တိုက်ရိုက်ထုတ်လွှင့်မှု, SCEF ရဲ့ ဖက်ဒရယ်ယူနစ်ကိုယ်စားပြုမဏ္ဍိုင်မှာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတို့ အဖွဲ့ဝင်အသစ်ဖြစ်လာ

SCEF ရဲ့ မဏ္ဍိုင်တွေထဲက “ပြည်သူ့ကိုယ်စားပြုနဲ့ အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ်တွေ” အတွက်တော့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဆိုတဲ့ သတင်းအပါအဝင် မြန်မာနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

ဖက်ဒရယ်ယူနစ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒေသန္တရအုပ်ချုပ်ရေးအခန်းကဏ္ဍတွေကို SCEF နဲ့ သုံးကြိမ်ထက်မနည်းတွေ့ဆုံဆွေးနွေးခဲ့

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးယူနစ်တွေ SCEF မှာ တရားဝင်ပါဝင်လာ

    မကွေး ဖက်ဒရယ်ယူနစ် ဦးဆောင်သူတွေ

    ဓာတ်ပုံ ရင်းမြစ်, Interim Magway Federal Unit Government

    ဓာတ်ပုံ ပုံစာ, မကွေး ဖက်ဒရယ်ယူနစ် ဦးဆောင်သူတွေ

    ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းဦးဆောင်ကောင်စီ (SCEF) ရဲ့ ကိုယ်စားပြုမဏ္ဍိုင်မှာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေး ဖက်ဒရယ်ယူနစ်တို့ အဖွဲ့ဝင်အသစ်အနေနဲ့ပါဝင်လာပြီလို့ မနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

    SCEF မှာ ကိုယ်စားပြုမဏ္ဍိုင် ၃ ရပ်ရှိပြီး အဲဒီထဲက “ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ EROs” မဏ္ဍိုင်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ (SFUIG)၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ (IMFUG) နဲ့ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ (MIGC) တို့ တရားဝင်ပါလာတာပါ။

    ဖက်ဒရယ်ယူနစ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒေသန္တရအုပ်ချုပ်ရေးအခန်းကဏ္ဍတွေကို သုံးကြိမ်ထက်မနည်းတွေ့ဆုံဆွေးနွေးပြီးနောက် အခုလိုပါဝင်လာတာဖြစ်ကြောင်း ထုတ်ပြန်ချက် တွေအရ သိရပါတယ်။

    ပြည်ထောင်စုအစိုးရအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရှိနေပြီး SCEF နဲ့လည်း ပူးပေါင်း တာဖြစ်လို့ အချုပ်အခြာအာဏာကိုမျှဝေသုံးစွဲတဲ့ ဖက်ဒရယ်မူဘောင်အတိုင်း အားလုံးပါဝင်တဲ့ ပုံစံနဲ့ ဆောင်ရွက်မှာလို့ မကွေးဖက်ဒရယ်ယူနစ်ရဲ့ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်က စုဖွဲ့ဖို့ ပြင်ဆင်တဲ့ ဇူလိုင်လတုန်းက ပြောခဲ့ပါတယ်။

    “NUG က ပြည်ထောင်စုအစိုးရအနေနဲ့လည်းကောင်း၊ SCEF က နိုင်ငံရေး စစ်ရေးနဲ့ ဖက်ဒရယ်ရေးရာတွေကို စုပေါင်းညှိနှိုင်းဦးဆောင်မယ့် မဏ္ဍိုင်အနေနဲ့လည်းကောင်း အခန်းကဏ္ဍ အလိုက် အပြန်အလှန်ဖြည့်ဆည်းသွားကြမှာပါ” လို့ ဦးချစ်ဝင်းမောင်က ရှင်းပြထားပါတယ်။

    အထူးသဖြင့် SCEF ရဲ့ မဏ္ဍိုင်တွေထဲက “ပြည်သူ့ကိုယ်စားပြုနဲ့ အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ်တွေ” အတွက်တော့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲလို့ ပါဝင်နေသူတချို့ဆီက သိရပါတယ်။

  2. မင်္ဂလာပါ။ စက်တင်ဘာ ၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။