ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမျိုးသမီးဝါဒ Feminism ဆိုတာဘာလဲ၊ ပဋိပက္ခကာလ ဘာလို့လျစ်လျူမရှုသင့်တာလဲ
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ UNSC ထဲမှာ WPS လို့ အတိုကောက် ရည်ညွှန်းတဲ့ "Women, Peace and Security agenda"၊ မြန်မာလို "အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ဆိုင်ရာ လမ်းညွှန်မှု" တွေကို ဆုံးဖြတ်ချက် အနေနဲ့ တခဲနက် အတည်ပြုခဲ့ကြတာ (၂၆) နှစ် နီးပါး ရှိပြီ ဖြစ်ပါတယ်။
၂၀၀၀ ပြည့်နှစ်၊ အောက်တိုဘာလထဲမှာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် "၁၃၂၅" အနေနဲ့ ရရှိထားတာပါ။ ဒီ ဆုံးဖြတ်ချက်ထဲ အဓိက အချက် (၂) ချက်ကို မီးမောင်းထိုး ပြောထားပါတယ်။ ပထမ အချက်ကတော့ လူမှု အသိုင်းအဝိုင်းတွေကြားထဲ လက်နက်ကိုင် ပဋိပက္ခတွေကို တားဆီးနိုင်ရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးတွေမှာ အမျိုးသမီး အခန်းကဏ္ဍဟာ မရှိမဖြစ် အရေးပါတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။
ဒုတိယ အချက်ကတော့ ဆိုးရွားပြင်းထန်တဲ့ ပဋိပက္ခတွေ၊ စစ်ပွဲတွေ ရှိလာတိုင်း နောက်ဆက်တွဲ ရိုက်ခတ် သက်ရောက်မှုတွေဟာ အမျိုးသမီးနဲ့ မိန်းကလေးတွေ အပေါ် အချိုးအစား မမျှတစွာ ပိုပြီး သက်ရောက် စေတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။
WPS လမ်းညွှန်ချက်၊ ဆုံးဖြတ်ချက်တွေဟာ မြန်မာနိုင်ငံ အတွက် အင်မတန် အရေးပါတယ် ဆိုပြီး ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ်ဒေသ အမျိုးသမီး အဖွဲ့က ထောက်ပြထားပါတယ်။
အမျိုးသမီး အခန်းကဏ္ဍမှာ မြန်မာ နိုင်ငံထဲ ရှိနှင့်လက်စ မမျှတမှုတွေ၊ ခွဲခြားမှုနဲ့ ထိခိုက်လွယ်မှု ပြဿနာတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပိုပြီး ဆိုးရွား လာစေခဲ့တယ် လို့ ဆိုပါတယ်။
၂၀၂၁ စစ်တပ်က တကျော့ပြန် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာခဲ့တဲ့ အခြေအနေတွေ အပေါ် ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့ နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဥ် UNDP အဖွဲ့တို့ ဆန်းစစ်ပြီး ၂၀၂၂ ထဲမှာပဲ စစ်တမ်းတစ်စောင် ထုတ်ပြန် ခဲ့ပါတယ်။
မြန်မာနိုင်ငံထဲက အမျိုးသမီး ၃ ပုံ ၁ ပုံဟာ ကိုယ့်အိမ် ကိုယ့်ရပ်ရွာတွေထဲ နေ့ခင်း အချိန်မှာကို လုံခြုံစိတ် မရှိကြတော့တာ တွေ့ရတယ်ဆိုပြီး အဲဒီ ကုလ စစ်တမ်းက ဆိုပါတယ် စစ်တပ် အာဏာမသိမ်းခင် ကာလမှာတော့ အလားတူ လုံခြုံစိတ် မရှိကြောင်း ပြောကြားတဲ့ အရေအတွက်ဟာ အမျိုးသမီး ဦးရေ စုစုပေါင်းရဲ့ ၃.၅% ပဲ ရှိတာကို ကြည့်ရင်၊ အခြေအနေတွေ ဘယ်လောက် ယိုယွင်း ပျက်စီးသွားတာကို သိသာတယ်လို့ စစ်တမ်းက ထောက်ပြ ခဲ့ပါတယ်။
မြန်မာနိုင်ငံထဲက လက်နက်ကိုင် ပဋိပက္ခတွေဟာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ အပေါ် ဘယ်လို ရိုက်ခတ် သက်ရောက် နေသလဲ၊ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာရော အခြေအနေ ဘယ်လို ရှိလဲ ဆိုတာတွေကို ကနေဒါ နိုင်ငံ တိုရွန်တို တက္ကသိုလ်က မြန်မာ့အရေးမူဝါဒပိုင်းသုတေသီ အစ္စဘယ်လာအောင်ကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။
ဘီဘီစီ။ ။ လက်ရှိ မြန်မာ ပြည်တွင်းစစ်ကို အမျိုးသမီးအခွင့်အရေးနဲ့ အမျိုးသမီးတွေရဲ့ လုပ်ပိုင်ခွင့် မြှင့်တင်ရေး ရှုထောင့်ကနေကြည့်ရင်၊ အမျိုးသမီးတွေ အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိပါသလဲ။
အစ္စဘယ်လာအောင်။ ။ ဟုတ်ကဲ့။ ပထမဆုံး အနေနဲ့ ပြောချင်တာကတော့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ အမျိုးသားတွေနဲ့ နှိုင်းယှဥ်ရင် ပဋိပက္ခတွေကို မတူညီတဲ့ပုံစံနဲ့ ကြုံတွေ့ ခံစားရပါတယ်။ စစ်ပွဲကြောင့် ကျား-မ မရွေး လူတိုင်းအပေါ် သက်ရောက်တဲ့ ဘုံ အကျိုးဆက်တွေ ရှိတာတော့ မှန်ပါတယ်။ ဥပမာအနေနဲ့၊ ငြိမ်းချမ်းတဲ့ကာလနဲ့ နှိုင်းယှဉ်ရင် ... သေဆုံးမှုနဲ့ ဖိနှိပ်ညှဉ်းပန်း ခံရနိုင်ခြေ ပိုများလာတာ၊ စီးပွားရေး အခြေအနေ ပိုဆိုးလာတာ၊ လူနေမှုစရိတ်တွေ အဆမတန် မြင့်တက်လာတာ ... စတာတွေကို အားလုံး တွေ့ကြုံ ကြရတာပါ။
ဒါပေမယ့် လက်နက်ကိုင် ပဋိပက္ခတွေဟာ လိင်ကွဲပြားမှုအပေါ် အခြေခံတဲ့ ကျား၊မ ခွဲခြား ဆက်ဆံမှုကို ပိုပြီး ဆိုးရွားစေပါတယ်။ အန္တရာယ် အကြီးဆုံးကတော့ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပုံစံတွေ ဖြစ်ပါတယ်။
Conflict-Related Sexual Violence လို့ ခေါ်ပါတယ်။ အတိုကောက် (CRSV) လို့ ရည်ညွှန်းကြပါတယ်။ အဲဒီ အကြမ်းဖက်မှု ပုံစံဟာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ တွေ့ကြုံရဖို့ ဖြစ်နိုင်ခြေ ပိုပြီးရှိပါတယ်။ အထူးသဖြင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ဒါမှမဟုတ် ဒုက္ခသည်တစ်ယောက် ဖြစ်ရင် ပိုပြီး အန္တရာယ်ရှိပါတယ်။
ပဋိပက္ခကာလတွေမှာ အမျိုးသမီးတွေ အတွက် အဲဒီလို အန္တရာယ်မျိုးတွေ ထမ်းပိုးနေရ ပေမယ့်လည်း၊ စစ်ကာလအတွင်း မူဝါဒ ချမှတ်သူတွေဟာ အမျိုးသမီးတွေရဲ့ အသံကို လျစ်လျူရှုကြလေ့ ရှိပါတယ်။ အမျိုးသား ဦးဆောင်မှုရဲ့ အမြင်မှာ အမျိုးသမီးအခွင့်အရေးနဲ့ လုပ်ပိုင်ခွင့်မြှင့်တင်ရေး ဆိုတာဟာ ဦးစားပေး လုပ်ရမှာမျိုး မဟုတ်ပဲ၊ နောက်ဆုံးမှ လုပ်ရမယ့် ကိစ္စ မျိုးလို ဖြစ်နေပါတယ်။
လက်ရှိ မြန်မာ့အကျပ်အတည်းကို ကြည့်မယ်ဆိုရင် စစ်အာဏာပိုင်တွေဟာ ဒီမိုကရေစီလိုလားတဲ့ တော်လှန်ရေးကို ဘယ်လိုနည်းနဲ့မဆို ဖိနှိပ်ချေမှုန်းဖို့ အာရုံစိုက်နေပါတယ်။ တခါ၊ နွေဦးတော်လှန်ရေး ခေါင်းဆောင်တွေကလည်း စစ်အာဏာရှင် စနစ်ကို အမြစ်ဖြုတ်ဖို့ အာရုံစိုက် ကြပါတယ်။
ဒီတော့ အမျိုးသမီး အခွင့်အရေးလှုပ်ရှားမှု၊ အထူးသဖြင့် Feminism အခြေခံ တော်လှန်ရေးပုံစံမျိုးဟာ၊ နွေဦးတော်လှန်ရေးထဲမှာ ပေါင်းစပ် ပါဝင်နိုင်တယ် .... ဒါမှမဟုတ် နွေဦးတော်လှန်ရေးနဲ့ အတူ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နိုင်တယ် ဆိုတဲ့ အယူအဆကို လူအများ နားလည်လက်ခံဖို့ အခုထိ ခက်ခဲနေဆဲပါ။
အမျိုးသားတွေက လွှမ်းမိုးထားတဲ့ ပဋိပက္ခပုံစံကြောင့် အမျိုးသမီးတွေဟာ ဆုံးဖြတ်ချက် ချမှတ်တဲ့ လုပ်ငန်းစဉ်တွေ ကနေ ပုံမှန်အားဖြင့် ဖယ်ထုတ် ခံနေရပါတယ်။ ပဋိပက္ခရဲ့ ကဏ္ဍ အသီးသီးမှာ အမျိုးသမီးခေါင်းဆောင်မှု အလွန်နည်းပါးနေတဲ့ အချက်ဟာ အမျိုးသမီးတွေရဲ့ လုံခြုံရေးနဲ့ လုပ်ပိုင်ခွင့် မြှင့်တင်ရေးအတွက် စိုးရိမ်စရာ ဖြစ်ပေါ်စေပါတယ်။
နောက်ပြီး၊ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV) ဆိုတာဟာ ကိစ္စချင်းရာတွေ အများကြီးထဲကမှ ... ဥပမာတစ်ခုပဲ ဖြစ်ပါတယ်။ ကျား-မ ကွဲပြားမှု အပေါ် မူတည်တဲ့ တခြား သက်ရောက်မှုတွေလည်း ရှိပါတယ်။
မျိုးဆက်ပွားခွင့်တွေ ကန့်သတ်ခံရတာ၊ ဆုံးရှုံးရတာ၊ အမျိုးသမီးနဲ့ မိခင် ကျန်းမာရေးစောင့်ရှောက်မှုတွေ လုံလောက်အောင် မရတာ၊ လက်လှမ်းမီခွင့် မရှိတာ ... စတာတွေလည်း ကြုံရပါတယ်။
နောက်ပြီး ပဋိပက္ခကြောင့် တိုက်ရိုက်ဖြစ်လာတဲ့ နောက် ပြဿနာ တစ်ခုကတော့ မိသားစုထဲမှာ ပြုစုစောင့်ရှောက် ပေးရတဲ့ တာဝန်တွေ ပိုများ လာတာမျိုး ဖြစ်ပါတယ်။ စစ်ကြောင့် မိသားစုဝင်ထဲမှာ အမြဲတမ်း မသန်စွမ်းဖြစ်သွားတာမျိုး ရှိလာရင်၊ အမျိုးသမီးတွေဟာ ရှိနှင့်ပြီး အိမ်မှုကိစ္စ ဝန်ထုပ်ဝန်ပိုးတွေအပြင် သူတို့ကိုပါ ပြုစု စောင့်ရှောက်ရတာမျိုး ဖြစ်ပါတယ်။ အမျိုးသမီးတွေ အတွက် စီးပွားရေးဆိုင်ရာနဲ့ ပညာရေးဆိုင်ရာ လွတ်လပ်ခွင့်တွေ ဦးစားပေးမခံရတော့ပဲ၊ မြန်မြန်ဆန်ဆန်ပဲ နောက်တန်းကို ရောက်သွားတာမျိုး ဖြစ်လာပါတယ်။
ဘီဘီစီ။ ။ အစ္စဘယ်လာရေ .... အခုပြောတဲ့ ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်း နိုင်ဖို့ ဆိုရင် ကျွန်တော့်အမြင်မှာတော့ လက်နက်ကိုင် ပဋိပက္ခကို ဖြေလျှော့ရေး ငြိမ်းချမ်းရေး လုပ်ငန်းစဥ် လိုအပ်ပါတယ်။ အခု နေပြည်တော်က၊ NCA လို့ခေါ်တဲ့ ရှိလက်စ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မူဘောင်ထဲမှာ ဆွေးနွေးတာတွေ လုပ်နေပါတယ်။ တချို့ တိုင်းရင်းသားအဖွဲ့တွေကလည်း နေပြည်တော်နဲ့ ဆွေးနွေးနေကြပါတယ်။ ကျွန်တော့်မေးခွန်းကတော့ ဒီနေပြည်တော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ယေဘုယျအားဖြင့်၊ ပြည်တွင်းစစ်နဲ့ ပဋိပက္ခတွေကို တကယ်တမ်း လျော့ပါးစေနိုင်မလား၊ အမျိုးသမီးရေးရာကိစ္စတွေကိုလည်း ဖြေရှင်းပေးနိုင်မလား ဆိုတာပါ။
အစ္စဘယ်လာအောင်။ ။ မြန်မာနိုင်ငံမှာ၊ စစ်အစိုးရ အဆက်ဆက်ဟာ၊ သူတို့ကိုယ်ပိုင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လို့ ခေါ် နိုင်တဲ့ အရာမျိုးတွေကို လုပ်လေ့ ရှိပါတယ်။ ဒါကို သမိုင်းမှာ ကျွန်မတို့ အကြိမ်ကြိမ် တွေ့ခဲ့ ရပါတယ်။ တချို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း အဲဒီ လုပ်ငန်းစဉ် အမျိုးမျိုးမှာ ပါဝင် ခဲ့ကြပါတယ်။
ဒါပေမယ့် အဲဒီ ဆွေးနွေးမှုတွေကနေ လက်နက်ကိုင် ပဋိပက္ခအတွက် ရေရှည် တည်တံ့တဲ့ ဖြေရှင်းချက်တစ်ခု ရလာတာမျိုးကိုတော့ ကျွန်မတို့ မတွေ့ရသေးပါဘူး။ မြန်မာနိုင်ငံထဲက မတူညီတဲ့ တိုင်းရင်းသားတွေနဲ့ ဘာသာရေး အုပ်စုတွေ အတွက် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အာမခံချက် ပေးနိုင်တာမျိုးလည်း မတွေ့ရသေးပါဘူး။
ဒါကြောင့် နေပြည်တော်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကို အဓိပ္ပာယ်ရှိရှိ လျော့ပါးသွားစေမယ်လို့ ကျွန်မ မထင်ပါဘူး။ စာသင်ကျောင်းတွေနဲ့ ဘာသာရေး အဆောက်အအုံတွေကို ဗုံးကြဲနေတဲ့၊ ကျေးရွာတွေကို မီးရှို့နေတဲ့၊ အစုလိုက် အပြုံလိုက် မုဒိမ်းမှုတွေ ကျူးလွန်နေတဲ့ အဲဒီယန္တရားကနေ တကယ့် အဓိပ္ပာယ်ရှိတဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်လို့ မရပါဘူး။
ပါဝင်ဆွေးနွေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အတွက်တော့ သူတို့ တစ်ဖွဲ့ချင်းစီ အလိုက် အကျိုးရှိစေနိုင်တဲ့ သဘောတူညီမှုမျိုး အတိုင်းအတာ တစ်ခုအထိ ရကောင်းရပါလိမ့်မယ်။ ဒါပေမယ့် မြန်မာ့အကျပ်အတည်းတစ်ခုလုံးကို အမှန်တကယ် ဖြေရှင်းနိုင်ဖို့ လမ်းကြောင်းက ဘာလဲ ဆိုတာကို သုံးသပ်ရင်တော့ "နေပြည်တော်နဲ့ ဆွေးနွေးခြင်း" ဆိုတာဟာ ပြီးပြည့်စုံတဲ့ လမ်းကြောင်းမျိုး မဟုတ်ပါဘူး။
ဘီဘီစီ။ ။ ဒါဆို ဘာလုပ်သင့်တယ်လို့ သုံးသပ်ထားလဲ။၊ တကယ်လို့သာ ပြည်တွင်းစစ်ရဲ့ သက်ရောက်မှုတွေအားလုံး၊ အထူးသဖြင့် အမျိုးသမီးတွေအပေါ် သက်ရောက်မှုတွေ အပါအဝင် အနုတ် လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ အားလုံးကို အမှန်တကယ် ဖြေရှင်းချင်တယ်ဆိုရင် ဘာလုပ်သင့်ပါသလဲ။
အစ္စဘယ်လာအောင်။ ။ ကျွန်မထင်တာကတော့ လွှမ်းခြုံမှုရှိတဲ့ အမျိုးသမီးဝါဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ခု လိုအပ်ပါတယ်။ "Intersectional feminist peace process" လို့ ခေါ်ပါတယ်။ ဒီနေရာမှာ ကျွန်မက အထူးပြု စကားလုံးနှစ်ခု သုံးထားပါတယ်။ "လွှမ်းခြုံမှုရှိတဲ့" နဲ့ "အမျိုးသမီးဝါဒီ" ဆိုတဲ့ စကားလုံးနှစ်ခုပါ။ အရင်ဆုံး "အမျိုးသမီးဝါဒီ" ဆိုတာကို ရှင်းပြပါမယ်။
မြန်မာ အသိုင်းအဝိုင်းတွေမှာ ဒီစကားလုံးက နာမည်ဆိုး အရမ်းရနေပြီး အဓိပ္ပာယ်ကိုလည်း နားလည်မှုလွဲနေကြပါတယ်။ အမျိုးသမီးဝါဒီဖြစ်တယ်ဆိုတာ အမျိုးသားတွေကို မုန်းတီးတာလို့ လူတွေက ထင်ကြပါတယ်။ ဒါပေမယ့် အမျိုးသမီးဝါဒီဖြစ်တယ်ဆိုတာ အဲဒီလို မဟုတ်ပါဘူး။ အမျိုးသမီးတွေအတွက်ပဲ ဂရုစိုက်တာလည်း မဟုတ်ပါဘူး။ တကယ်တော့ အမျိုးသား၊ အမျိုးသမီးနဲ့ အခြားကျား၊မ လက္ခဏာရှိသူတွေအားလုံးအတွက် တန်းတူအခွင့်အရေးရရှိရေးကို အလေးထားတာ ဖြစ်ပါတယ်။
နောက်ပြီး .... "လွှမ်းခြုံမှုရှိဖို့ လိုတယ်ဆိုတဲ့ အပိုင်းကို ဆက်ပြောပါမယ်။ Intersectionality ဆိုတာ ဘာလဲလို့ ဆိုရင် ... အာဏာဟာ ဘယ်ကနေ ပေါ်လာသလဲ၊ ဘယ်နေရာမှာ ထိတွေ့ဆုံသလဲ၊ ဘယ်လိုအပြန်အလှန် ချိတ်ဆက်နေသလဲဆိုတာကို မြင်နိုင်အောင် ကြည့်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်ပွဲနဲ့ နိုင်ငံရေး အကြမ်းဖက်မှုကြောင့် ထိခိုက်ခံစားနေရတဲ့ အမျိုးသမီးတွေအများကြီးကို ကြည့်မယ်ဆိုရင် သူတို့အားလုံးဟာ တစ်ပုံစံတည်း မဟုတ်ပါဘူး။
မြန်မာနိုင်ငံမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ ထိခိုက်လွယ်နိုင်ခြေ အတူတူရှိတယ်လို့ ရိုးရိုးရှင်းရှင်း ပြောလို့မရပါဘူး။ စစ်ကာလမှာ ကြုံတွေ့ရတဲ့ အကျိုးဆက် အမျိုးမျိုးဟာ အမျိုးသမီးတစ်ယောက်ရဲ့ တခြား ကိုယ်ရေး လက္ခဏာ အချက်အလက်တွေအပေါ် မူတည်ပြီး အလွန်ကွာခြားနိုင်ပါတယ်။
ဥပမာ - ချမ်းသာသလား၊ ဆင်းရဲသလား။ မြို့ပြမှာ နေလား၊ ကျေးလက်မှာ နေလား။ ငယ်သလား၊ အသက်ကြီးသလား။ ဒုက္ခသည်လား။ စစ်ကြောင့် ဘယ်လိုမှ ကိုယ့်အိမ်မှာကိုယ် နေလို့ မဖြစ်တော့လို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူလား .... စသဖြင့်ပါ။ ဒါ့ကြောင့် အမျိုးသမီးတစ်ယောက်မှာ အမျိုးသမီးဖြစ်နေခြင်းအပြင် ပိုမိုဘေးဖယ်ခံထားရတဲ့ ကိုယ်ရေးလက္ခဏာတွေ များပြားလာလေလေ ပဋိပက္ခကာလမှာ အန္တရာယ်ပိုများလာလေလေ ဖြစ်ပါတယ်။ လွှမ်းခြုံမှုရှိပြီး အမျိုးသမီးဝါဒီဆန်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုကသာလျှင် ... အဲဒီလိုမျိုး မတူညီတဲ့ ကိုယ်ရေးလက္ခဏာ အခြေခံ အချက်အမျိုးမျိုးကို သေချာစွာ ထည့်သွင်း စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာရော အခြေအနေ ဘယ်လို ရှိပါသလဲ။ အမျိုးသမီးအခွင့်အရေး အခြေအနေတွေနဲ့ အမျိုးသမီးတွေအပေါ် ကျား၊မ အခြေပြု အကြမ်းဖက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ အစ်ဇဘယ်လာ ဘာတွေ သိရှိ လေ့လာထားပါသလဲ။
အစ္စဘယ်လာအောင်။ ။ ဒါဟာ အတော်လေး ရှည်ရှည်လျားလျား ဖြေရမယ့် မေးခွန်းမျိုးပါ။ အခြေအနေက တော်တော်လေး ရောထွေးနေပါတယ်။ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တိုက်ခိုက်ဖို့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ ထူးချွန်တဲ့ အမျိုးသမီးတွေအများကြီး ရှိပါတယ်။ PDF ဒါမှမဟုတ် EAO တွေထဲ ဝင်ရောက်ပြီး ပါဝင်ကြပါတယ်။ အခုနှစ်တွေမှာ ကျွန်မဟာ ဒီလိုရဲရင့်တဲ့ အမျိုးသမီးတွေအများကြီးနဲ့ အလုပ်လုပ်ခဲ့ပြီး၊ သူတို့ရဲ့ အတွေ့အကြုံတွေကို လေ့လာခဲ့ပါတယ်။
ပထမဆုံး မြင်သာတဲ့ အချက်ကတော့ သူတို့ဟာ သက်သောင့်သက်သာရှိတဲ့ အိမ်တွေကို စွန့်ခွာပြီး တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်ခဲ့တာကို နောင်တ မရကြဘူးဆိုတာပါ။ သူတို့ဟာ လွတ်လပ်ရေး တိုက်ပွဲဝင်သူတွေ ဖြစ်တယ် ဆိုတဲ့ သူတို့ရဲ့ ကိုယ်ပိုင်အမှတ်သညာ အပေါ် အလွန် ဂုဏ်ယူကြပါတယ်။
ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဒီတပ်ဖွဲ့တွေ အတွင်း အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ ရှိကြရတဲ့ အကြောင်းကိုလည်း ထပ်ခါတလဲလဲ ဖော်ပြကြပါတယ်။ အဲဒီစိုးရိမ်မှုတွေထဲမှာ ... ကျား၊မအခြေပြု ခွဲခြား ဆက်ဆံခံရတာက စလို့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနဲ့ အကြမ်းဖက်မှုအထိ အမျိုးမျိုး ပါဝင်ပါတယ်။ PDF နဲ့ EAO တပ်ဖွဲ့ခွဲ အများအပြားထဲမှာလည်း မြန်မာလူ့အဖွဲ့အစည်းထဲမှာလိုပါပဲ ... သမိုင်းကြောင်းတလျှောက် အမြစ်တွယ်နေတဲ့ အမျိုးသားကြီးစိုးတဲ့ တန်ဖိုးတွေဟာ ကံမကောင်းစွာနဲ့ ပဲ လွှမ်းမိုးနေဆဲ ဖြစ်ပါတယ်။
ဒါကြောင့် တမင် ရည်ရွယ်ချက်ရှိရှိ မရှိရှိ၊ အာဏာရှိတဲ့ အမျိုးသားခေါင်းဆောင်တွေဟာ ရိုးရာ ထုံးတမ်း အစဥ်အလာ အရ အမျိုးသမီးတွေရဲ့ အလုပ်လို့ သတ်မှတ်ထားတဲ့ အခန်းကဏ္ဍတွေဆီကိုပဲ အမျိုးသမီးတွေကို တွန်းပို့ထားပါတယ်။ ချက်ပြုတ်တာ၊ ပြုစု စောင့်ရှောက်တာ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးတာနဲ့ အပ်ချုပ်တာမျိုးတွေလို ကဏ္ဍတွေက အမျိုးသမီးတွေ အတွက်ပဲ ဆိုတာမျိုး ဖြစ်ပါတယ်။
ဒါကြောင့် အမျိုးသမီးအများအပြားဟာ အဓိပ္ပာယ်ရှိတဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍတွေ ရရှိဖို့၊ စစ်ရေးကိစ္စတွေမှာ ကိုယ်ပိုင်အမြင်တွေ ပြောဆိုခွင့်ရဖို့ ရုန်းကန် နေကြရပါတယ်။
အမျိုးသမီးရေးရာကိစ္စတွေ အပေါ် အာရုံစိုက်တဲ့ တော်လှန်ရေးအင်အားစု တချို့လည်း ရှိကြပါတယ်။ အဖွဲ့ထဲမှာ အမျိုးသမီးတွေရဲ့ စိုးရိမ်ချက်တွေကို နားထောင်ပြီး၊ အခွင့်အရေးတွေ တိုးတက်လာအောင်၊ တာဝန်ခံမှု လုပ်ငန်းစဉ်တွေ ပိုခိုင်မာ လာအောင်နဲ့၊ ဆွေးနွေးတာတွေ ပိုဖြစ်လာအောင် အမျိုးသမီးတွေနဲ့ ပူးပေါင်း လုပ်ဆောင်ကြပါတယ်။
ဒါပေမယ့် သူတို့မှာ စစ်ရေး၊ နိုင်ငံရေးတွေကနေ ခေတ္တ အားလပ်တဲ့ အချိန်မျိုးမှာ အဲဒီလို လုပ်ဆောင်ကြတဲ့ ပုံမျိုး ဖြစ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခအခြေအနေကို ထည့်စဉ်းစားမယ်ဆိုရင် အဲဒီလိုအချိန်က သိပ်မများလှပါဘူး။ အမျိုးသမီး အခွင့်အရေးလှုပ်ရှားမှုနဲ့ ဒီမိုကရေစီလိုလားတဲ့ လှုပ်ရှားမှုတွေဟာ တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်တယ် .... ယှဥ်တွဲ တည်ဆောက်နိုင်တယ် ဆိုတာကို သိမြင်မထားတဲ့ အရေအတွက်ဟာ တော်လှန်ရေး အင်အားစုတွေထဲမှာလည်း မနည်းလှပါဘူး။ ဒါကြောင့် အမျိုးသမီးရေးရာ ကိစ္စတွေဟာ နောက်ဆုံးဦးစားပေးအဖြစ် ရှိနေဆဲပါ။
ဘီဘီစီ။ ။ အခုကျွန်တော်တို့ ဆွေးနွေးခဲ့ကြတာတွေဟာ နေပြည်တော်ဘက်နဲ့ တော်လှန်ရေးဘက် ဆိုပြီး နှစ်ပိုင်းခွဲ ပြောခဲ့တာမျိုး ဖြစ်ပါတယ်။ အဲဒီ နှစ်ဘက်ဟာ ငြိမ်းချမ်းရေး ဖြစ်စဥ်ထဲ ဆုံမှတ် တစ်ခု ရှိလာပြီ ဆိုရင်ရော ... ပြီးပြည့်စုံတဲ့ လုပ်ငန်းစဥ် တစ်ခု ဖြစ်လာဖို့ ဘာတွေ လိုအပ်မလဲ။
အစ္စဘယ်လာအောင်။ ။ ဟုတ်ကဲ့ ... တကယ်လိုသာ ပေါ့လေ ... စစ်အာဏာပိုင်တွေဘက်က တိုက်ပွဲတွေအားလုံး ရပ်မယ်လို့ ကတိပြုပြီး ... အဲဒီ ကတိကိုလည်း တကယ်တမ်း ထိန်းသိမ်းတဲ့ အတွက်၊ တော်လှန်ရေး အင်အားစုတွေနဲ့ စကားပြောတာမျိုး ဖြစ်လာပြီ ဆိုကြပါစို့ .... အမျိုးသမီး အခွင့်အရေး အခန်းကဏ္ဍကိုလည်း တကယ်မှ ထည့်သွင်းချင်တယ် ဆိုရင်၊ ပထမဆုံး လုပ်ရမယ့်အရာကတော့ အမျိုးသမီးတွေ အမှန်တကယ် ဆွေးနွေးပွဲစားပွဲပေါ် ရောက်လာအောင် လုပ်ဖို့ လိုပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတစ်ယောက်၊ နှစ်ယောက်ပဲ ပါဝင်ပြီး စားပွဲဝိုင်းမှာ အမျိုးသား အယောက် ၂၀၊ ၃၀၊ ၄၀ လောက်က အမျိုးသမီးအခွင့်အရေးအကြောင်း ဆွေးနွေးနေတာမျိုး အများကြီးတွေ့ရပါတယ်။ အမျိုးသားတွေရဲ့ စကားကိုပဲ နားထောင်မယ့်၊ ဒါမှမဟုတ် အမျိုးသားတွေနဲ့ တူညီတဲ့အမြင်ရှိတဲ့ အမျိုးသမီးတစ်ယောက်ကို ပြယုဂ်အနေနဲ့ပဲ ထည့်ထားပြီး ... အမျိုးသမီး သန်းပေါင်းများစွာရဲ့ ဘဝနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်စေတာက အကျိုးရှိမှာ မဟုတ်ပါဘူး။
လုပ်ရမှာက မတူညီတဲ့ နောက်ခံအမျိုးမျိုးက အမျိုးသမီးတွေအတွက် နေရာဖန်တီးပြီး သူတို့ကို ဆွေးနွေးပွဲစားပွဲဆီ ခေါ်လာဖို့ပါ။ မြန်မာနိုင်ငံတဝန်းက နောက်ခံ မတူညီတဲ့ အမျိုးသမီးတွေ ပါဝင်နိုင်ဖို့ လိုအပ်ပါတယ်။ အခြေခံလူထု အသိုင်းအဝိုင်းတွေက အမျိုးသမီးတွေ အထူးသဖြင့် လိုအပ်ပါတယ်။
အခု အချိန်မှာတော့ စစ်အာဏာဘက်က ဖြစ်စေ၊ တက်ကြွလှုပ်ရှားသူတွေ ဘက်ကဖြစ်စေ အရှေ့ထွက် ပြောဆိုနေတဲ့ အမျိုးသမီးတွေကို ကြည့်မယ်ဆိုရင် ၊ အများအားဖြင့် ကျွန်မတို့လို အမျိုးသမီးတွေကိုပဲ တွေ့ရပါတယ်။ အနောက်တိုင်းပညာရေး ရရှိထားတဲ့ အမျိုးသမီးတွေ၊ မြန်မာနိုင်ငံမှာရှိနေရင်တောင် အင်္ဂလိပ်စကား ပြောတတ်တဲ့ အမျိုးသမီးတွေ၊ ဒါမှမဟုတ် မြို့ပြဒေသတွေမှာ ကြီးပြင်းလာတဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။
အခြေခံလူထုထဲက အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ရင် အဲဒီလို အမျိုးသမီးတွေပဲ စကားပြောခွင့်၊ အသံထုတ်ခွင့် ပိုရကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ... မြန်မာနိုင်ငံထဲ နေထိုင်နေဆဲဖြစ်ပြီး ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်မှာ ရုန်းကန်နေရတဲ့ အမျိုးသမီးတွေ၊ ပဋိပက္ခရဲ့ ဝန်ထုပ်ဝန်ပိုး အများဆုံးကို ထမ်းနေရတဲ့ အမျိုးသမီးတွေ အနေနဲ့ ပါဝင်ပတ်သက်ခွင့် အများဆုံး ရသင့်ပါတယ်။ သူတို့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို အတတ်နိုင်ဆုံး လျှော့ချပေးဖို့ ဆိုတာဟာ ဒီ ငြိမ်းချမ်းရေး စကားဝိုင်းတွေရဲ့ အဓိက ရည်မှန်းချက်တွေထဲက တစ်ခု ဖြစ်သင့်တဲ့ အတွက်၊ သူတို့ရဲ့ အသံတွေ အများဆုံး ပါဝင်နိုင်ဖို့ လိုပါတယ်။
ဒါကြောင့်... အမျိုးသမီးအခွင့်အရေးကိစ္စတွေကိုပါ ဖက်ဒရယ် ဒီမိုကရေစီဆိုင်ရာ ဆွေးနွေးမှုတွေနဲ့အတူ တပါတည်း ထည့်သွင်းထားတာမျိုးကိုမှ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။