တိုက်ရိုက်ထုတ်လွှင့်မှု, ဘန်ကောက်က အလုံပိတ်ဘား မီးလောင်မှု သေဆုံးသူ ၂၇ ဦးအထိရှိ

ဘန်ကောက်က စားသောက်ဆိုင်(ဘား) မီးလောင်မှုမှာ သေဆုံးသူ ၂၇ ဦးအထိရှိလာတဲ့သတင်းအပါအဝင် ဇူလိုင် ၂၃ ရက် ကမ္ဘာနဲ့ နိုင်ငံတဝန်းထူးခြားသတင်းများကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ ရဲ့ ဇူလိုင် ၁၃ ရက် မနက် ၃ နာရီ ၄၅ မိနစ်အထိ အတည်ပြုအချက်အလက်အရ စားသောက်ဆိုင် မီးလောင်မှုကြောင့် သေဆုံးသူ ၂၇ ဦး ရှိ။
  • သေဆုံးသူတွေထဲ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁၈ ဦး ပါဝင်ပြီး အမျိုးသမီးအများဆုံးဖြစ်။
  • ထိခိုက်ဒဏ်ရာရသူ ၁၈ ဦး ရှိ၊ စိုးရိမ်ရသူ ၈ ဦး၊ ဒဏ်ရာရသူ ၇ ဦး (စောင့်ကြည့်အဆင့်) နဲ့ ဒဏ်ရာအနည်းငယ်ရသူ ၃ ဦး ရှိပြီး ဆေးရုံတွေကို ပို့ဆောင်ကုသပေးမှုပေးထား။
  • ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်တမှုတွေလျှော့ချရေးလုပ်ဖို့နဲ့ လူသားချင်းစာနာမှုအကူညီတွေ မြန်မာကဘယ်နေရာမဆိုပေးနိုင်ဖို့ ခွင့်ပြုရေး နေပြည်တော်ကို အာဆီယံ ထပ်‌တောင်းဆို
  • မင်းကင်းမြို့နယ်ထဲ စွပ်စွဲချက်တွေကြောင့် NUG ပကဖက ဖမ်းဆီးထားတဲ့ SRF တပ်ခေါင်းဆောင် ကိုစံတင်ထွန်း ထွက်ပြေးလွတ်မြောက်နေ
  • ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်စတဲ့မြို့ကြီးတွေမှာ လျှော့ချခဲ့တဲ့ စားသုံးဆီခွဲတမ်းတွေကို လာမယ့်ရက်ပိုင်းအတွင်း ပြန်တိုးပေးဖို့ရှိတယ်လို့ လုပ်ငန်းရှင်တချို့ပြော
  • ထိုင်း၊ ပတ္တရားမြို့မှာ အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးဝန်ကြီး၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ မြန်မာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့တို့ တွေ့ဆုံ
  • ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ထဲက ရေဘေးသင့်ရွာတွေမှာ ကယ်ဆယ်ရေးလုပ်နေတယ်လို့ အေအေပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဘူးသီး‌တောင်က ရေဘေးသင့်ရွာတွေမှာ ကယ်ဆယ်ရေးလုပ်နေတယ်လို့ အေအေပြော

    ဘူးသီးတောင်ဒေသထဲ ရေဘေးသင့်ရွာတစ်ခုက ကလေးငယ်တစ်ဦးကို ကယ်ဆယ်လာတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, အာရက္ခမင်းသမီးမီဒီယာ

    ဓာတ်ပုံ ပုံစာ, ဘူးသီးတောင်မြို့နယ်ထဲ ရေဘေးသင့် ကျေးရွာတစ်ရွာက ကလေးငယ်တစ်ဦးကို ကယ်ဆယ်နေတဲ့မြင်ကွင်းလို့ဆို

    ရခိုင်ပြည်နယ်ထဲက အာရက္ခတပ်တော်(အေအေ)ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်မြို့နယ်ထဲမှာ မနေ့ဇူလိုင် ၁၂ ရက်မှာ မိုးသည်းပြီး ရေကြီးရေလျှံဖြစ်ခဲ့တာကြောင့် ရွာတချို့ ရေမြုပ်ပြီး ဒေသခံတွေကို အေအေရဲ့ကယ်ဆယ်ရေးအဖွဲ့တွေကနေ ဘေးလွတ်‌ရာ ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

    ဒေသတွင်းသတင်းတချို့မှာလည်း ဘူးသီးတောင်မြို့အထက်ပိုင်းက ရပ်ကွက်တချို့နဲ့ ရွာပေါင်း ၆ ရွာလောက်က သက်ကြီးပိုင်းနဲ့ ကလေးသူငယ်တွေအပါအဝင် ဒေသခံတွေကို ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့တယ်လို့ ရေးသားဖော်ပြပါတယ်။

    အေအေထိန်းချုပ်ထားတဲ့မြို့နယ် ၆ ခု ထက်မနည်းမှာ ဇူလိုင်လဒုတိယ သီတင်းပတ်လောက်ကစပြီး ရေကြီးနေတာကြောင့် ကျေးရွာပေါင်းဆယ်နဲ့ချီ ‌ရေမြုပ်နေတယ်လို့ သတင်းရင်းမြစ်တချို့က အဲဒီအချိန်ကတည်းက ပြောထားပါတယ်။

    အေအေရဲ့လူသားစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ကတော့ လက်ရှိရေကြီးမှုအခြေအနေကို စောင့်ကြည့်နေပြီး လိုအပ်တာတွေ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

    HDCO ကတော့ ဘူးသီးတောင်မြို့အပါအဝင် မောင်တော၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ချင်းပြည်နယ်(ပလက်ဝ)စတဲ့မြို့နယ်တွေက ရပ်ကွက်နဲ့ ကျေးရွာ ၇၀ နဲ့အထက်မှာ ရေဘေးသင့်နေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ထုတ်ပြန်ထားပါတယ်။

    ဒါပေမဲ့ ခရိုင်ပြည်နယ်ထဲ အေအေ ထိန်းချုပ်နယ်မြေတွေမှာဖြစ်နေတဲ့ ရေကြီးမှု အတိုင်းအဆကို အေအေဘက်က အတိအကျ ထုတ်ပြန်တာတော့ မရှိသေးပါဘူး။ ဒီနေ့ ဇူလိုင် ၁၃ ရက် မနက်ပိုင်းမှာတော့ ရသေ့တောင်၊ မြောက်ဦးနဲ့ မောင်တောက ရွာတချို့မှာ ရေနည်းနည်း ပြန်ကျပြီး တချို့ရွာတွေမှာတော့ ရေမြုပ်တာ ဆက်ဖြစ်နေသေးတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။

    မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနကတော့ တနင်္သာရီ၊ မွန်နဲ့ ရခိုင်ပြည်နယ်တို့မှာ မနက်ဖြန်ဇူလိုင် ၁၄ ရက် မနက်ပိုင်းအထိ ‌ဒေသအလိုက်နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဒီနေ့ နေ့လယ်ပိုင်းမှာ သတင်းထုတ်ပါတယ်။

    အလားတူ ရခိုင်အပါအဝင် ရန်ကုန်၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ချင်းနဲ့ မွန် စတဲ့ဒေသတွေမှာ မိုးတိမ်တောင်တွေ ဆက်ပြီး ဖြစ်ထွန်းနေတာကြောင့် မိုးသည်းထန်တာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတွေဖြစ်နိုင်လို့ သတိပြုကြဖို့ တိုက်တွန်းထားပါတယ်။

  2. ထိုင်း၊ ပတ္တရားမှာ ထိုင်း၊ ဖိလစ်ပိုင်နဲ့ EROs အချို့တွေ့ဆုံ

    ဇူလိုင် ၁၂ ရက်တုန်းက ဘန်ကောက်မြို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာမြင်ရတဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဇူလိုင် ၁၂ ရက်တုန်းက ဘန်ကောက်မြို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာမြင်ရတဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး

    ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးလာဇရိုနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက် တို့ဟာ မြန်မာကတိုင်းရင်းသားလက်နက်ကိုင် - EROs အဖွဲ့တချို့နဲ့ ဒီကနေ့ ဇူလိုင် ၁၃ ရက်မှာ တွေ့ဆုံဖို့ရှိတယ်လို့ ဒီအကြောင်းသိရှိထားတဲ့ သံတမန် သတင်းရင်းမြစ်ကပြောပါတယ်။

    ချင်းမိုင်အခြေစိုက် သံတမန်သတင်းရင်းမြစ်ရဲ့ ကနဦးရရှိတဲ့ အချက်အလက်တွေအရ ဖိတ်ကြားခံရတဲ့အထဲမှာ K2C ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (Karenni National Progressive Party - KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး(CNF/CNA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)တို့ ပါဝင်တယ်လို့ သူက ပြောပါတယ်။

    ''EROs တွေကိုလည်း တစုတစည်းတည်းတွေ့တာမဟုတ်ဘဲ သီးခြားတွေ့မယ်လို့ သိထားပါတယ်။ လုံခြုံရေးအကြောင်းပြချက်နဲ့ ပတ္တရားကို ခေါ် တွေ့တာလို့ သိထားပါတယ်'' လို့ သံတမန် သတင်းရင်းမြစ်က ပြောပါတယ်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ ဘီဘီစီက မေးမြန်းထားပြီး ပြန်လည်ဖြေကြားတာမရှိ‌သေးပါဘူး။

    အာဆီယံ‌ရေးရာကျွမ်းကျင်သူ၊ နိုင်ငံရေးအကဲခတ် ဦးဝင်းမင်းကတော့ ထိုင်းအစိုးရအနေနဲ့ ထိုင်းနိုင်ငံအကျိုးစီးပွားအပေါ် အခြေခံပြီး မြန်မာအရေးဆွေးနွေးပွဲတွေကို ဦးဆောင်နေသလို နေပြည်တော်နဲ့ အနီးကပ် ညှိနှိုင်းဆောင်ရွက်နေတဲ့ ပုံစံပေါ်လာတယ်လို့ သူ့အမြင်ကို ပြောပါတယ်။

    ထိုင်းအစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံမှုမှာ အဓိက သက်ဆိုင်သူအားလုံးကို ဖိတ်ကြားတာမရှိဘဲ ရွေးချယ်ဖိတ်ကြားမှုရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ရှုမြင်နေတယ်လို့သူကပြောပါတယ်။

    သူ့အမြင်အရ ထိုင်းအစိုးရအနေနဲ့ ထိုင်းနယ်စပ်အနီးရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုသာ အဓိကဖိတ်ခေါ် မှုဟာ နယ်စပ်ဒေသရှိ ဒုက္ခသည်ပြဿနာနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ ပြဿနာတွေကို ဖြေရှင်းလိုတဲ့အတွက် သူ့ရဲ့အမျိုးသားအကျိုးစီးပွားအပေါ် ဦးစားပေးတာလို့ သူက သုံးသပ်ပါတယ်။

    တစ်ဖက်မှာလည်း ဒီလို သီးခြားစီတွေ့ဆုံမှုက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို ဖယ်ထားမှုဖြစ်စေတယ်လို့ သူက ထောက်ပြပါတယ်။

    မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထိုင်းရဲ့တက်ကြွမှုဟာ သူ့နိုင်ငံရဲ့ ပထဝီဝင်နိုင်ငံရေး၊လုံခြုံရေးစဥ်းစားချက်တွေနဲ့လည်း ချိတ်ဆက်နေသလို တစ်ချိန်တည်းမှာ မြန်မာ့အရေးကို ဖြေရှင်းပေးနိုင်တဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ်လည်း ပုံဖော်လိုတာလို့ သံတမန်သတင်းရင်းမြစ်တချို့က အစောပိုင်းမှာ ပြောထားပါတယ်။

  3. ပတ္တရားမှာ ထိုင်း၊ ဖိလစ်ပိုင်နဲ့ နေပြည်တော်ရဲ့ NSPNC အဖွဲ့ဝင်တချို့ တွေ့ဆုံမယ်

    ဇူလိုင် ၂ ရက်တုန်းက နေပြည်တော်မှာ NSPNC အဖွဲ့နဲ့ မွန်ပြည်သစ်တို့ တွေ့ဆုံမှုလို့ NSPNC က သတင်းထုတ်

    ဓာတ်ပုံ ရင်းမြစ်, NSPNC

    ဓာတ်ပုံ ပုံစာ, ဇူလိုင် ၂ ရက်တုန်းက နေပြည်တော်မှာ NSPNC အဖွဲ့နဲ့ မွန်ပြည်သစ်တို့ တွေ့ဆုံမှုလို့ NSPNC က သတင်းထုတ်

    အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးဝန်ကြီး လာဇရိုနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက် တို့ဟာ နေပြည်တော်ရဲ့ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ဖြစ်တဲ့ NSPNC က အဖွဲ့ဝင်တချို့နဲ့ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ တွေ့ဆုံမယ်လို့ NSPNC နဲ့ နီးစပ်သူတစ်ဦးဆီကနေ သိရှိရပါတယ်။

    အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) ကို ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦး​ဆောင်တာဖြစ်ပြီး ဦးမင်းအောင်လှိုင်က သမ္မတရာထူးယူအပြီးမှာ ပြန်လည်ဖွဲ့စည်းပေးထားတာဖြစ်ပါတယ်။

    ဒီနေ့ ပတ္တရားက ဆွေးနွေးပွဲကိုတော့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးနဲ့ ဦးလှမောင်ရွှေတို့ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်တယ်လို့ သိရှိရပါတယ်။

    ဘန်ကောက်အခြေစိုက်သံတမန်ရင်းမြစ်ကတော့ ''မြန်မာအရေးမှာ ထိုင်းရဲ့အခန်းကဏ္ဍက ရှေ့ကို ရောက်လာပြီး နေပြည်တော်ကို အာဆီယံမှာ ပြန်ဝင်ဆံ့ဖို့ အားထုတ်ပေးနေတာ'' လို့ ကောက်ချက်ချပါတယ်။

    တဖက်မှာလည်း ဒီကနေ့မှာပဲ အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးလာဇရိုနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်တို့ဟာ မြန်မာကတိုင်းရင်းသားလက်နက်ကိုင်( EROs) အဖွဲ့တချို့နဲ့ သီးခြား တွေ့ဆုံဖို့ရှိနေတယ်လို့ EROs တချို့နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ဆီကနေ သိရှိထားရပါတယ်။

    ''ထိုင်းက နှစ်ဖက်စလုံးကို အပြိုင်တွေ့နေတဲ့သဘောရှိတယ်'' လို့ NSPNC နဲ့ နီးစပ်သူကပြောပါတယ်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ ဘီဘီစီက မေးမြန်းထားပြီး ပြန်လည်ဖြေကြားတာမရှိ‌သေးပါဘူး။

    ဘီဘီစီအနေနဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မှု ရှိ၊ မရှိကိုလည်း သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစား‌‌နေပါတယ်။

  4. စားဆီပြင်ပပေါက်စျေး ၂ ဆနီးပါးစျေးတက်နေချိန် မြို့ကြီးတွေရဲ့စားဆီခွဲတမ်း ပြန်တိုးဖို့ရှိတယ်လို့ဆို

    ရန်ကုန်၊ ဗဟန်းမြို့နယ်က ရပ်ကွက်တစ်ခုမှာ စားသုံးဆီရောင်းချနေတဲ့မြင်ကွင်း (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရန်ကုန်၊ ဗဟန်းမြို့နယ်က ရပ်ကွက်တစ်ခုမှာ စားသုံးဆီရောင်းချနေတဲ့မြင်ကွင်း (ပုံဟောင်း)

    ရန်ကုန်တိုင်းအတွက် ဖြန့်ဝေပေးနေတဲ့ စာသုံးဆီခွဲတမ်းကို တန်ချိန်ထောင်ချီအထိ လျှော့ချခဲ့ပြီး တစ်ပတ်အကြာမှာပဲ ဆီခွဲတမ်းကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်စတဲ့မြို့ကြီးတွေမှာ စားသုံးဆီခွဲတမ်းတွေကို လာမယ့်ရက်ပိုင်းအတွင်း ပြန်တိုးပေးဖို့ရှိတယ်လို့ ဆီလုပ်ငန်းရှင်တချို့ဆီကနေ သိရပါတယ်။

    ရန်ကုန်တိုင်းရဲ့ဆီခွဲတမ်းကို ဇူလိုင် ပထမအပတ်မှာ တန်ချိန် ၁၄,၈၅၀ ကနေ ၆,၀၁၅ ခန့် လျှော့ချခဲ့တာကြောင့် ဒါဟာ ခွဲတမ်းကို ထက်ဝက်ကျော် လျှော့ချခဲ့တာဖြစ်ပါတယ်။

    ဆီလုပ်ငန်းရှင်တွေကတော့ နေပြည်တော်ဟာ နိုင်ငံခြားငွေအသုံး လျှော့ချဖို့ဆိုပြီး စားသုံးဆီ တင်သွင်းတာကို လျှော့ချလိုက်လို့ ပြည်တွင်းမှာ ခွဲတမ်းတွေလည်း လျော့ကျသွားတာလို့ပြောပါတယ်။

    ရန်ကုန်က စားသုံးဆီလုပ်ငန်းရှင်တစ်ဦးကတော့ လျှော့ချခဲ့တဲ့ဆီခွဲတမ်းတန်ချိန် ၆,၀၁၅ ကို လာမယ့်ရက်ပိုင်းအတွင်း မူလအတိုင်းဖြစ်အောင် ပြန်တိုးပေးသွားဖို့ရှိတယ်ဆိုပြီး သိရတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

    ဆီခွဲတမ်း လျှော့ချပြီးနောက် လူနေထူထပ်မှုများတဲ့ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ စားသုံးဆီ ရှားပါးမှုဖြစ်နေပြီး ဈေးတွေ ၂ ဆဝန်းကျင် မြင့်တက်လာတာကြောင့် ဆီခွဲတမ်းကို ပြန်တိုးပေးဖို့ စီစဉ်နေတာလို့ သိရတဲ့အကြောင်းလည်း သူက ပြောပါတယ်။

    မန္တလေးတိုင်းမှာလည်း ခွဲတမ်းလျှော့ချခဲ့တဲ့ ဆီတန်ချိန် ၃၆၉ တန်နဲ့ နေပြည်တော်အတွက် တန်ချိန် ၁,၀၂၅ တန်ကိုလည်း ပြန်တိုးပေးမှာဖြစ်တယ်လို့ အဲဒီ‌ဒေသက စားသုံးဆီ လုပ်ငန်းရှင်တချို့ဆီကနေ သိရပါတယ်။

    ရန်ကုန်က မြို့နယ်တချို့မှာတော့ ဆီလုပ်ငန်းရှင်များအသင်းကနေ ဒီနေ့ ဇူလိုင် ၁၃ ရက်မှာ အိမ်ထောင်စုတစ်စုအတွက် စားသုံးဆီ တစ်ပိဿာကို ကျပ် ၇,၀၀၀ ကျော်နဲ့ ရောင်းချပေးနေတယ်လို့ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

    “အကြော်ဆိုင်တို့ လက်ဖက်ရည်ဆိုင်တို့လို သတ်မှတ်ထားတဲ့လုပ်ငန်းရှင်တွေကိုတော့ ဦးစားပေး ရောင်းတာပေါ့” လို့ သူက ဖြည့်ပြောပါတယ်။

    တစ်ပိဿာကို ဆီလုပ်ငန်းရှင်များအသင်းက ချပေးတဲ့ ဆီဈေး ကျပ် ၇,၆၇၅ နဲ့ ဝယ်ယူခဲ့တယ်လို့ သင်္ဃန်းကျွန်းမှာနေထိုင်တဲ့မြို့ခံတစ်ဦးက ပြောပါတယ်။

    ဒါပေမဲ့ ရန်ကုန်က မြို့နယ်အလိုက် ရပ်ကွက်ဈေးတွေမှာတော့ စားသုံးဆီ တစ်ပိဿာကို ကျပ် ၁၇,၀၀၀ ကနေ ၁၈,၀၀၀ ကြား ဈေးပေါက်နေတယ်လို့ ရန်ကုန်မှာနေထိုင်တဲ့သူတချို့က ဆိုပါတယ်။

    ဇူလိုင်လထဲမှာပဲ နေပြည်တော်သမ္မတရုံးပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုးကတော့ မြန်မာနိုင်ငံမှာ လူတစ်ဦးချင်းစီရဲ့စားဆီ စားသုံးမှုတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့အကြံပြုချက်ထက် ကျော်လွန်နေပြီး ဒါကြောင့် ပြည်တွင်းကို စားဆီသွင်းရတဲ့နိုင်ငံခြားငွေ ပမာဏလည်း တိုးလာရတယ်လို့ ပြောပါတယ်။

    ပြည်တွင်းမှာ စားသုံးဆီတွေ ဈေးတက်နေတာကို စိစစ်မယ်လို့လည်း သူက ပြောပါတယ်။

    ဒါပေမဲ့ ပြည်တွင်း မြို့ကြီးတွေမှာ ဒီနေ့ စားဆီ ပြင်ပ ပေါက်စျေးဟာ အာဏာပိုင်တွေ ရောင်းချပေးတဲနှုန်းထက် ၂ ဆ ကျော်နေပါတယ်။

  5. မင်းကင်းမြို့နယ်ထဲ NUG ဖမ်းထားတဲ့ကျောင်းသားတပ်(SRF)ခေါင်းဆောင် အချုပ်ကနေ ထွက်ပြေး

    ၂၀၂၄ ခုနှစ်က တွေ့ရတဲ့ SRF တပ်ဖွဲ့ဝင်တချို့

    ဓာတ်ပုံ ရင်းမြစ်, SRF

    ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ်က တွေ့ရတဲ့ SRF တပ်ဖွဲ့ဝင်တချို့

    စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲ စွပ်စွဲချက်တွေကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက် ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)က ဖမ်းဆီးထားတဲ့ ကျောင်းသားတော်လှန်ရေးတပ်(SRF)ခေါင်းဆောင် ကိုစံတင်ထွန်းဟာ အချုပ်ကနေ ထွက်ပြေးသွားတယ်လို့ မင်းကင်းမြို့နယ် ပကဖနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

    ကိုစံတင်ထွန်းကို အချုပ်ထောင်ထဲမှာ ထိန်းသိမ်းထားတာဖြစ်ပြီး “ဇူလိုင် ၇ ရက်နေ့တုန်းက လွတ်သွားတာဆိုတော့ တစ်ပတ်နီးပါး ကြာနေပြီ” လို့ သူက ဆက်ပြောပါတယ်။

    ဦးစံတင်ထွန်းကို သူ့ရဲ့ SRF တပ်ဖွဲ့ဝင် ၄ ယောက်က ဆိုင်ကယ် ၃ စီးနဲ့ ကြိုတင်ပြင်ဆင် လာရောက်ခေါ်ဆောင်သွားတာဖြစ်ပြီး သူတို့နဲ့အတူ ပကဖ အချုပ်ထောင်ကို စောင့်ကြပ်တဲ့ ပကဖတစ်ဦးလည်း ထွက်ပြေးသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။

    “အချုပ် တာဝန်ခံ ပကဖ ကိုပါ စည်းရုံးပြီး အတူတူ ပြေးသွားကြတာ” လို့ သူက ပြောပါတယ်။

    ကိုစံတင်ထွန်း ခေါင်းဆောင်တဲ့ SRF ဟာ မင်းကင်းမြို့နယ်ထဲ တပ်သားသစ်စုဆောင်းတာ၊ ကာကွယ်ရေးစရိတ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ အိမ်ထောင်စုအလိုက် ဖိအားပေးငွေကြေးတောင်းခံတာတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။

    မင်းကင်းမှာ NUG အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးလည်း လည်ပတ်တာဖြစ်လို့ ကိုစံတင်ထွန်းခေါင်းဆောင်တဲ့ SRF နဲ့ NUG အုပ်ချုပ်ရေးတို့ အခုနှစ် ဖေဖော်၀ါရီလမှာ တင်းမာမှုဖြစ်ခဲ့ပါတယ်။

    အဲဒီနောက် မေလ ၂၇ ရက်မှာတော့ SRF ဥက္ကဋ္ဌ ကိုစံတင်ထွန်းအပါအဝင် တပ်ဖွဲ့ဝင် ၁၆ ဦးကို NUG ရဲ့ မင်းကင်းမြို့နယ် ပကဖကနေ အင်အားသုံးပစ်ခတ်မှု တွေလုပ်ပြီး ဖမ်းဆီးထားတယ်လို့ SRF က စာထုတ်ပါတယ်။

    မင်းကင်းပကဖနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ ဦးစံတင်ထွန်းတစ်ဦးတည်းကိုသာ ဖမ်းဆီးထားတာဖြစ်ပြီး ကျန်တဲ့ SRF တပ်ဖွဲ့ဝင်တချို့ကို အကျယ်ချုပ်သဘောနဲ့ ဒေသထဲမှာ နေထိုင်ခွင့်ပေးထားတယ်လို့ ပြောပါတယ်။

    ဒါပေမဲ့ SRF တပ်ဖွဲ့ဝင်တချို့ကို အကျယ်ချုပ်သဘောနဲ့ လွတ်လပ်စွာနေထိုင်ခွင့်ပေးထားတာမျိုး ဟုတ်မဟုတ် ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

    အဲဒီနောက် မေလကုန်ပိုင်းမှာ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ကနေ SRF ရဲ့ဥက္ကဋ္ဌ နဲ့ NUG ရဲ့ မင်းကင်းနဲ့ ကလေးခရိုင် တပ်ရင်းတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ပြီး သဘောတူညီချက်ရခဲ့တယ်လို့ မင်းကင်း ပအဖက ထုတ်ပြန်ပါတယ်။

    သဘောတူညီချက်အရ အမှုဖွင့်တိုင်ကြားခံရတဲ့ SRF ရဲဘော်တွေကို ဥပဒေ‌ဘောင်ထဲက ဖြေရှင်းဖို့နဲ့ ပြစ်မှုကျူးလွန်မှုမရှိတဲ့ SRF ရဲဘော်တွေကို NUG ရဲ့ COC နှစ်ရပ်ကို လက်ခံပြီးတော်လှန်ရေးဆက်လုပ်ဖို့ ဆိုတဲ့အချက်တွေကို လက်ခံခဲ့ကြတယ်လို့ မင်းကင်းပအဖရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

    CoC နှစ်ရပ်ဆိုတာဟာ ဆင့်ကဲကွပ်ကဲမှုစနစ် (Chain of Command)နဲ့ စစ်သည်ကျင့်ဝတ်(Code of Conduct) ကိုဆိုလိုတာဖြစ်ပါတယ်။

    ဒီထုတ်ပြန်ချက်ပြီးတဲ့နောက် NUG ရဲ့ COC ကို သဘောတူလက်ခံပြီး ဝင်လာတဲ့ SRF ရဲဘော်အရေအတွက် ၁၀၀ ရှိတယ်လို့ မင်းကင်းမြို့နယ် ပကဖတစ်ဦးကပြောပါတယ်။

    မင်းကင်းက SRF နဲ့ ကိုစံတင်ထွန်းတို့ အခြေအနေနဲ့ပတ်သက်ပြီး ဘီဘီစီက SRF ဘက် ပြောခွင့်ရသူထံ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

  6. လူငယ်တွေ ဖူးစာဆုံဖို့ တောင်ကိုရီးယားဘုန်းကြီးတွေ ဘယ်လိုကူညီနေလဲ

    ကျောင်းဆောင်တစ်ခုထဲမှာ လူအချို့ ကြမ်းပြင် ကူရှင်တွေပေါ် ပစောက်သဏ္ဍာန် ထိုင်နေကြပြီး ဆရာတော် ၃ ပါးကလည်း ကင်မရာကို ကျောပေးရပ်နေ

    ဓာတ်ပုံ ရင်းမြစ်, BBC/Hose Lee

    ဓာတ်ပုံ ပုံစာ, ဒီတွေ့ဆုံပွဲမှာ ပါဝင်သူတွေဟာ ရည်းစားရှာရတာ ခက်ခဲတယ်လို့ သိကြတဲ့လူတွေဖြစ်တာကြောင့် နောက်ဆုံးမှာ ဆရာတော်တွေရဲ့အကူအညီကို ယူလာကြတာဖြစ်ပါတယ်

    တောင်ကိုရီးယားမှာ လူငယ်တွေ လက်ထပ်ထိမ်းမြားနှုန်းနဲ့ ကလေးယူနှုန်းကျဆင်းနေတာကြောင့် ဒေသန္တရအစိုးရအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေက ဖူးစာ ရှာဖွေပေးတဲ့အစီအစဉ်တွေ လုပ်နေပါတယ်။

    ဒီအချိန်မှာပဲ တောင်ကိုရီးယားက နာမည်ကျော် ပယ်လဂွန်ဆယ်တောင် သစ်ရိပ်ဝါးရိပ်အောက် ကျောင်းတော်တစ်ခုထဲမှာ လူငယ်ဆယ်ကျော်သက်တွေကို ဖူးစာရှာပေးတဲ့အစီအစဉ်တစ်ခု ရှိနေပါတယ်။

    ဒီလူငယ်တွေဟာ နာရီပေါင်း ၃၀ အတွင်း ပြုလုပ်မယ့်အစီအစဉ်တွေမှာ ပါဝင်ပြီး တစ်ယောက်နဲ့တစ်ယောက် ခပ်တန်းတန်း အနေအထားကနေ မေတ္တာသက်ဝင်သွားကြတဲ့အထိ ဖြစ်မလားဆိုတာကို ကြိုးပမ်းကြရမှာပါ။

    ထူးခြားတာက အခုဖူးစာဖက်ရှာပေးတဲ့အစီအစဉ်ကို ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ပြုလုပ်နေတာဖြစ်ပါတယ်။

    ကျောင်းက ပြန်အထွက်မှာ ဒီလူငယ်တွေ ဖူးစာဖက်အသီးသီးရရှိကြမှာပါလား။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  7. ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ကျဉ်းတွေကို ပြန်လွှတ်ပေးရေးအပါအဝင် အချက် ၃ ချက်ကို တောင်းဆိုခဲ့တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးပြော

    စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှနန် (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှနန် (ပုံဟောင်း)

    ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေလျှော့ချရေးလုပ်ဖို့နဲ့ လူသားချင်းစာနာမှုအကူညီတွေ မြန်မာတလွှား ကျယ်ကျယ်ပြန့်ပြန့်ရောက်နိုင်ဖို့တွေ ပြုလုပ်ရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာကို တောင်းဆိုခဲ့တယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

    မနေ့တုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာပြုလုပ်တဲ့ မြန်မာ့အ‌ရေးအလွတ်သဘောဆွေးနွေးပွဲကနေ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်တွေနဲ့တွေ့ဆုံချိန် ထပ်ပြီး တောင်းဆိုလိုက်တာလို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှနန်က ပြောပါတယ်။

    အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့အကြမ်းဖက်မှုတွေကို အပြီးတိုင် ရပ်တန့်ဖို့၊ မြန်မာနိုင်ငံအနှံ့အပြား ဘယ်နေရာကိုပဲဖြစ်ဖြစ် လူသားစာနာမှုအကူအညီတွေ အာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Center)ကနေတဆင့် ပေးနိုင်ရေးကိုလည်း အာဆီယံဝန်ကြီးတွေက တောင်းဆိုခဲ့တယ်လို့ သူက ပြောပါတယ်။

    မြန်မာ့အရေးနဲ့ပတ်သက်လာရင် အပြုသဘောဆောင်တဲ့ သိသာတဲ့တိုးတက်မှုတစ်ခုကိုလည်း မြင်တွေ့လိုတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှနန်က ထုတ်ပြောပါတယ်။

    အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာထရီဇာ လာဇာရိုကလည်း ဆွေးနွေးပွဲအပြီး ဇူလိုင် ၁၃ ရက်မှာပဲလုပ်တဲ့ သူ့ရဲ့သတင်းစာရှင်းလင်းပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးကောင်းမွန်ပြီး စောင့်ရှောက်ထားတယ်လို့ နေပြည်တော်ဝန်ကြီး ဦးတင်မောင်ဆွေရဲ့ပြောပြချက်ကို သူက အသိပေးထားပါတယ်။

    မြန်မာနဲ့ပတ်သက်ပြီး အာဆီယံက ချမှတ်ထားတဲ့ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်ဖို့ရာလည်း အရင်အတိုင်း အရေးပါနေဆဲဖြစ်တယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ထောက်ပြတဲ့အကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ကထပ်ပြောပါတယ်။

    နေပြည်တော်ကို အာဆီယံဝန်ကြီးတွေ တောင်းဆိုတဲ့အချက်တွေအပေါ် နေပြည်တော်ဘက်က ဘယ်လိုတုံ့ပြန်မလဲ၊ တိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့အခြေအနေတွေကိုလည်း အာဆီယံက ဆက်ပြီးစောင့်ကြည့်နေတယ်လို့ သူက သတင်းစကားပါးပါတယ်။

  8. ဘန်ကောက်မြို့က ဘီယာ ဘား မီးလောင်မှုကို စုံစမ်းစစ်ဆေးရေး စတင်

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လက်ဖရောင်လမ်းပေါ်က လူ ၂၇ ဦးသေဆုံးခဲ့တဲ့ ဘီယာဆိုင် မီးလောင်မှုကို ထိုင်းအာဏာပိုင်တွေက ဒီနေ့ မနက်ပိုင်းကစလို့ စုံစမ်းစစ်ဆေးမှု စတင်နေပြီလို့ ဘီဘီစီထိုင်းဘာသာစကားဌာနက သတင်းဖော်ပြပါတယ်။

    ဆေးမှုခင်းဆိုင်ရာစုံစမ်းစစ်ဆေးသူတွေနဲ့ ဓာတုကျွမ်းကျင်သူတွေဟာ မီးလောင်ရတဲ့အကြောင်းရင်းနဲ့ အဆောက်အဦရဲ့ဘေးကင်းလုံခြုံမှုစံနှုန်းတွေကို ဘန်ကောက်စံတော်ချိန် ဒီနေ့ နက် ၉ နာရီကစလို့ စတင်စုံစမ်းစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

    ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ကလည်း ဒီဖြစ်ရပ်မှာ ထိခိုက်သေဆုံးသူတွေရဲ့ကျန်ရစ်သူ မိသားစုတွေကို အကူအညီပေးဖို့ ညှိနှိုင်းရေးစင်တာတစ်ခု ထူထောင်ထားလိုက်ပြီဖြစ်ပါတယ်။

    ထိုင်းသတင်းဌာန ခေါက်ဆွတ်မှာတော့ သေဆုံးသူ ၂၇ ဦးထဲက ၁၀ ဦးဟာ ဘယ်သူတွေလဲဆိုတာကို အာဏာပိုင်တွေက ဒီနေ့ မနက်ပိုင်းမှာ အမည်ဖော်ထုတ်နိုင်ပြီလို့ သတင်းဖော်ပြပါတယ်။

  9. ဘားဆိုင်မီးလောင်ပြီးနောက် ဘန်ကောက်မြို့တော်ဝန်ရဲ့ပြောကြားချက်များ

    • ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA)ရဲ့ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ချရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ရဲတပ်ဖွဲ့၊ မှုခင်းဆေးပညာရှင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက အခင်းဖြစ်ပွားတဲ့ နေရာကို စစ်ဆေးနေ၊ သေဆုံး‌သူတွေနဲ့ ပတ်သက်ပြီး ဘယ်သူဘယ်ဝါကို အတည်ပြုဖော်ထုတ်‌နေ
    • ကနဦးစစ်ဆေးချက်များအရ သေဆုံးသူအချို့ကို အဆောက်အအုံရဲ့ ဘယ်ဘက်အရေးပေါ်ထွက်ပေါက်အနီး မှာ တွေ့ရှိခဲ့ကြောင်း၊ ထွက်ပေါက်ပိတ်ဆို့မှုရှိခဲ့နိုင်ပေမဲ့ အတည်ပြုနိုင်ဖို့ အသေးစိတ်စုံစမ်းစစ်ဆေးရမယ်လို့ဆို
    • ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ဘန်ကောက်က အရက်၊ဘီယာနဲ့ ဘားဆိုင်တွေရဲ့ စီးပွားရေးလိုင်စင်နဲ့ ဘေးကင်းလုံခြုံရေးစံနှုန်းတွေကို စစ်ဆေးသွားမယ်လို့ဆို
    • အထူးသဖြင့် မီးဘေးအရေးပေါ်ထွက်ပေါက် အရေအတွက်နဲ့ အခြေအနေ၊ အရေးပေါ်ထွက်ပေါက် အမှတ်အသားတွေမြင်သာမှုနဲ့လမ်းကြောင်းများမှာ ပိတ်ဆို့မှု ရှိ၊ မရှိ တို့ကို စစ်ဆေးမယ်လို့ဆို
  10. ဘန်ကောက်က ဘားဆိုင်မီးလောင်မှု လူ ၂၇ ဦးသေဆုံး

    ဘားဆိုင်မီးလောင်ပြီးနောက် ကယ်ဆယ်ရေး မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, BBC Thai

    ဓာတ်ပုံ ပုံစာ, ဘားဆိုင်မီးလောင်ပြီးနောက် ကယ်ဆယ်ရေး မြင်ကွင်း

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဘီယာနဲ့ အရက်ရောင်းချတဲ့ဘားဆိုင်တစ်ဆိုင် မနေ့ ဇူလိုင် ၁၁ ရက် ည ၁၁ နာရီ ၅၇ မိနစ် က မီးလောင်မှု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၂၇ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲ အမျိုးသမီး အများဆုံးပါဝင်ပြီး အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁၈ ဦးအထိရှိခဲ့ပါတယ်။

    မျက်မြင်သက်သေတချို့ရဲ့ ပြောကြားချက်အရ ဘားဆိုင်မှာရှိတဲ့ သီချင်းဆိုဖျော်ဖြေတဲ့ စင်မြင့်အနီးကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားသလို အဲဒီနောက်မှာ မီး ကူးစက်မှုမြန်လွန်းကာ အခန်းတစ်ခုလုံးကို မီးခိုးတွေနဲ့ ဖုံးသွားတယ်လို့ ဆိုပါတယ်။

    လူမှုကွန်ရက်တွေမှာ ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းတွေအရ ဆိုင်ထွက်ပေါက်ကနေ မီးတောက်ကြီးတွေ အရှိန်ပြင်းစွာ ထွက်ပေါ်နေပြီး ဆိုင်ထဲက လူတွေက ထိတ်လန့်တကြား အပြင်ကို ထွက်ပြေးနေကြပါတယ်။ အချို့ဆိုရင် အင်္ကျီမှာ မီးစွဲတဲ့အထိ ဖြစ်လာပြီးထွက်ပြေးလာတာတွေ့ရပါတယ်။

    မီးသတ်သမားတွေက မီးကို အချိန်တိုအတွင်း ငြှိမ်းသတ်နိုင်ခဲ့ပေမဲ့ သေဆုံးသူအများစုရဲ့ ရုပ်အလောင်းတွေကို သန့်စင်ခန်း အတွင်း တွေ့ရှိခဲ့ပြီးအများစုက အဲဒီမှာ မီး လွတ်မယ်လို့ယူဆပြီး နေခဲ့ကြဟန်တူတယ်လို့ ကနဦးကောက်ချက်ချထားကြပါတယ်။

    ဒေသဆိုင်ရာ အာဏာပိုင်တွေက ဖြစ်စဉ်အသေးစိတ် စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောထားပါတယ်။

    မီလောင်မှုဖြစ်တဲ့နေရာကို ထိုင်းဝန်ကြီးချုပ်အနုတင် သွား‌ရောက်ခဲ့ပြီး စစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။ မီး‌လောင်မှုဖြစ်တဲ့ ဘားဆိုင်ဟာ ဘီယာဘားလို့လူသိများပြီး ဘန်ကောက်မြို့က လူသိများတဲ့ ချက်တူချက်အရပ်က လပ်ဖရောင်းမှာရှိတာဖြစ်ပါတယ်။

    မီး‌လောင်တဲ့နေရာကို ဝန်ကြီးချုပ်အနုတင်သွားရောက်ကြည့်ရှု

    ဓာတ်ပုံ ရင်းမြစ်, BBC Thai

    ဓာတ်ပုံ ပုံစာ, မီး‌လောင်တဲ့နေရာကို ဝန်ကြီးချုပ်အနုတင်သွားရောက်ကြည့်ရှု

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အခုလို ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့တာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ လေးနှစ်ကလည်း ဘန်ကောက်မြို့တောင်ဘက်က မြို့ တခုမှာ ဘားဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့လို့ လူ ၂၂ ဦး သေဆုံးခဲ့ပါတယ်။

    ၂၀၀၉ ခုနှစ်ကလည်း ဘန်ကောက်ရှိ နိုက်ကလပ်တစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့လို့ လူ ၆၆ ဦး သေဆုံးခဲ့ပါတယ်။

  11. မင်္ဂလာပါ။ ဇူလိုင် ၁၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။