စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေတိုက်ပွဲတွေပြင်းထန်နေတဲ့ ပဲခူးတိုင်း၊ ရန်ကုန်- ပြည်လမ်းပေါ် နတ်တလင်းမြို့နယ်ထဲမှာ စစ်တပ်က စစ်ကြောင်းထိုးချိန် ရွာပေါင်း ၅ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နတ်တလင်းမြို့နယ်ထဲက ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်ရှိနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
"ဖလံပင်၊ ရှားစေးဖို၊
ကျွန်းလေးပင်၊ ဘန့်ဘွေးကုန်း၊ မကျီးပင်၊ ကျောက်ခွက်နဲ့ သရက်ပုဂံရိုးရွာတွေ မီးရှို့ခံထားရတယ်” လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကြောင်းထိုးချိန်အတွင်း စစ်တပ်က နတ်တလင်းက တောင်ညိုဆည်အပြင် ဆည်အနီးမှာရှိတဲ့ မကျီးပင်ရွာက စက်လှေဂိတ်တို့ကို
လေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ သူကဆိုပါတယ်။
မကျီးပင်ရွာက နတ်တလင်းမြို့ပေါ်နဲ့ ၁၄ မိုင်ခန့် ပဲအကွာအဝေးရှိတယ်လို့ သိရပါတယ်။
အလားတူ ချောင်းကမ်းကြီးနဲ့ ကျွန်းလေးပင်ရွာ ၂ ရွာလည်း စက်တပ်လေထီးတွေနဲ့ ဗုံးကြဲချခဲ့ပြီး အရပ်သား ၂
ဦးကျည်ထိမှန် သေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ မကျီးပင်ရွာကို စစ်တပ်စစ်ကြောင်းထိုးချိန် ဒေသခံ ၂၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ ရွာခံတစ်ဦးကပြောပါတယ်။
"ယောက်ျားလေး ၁၀ ယောက်ကိုတော့ မဲနှိုက်တယ်။ မဲပေါက်တဲ့ယောက်ျားလေး ၅ ယောက်ကို ဖမ်းထားတယ်။ ကျန်တဲ့ ၅ ယောက်ကိုတော့ ပြန်လွှတ်ပေးလိုက်တယ်" လို့ လွတ်မြောက်လာသူတစ်ဦးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီ ၅ ဦးကို စစ်တပ်က မကျီးပင်ရွာက ဘုန်းကြီးကျောင်းထဲမှာ ဖမ်းထားတာလို့ သူက ဖြည့်ပြောပါတယ်။ စစ်တပ်စစ်ကြောင်းထိုးချိန် ရှောင်တိမ်းထွက်ပြေးကြတဲ့ လယ်မအင်းရွာခံတချို့ကိုလည်း စစ်ကြောင်းမှာပါတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့က ပြန်လာဖို့ခေါ်ခိုင်းပြီးမှ ရိုက်နှက်တာတွေလုပ်ခဲ့တယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။
လယ်မအင်းရွာခံတချို့ ရိုက်နှက်ခံရတဲ့အခြေအနေနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်တပ်ရဲ့ စစ်ကြောင်းဟာ လက်ရှိမှာ မကျီးပင်ရွာထဲက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။ စစ်တပ်ရဲ့ စစ်ကြောင်းမဝင်ခင် လမ်းကြောင်းအခြေအနေတွေကို ကင်းထောက်ဒရုန်းတွေနဲ့ ထောက်လှမ်းတာ စောင့်ကြည့်တာတွေ လုပ်တယ်လို့ သူက ပြောပါတယ်။
စစ်တပ်ရဲ့ စစ်ကြောင်းက နတ်တလင်းအရှေ့ဘက်ခြမ်းက ကျေးရွာတွေကို ဧပြီ ၉ ရက်ကစလို့ စစ်ကြောင်းထိုးပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာကြောင့် အရပ်သား ၂ ဦးသေဆုံးထားတယ်လို့ သိရပါတယ်။
နတ်တလင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်တပ်အနေနဲ့ နတ်တလင်းမြို့နယ်ထဲမှာ “တော်လှန်ရေးအင်အားစုဖွဲ့မှုအားကောင်းတယ်လို့
သတ်မှတ်တယ်၊ ဒီလိုအားကောင်းအောင် ဒေသခံတွေက ပံ့ပိုးနေတယ်ဆိုတဲ့ ယူဆချက်တွေကြောင့် စစ်ကြောင်းထိုးနေတာ”လို့ ပြောပါတယ်။
မြန်မာစစ်တပ်ကတော့ နတ်တလင်းက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။