တိုက်ရိုက်ထုတ်လွှင့်မှု , မြန်မာလုပ်သားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်း မဖြစ်မနေပြန်လွှဲခိုင်းမှု ထိုင်းအလုပ်သမားဝန်ကြီး ကန့်ကွက်

မြန်မာလုပ်သားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်း မဖြစ်မနေပြန်လွှဲခိုင်းမှု ထိုင်းအလုပ်သမားဝန်ကြီး ကန့်ကွက်တဲ့သတင်းအပါအဝင်နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာထဲက ၂၅ ရာခိုင်နှုန်းကို မြန်မာကိုမဖြစ်မနေ ပြန်လွှဲပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ထိုင်းအလုပ်သမားဝန်ကြီးက ကန့်ကွက်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြန်မာလုပ်သားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်း မဖြစ်မနေ လွှဲခိုင်းမှု ထိုင်းအလုပ်သမားဝန်ကြီး ကန့်ကွက်

    ထိုင်းအလုပ်သမားဝန်ကြီး ဂျူလဖန် အမော်န်ဝီဝတ်
    ဓာတ်ပုံ ပုံစာ, ထိုင်းအလုပ်သမားဝန်ကြီး ဂျူလဖန် အမော်န်ဝီဝတ်

    ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာထဲက ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံကို မဖြစ်မနေ ပြန်လွှဲပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ထိုင်းအလုပ်သမားဝန်ကြီးက ကန့်ကွက်လိုက်ပါတယ်။

    အလုပ်သမားတွေရဲ့ လုပ်ခလစာဟာ သူတို့ကိုယ်တိုင် ရရှိပိုင်ဆိုင်တဲ့ ဝင်ငွေဖြစ်တဲ့အတွက် အဲဒီထဲက ငွေပမာဏတစ်ခုကို မဖြစ်မနေ ပြန်လွှဲခိုင်းတာဟာ နိုင်ငံတကာ အလုပ်သမားရေးရာ စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ ထိုင်းအလုပ်သမားဝန်ကြီး ဂျူလဖန် အမော်န်ဝီဝတ် က နိုဝင်ဘာ ၁၈ ရက်က ပြောပါတယ်။

    ဒီကိစ္စအပြင် မြန်မာအလုပ်သမားတွေအတွက် နိုင်ငံသားဖြစ်မှု အထောက်အထားလက်မှတ် (CI) ထုတ်ပေးနေတဲ့ စင်တာတွေရဲ့ လုပ်ငန်းစဉ်တွေမှာ မသမာတဲ့ ငွေကြေးကောက်ခံမှုတွေ ရှိနေတယ်ဆိုတဲ့ တိုင်ကြားချက်တွေနဲ့ပတ်သက်ပြီး မြန်မာသံအမတ်ထံ တရားဝင်စာပေးပို့ကာ ဆွေးနွေးသွားမယ်လို့လည်း သူက ပြောပါတယ်။

    CI လုပ်ငန်းစဉ်တွေအတွင်း သတ်မှတ်ထားတဲ့ အခကြေးငွေထက် ပိုမိုကောက်ခံတာ၊ ပွဲစားခနဲ့ အခြားအပိုကြေးတွေ တောင်းခံတာ ရှိမရှိ စစ်ဆေးသွားမှာဖြစ်ပြီး ထိုင်းအရာရှိတွေ ပါဝင်ပတ်သက်မှုရှိမရှိကိုလည်း စုံစမ်းသွားမယ်လို့ ဆိုပါတယ်။

    စစ်ဆေးမှုတွေအတွင်း ဥပဒေချိုးဖောက်မှုတွေ တွေ့ရှိရင် ပါဝင်ပတ်သက်သူတွေကို နိုင်ငံသားဖြစ်မှုမရွေး ဥပဒေအရ အရေးယူသွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက ပြောပါတယ်။

    မြန်မာဘက်ကတော့ CI လက်မှတ်လျှောက်ထားသူတွေအတွက် အနည်းဆုံး တစ်နှစ်စာ ဝင်ငွေခွန်ပေးဆောင်ထားကြောင်းနဲ့ သုံးလစာ ငွေလွှဲထားကြောင်း အထောက်အထား တင်ပြဖို့လည်း သတ်မှတ်ထားပါတယ်။ အဲဒီသတ်မှတ်ချက်တွေအရ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံကို ပြန်လွှဲပေးရပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရပါတယ်။

    ဒီသတ်မှတ်ချက်တွေကြောင့် CI လက်မှတ်ရဖို့ အခက်အခဲရှိနေတဲ့ မြန်မာအလုပ်သမား အများအပြားရှိနေပြီး ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား ကိုယ်စားလှယ်အဖွဲ့ရဲ့ စစ်တမ်းအရ အလုပ်သမား ၂၀ သိန်းကျော်က CI လုပ်ငန်းစဉ်ကို မလိုက်နာလိုကြောင်း သိရပါတယ်။

    ထိုင်းအလုပ်သမားအခွင့်အရေးအဖွဲ့တွေနဲ့ အလုပ်သမားကိုယ်စားလှယ်တွေကလည်း CI လုပ်ငန်းစဉ်ကို ယာယီရပ်ဆိုင်းဖို့နဲ့ ထိုင်းနိုင်ငံက ထုတ်ပေးတဲ့ ပန်းရောင်ကတ်ကို အသုံးပြုခွင့်ပေးဖို့ တောင်းဆိုထားကြပါတယ်။

    ဒါပေမဲ့ ထိုင်းအလုပ်သမားဝန်ကြီးကတော့ အလုပ်သမားတွေရဲ့ နိုင်ငံသားဖြစ်မှုကို အတည်ပြုဖို့ လိုအပ်တာကြောင့် CI စင်တာတွေကို ဖျက်သိမ်းမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။

    မြန်မာအာဏာပိုင်တွေက ထိုင်းနိုင်ငံမှာ အထောက်အထားမပြည့်စုံဘဲ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၇ သိန်းဝန်းကျင်ကို CI လက်မှတ်ထုတ်ပေးဖို့ဆိုပေမဲ့ နိုဝင်ဘာလဆန်းအထိ CI လျှောက်ထားသူ ၁၅,၀၀၀ ဝန်းကျင်သာ ရှိတယ်လို့ သိရပါတယ်။

  2. မင်္ဂလာပါ။

    နိုဝင်ဘာ ၂၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှုစတင်ပြီဖြစ်ပါတယ်။ တစ်နေ့တာသတင်းတွေကို ဒီစာမျက်နှာမှာ တစ်စုတစ်စည်းတည်း ဖတ်နိုင်ပါပြီ။