ပြည်ပကနေ
ထောက်ပံ့ငွေတွေ၊ ချေးငွေတွေကို အားကိုးနေလို့မရဘဲ ပြည်တွင်းကုန်ထုတ်လုပ်မှု နဲ့
နိုင်ငံ့စီးပွားရေးတိုးတက်လာအောင်ဆောင်ရွက်ရမယ်လို့ ဦးမင်းအောင်လှိုင်က
ပြောလိုက်ပါတယ်။
ဩဂုတ် ၂၅
ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေး မှာ သူက အခုလို ပြောခဲ့တာပါ။
နေပြည်တော်ဟာ
ပြည်တွင်းက ရနိုင်သမျှ အရင်းအမြစ်တွေကို အသုံးချပြီး နိုင်ငံ့စီးပွားရေး
တိုးတက်အောင်လုပ်နေပေမဲ့ ပြည်ပနိုင်ငံတချို့က စီးပွားရေးအရရော၊ နိုင်ငံရေးအရပါ
ပိတ်ဆို့မှုတွေကြောင့် စီးပွားရေးတိုးတက်မှု နှောင့်နှေးနေတယ်လို့
ဦးမင်းအောင်လှိုင်က ပြောပါတယ်။
အခုလို
နိုင်ငံရေးနဲ့ စီးပွားရေးအရပိတ်ဆို့မှုတွေကိုလည်း
နိုင်ငံ့စီးပွားရေးတိုးတက်စေမယ့်အကောင်းဆုံးနည်းလမ်းတွေနဲ့ ကျော်လွှား
နေတယ်လို့လည်း သူက ပြောပါတယ်။
ကမ္ဘာ့ဘဏ်ကတော့
အရှေ့အလယ်ပိုင်း အီရန်မှာဖြစ်နေတဲ့ပဋိပက္ခနဲ့ မြန်မာပြည်တွင်းက အခြေအနေတွေကြောင့်
မြန်မာ့စီးပွားရေး အကျဘက်ကို ဆက်ရှိတယ်လို့ ခန့်မှန်ထားပါတယ်။
နောက်ပြီး
၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက နေပြည်တော်က ချမှတ်ကျင့်သုံးနေတဲ့ ပို့ကုန်သွင်းကုန်
မူ၀ါဒတွေကြောင့် ပြည်တွင်းမှာ ကုန်ပစ္စည်းရှားပါးပြတ်လပ်တာနဲ့
စျေးနှုန်းကြီးမြင့်တာတွေ ဆက်ဖြစ်နေပါတယ်။
ပို့ကုန်သွင်းကုန်
ပြုလွယ်ပြောင်းလွယ်ဖြစ်အောင်လုပ်ဖို့ မြန်မာနဲ့ နှစ်စဉ်ကုန်သွယ်မှု ထိုင်းဘတ်ငွေ
ဘီလျံဆယ်ချီ ရှိတဲ့ ထိုင်းဘက်ကလည်း မြန်မာကို တောင်းဆိုနေပါတယ်။ ဒါပေမဲ့
နေပြည်တော်ဟာ ဒီမူ၀ါတွေကို ဖြေလျော့ဟန်မပြသေးပါဘူး။
ပြည်တွင်းမှာ
ကုန်စျေးနှုန်းကြီးမြင့်တာနဲ့ သဘာ၀ဘေးတွေကြောင့်
ပျက်စီးဆုံးရှုံးမှုတွေဖြစ်နေချိန်မှာ နိုင်ငံ့စီးပွားရေးကို ပြည်ပအကူအညီမလိုဘဲ
လုပ်မယ်လို့ ဦးမင်းအောင်လှိုင်က ပြောလာတာပါ။
တဖက်မှာလည်း
နေပြည်တော်ဟာ အမေရိကန်ဒေါ်လာ အပေါ်မှီခိုမှု လျှော့ချတဲ့အနေနဲ့ တရုတ် ယွမ်ငွေ၊
အိန္ဒိယ ရူပီး၊ ရုရှား ရူဘယ် တွေနဲ့ မြန်မာကျပ်ငွေတို့
တိုက်ရိုက်ငွေလဲလှယ်နိုင်တဲ့ သဘောတူညီမှုတွေလည်း ပြုလုပ်ထားပါတယ်။
ဒါဟာ
ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ မြန်မာနိုင်ငံ ရဲ့ ပြည်ပငွေကြေးစီးဆင်းမှုတွေကို
နိုင်ငံတကာ ရဲ့ စောင့်ကြည့်မှု ရေဒါပေါ်ကနေ ရှောင်လွှဲသလိုလည်း ဖြစ်သွားစေတယ်လို့
ဘဏ်လုပ်ငန်းကျွမ်းကျင်သူတွေက ပြောပါတယ်။
ဩစတေးလျနိုင်ငံအခြေစိုက်တဲ့
အလုပ်သမားအရေးနဲ့ ဘဏ်လုပ်ငန်းအရေးတက်ကြွလှုပ်ရှားတဲ့ ဘဏ္ဍာနယ်သမဂ္ဂ(Finance
Sector Union) ကတော့
မြန်မာနိုင်ငံဗဟိုဘဏ်ကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့
ဩစတေးလျအစိုးရကို ဩဂုတ် ၁၃ ရက်ကပဲ တောင်းဆိုထားပါတယ်။
မြန်မာပြည်သူတွေဟာ
လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဆက်ကြုံနေပြီး ဩစတေးလျအစိုးရ အနေနဲ့ ဒါကို
ရပ်တန့်ဖို့ မြန်မာနိုင်ငံဗဟိုဘဏ်ကို
ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ပေးဖို့ အဲဒီအဖွဲ့က တောင်းဆိုထားပါတယ်။
ဦးမင်းအောင်လှိုင်အပါအဝင်
စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ၊ နိုင်ငံခြားဝင်ငွေရှာပေးနေတဲ့ဝန်ကြီးဌာန၊
အဖွဲ့အစည်းတွေကို အမေရိကန်၊ ယူကေ၊ ဥရောပသဂ္ဂ(အီးယူ) အပါအဝင် နိုင်ငံတကာက
ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားပေမဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ်ကို
ဒဏ်ခတ်ပိတ်ဆို့မှုတွေတော့ အခုချိန်အထိ မရှိသေးပါဘူး။