အိမ်နီးချင်းနိုင်ငံတွေရဲ့ လွှမ်းမိုးမှုကြောင့် ညီညွတ်ရေးမှာ အတားအဆီးရှိနေဆဲဖြစ် - ဒူဝါလရှီးလ (NUG ၊ယာယီသမ္မတ)

ဓာတ်ပုံ ရင်းမြစ်, NUG - MOD
အိမ်နီးချင်းနိုင်ငံတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် တော်လှန်ရေးအင်အားစုတွေကြား ညီညွတ်ရေးမှာ အတားအဆီးရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ ကပြောကြားလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၅ နှစ်ပြည့် မိန့်ခွန်းမှာ ယာယီသမ္မတက အဲဒီလိုထည့်ပြောခဲ့တာဖြစ်ပါတယ်။
'' တော်လှန်ရေးအင်အားစုများအကြား သမိုင်းကြောင်းဆိုင်ရာ မယုံကြည်မှုတွေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် ညီညွတ်ရေးမှာ အတားအဆီးတွေ ရှိနေဆဲဖြစ်ပေမဲ့ ကျွန်ုတော်တို့အားလုံးရဲ့ တူညီတဲ့ ရည်မှန်းချက်ဟာ "စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး" လို့ သူကဆိုပါတယ်။
၅ နှစ်တာ အချိန်ကာလမှာ အောင်မြင်တဲ့ တော်လှန်ရေးဖြစ်ရပ်တွေကို ဖန်တီးနိုင်ခဲ့သလို၊ အောင်မြင်ဖို့ ကြိုးစားနေဆဲအခြေအနေတွေကိုလည်း ဖြတ်သန်းနေရကြောင်းထည့်ပြောပါတယ်။
စစ်ရေးအရ လက်တွဲကူညီမှုတွေမှာ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အားပေးကူညီမှုတွေကို ထည့်ပြောပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်အားလုံးရဲ့ စစ်ရေးစွမ်းရည်ဟာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အားပေးကူညီမှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း ခရီးဆုံးပန်းတိုင်အထိ ရောက်အောင် လျှောက်လှမ်းရင်း စိန်ခေါ်ချက် အမျိုးမျိုးနဲ့လည်း ကြုံတွေ့နေရကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးကို ပွင့်ပွင့်လင်းလင်း ဝန်ခံကြောင်း ထည့်ပြောပါတယ်။
'' တော်လှန်ရေးသမိုင်း အဆက်ဆက် မကြုံခဲ့ဖူးတဲ့ အောင်မြင်မှု ခြေလှမ်း တွေကို တက်လှမ်းနိုင်ခဲ့သလို၊ ကျွန်တော်တို့ရဲ့ အားနည်းချက်ကြောင့်၊ လက်လွှတ်ခဲ့ရတဲ့ မအောင်မြင်မှုတွေလည်း ရှိခဲ့တာကို ဝန်ခံချင်ပါတယ်။ အထူးသဖြင့် အတွေ့အကြုံရင့်ကျက်မှု အားနည်းသေးတဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ၊ ကျွန်တော်တို့အတွက် သင်ခန်းစာ အများအပြား ကို သင်ယူခွင့်ရခဲ့တာတွေ ရှိပါတယ်။ ကျွန်တော်တို့မှာ အရင်းအမြစ် အကန့်အသတ်ရှိသလို၊ လှုပ်ရှားနိုင်မှု (ဂွင်) အကန့်အသတ်တွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ တော်လှန်ရေး ခရီးမှာ၊ ပြန်လည်လက်လွှတ် လိုက်ရတဲ့ ဆုံးရှုံးမှုတွေ ရှိသလို၊ လက်ရှိ အချိန်အထိ ကျော်လွှားဖို့ ခက်ခဲနေသေးတဲ့ အရာတွေလည်း အများအပြား ရှိနေကြောင်း ပြည်သူလူထုကို ရိုးသားစွာ တင်ပြလိုပါတယ်'' လို့ ယာယီသမ္မတကပြောခဲ့ပါတယ်။
နွေဦးတော်လှန်ရေးကာလ ၅ နှစ်တာအရောက်မှာတော့ အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲလုပ်ကာ အရပ်ဘက်အသွင်ပြောင်း အုပ်ချုပ်ရေးဖော်ဆောင်နေပါတယ်။
တချိန်တည်းမှာပဲ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်ကလည်း "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ" ဆိုပြီး ပေါ်လာပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ပူးပေါင်းပြီး SCEF လို့အတိုကောက်ခေါ်ဝေါ်တဲ့ ဒီဦးဆောင်ကောင်စီ ဖြစ်လာပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ စစ်ရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို တရားဝင်မှုနဲ့ ညီညွတ်တဲ့ တာဝန်ခံ ခေါင်းဆောင်နိုင်ဖို့အတွက် ညှိနှိုင်းပြီး SCEF ပေါ်ပေါက်လာတာလို့ သတင်းစာရှင်းလင်းပွဲအပြီးမှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။




