တိုက်ရိုက်ထုတ်လွှင့်မှု, ကဆုန်လပြည့်အထိမ်းအမှတ် အကျဉ်းသား ၁၅၀၀ ကျော်လွှတ်ပေး

အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ စခန်းအသီးသီးက နိင်ငံရေးအကျဉ်းသား/သူ ၁၅၀၀ ကျော်ကို ကဆုန်လပြည့်အထိမ်းအမှတ်အနေနဲ့ လွတ်ငြိမ်းပေးတဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ် ဧပြီ ၃၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား/သူ ၁၅၀၈ ယောက်နဲ့ နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ယောက်တို့ကို နေပြည်တော် လွတ်ငြိမ်းပေး
  • ဒါရိုက်တာဇမ္ဗူထွန်းသက်လွင်၊ဒါရိုက်တာအောင်ချမ်းလူတို့အပါအဝင် ရွေးကောက်ပွဲကာကွယ်တားဆီးဥပဒေနဲ့ထောင်ဒဏ်ချမှတ်ခံထားရတဲ့သူအချို့ ရန်ကုန်၊အင်းစိန်ထောင်ကနေ ပြန်လွတ်
  • ဘုရားသုံးဆူမြို့၊ မက္ကသာ သတ္တုတွင်းကို စစ်တပ်က လေကြောင်းကြဲတာကြောင့် ၁၃ ယောက် ထိခိုက်ဒဏ်ရာရပြီး ထိုင်းနိုင်ငံ ကချနာဘူရီဆေးရုံနဲ့ စန်ခလဘူရီ ဆေးရုံတွေကို ပို့ထားရ
  • K နဲ့ရောစပ်ထားတဲ့ ရှီရှားကို သုံးစွဲနေတာ များလာတဲ့အတွက် ရှီရှားရောင်းချတာနဲ့ သုံးစွဲတာတွေ ဇွန် ၁ ကစလို့ ကိုးကန့် တားမြစ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကိုးကန့်မှာ ရှီရှားသုံးစွဲမှု ပိတ်ပင်

    ကိုးကန့်အထူးဒေသ ၁ ထဲက လောက်ကိုင်မြို့

    ဓာတ်ပုံ ရင်းမြစ်, The Kokang

    ဓာတ်ပုံ ပုံစာ, ကိုးကန့်အထူးဒေသ ၁ ထဲက လောက်ကိုင်မြို့

    ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်‌ရေးဒေသထဲမှာ ရှီရှားဆေးအနှစ်ထဲကို K လို့ ခေါ်တဲ့ ကတ်တမင်း လိုမျိုး မူးယစ်ဆေးတွေကို ရောစပ်ပြီး သုံးစွဲနေတာ များလာတဲ့အတွက် ရှီရှားရောင်းချတာနဲ့ သုံးစွဲတာကို ၂၀၂၆ ခုနှစ် ဇွန် ၁ ကစလို့ တားမြစ်မှာဖြစ်တယ်လို့ အထူးဒေသ ၁ ရဲတပ်ဖွဲ့က ဧပြီ ၂၉ မှာ ထုတ်ပြန်ပါတယ်။

    K နဲ့ရောစပ်ထားတဲ့ ရှီရှားကို သုံးစွဲသူတွေဟာ ခန္ဓာကိုယ်အစိတ်အပိုင်း ပျက်စီးနိုင်တဲ့အထိ ရုပ်ပိုင်းဆိုင်ရာသာမက စွဲလမ်းတာ၊ စိတ်မူမမှန်တာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကိုပါ ထိခိုက်စေတာကြောင့် တားမြစ်တာလို့ ဆိုပါတယ်။

    အသက်မပြည့်သေးတဲ့ လူငယ်တွေမှာ ပိုအသုံးများလာတာကြောင့် ဆိုးသွမ်းတဲ့ အလေ့အကျင့်တွေကို ဟန့်တာနိုင်ဖို့လည်း ရည်ရွယ်တယ်လို့ သိရပါတယ်။

    ဒ့ါကြောင့် KTV၊ ဘားနဲ့ ဖျော်ဖြေရေးကလပ်တွေထဲကို အသက်မပြည့်သေးတဲ့သူတွေ လုံးဝမဝင်ရောက်ဖို့ ၊ လုပ်ငန်းရှင်တွေကလည်း အသိပေးတားမြစ်ဖို့၊ အသက်မပြည့်သေးသူတွေကို အလုပ်မခန့်ဖို့ ကန့်သတ်ထားပါတယ်။

    ချိုးဖောက်မယ်ဆိုရင်တော့ သတိပေးတဲ့အဆင့် ဒဏ်ရိုက်တဲ့အဆင့် ဒါမှမဟုတ် လုပ်ငန်းရပ်ဆိုင်းတဲ့အထိ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

    ဒါ့အပြင် ဒေသအတွင်း လူမှုရေး၊ သာရေး၊ နာရေး ၊ ပွဲလမ်းသဘင်တွေမှာ ရှီရှားနဲ့ ဧည့်ခံတာတွေကို တားမြစ်ထားပြီး ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာမယ်ဆိုရင် အရေးယူခံရမှာ ဖြစ်ပါတယ်။

    ရှီရှားသုံးစွဲတာ၊ ရောင်းချတာနဲ့ ပတ်သက်ပြီး သတင်းပေးတိုင်ကြားဖို့ကိုလည်း ကိုးကန့်အထူးဒေသ ၁ ရဲတပ်ဖွဲ့က ဖုန်းနံပတ်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။

    ကိုးကန့် အထူးဒေသ ၁ ထဲမှာ လောက်ကိုင်မြို့ ၊ ချင်းရွှေဟော၊ မုံကိုး၊ သိန္နီ၊ ကွတ်ခိုင် စတဲ့မြို့နယ်တွေ ပါဝင်တာပါ။

  2. မက္ကသာ သတ္တုတွင်းကို စစ်တပ်ကလေကြောင်းဗုံးကြဲလို့ ၁၃ ယောက်ဒဏ်ရာရ

    မက္ကသာသတ္တုတွင်းကို လေကြောင်းဗုံးကြဲခံရပြီးနောက် မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Supachai

    ဓာတ်ပုံ ပုံစာ, မက္ကသာသတ္တုတွင်းကို လေကြောင်းဗုံးကြဲခံရပြီးနောက် မြင်ကွင်း

    ကရင်အမျိုးသားအစည်းအရုံး- KNU ရဲ့ တပ်မဟာ ၆ နယ်မြေထဲက မက္ကသာ သတ္တုတွင်းကို စစ်တပ်က လေကြောင်းကြဲတာကြောင့် ၁၃ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်တပ်ရဲ့လေကြောင်းဟာ ဧပြီ ၂၉ ရက် နေ့လယ် ၂ နာရီမှာ တကြိမ်၊ ညနေ ၅ နာရီမှာ တကြိမ်နဲ့ စုစုပေါင်း ဗုံး ၆ လုံးကြဲတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေကို ထိုင်းနိုင်ငံ ကချနာဘူရီဆေးရုံနဲ့ စန်ခလဘူရီ ဆေးရုံတွေကို ပို့ထားရတယ်လို့လည်း ပြောပါတယ်။

    “တိုက်ပွဲက မရှိတာကြာပါပြီ။ KNU ဌာနဆိုင်ရာတွေတော့ ရှိတာပေါ့။ ထိခိုက်ဒဏ်ရာရသူတွေက မိုင်းလုပ်သားတွေပါပဲ။ စန်ခလဘူရီဆေးရုံကနေမှ ဒဏ်ရာပြင်းထန်တဲ့သူတွေကို ကချနာဘူရီဆေးရုံကို ထပ်လွှဲတာပါ”လို့ ဒေသခံက ပြောပါတယ်။

    လေကြောင်းကြဲခံရတဲ့ မက္ကသာမိုင်းလုပ်ကွက်နေရာတွေက အမှတ် ၁၊ ၃၊ ၅ နေရာတွေဖြစ်ပြီး ဘုရားသုံးဆူမြို့ကို ဆိုင်ကယ်နဲ့ ၁၅ မိနစ်လောက်သာ ကြာတဲ့အကွာအဝေးမှာ ရှိတယ်လို့လည်း သိရပါတယ်။

    မနက်ပိုင်းအထိတော့ လေကြောင်းထပ်လာတာ မရှိသေးဘူးလို့လည်း ဒေသခံက ပြောပါတယ်။

    မက္ကသာကျေးရွာထဲက သတ္တုမိုင်းဟာ ခဲသတ္တုနဲ့ ခနောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။

    မက္ကသာသတ္တုတွင်းဟာ မကြာခဏ လေကြောင်းဗုံးကြဲခံရလေ့ရှိပြီး ပြီးခဲ့တဲ့ ဧပြီ ၁ ရက်မှာလည်း ဗုံးကြဲခံရလို့ အမျိုးသမီး ၂ ယောက်သေဆုံးပြီး ကလေး ၁ ယောက် ဒဏ်ရာရတယ်လို့ ဒေသတွင်း သတင်းဌာနတွေကနေ သိရပါတယ်။

    မနှစ်က ဧပြီ ၂၆ ရက်မှာလည်း ဗုံးကြဲခံခဲ့ရပြီး ထိခိုက်သူမရှိခဲ့ပါဘူး။

    ၂၀၂၂ ခုနှစ်က ဗုံးကြဲခံရမှုမှာတော့ တရုတ်နိုင်ငံသား ၂ ယောက် အပါအဝင် ၃ ယောက် သေဆုံးပြီး ၈ ယောက်ဒဏ်ရာရခဲ့ပါတယ်။

  3. ရန်ကုန်၊အင်းစိန်ထောင်ကနေ ရွေးကောက်ပွဲအမှုနဲ့ ထောင်ဒဏ်ချခံရတဲ့ အနုပညာရှင်အချို့ပြန်လွတ်

    ဧပြီ ၁၇ ရက် အင်းစိန်ထောင်ရှေ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဧပြီ ၁၇ ရက် အင်းစိန်ထောင်ရှေ့မြင်ကွင်း

    ဒီကနေ့ဧပြီ ၃၀ ရက် ကဆုန်လပြည့်နေ့လွတ်ငြိမ်းမှာ ရွေးကောက်ပွဲကာကွယ်တားဆီးဥပဒေနဲ့ထောင်ဒဏ်ချမှတ်ခံထားရတဲ့ဒါရိုက်တာဇမ္ဗူထွန်းသက်လွင်၊ဒါရိုက်တာအောင်ချမ်းလူတို့အပါအဝင် အဲဒီဥပ‌ဒေနဲ့ ထောင်ဒဏ်ချမှတ်ခံရသူအချို့ ရန်ကုန်၊အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ထောင်သတင်းရင်းမြစ်ဆီကသိရပါတယ်။

    " ရွေးကောက်ပွဲကာကွယ်တားဆီးနဲ့ဖမ်းခံရသူ အားလုံးကိုလွှတ်ပေးတာတော့ မဟုတ်ပါဘူး။ ဒါရိုက်တာမိုက်တီးဆို ကျန်ခဲ့တယ်ကြားပါတယ်။ ကျန်တဲ့သူတွေ ဆက်ကြည့်နေတုန်းပါ။ လွတ်တာကတော့ နိုင်ငံရေးအမှုနည်းပါတယ်၊ တခြားပြစ်မှုသမားတွေပိုများပါတယ်" လို့ အင်းစိန်ထောင်သတင်းရင်းမြစ်ကပြောပါတယ်။

    ဒါ့အပြင် စစ်မှုထမ်းဟောင်းလည်းဖြစ် နိုင်ငံရေးသမားတစ်ဦလည်းဖြစ်တဲ့ ဦးကျော်ဇေယျလည်း ဒီနေ့လွတ်ငြိမ်းမှာပါဝင်လာတယ်လို့ ဘီဘီစီသတင်းရင်းမြစ်ကပြောပါတယ်။

    ဒါရိုက်တာမိုက်တီး၊ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာ အောင်ချမ်းလူ၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသရုပ်ဆောင် အုန်းဒိုင်းတို့ကို ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာက ရွေးကောက်ပွဲ ကာကွယ်တားဆီးရေးဥပဒေနဲ့ ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။

    ဒါရိုက်တာမိုက်တီး ဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ - ကနဲ့ အရေးယူ ထောင်ချခံခဲ့ရပြီး ခံဝန်လွတ်ငြိမ်းနဲ့ ပြန်လွှတ်ပေးခဲ့သူဖြစ်ပြီး ရွေးကောက်ပွဲ ကာကွယ်တားဆီးရေး ဥပဒေနဲ့ ထပ်မံအရေးယူခံရချိန်မှာ ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်ကိုပါ ထပ်ပေါင်းကျခံရမယ်လို့ အဲဒီအချိန်တုန်းကစစ်ကော်မရှင်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

    ပြန်လွတ်လာတယ်ဆိုတဲ့ အနုပညာရှင်တွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ မိသားစုတွေနဲ့ မိတ်ဆွေတွေကို ဘီဘီစီကဆက်သွယ်နေပြီး သီးခြားအတည်ပြုဖို့ကြိုးစားနေပါတယ်။

    ဒီတကြိမ်မှာရန်ကုန်အင်းစိန်ထောင်ကနေအကျဉ်းသား ၆၀၀ နီးပါးလွှတ်ပေးခဲ့တယ်လို့ ထောင်သတင်းရင်းမြစ်ကပြောပါတယ်။

    တဖက်မှာလည်းရန်ကုန်အင်းစိန်ထောင်တင်မကတခြားအကျဉ်းထောင်တွေကနေလည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုနည်းပါးတယ်လို့နိုင်ငံရေးအကျဉ်းသားလှုပ်ရှားသူတွေက ပြောကြပါတယ်။

  4. သင်္ဂါယနာ ခြောက်တန်နဲ့ ထိန်းတဲ့ ထေရဝါဒဗုဒ္ဓသာသနာ

    ဆဋ္ဌသင်္ဂါယနာကို သမ္မတ ဒေါက်တာဘဦး တက်ရောက် ကြည်ညို

    ဓာတ်ပုံ ရင်းမြစ်, Getty Images (ပုံဟောင်း)

    ဓာတ်ပုံ ပုံစာ, ဆဋ္ဌသင်္ဂါယနာကို သမ္မတ ဒေါက်တာဘဦး တက်ရောက် ကြည်ညို

    သာသနာဆိုတာ အဆုံးအမတရားတွေ ဖြစ်တဲ့အတွက် ဒီတရားတော်တွေကို သန့်စင်တည်တံ့ဖို့ သင်္ဂါယနာခေါ် သံဃာ့အစည်းအဝေးကြီးတွေ ကျင်းပပြီး စိစစ်ရပါတယ်။

    သင်္ဂါယနာကို သံဂါယနာလို့လည်း စာလုံးပေါင်းပါတယ်။

    သင်္ဂါယနာဆိုတဲ့ စကားလုံးကိုယ်တိုင်က ညီညွတ်စွာရွတ်ဆိုခြင်း၊ ကွဲပြားသော အယူဝါဒမရှိဘဲ ရွတ်ဆိုခြင်း၊ တခုတည်းသောခံယူချက်ဖြင့် ရွတ်ဆိုခြင်းလို့ ဗုဒ္ဓစာပေပညာရှင်တွေက အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။

    ဒါကြောင့် ဒီသင်္ဂါယနာပွဲကြီးတွေနဲ့ ဗုဒ္ဓစာပေကျမ်းဂန်တွေကို မှတ်ကျောက်တင်ပြီး အနှစ် နှစ်ထောင်ကျော် ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

    သင်္ဂါယနာမူကွဲတွေနဲ့ ဆဋ္ဌသင်္ဂါယနာ ဘာကြောင့်တင်ရလဲဆိုတာ ဒီဆောင်းပါအပြည့်အစုံကို ဒီလင့် ကနေ ဖတ်ရှုနိုင်ပါတယ်။

  5. ကဆုန်လပြည့်အထိမ်းအမှတ် အကျဉ်းသား ၁၅၀၀ ကျော်လွှတ်ပေး

    ဧပြီ ၁၇ ရက်တုန်းက လွတ်မြောက်လာမယ့်သူတွေကို စောင့်မျှော်နေတဲ့ မိသားစုဝင်တွေ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဧပြီ ၁၇ ရက်တုန်းက လွတ်မြောက်လာမယ့်သူတွေကို စောင့်မျှော်နေတဲ့ မိသားစုဝင်တွေ (ပုံဟောင်း)

    ဒီနေ့မှာ ကျရောက်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား/သူ ၁၅၀၈ ယောက်နဲ့ နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ယောက်တို့ကို လွတ်ငြိမ်းပေးလိုက်တယ်လို့ ဧပြီ ၃၀ ရက်မှာ နေပြည်တော်က ထုတ်ပြန်ပါတယ်။

    အရင် လွတ်ငြိမ်းတွေမှာပေးတဲ့ စည်းကမ်းချက်အတိုင်း “နောက်တစ်ကြိမ် ပြစ်မှုထပ်ကျုးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ ကျန်ရှိနေတဲ့ ပြစ်ဒဏ်ကိုပါ ဆက်ကျခံရမယ်” ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ လွှတ်ပေးလိုက်တာပါ။

    ဒါ့အပြင် အခုကဆုန်လပြည့် မတိုင်ခင်က ပြစ်မှုကျူးလွန်ခဲ့လို့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/သူတွေကိုလည်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ ပြစ်ဒဏ်ရဲ့ ခြောက်ပုံ တစ်ပုံကို လွတ်ငြိမ်းပေးတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

    ဒီနေ့လွတ်မြောက်တဲ့အထဲမှာ ပါလာနိုင်မယ့် နိုင်ငံရေးအကျဉ်းသားတွေကို ကြိုဆိုဖို့အတွက် အကျဉ်းထောင်တွေရှေ့ကို ထွက်သွားကြပြီလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဘီဘီစီကို ပြောပါတယ်။

    ဒါပေမဲ့ ဒီနေ့ လွတ်ငြိမ်းထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါဝင်မယ်ဆိုတာကိုတော့ မသိကြရသေးပါဘူး။

    ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီနေ့မှာ ပြန်လွတ်လာဖို့ မျှော်လင့်နေကြပေမဲ့ နေပြည်တော်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိပါဘူး။

    ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်တုန်းက သမ္မတဦးဝင်းမြင့်၊ မှတ်တမ်းရုပ်ရှင် ဖန်တီးသူ ရှင်ဒေဝီနဲ့ နိုင်ငံရေးအကျဉ်းသားတချို့ အပါအဝင် အကျဉ်းသား/သူ ၄၃၃၅ ယောက်ကို နေပြည်တော်က လွတ်ငြိမ်းနဲ့ လွှတ်ပေးခဲ့ပါတယ်။

  6. မင်္ဂလာပါ။ ဧပြီ ၃၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။