ဘိုကလေးမြို့နယ်မှာ အမျိုးသားတစ်ဦး မိကျောင်းကိုက်ခံရပြီး သေဆုံး
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်းက အမဲချောင်းမှာ ဂဏန်းပိုက်ချနေတဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို ၁၅ ပေ ရှည်တဲ့ မိကျောင်းက ကိုက်ချီသွားခဲ့လို့ သေဆုံးခဲ့တယ်လို့ ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးက ထုတ်ပြန်ပါတယ်။
ဧပြီ ၂၇ ရက်၊ ည ၇ နာရီက ချောင်းထဲ ဂဏန်းပိုက်ချနေတဲ့ အမျိုးသားတစ်ဦးရဲ့လှေကို အလျား ၁၅ ပေ၊ ဗြက် ၃ ပေခန့်ရှိတဲ့ မိကျောင်းက ရေထဲကနေ လှမ်းကိုက်လိုက်တဲ့အချိန် လှေကို ထိလို့ လှေမှောက်သွားခဲ့ပြီး ရေထဲကျသွားတဲ့အချိန် မိကျောင်းက ကိုက်ချီသွားခဲ့တာလို့ ဆိုပါတယ်။
နောက်တစ်နာရီ လောက်အကြာမှာတော့ ဒေသခံတွေက အဲဒီအမျိုးသားတစ်ဦးရဲ့ခန္ဓာကိုယ်အနှံ့ ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။ ရုပ်အလောင်းကိုတော့ စက်ဆန်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဘိုကလေးမြို့နယ်မှာ မိကျောင်းကိုက်ခံရတာ ဒီနှစ်ထဲမှာ ပထမဆုံးအကြိမ် ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ နှစ်တွေထဲမှာတော့ ဒီလိုဖြစ်စဉ်တွေရှိခဲ့ဖူးတယ်လို့ ဘိုကလေးဒေသခံတစ်ဦးက ပြောပါတယ်။
ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောက မြစ်ချောင်းတွေထဲမှာ ချောင်းအလျား ၁၆၃ ကီလိုမီတာအတွင်း မိကျောင်းအကောင်ရေ ၁၁၅ ကောင်ကို မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးက ၂၀၂၂ ခုနှစ်အတွင်း မှတ်တမ်းတင်ထားပါတယ်။
အဲဒီဘေးမဲ့တောဟာ ရေချို၊ ရေငန်စပ် မိကျောင်းတွေ အဓိက ကျက်စားရာ မျိုးပွားရာနေရာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။