကြောင်း မတည်ကြည်က ပြန်ပြောပြတာပါ။

"ဘာလို့ ဒီလိုဗီဒီယိုတွေ လာပို့တာလဲ၊ ဘယ်လိုဖြစ်တာလဲဆိုပြီး ညီမလေးကို ချက်ချင်းမေးလိုက်တော့ သူသုံးနေတဲ့အကောင့် မဟုတ်ဘူးတဲ့"

အဲဒီဗီဒီယို ပို့လာတဲ့တယ်လီဂရန်အကောင့်နာမည်က မတည်ကြည်ရဲ့ညီမဖြစ်သူ "ခွန်းဆင့်" ရဲ့ နာမည်ကိုပဲ အသုံးပြုထားပါတယ်။

"ခွန်းဆင့်" နာမည်နဲ့ တယ်လီဂရန်အကောင့်အတုအပြင် Tiktok (တစ်တော့) အကောင့်အတုပါ ဖွင့်ထားတာကို မတည်ကြည် ထပ်တွေ့ခဲ့ရပါတယ်။ အဲဒီအကောင့်တွေမှာ Date Girl အဖြစ် ခေါ်နိုင်တယ်လို့ပါ ကြော်ငြာထားပါတယ်။

မြန်မာအမျိုးသမီးတွေကိုခြိမ်းခြောက်လာတဲ့ Deepfake

လူတစ်ယောက်ရဲ့ မျက်နှာဓာတ်ပုံရှိရုံနဲ့ တခြားတစ်ယောက်ရဲ့ခန္ဓာကိုယ်နဲ့တွဲဖက်လိုက်ပြီး ဓာတ်ပုံ၊ ဗီဒီယိုတွေကို ဉာဏ်ရည်တုနည်းပညာ AI နဲ့ဖန်တီးတာကို လွန်အမင်းပြုပြင်ထားခြင်း(Deepfake)လို့ ခေါ်ပါတယ်။

မတည်ကြည်ရဲ့ညီမ ဖြစ်စဉ်ကတော့ ကာယကံရှင်တောင် မသိလိုက်ရဘဲ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းဗီဒီယို ဖန်တီးခံလိုက်ရတာဖြစ်ပါတယ်။ တနည်းပြောရရင် ဒါက လူတစ်ယောက်ရဲ့မျက်နှာကို ပြုပြင်ပြီး အရပ်အခေါ် အပြာကား "Deepfake Pornography" အဖြစ် ကျူးလွန်ခံလိုက်ရတာလည်း ဖြစ်ပါတယ်။

၂၀၂၆ နှစ်ကုန်ပိုင်းမှာတော့ Deepfake pornography ဖန်တီးခံရကြောင်း အမျိုးသမီးတွေကိုယ်တိုင် ထုတ်ဖော်ပြောတဲ့ဖြစ်စဉ်တွေ ရှိလာပြီး မတည်ကြည်နဲ့ မခွန်းဆင့်တို့ ညီအစ်မနှစ်ဦးလည်း အပါအဝင်ပါ။

မခွန်းဆင့်ရဲ့တယ်လီဂရမ် အကောင့်အတုသုံးစွဲနေသူကို "နှမချင်း ကိုယ်ချင်းစာတရားထားဖို့" မတည်ကြည်က တုံ့ပြန်ပြောချိန်မှာတော့ သူ့ကိုပါ Deepfake လုပ်မယ့်အကြောင်း ထပ်ခြိမ်းခြောက်ခံခဲ့ရပါတယ်။

"တည်ကြည်ကတော့ ခြိမ်းခြောက်ခံရတယ်။ ညီမလေးခွန်းဆင့်ကတော့ အဲလိုဖန်တီးတာပါခံလိုက်ရတာပေါ့" လို့ မတည်ကြည်က ပြောပြပါတယ်။

မတည်ကြည်ဆီ တယ်လီဂရမ် အကောင့်အတုနဲ့ မဆက်သွယ်ခင်ကတည်းက ညီမဖြစ်သူ မခွန်းဆင့်ဆီ ခြိမ်းခြောက်စာတွေ ဆက်တိုက်ပို့နေခဲ့တာပါ။

"ကျွန်မဆီ ဗီဒီယို ရောက်လာချိန်ကျမှ ညီမလေးက ပြောပြတာ။ သူ့ဆီကို စာတွေ ဆက်တိုက်ပို့နေတယ်ပေါ့။ ငွေဘယ်လောက် လိုချင်တာလဲဆိုတော့လည်း မဖြေဘူး၊ ညီမလေးသူငယ်ချင်းတွေဆီပါ အဲဒီပုံတွေ ဆက်ပို့တာ" လို့ မတည်ကြည်က ဆက်ပြောပါတယ်။

အကောင့်အတုကို ဘီဘီစီက ဝင်လေ့လာကြည့်ရာမှာတော့ ဖွံ့ဖွံ့ထွားထွား ခန္ဓာကိုယ်မှာ မျက်နှာကိုအစားထိုးသုံးပြီး Date Night လိုက်ကြောင်း ရေးသားထားပါတယ်။ ဒါအပြင် မခွန်းဆင့်ရဲ့ ညီမအရင်းဖြစ်သူပါ ပါတဲ့ နှစ်ယောက်တွဲပုံကို သုံးပြီး ကေတီဗီမှာ ဖြေဖျော်တဲ့ပုံစံလည်း ဖန်တီးထားပါတယ်။

"မူရင်းပုံမှာက သူတို့ညီအစ်မ နှစ်ယောက်ပုံဆိုတော့ အဲလိုတွဲပါသွားတာ" လို့ မတည်ကြည်က ရှင်းပြပါတယ်။

ဒါကြောင့် မတည်ကြည်ဟာ "လိင်ဗီဒီယိုတွေတက်လာရင် ကျွန်မ မဟုတ်ကြောင်း ကြိုတင်ရှင်းလင်းချက်" ဆိုတဲ့ ပိုစ့်ကို သူ့ရဲ့ဖေ့စ်ဘုတ်အကောင့်မှာ မျှဝေခဲ့ပြီး ညီမဖြစ်သူ မခွန်းဆင့်ရဲ့ အတွေ့အကြုံကိုပါ ဖော်ထုတ်ခဲ့ပါတယ်။

သီးခြားဖြစ်ရပ်တစ်ခုမှာတော့ အမျိုးသမီးတစ်ဦးရဲ့ဓာတ်ပုံကို အေအိုင်နဲ့ ညစ်ညမ်းပုံဖန်တီးခဲ့သူ အမျိုးသားရဲ့ဒူးထောက်တောင်းပန်နေတဲ့ ဗီဒီယိုတစ်ခုလည်း စက်တင်ဘာလလယ်ပိုင်းမှာ Tiktok စာမျက်နှာပေါ်ပြန့်နှံ့လာခဲ့ပြီးနောက် ဒီလိုဖြစ်စဉ်တွေ ကြုံနေရကြောင်း ထုတ်ပြောမှုတွေ လူမှုကွန်ရက်မှာ ပိုတွေ့လာရပါတယ်။

ဒီဖြစ်စဉ်ကို ဖော်ပြခဲ့တဲ့ပြည်တွင်းသတင်းဌာနအောက်မှာ ကိုယ်တိုင်ကြုံတွေ့နေရကြောင်း မှတ်ချက်ပေးတဲ့ အမျိုးသမီး ဆယ်ဦးထက်မနည်းတွေ့ခဲ့ရသလို ဘယ်လိုတိုင်ကြားရမလဲဆိုတဲ့ မေးမြန်းတဲ့ မှတ်ချက်ရာနဲ့ချီကိုလည်း ဘီဘီစီက တွေ့ခဲ့ရပါတယ်။

ကိုယ်တိုင်ထုတ်ပြောတဲ့ပုံစံအပြင် Social Punishment ဆိုတဲ့ လူမှုပြစ်ဒဏ်အနေနဲ့ လူမှုကွန်ရက်မှာ ကျူးလွန်သူတွေကို ရှုတ်ချတာကလည်း မြန်မာမှာ တွင်ကျယ်လာပါတယ်။

အထူးသဖြင့် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ် ဆိုက်ဘာအကြမ်းဖက်မှု ကျူးလွန်သူတွေရဲ့ကိုယ်ရေးအချက်အလက်တွေကို ဖော်ထုတ်တင်ပြတဲ့ "Against Sexual Violence (ASV)" လို အဖွဲ့တွေ အားကောင်းလာပါတယ်။

ASV အဖွဲ့ရဲ့အောက်တိုဘာလကုန်အထိ ထုတ်ပြန်ချက်အရ အွန်လိုင်းကနေ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခဲ့တဲ့ဖြစ်စဉ် ၅,၃၀၀ နီးပါးက ကျူးလွန်သူတွေရဲ့အချက်အလက်ကို လူမှုရေးပြစ်ဒဏ်အဖြစ် အများသိအောင် ကြေညာထားပါတယ်။

"အမှန်အတိုင်းပြောရင် Social Punishment လုပ်တာမျိုးက ကျူးလွန်ခံရတဲ့အမျိုးသမီးတွေကို အကာအကွယ်မဖြစ်ဘူး။ ဖြစ်သင့်တာက နည်းပညာပိုင်းနဲ့ ဥပဒေပိုင်း အကာအကွယ်ပေးရမှာပါ" လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မနှင်းသက်မှူးခင်က ဘီဘီစီကို ပြောပါတယ်။

အမျိုးသမီးတွေရဲ့ဓာတ်ပုံနဲ့ ရုပ်သံဖြန့်ချိတာနဲ့တင် ကျူးလွန်မှုမြောက်ပြီး ဥပဒေအရ တရားမျှတမှုရတဲ့အထိ သွားဖို့လိုအပ်တယ်လို့ သူကဆက်ပြောပါတယ်။

အမျိုးသမီးတွေ Deepfake ဖန်တီးခံရတာမှာ အကြောင်းအရင်း ၄ မျိုး ယေဘုယျခွဲနိုင်ကြောင်း အေအိုင်ကျွမ်းကျင်သူ ကိုကျော်က နည်းပညာရှုထောင့်ကနေ သုံးသပ်ပါတယ်။

  • AI Sextortion လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာဗီဒီယိုအတု ဖန်တီးပြီး ငွေညှစ်တာ
  • Revenge Porn လို့ခေါ်တဲ့ ချစ်သူဟောင်း ဒါမှမဟုတ် သိကျွမ်းသူက လက်စားချေတဲ့သဘောနဲ့ရည်ရွယ်ချက်ရှိရှိ ဖန်တီးဖြန့်ဝေတာ
  • Online Scam လို့ခေါ်တဲ့ အကောင့်အတုနဲ့ လိမ်လည်တာနဲ့
  • Harassment လို့ခေါ်တဲ့ ငွေမတောင်းဘဲ ဂုဏ်သိက္ခာထိခိုက်စေလိုတာ ဆိုတဲ့အချက်တွေပါ။

အဲဒီထဲကမှ လိင်ပိုင်းဆိုင်ရာဗီဒီယိုတွေကို ဖြန့်ဖြူးတဲ့ပုံစံကို လေ့လာမယ်ဆိုရင် ဖေ့စ်ဘုတ်နဲ့ တစ်တော့မှာ လိင်ပိုင်းဆိုင်ရာဆွဲဆောင်တဲ့ခေါင်းစဉ်တွေနဲ့ ဗီဒီယိုစက္ကန့်ပိုင်းစာကို မျှဝေပြီး အပြည့်အစုံကို သိချင်ရင် တယ်လီဂရမ်ကို လာဖို့ ဆွဲဆောင်တာကို တွေ့ရပါတယ်။

လူမှုကွန်ရက် ပလက်ဖောင်းတွေရဲ့လိင်ပိုင်းဆိုင်ရာမဖော်ပြဖို့ ကန့်သတ်ချက်တွေကနေ ကင်းလွတ်အောင် ဗီဒီယိုကို နည်းပညာသုံးပြုပြင်တာ၊ မှုန်ဝါးထားတာမျိုး ဖြန့်ချိပြီးမှ တယ်လီဂရမ် ချန်နယ်တွေမှာ အပြည့်အစုံကို ငွေကြေးပေးဝယ်ကြည့်ဖို့ ရောင်းချတဲ့ဈေးကွက် ဖြစ်နေပါတယ်။

ဒါတွေကို ပင်မပြသရာနေရာက တယ်လီဂရမ် ချန်နယ်တွေ ဖြစ်နေတာကြောင့် အခုလို လိင်ပိုင်းဆိုင်ရာဗီဒီယိုတွေကို ထိန်းချုပ်မှုနဲ့ပတ်သက်လို့ ကုမ္ပဏီဘက်ကို ဘီဘီစီက အီးမေးပို့မေးမြန်းထားပါတယ်။

အခုလိုလူမှုကွန်ရက်မှာ ဖြန့်ချိခံလိုက်ရပြီဆိုရင် ဖြုတ်ချနိုင်ဖို့ လိုက်လံကြိုးစားပေးတဲ့ Stop NCII လို နိုင်ငံတကာအဖွဲ့အစည်းတွေလည်း ရှိပါတယ်။

Deepfake လုပ်ခံရရင် ဘယ်လိုတုံ့ပြန်ကြမလဲ

Deepfake ဖြစ်စဉ်တွေဟာ လိင်အခြေပြုအကြမ်းဖက်မှု(Gender Based Violence)၊ ဒီဂျစ်တယ် အခွင့်အရေးတွေနဲ့ပါ ဆက်စပ်နေကြောင်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

"ဒါတွေကိုဖြေရှင်းနိုင်ဖို့ရာ အကန့်အသတ်တွေ များတယ်။ အများကြီးလုပ်နိုင်တာ မရှိဘူး" လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မနှင်းသက်မှူးခင်က ပြောပါတယ်။

မြန်မာမှာ Deepfake သုံးပြီး လိင်ပိုင်းဆိုင်ရာအကြောင်းအရာတွေ ဖြန့်ချိတာကို ၂၀၂၅ နဲ့ ၂၀၂၆ ခုနှစ်တွေထဲမှာ ပိုပြီးအတွေ့ များလာတယ်လို့ အေအိုင်ကျွမ်းကျင်သူ ကိုကျော်ကလည်း ပြောပါတယ်။

အေအိုင်နဲ့ဖန်တီးတာ ဟုတ် မဟုတ် စစ်ဆေးတဲ့ AI Detection Tools တွေနဲ့ Deepfake ကိုအရင်က ဖော်ထုတ်နိုင်ပေမဲ့ ၂၀၂၆ နှစ်ကုန်ပိုင်းမှာတော့ နည်းပညာအရှိန်အဟုန်နဲ့ တိုးတက်လာလို့ အတုအစစ် ဆန်းစစ်ဖို့ပါ ပိုခက်လာတဲ့အခြေအနေပါ။

"ရုပ်ကို အတုအစစ်ခွဲမရအောင် တူလာတာတွေ ရှိတယ်။ Deepfake က အသံကိုပါ ပုံစံတူလုပ်လို့ရတယ်" လို့ ကိုကျော်က ဆက်ပြောပါတယ်။

ဒါဟာ ပြည်တွင်းစစ်နဲ့ အထွေထွေကျပ်တည်းမှုဒဏ်ကို မြန်မာအမျိုးသမီးတွေ ရင်ဆိုင်နေရချိန်မှာ နည်းပညာဖွံ့ဖြိုးတိုးတက်မှုရဲ့ အမှောင်ဘက်ခြမ်းက နှောင့်ယှက်အသေရေဖျက်မှုတွေကိုပါ ဘူးလေးရာ ဖရုံဆင့် ထပ်ကြုံနေကြရပါတယ်။

Deepfake နဲ့ အသေရေဖျက်ခံရတဲ့အမျိုးသမီးတွေရဲ့ဖြစ်ရပ်အကြောင်း တိတိကျကျ မှတ်တမ်းတင် စာရင်းပြုစုတာမျိုး မြန်မာမှာ မရှိသေးပါဘူး။

ဒါအပြင် Deepfake ဖန်တီးခံရတာကို တရားမျှတမှုရဖို့ ဥပဒေအရ တိုင်ကြားတဲ့ဖြစ်စဉ်လည်း မရှိနေဘူးလို့ မြန်မာရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။

"သမီးရည်းစားဖြစ်နေချိန် ရိုက်ကူးထားတဲ့ဓာတ်ပုံနဲ့ ဗီဒီယိုတွေ အဖြန့်ခံရတယ်ဆိုပြီး တိုင်ပင်တာတွေရှိပေမဲ့ AI နဲ့ ဖန်တီးခံရတာမျိုးကို လိုက်ပါကူညီပေးရတာ မရှိသေးပါဘူး" လို့ အမျိုးသမီးအကြမ်းဖက်ခံရမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေသူ အမည်မဖော်လိုတဲ့ ရန်ကုန်က အမျိုးသမီးရှေ့နေတစ်ဦးက ပြောပါတယ်။

ဆက်သွယ်ရေးကွန်ရက်ကို သုံးပြီး အသေရေဖျက်ခံရရင် သုံးလေ့ရှိတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့သာ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားနိုင်တာကြောင့် မြန်မာအမျိုးသမီးတွေကို ဥပဒေအရ အကာအကွယ် ပေးနိုင်မှု အားနည်းတဲ့အခြေအနေလို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

၆၆ ဃ နဲ့အမှုဖွင့်ဖို့ အတွက်လည်း Deepfake ဓာတ်ပုံနဲ့ဗီဒီယိုဖန်တီးခဲ့သူကို သိဖို့လိုသလို သူ့ရဲ့လူမှုကွန်ရက်အကောင့် သက်သေအထောက်အထားတွေကို တိုင်ကြားမယ့်သူက စုဆောင်းထားဖို့လိုအပ်ပါတယ်။

"ဒီဂျစ်တယ် သက်သေတွေကို မပျောက်အောင်သိမ်းထားဖို့က အရေးကြီးတယ်" လို့ အသေရေဖျက်ခံရတဲ့အမျိုးသမီးတွေ သိသင့်၊ လုပ်သင့်တဲ့အချက်တွေဆိုပြီး ကိုကျော်က ခွဲခြမ်းပြပါတယ်။

  • ဘယ်နေ့ဘယ်ရက်မှာဖြစ်ခဲ့လဲဆိုတာသိနိုင်ဖို့ Screenshot တွေနဲ့ ရက်အလိုက် မှတ်တမ်းတင်တာ
  • ခြိမ်းခြောက်စာတွေကိုလက်ခံရရှိတယ်ဆိုလည်း Chat History ကို မဖျက်ဘဲ ရက်အလိုက် မှတ်တမ်းတင်တာ
  • Deepfake လုပ်ခံလိုက်ရတဲ့ ကိုယ့်မူရင်းပုံနဲ့ ရုပ်သံတွေကို မဖျက်ပစ်ဘဲ သက်သေအဖြစ် ဆက်သိမ်းဆည်းထားတာ
  • Deepfake ဖန်တီးခံရတဲ့ဓာတ်ပုံနဲ့ရုပ်သံတွေ ဆိုရှယ်မီဒီယာမှာ ဆက်မပြန့်အောင် သက်ဆိုင်ရာ ပလက်ဖောင်းအလိုက် report တင်တာနဲ့
  • အကူအညီပေးတဲ့အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ဆိုတဲ့အချက်တွေပါ။

ဒါပေမဲ့ သက်သေအချက်အလက်စုဆောင်းပြီး နောက်ကွယ်က ကျူးလွန်သူကို ဖော်ထုတ်ဖို့က လွယ်ကူ ရိုးရှင်းတဲ့ကိစ္စမဟုတ်နေပါဘူး။

"ညီမလေးရုပ်နဲ့လုပ်ထားတဲ့ဗီဒီယိုဆို သက်သေ မရှိတော့ဘူး။ မြင်ရတာရှက်လို့ မကြည့်ချင်လို့ အဲဒီ ဗီဒီယိုကို တယ်လီဂရမ်မှာ ဖျက်လိုက်ပြီ" လို့ မတည်ကြည်က ပြောပါတယ်။

ဒါအပြင် တယ်လီဂရမ်ရော တစ်တော့ကိုပါ အကောင့်အတုကို သုံးခဲ့တာကြောင့် ဖန်တီးသူ ဘယ်သူဆိုတာ မသိနိုင်ခဲ့ပါဘူး။

တားမြစ်ခံထားရတဲ့ အွန်လိုင်းဝက်ဘ်ဆိုက်နဲ့ ဆိုရှယ်မီဒီယာတွေကို ဝင်သုံးနိုင်ဖို့ ကြားခံနက်ဝပ်သုံးတဲ့ VPN အက်ပလီကေးရှင်းကိုအားထားနေရတဲ့ မြန်မာနိုင်ငံအတွက် ဒီလိုဖြစ်စဉ်တွေမှာ ကျူးလွန်သူကို နည်းပညာအရ ဖော်ထုတ်ဖို့က ပိုပြီးခက်ခဲပါတယ်။

VPN အရ တခြားနိုင်ငံကနေ အသုံးပြုနေတယ်ဆိုတာမျိုးဖြစ်လို့ နည်းပညာအရဖော်ထုတ်မှုတွေက အရေးကြီးလာပါတယ်။ Deepfake ဖြန့်ချိတဲ့ ပလက်ဖောင်း၊ IP Location (အင်တာနက်လိပ်စာတည်နေရာ) အပါအဝင် မူရင်းအချက်အလက်တွေကို ဖော်ထုတ်နိုင်ဖို့ ဆိုက်ဘာရဲတွေရဲ့ စုံစမ်းမှုအပေါ် မူတည်နိုင်တာပါ။

"ဒီနေရာမှာ ဆိုက်ဘာရာဇဝတ်မှုစုံစမ်းဖော်ထုတ်တဲ့မှုခင်းအဖွဲ့တွေ လိုအပ်လာတယ်" လို့ ကိုကျော်က ထောက်ပြပါတယ်။

ဥပဒေအရရော နည်းပညာအရပါ မြန်မာအမျိုးသမီးတွေကို အကာအကွယ်ပေးမှု မရှိသလောက်ဖြစ်နေတယ်လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတချို့က ဝေဖန်ကြပါတယ်။

အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ ခွဲခြားမှု ပပျောက်ရေး ကုလသမဂ္ဂသဘောတူစာချုပ် စီဒေါ (CEDAW) ကို မြန်မာဟာ ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ကတည်းက လက်မှတ်ရေးထိုးထားပါတယ်။

မြန်မာမှာအမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ကာကွယ်ရေးဥပဒေကြမ်းကို ၂၀၁၃ ခုနှစ်မှ စတင်ရေးဆွဲခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကျမှ အများပြည်သူ သဘောထားမှတ်ချက်ပေးနိုင်အောင် လွှတ်တော်က ထုတ်ပြန်ပေးခဲ့ပါတယ်။

ကမ္ဘာ့ကပ်ရောဂါကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် ဒီဥပဒေကြမ်း အတည်မပြုနိုင်ခဲ့ပါဘူး။ ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲနဲ့အတူ ပေါ်လာတဲ့ စစ်တပ်ကျောထောက် နောက်ခံပြုပါတီတွေကြီးစိုးတဲ့ နေပြည်တော်လွှတ်တော်မှာလည်း နည်းပညာခေတ်မှာ အမျိုးသမီး အကာအကွယ်ပေးရေးကိစ္စဆွေးနွေးတာ မတွေ့ရပါဘူး။

ဒါပေမဲ့ မြန်မာ့လူနေမှုပုံစံအရ အမျိုးသမီးတစ်ယောက်ရဲ့လိင်ပိုင်းဆိုင်ရာဓာတ်ပုံနဲ့ဗီဒီယိုတွေထွက်ပေါ်လာပြီဆိုရင် ရွံ့ရှာစက်ဆုပ် ဖွယ်ရာအခင်းအကျင်းတစ်ခုအနေနဲ့ ကျူးလွန်ခံရသူကို ပိုပြီးဖိနှိပ်လေ့ရှိကြောင်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

"လူထုအနေနဲ့ ကျူးလွန်ခံရသူကို ဖေးမဖို့ ကျူးလွန်တဲ့သူကို အပြစ်တင်ဖို့ လိုအပ်တယ်" လို့ မနှင်းသက်မှူးခင်က ပြောပါတယ်။

ဒါဟာ မိဘဆွေမျိုးပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ ယုံကြည်ပေးမှုနဲ့ စိတ်ပိုင်းဆိုင်ရာခွန်အားပေးမှုတွေက အခရာကျလာကြောင်း မီးမောင်းထိုးပြနေတာပါ။

"အခုလို ထုတ်ပြောနိုင်တယ်ဆိုတာက မိဘတွေရော၊ ပတ်ဝန်းကျင်ကပါ ယုံကြည်ပေးလို့ပါ။ ဒီယုံကြည်မှုကြောင့်ပဲ ကိုယ်မလုပ်ခဲ့တဲ့အရာတစ်ခုကို မကြောက်ပဲ ထုတ်ပြောနိုင်ခဲ့တာလေ" လို့ မတည်ကြည်က ဘီဘီစီကို ပြောပြပါတယ်။

သူတို့ညီအစ်မနှစ်ဦးထုတ်ပြောခဲ့သလိုမျိုး အမျိုးသမီးတွေလည်းအခက်အခဲတွေကိုရင်ဆိုင်ပြီး အံတုနိုင်ဖို့ မတည်ကြည်က မျှော်လင့်နေပါတယ်။