Apple က iPhone 18 pro နဲ့ Duo ခေါက်ဖုန်းအပါ ထုတ်ကုန်သစ်တွေမိတ်ဆက်

Apple ကုမ္ပဏီဟာ iPhone 18 pro နဲ့ Duo ခေါက်ဖုန်းတွေအပါအ၀င် ထုတ်ကုန်အသစ်တွေကို လာမယ့်ရက်ပိုင်းအတွင်း ၀ယ်ယူနိုင်မယ်လို့ ထုတ်ပြောတဲ့သတင်းအပါအဝင် စက်တင်ဘာ ၁၀ ရက် နိုင်ငံတကာနဲ့ မြန်မာထူးခြားသတင်းများကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • UWSA '' ဝ'' ဒေသထဲမှာ သံဖြူ သတ္တုတူးဖော်ရေးလုပ်ငန်းကြီးပြန်လည်စတင်နေပြီလို့ International Crisis Group က ဂြိုဟ်တုပုံတွေနဲ့ပြောလာပါတယ်။
  • ဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးဝန်ကြီးတွေကို ဦးမင်းအောင်လှိုင်ပြန်ခန့်
  • ဗန်းမော်စစ်မျက်နှာအတွက် စစ်အင်အားရိက္ခဖြည့်တင်းပြီး ပြန်ဆင်းလာတဲ့ စစ်တပ်သင်္ဘော ၅ စင်းတိုက်ခိုက်ဖျက်ဆီးခံရ
  • လေးမျက်နှာမြို့နယ်မှာ ကျိုးသွားတဲ့ကာကို ပြန်ပိတ်ရာမှာ သုံးထားတဲ့သံဘောင်တွေ ရေအားဒဏ်မခံနိုင်လို့ ကွေးပြီး တာဘောင်ပြန်ကျိုးပေါက်
  • အယုဒ္ဓယမြို့မှာ မာတုကာမနဲ့ မဖွယ်မရာ ဗီဒီယိုထွက်တဲ့ ထိုင်းကျောင်းထိုင်ဆရာတော် ၀တ္ထုငွေ ဘတ်သန်း ၉၀ ကျော် အလွဲသုံးမှု သံသယနဲ့ လူ၀တ်လဲခံရ
  • Apple က iPhone 18 pro နဲ့ Duo ခေါက်ဖုန်းအပါ ထုတ်ကုန်သစ်တွေမိတ်ဆက်
  • မူးယစ်ဆေး၀ါး မှောင်ခိုကူးမှုအပါအ၀င် ထိုင်းဘက်ကနေ အလိုရှိသူ ၉ ဦးကို မြန်မာဘက်က မယ်ဆိုင်ကနေ ထိုင်းဘက်ကို ပြန်လွှဲ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စက်တင်ဘာလ ၁၀ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ရွှေကူတိုက်ပွဲ လက်နက်ချတဲ့စစ်သုံ့ပန်း ၁၀၀ ကျော်ထဲမှာ စစ်တပ်ဗိုလ်ကြီး ၂ ဦးပါဝင်တယ်လို့ KIA ပြော

    ဖမ်းခံရတဲ့ စစ်သုံ့ပန်းတွေလို့ KIA ပြန်ကြားရေးဌာနက ဖော်ပြလာတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Laiza tv

    ဓာတ်ပုံ ပုံစာ, ဖမ်းခံရတဲ့ စစ်သုံ့ပန်းတွေလို့ KIA ပြန်ကြားရေးဌာနက ဖော်ပြလာတဲ့မြင်ကွင်း

    ဗန်းမော်စစ်မျက်နှာကို စစ်ကူနဲ့ရိက္ခာပို့တဲ့ စစ်တပ်သင်္ဘောတွေကို ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးအပါအဝင် ၁၅၁ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီနေ့မှာ ပြောပါတယ်။

    “ဗိုလ်ကြီး ၂ ဦး၊ အရာခံဗိုလ် ၅ ဦး၊ တပ်ကြပ်ကြီး ၁၄ ဦး၊ တပ်ကြပ် ၁၂ ဦး၊ ဒုတပ်ကြပ် ၁၆ ဦး၊ တပ်သား ၃၅ ဦးနဲ့ စစ်မှုထမ်းတပ်သားသစ် ၃၄ ဦးဖမ်းမိထားတယ်” လို့ သူက ဆက်ပြောပါတယ်။

    KIA ဖမ်းဆီးထိန်းသိမ်းထားတဲ့ သုံ့ပန်းစုစုပေါင်း ၁၅၁ ဦးထဲမှာ စစ်ဘက်ရာထူး ၁၁၈ ဦးပါဝင်ပြီး ကျန်တဲ့သူတွေကတော့ တပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေဖြစ်တယ်လို့ KIA ရဲ့ ပြန်ကြား‌ရေးဌာန ဒီကနေ့မှာပဲ သတင်း ထုတ်ပြန်ပါတယ်။

    ဖမ်းမိထားတဲ့သူတွေကို သက်ဆိုင်ရာဌာနတွေကနေ အပြည်ပြည်ဆိုင်ရာ သုံ့ပန်းဥပဒေနဲ့အညီ ဆက်ပြီးကိုင်တွယ်မယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    ဖမ်းဆီးခံသုံ့ပန်းတွေကို သီးသန့်နေရာတွေမှာ ထိန်းသိမ်းထားတယ်လို့ သူက ပြောပေမဲ့ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကိုတော့ ဖြေကြားတာမရှိပါဘူး။

    တစ်ဖက်မှာလည်း ရွှေကူနဲ့ ဗန်းမော်ကြားက စင်ခန်းတံတားနဲ့ ရွှေကူ၊ ဇင်းဘုံရွာအထက်ပိုင်းမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဆက်ရှိနေပြီး စစ်‌ရေးတင်းမာနေတဲ့အခြေအနေလို့ ဘီဘီစီရဲ့စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ဗန်းမော်မှာ စစ်အင်အားနဲ့ လက်နက်ရိက္ခာချပြီး ဧရာဝတီမြစ်ကြောင်းအတိုင်းဆင်းလာတဲ့ စစ်တပ် သင်္ဘော၅ စင်းထက်မနည်းကိုလည်း KIA နဲ့ ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးတာတွေလုပ်ခဲ့ပါတယ်။

    မြန်မာစစ်တပ်ကတော့ ရွှေကူတိုက်ပွဲမှာ ဖမ်းဆီးခံလိုက်ရတဲ့ စစ်သုံ့ပန်းတွေနဲ့ပတ်သက်လို့ ဒီနေ့ စက်တင်ဘာ ၁၀ ရက်ညနေပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

  3. ကမ္ဘောဒီးယားအနေနဲ့ ICC အဖွဲ့ဝင်နိုင်ငံရဲ့တာဝန်ဝတ္တရားတွေလိုက်နာဖို့ Fortify Rights တိုက်တွန်း

    ၂၀၂၆ ဩဂုတ်လ ရုရှားခရီးစဉ်မှာတွေ့ရတဲ့‌ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၆ ဩဂုတ်လ ရုရှားခရီးစဉ်မှာတွေ့ရတဲ့‌ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်

    ကမ္ဘောဒီးယားနိုင်ငံဟာ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) အဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် အဖွဲ့ဝင်အနေနဲ့လိုက်နာရမယ့် တာဝန်ဝတ္တရားတွေကို အပြည့်အဝလိုက်နာသင့်တယ်လို့ နိုင်ငံတကာလူ့အခွင့်အ‌ရေးအဖွဲ့ဖြစ်တဲ့ Fortify Rights က စာထုတ်တိုက်တွန်းလာပါတယ်။

    နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ကမ္ဘောဒီးယားဘုရင်ရဲ့ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားကို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ နေပြည်တော်က ကြေညာပြီးနောက် Fortify Rights က အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

    ဦးမင်းအောင်လှိုင်အနေနဲ့ သံတမန်ဆက်ဆံရေးကို တိုးချဲ့ပြီး တရားဝင်မှုကို အရာထင်စေဖို့ လှုပ်ရှားမှုတစ်ခုအဖြစ် စက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်တို့မှာ ကမ္ဘောဒီးယားနိုင်ငံကို သွားဖို့စီစဉ်ထားတဲ့အကြောင်း Fortify Rights ရဲ့စာထဲမှာ ဖော်ပြထားပါတယ်။

    ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ICC အဖွဲ့ဝင်ရဲ့တာဝန်နဲ့ ဝတ္တရားတွေကို ဖြည့်ဆည်းဖို့ အသင့်မရှိရင် အခုလိုသံတမန်ရေးမှာ တရားဝင်မှုပေးတဲ့ခရီးစဉ်ကိုလည်း ဖျက်သိမ်းသင့်တယ်လို့ Fortify Rights က ထောက်ပြပါတယ်။

    ICC ရဲ့အဖွဲ့ဝင်တွေ လိုက်နာရမယ့် ‌ရောမစာချုပ်(Rome Statue) အခန်း ၉ အရ အဖွဲ့ဝင်နိုင်ငံတွေဟာ ICC ရဲ့စုံစမ်းစစ်ဆေးမှုနဲ့ တရားစီရင်မှု လုပ်ငန်းတွေမှာ ပျက်ကွက်ခြင်းမရှိဘဲ ပူးပေါင်းဆောင်ရွက်ရမယ်လို့ ပါရှိပါတယ်။

    ဒါ့အပြင် ဖမ်းဝရမ်းနဲ့ လွှဲပြောင်းပေးအပ်မှုတွေမှာလည်း ဘယ်လိုအဆင့်မြင့်ခေါင်းဆောင်တွေဖြစ်နေစေကာမူ ရာဇဝတ်မှုကျူးလွန်တယ်ဆိုရင် အကာအကွယ်ပေးတာမျိုးမလုပ်ဘဲ ဖမ်းဆီးအရေးယူနိုင်တဲ့ တာဝန်ဝတ္တရားကို လိုက်နာရမယ်ဆိုတဲ့အချက်လည်းပါဝင်ပါတယ်။

    ရိုဟင်ဂျာတွေအပေါ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရှေ့နေချုပ်ကတော့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတုန်းက ရုံးတော်ထံ လျှောက်ထားခဲ့ပါတယ်။

    “ICC က ဝရမ်းထုတ်ပြီး ကမ္ဘောဒီးယားကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုမယ်ဆိုရင် ကမ္ဘောဒီးယား အာဏာပိုင်တွေအနေနဲ့ ဖမ်းဆီးပြီး တရားရုံးကို အပ်နှံသင့်ပါတယ်”လို့ ICC ရဲ့ ဆက်သွယ်ရေးတာဝန်ခံ ဝင်တာဘယ်ရီက ပြောတဲ့အကြောင်း Fortify Rights ရဲ့စာထဲမှာ ဖော်ပြထားပါတယ်။

    အလားတူ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိနေတဲ့သူတစ်‌ယောက်ကိုလည်း တရားဝင်မှုမပေးသင့်ဘူးလို့ သူက ထည့်ပြောထားပါတယ်။

    ကမ္ဘောဒီးယားဟာ တီမောလက်စတေနိုင်ငံနဲ့အတူ ICC ရဲ့ အဖွဲ့ဝင် ရောမစာချုပ်မှာပါတဲ့ အာဆီယံအဖွဲ့၀င် ၂ နိုင်ငံထဲက တစ်နိုင်ငံဖြစ်ပါတယ်။

    အစိုးရအသစ်ဖွဲ့ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ သမ္မတရာထူးအာဏာရယူခဲ့တဲ့ ၂၀၂၆ ဧပြီလကနေ စက်တင်ဘာလအတွင်း ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ လာအို၊ ရုရှားနဲ့ ဘယ်လာရုဇ်နိုင်ငံတွေကို သွားရောက်ထားပါတယ်။

  4. တပ်ချုပ်သစ်လက်ထက် ရခိုင်ကို အကြီးဆုံးထိုးစစ်ဆင်

    စစ်တပ်ထောက်ခံသူတွေကတော့ ၄၉၂၆ စစ်ဆင်ရေးလို့ အမည်ပေးနေကြပြီး စစ်တပ်ကတော့ ထိုးစစ်အမည်ကို တရားဝင်မထုတ်ပြန်
    ဓာတ်ပုံ ပုံစာ, စစ်တပ်ထောက်ခံသူတွေကတော့ ၄၉၂၆ စစ်ဆင်ရေးလို့ အမည်ပေးနေကြပြီး စစ်တပ်ကတော့ ထိုးစစ်အမည်ကို တရားဝင်မထုတ်ပြန်

    အာရက္ခတပ်တော်-အေအေရဲ့ ထိန်းချုပ်နယ်မြေတွေကို စစ်တပ်က စက်တင်ဘာ ၄ ရက်ကစလို့ ထိုးစစ်ဆင်ခဲ့ပြီး ဒါက ဗိုလ်ချုပ်ကြီးရဲဝင်းဦးတပ်ချုပ်တာဝန်ယူတဲ့ သက်တမ်း ၅ လကျော်အတွင်း အကြီးဆုံးထိုးစစ်လို့ နေပြည်တော်က သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

    စစ်တပ်ထောက်ခံသူတွေကတော့ ၄၉၂၆ စစ်ဆင်ရေးလို့ အမည်ပေးနေကြပြီး စစ်တပ်ကတော့ တရားဝင်မထုတ်ပြန်ပါဘူး။

    စစ်တပ်က ပြည်နယ်ဝင်ပေါက်တွေကို ဝိုင်းပတ်ပိတ်ဆို့ပြီး ဖိအားပေးတဲ့ဗျူဟာကိုသုံးနေပြီး ရခိုင်ပြည်နယ်နဲ့ ဝန်းကျင်မှာစစ်အင်အားထောင်နဲ့ချီ ရှိနေတယ်လို့ စစ်‌ရေးသတင်းအရင်းအမြစ်တချို့က ပြောပါတယ်။

    ရခိုင်ကို စစ်တပ် ဘယ်လို ထိုးစစ်ဆင်‌နေလဲ ဒီဆောင်းပါးလင်ခ့် မှာ ဆက်ပြီး ဖတ်နိုင်ပါပြီ။

  5. ထိုင်း၀ရမ်းပြေး ၉ ဦးကို နေပြည်တော်က ထိုင်းဘက်ဆီပြန်လွှဲ

    တာချီလိတ် -မယ်ဆိုင် အမှတ် ၁ ချစ်ကြည်ရေးတံတားကနေ ပြန်လွှဲခဲ့

    ဓာတ်ပုံ ရင်းမြစ်, ONBC

    ဓာတ်ပုံ ပုံစာ, တာချီလိတ် -မယ်ဆိုင် အမှတ် ၁ ချစ်ကြည်ရေးတံတားကနေ ပြန်လွှဲခဲ့

    ထိုင်းမှာ မူးယစ်ဆေး၀ါးမှုတွေနဲ့အလိုရှိနေတဲ့ ထိုင်း၀ရမ်းပြေး ၉ ဦးကို မြန်မာဘက်ကနေ ထိုင်းဘက်ခြမ်းကို ထိုင်း- မြန်မာနယ်စပ်ကနေ လွှဲပေးလိုက်ပါတယ်။

    အမျိုးသားနဲ့ အမျိုးသမီးတွေပါတဲ့ ဒီလူ ၉ ဦးကို ရှမ်းပြည်နယ်နဲဲ့ ချင်းရိုင်ခရိုင်နယ်စပ် မယ်ဆိုင်နယ်စပ်မှာ ဒီနေ့ လွှဲပေးလိုက်တာဖြစ်ပါတယ်။

    ထိုင်းဘက်က တရားရေးဌာန အောက်က မူးယစ်နှိမ်နင်းရေးဘုတ်အဖွဲ့(ONCB) ထိပ်တန်းပိုင်းအရာရှိတွေ၊ ခရိုင်အဆင့်အာဏာပိုင်တွေပါ၀င်ပြီး မြန်မာဘက်ကတော့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲမှူးချုပ် သန့်လွင်မောင် ဦးဆောင်ပါတယ်။

    မြန်မာဘက်က ပြန်လွှဲပေးလိုက်သူ ၉ ဦးထဲမှာ ၇ ဦးဟာ မူးယစ်ဆေး၀ါးဆက်နွှယ်အမှုတွေအတွက် တရားရင်ဆိုင်နေရသူတွေဖြစ်ပါတယ်။ အဲဒီလူ ၇ ဦးထဲမှာ ၃ ဦးဟာ ထိုင်းမူးယစ်နှိမ်နင်းရေးအဖွဲ့ရဲ့ အလိုရှိစာရင်းမှာပါ၀င်နေတဲ့ မူးယစ်ဆေးမှောင်ခိုကူးသူ အကြီးစားတွေ ဖြစ်တယ်လို့ ထိုင်းဘက်က သတင်းထုတ်ပါတယ်။

    အဲဒီ ၃ ဦးရဲ့ နာမည်ကို ထိုင်းဘက်က အထုတ်ပေမဲ့ ချင်းရိုင်ခရိုင်တရားရုံးက အလိုရှိနေတဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ ထိုင်းရာဇ၀တ်ခုံရုံးက အလိုရှိနေတဲ့အသက် ၄၂ နှစ်အရွယ်အမျိုးသား တစ်ဦးနဲ့ ၃၅ နှစ်အရွယ်အမျိုးသမီး ၁ ဦးတို့ ပါ၀င်တယ်လို့လည်း ဆိုပါတယ်။

    ကျန်နဲ့ မသင်္ကာသူ ၂ ဦးဟာ တခြား ရာဇ၀တ်မှုတွေနဲ့ဆက်နွှယ်နေသူတွေဖြစ်ပါတယ်။

    နေပြည်တော်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့ သြဂုတ်လ ဘန်ကောက်ခရီးမှာ မြန်မာနဲ့ ထိုင်းကြား မူးယစ်ဆေး၊ အွန်လိုင်းနဲ့ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေကို နှိမ်နင်းဖို့ သဘောတူညီခဲ့ကြအပြီးမှာ အခုအစီအစဉ်ပြောလိုက်တာဖြစ်ပါတယ်။

  6. စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ်မှာ စစ်တပ်နဲ့ အေအေတို့တိုက်ပွဲဆက်ပြင်းထန်

    စက်တင်ဘာလဆန်းအတွင်း လေကြောင်းဗုံးကြဲခံလိုက်ရတဲ့ သံတွဲမြို့က နေအိမ်တစ်အိမ်

    ဓာတ်ပုံ ရင်းမြစ်, AA Info Desk

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာလဆန်းအတွင်း လေကြောင်းဗုံးကြဲခံလိုက်ရတဲ့ သံတွဲမြို့က နေအိမ်တစ်အိမ်

    ရခိုင်ပြည်နယ်ထဲက စစ်တပ် ထိန်းချုပ် စစ်တွေမြို့နဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(အေအေ)တို့ကြား ဒီ‌နေ့ စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

    “စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ်မှာ တိုက်နေတာ” လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ပုဏ္ဏားကျွန်းမြို့ကိုတော့ အေအေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

    စစ်တပ်ထိန်းချုပ်ထားတဲ့ ကျောက်ဖြူမြို့နယ်အနီး တဝိုက်မှာလည်း ဒီကနေ့အထိ စစ်တပ်နဲ့ အေအေတို့ရဲ့တိုက်ပွဲတွေဆက်ရှိနေပြီး တိုက်ပွဲကာလက ၃ လ‌ကျော်ကြာမြင့်နေပြီလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    ကျောက်ဖြူနဲ့ အေအေထိန်းချုပ်ထားတဲ့ ရမ်းဗြဲမြို့နယ်ကြားက စစ်တပ်ရဲ့‌တောင်မော်ဦးရေတပ်စခန်းအနီးနဲ့ ‌ရေတပ်အနီးက စနဲမြို့စတဲ့နေရာတွေမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတာလို့ သူက ဆိုပါတယ်။

    အဲဒီရေတပ်စခန်းဟာ ကျောက်ဖြူမြို့နယ်ကို အလုံးစုံထိန်းချုပ်နိုင်‌ရေးမှာ အခရာကျပြီး စစ်တပ်ရဲ့ ပင်မရေတပ်ဌာနချုပ်ဖြစ်တဲ့ ဓညဝတီရေတပ်စခန်းအတွက် ကာကင်းစခန်းကြီးတစ်ခုလည်းဖြစ်တယ်လို့ အေအေနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က အစောပိုင်းကတည်းက ထုတ်ပြောထားပါတယ်။

    ရခိုင်ပြည်နယ်ထဲမှာ စစ်တပ်ထိန်းချုပ်ထားတဲ့မြို့နယ်တွေက မြို့တော် စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် ၃ မြို့နယ်သာရှိပါတယ်။

    စစ်တပ် ထိန်းချုပ် ပြည်နယ်မြို့တော် စစ်တွေဟာ အေအေ ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကပ်လျက်တည်ရှိပါတယ်
    ဓာတ်ပုံ ပုံစာ, စစ်တပ် ထိန်းချုပ် ပြည်နယ်မြို့တော် စစ်တွေဟာ အေအေ ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကပ်လျက်တည်ရှိပါတယ်

    တစ်ဖက်မှာလည်း စစ်တပ်က အေအေရဲ့ထိန်းချုပ်နယ်မြေတွေကို စက်တင်ဘာ ၄ ရက်ကစလို့ အင်အားထောင်နဲ့ချီကို စစ်ကြောင်းတွေ ခွဲပြီး ထိုးစစ်ဖော်နေတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တချို့ဆီကနေ သိရပါတယ်။

    ဒါက ဗိုလ်ချုပ်ကြီးရဲဝင်းဦးတပ်ချုပ်တာဝန်ယူတဲ့သက်တမ်း ၅ လကျော်အတွင်း အကြီးဆုံးထိုးစစ်ဖြစ်တယ်လို့လည်း သတင်းရင်းမြစ်က ဆိုပါတယ်။

    စစ်တပ်ထောက်ခံသူတွေကတော့ ၄၉၂၆ စစ်ဆင်ရေးလို့ အမည်တပ်နေကြပေမဲ့ မြန်မာစစ်တပ်ကတော့ တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။

    နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင် တပ်ချုပ် ရာထူးယူခဲ့ချိန် ၂၀၂၅ နှောင်းပိုင်းတုန်းကလည်း ရခိုင်ပြည်နယ်ကို အကြမ်းဖက်ချေမှုန်းစစ်ဆင်ရေး (Rules of Engagement ROE)နဲ့အညီ လိုအပ်သလိုဆက်လုပ်သွားမယ်လို့ သတင်းထုတ်ခဲ့ပါတယ်။

    ရခိုင်ပြည်နယ်ထဲမှာ အေအေ ထိန်းချုပ်နယ်မြေတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏလုပ်နေပြီး ဒီတိုက်ခိုက်မှုတွေအတွင်း လူအစုလိုက်အပြုံလိုက် သေဆုံးတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

    အေအေကတော့ သူ့ရဲ့ထိန်းချုပ်နယ်မြေထဲက ရခိုင်လူထုတွေကို လေကြောင်းနဲ့ ရေကြောင်းရန်ကို အထူးသတိထားနေထိုင်ကြဖို့ အသိပေးဆော်ဩတာတွေ လုပ်နေပါတယ်။

  7. အက်ပဲလ်က iPhone 18 pro နဲ့ Duo ခေါက်ဖုန်းအပါအ၀င် နောက်ဆုံးထုတ်ကုန်တွေကို ထုတ်ပြ

    အက်ပဲ အမှုဆောင်ချုပ်နဲ့ အိုင်ဖုန်းခေါက်ဖုန်းသစ်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, အက်ပဲ အမှုဆောင်ချုပ်နဲ့ အိုင်ဖုန်းခေါက်ဖုန်းသစ်

    အက်ပဲလ် အမှုဆောင်ချုပ် ဂျွန် တားနက်စ်ဟာ အက်ပဲလ်မှာ အမှုဆောင်ချုပ် တာ၀န်ယူတာ ဒုတိယသီတင်းပတ် ရောက်ချိန်မှာပဲ ကုမ္ပဏီဟာ အိုင်ဖုန်းကို လွန်ခဲ့တဲ့အနှစ် ၂၀ နီးပါးကတည်းက စတင်မိတ်ဆက်ပြီးနောက်ပိုင်း အကြီးမားဆုံးပြောင်းလဲမှုကို ထုတ်ပြခဲ့ပါတယ်။

    အက်ပဲလ် အကြီးအကဲ တင်ကွတ်ခ် ရာထူးက ဆင်းသွားပြီးနောက် အက်ပဲလ်ရဲ့ထိပ်တန်းရာထူးကို တားနက်စ်က လွှဲပြောင်းရယူခဲ့တာဖြစ်ပါတယ်။

    မနေ့ကလုပ်တဲ့ ကုမ္ပဏီရဲ့နှစ်စဉ် ထုတ်ကုန်မိတ်ဆက်ပွဲမှာ စင်မြင့်ပေါ် တက်ရောက်ခဲ့ပြီး နောက်ခံမှာ ပထမဆုံး ခေါက်သိမ်းလို့ရတဲ့ iPhone ရဲ့မြင်ကွင်းကိုလည်း ပြသခဲ့ပါတယ်။

    ခေါက်လို့ရတဲ့ iPhone အသစ်ကို Duo လို့ အမည်ပေးထားပြီး ဒါဟာ iPhone သမိုင်းတလျှောက် အကြီးဆုံး အရွယ်အစားမော်ဒယ် ဖြစ်ပါတယ်။ ဖြန့်လိုက်ရင် အိုင်ပတ်လို သုံးနိုင်မှာဖြစ်ရင် ခေါက်နေရင်လည်း မျက်နှာပြင်ကျယ်တဲ့အိုင်ဖုန်းတစ်လုံးလို သုံးနိုင်မှာဖြစ်ပါတယ်။

    အမေရိကန်မှာ အခြေခံ ဈေးနှုန်း အမေရိကန်ဒေါ်လာ ၁,၉၉၉ (ပေါင် ၁,၄၇၅) ကနေ အမြင့်ဆုံး ဒေါ်လာ ၃,၂၀၀ အထိ ရှိတာကြောင့် iPhone တွေအနက် ဈေးအကြီးဆုံး မော်ဒယ်လည်း ဖြစ်ပါတယ်။ ဗြိတိန်မှာတော့ ပေါင် ၁,၉၉၉ ကနေ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

    တားနက်စ်က Duo ဟာ “iPad ကနေ စိတ်ကူးရယူထားတာ” ဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် ခေါက်သိမ်းနိုင်တဲ့ လုပ်ဆောင်ချက်တွေကိုတော့ “ချောမွေ့ပြီး သဘာဝကျကျ အသုံးပြုနိုင်တဲ့ ပုံစံ” လို့ ဖော်ပြခဲ့ပါတယ်။

    အက်ပဲဟာ ခေါက်ဖုန်း ထွက်လာဖို့ လုပ်နေတာ နှစ်ပေါင်းအတော်ကြာနေပြီဖြစ်ပါတယ်။ အခုတော့ ခေါက်ဖုန်းကိုပါ ထုတ်ပြလာတာဖြစ်ပါတယ်။

  8. မာတုကာမနဲ့ မဖွယ်မရာဗီဒီယိုထွက်တဲ့ အယုဒ္ဓယကျောင်းထိုင် ၀တ္ထုငွေအလွဲသုံးမှုနဲ့ ဖမ်းဆီးခံရ

    ဆရာတော်ကို လူ၀တ်လဲပြီး ရဲက ဖမ်းဆီးသွား

    ဓာတ်ပုံ ရင်းမြစ်, CIB

    ဓာတ်ပုံ ပုံစာ, ဆရာတော်ကို လူ၀တ်လဲပြီး ရဲက ဖမ်းဆီးသွား

    ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့မှာ မာတုကာမ တစ်ဦးနဲ့ မဖွယ်မရာနေထိုင်တဲ့ဗီဒီယို ထွက်ခဲ့တဲ့ကျောင်းထိုင်ဆရာတော်တစ်ပါးကို ကျောင်းတိုက်ငွေ ဘတ်သန်းဆယ်ချီ အလွဲသုံးမှုနဲ့ ထိုင်းအထူးစုံစမ်းရေးရဲတပ်ဖွဲ့(CIB)က လူ၀တ်လဲပြီး ဖမ်းဆီးလိုက်ပါတယ်။

    အယုဒ္ဓယမြို့ ဖုထိုင်ဆ၀မ်ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော်ဟာ ကျောင်းတိုက်ငွေ ဘတ် ၉၂ သန်းကို အလွဲသုံးမှုနဲ့ ငွေကြေးခ၀ါချမှုတွေလုပ်ထားတယ်ဆိုတဲ့သံသယနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    စီးနင်း ဖမ်းဆီးမှုကိုတော့ ရဲတပ်ဖွဲ့က ဒီနေ့ မနက် ၆ နာရီမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့ကတော့ ဆရာတော်ဟာ တပည့်ရင်း မာတုကာမတစ်ဦးကို ကျောင်းတိုက်ငွေတွေ အပ်ပြီး တခြားလူတွေရဲ့နာမည်ပြောင်းခိုင်းခဲ့တယ်လို့ တိုင်ကြားလာလို့ စုံစမ်းမှု စတင်တာလို့ ပြောပါတယ်။

    အဲဒီနောက်ရဲက လျှို့၀ှက်စုံစမ်းခဲ့ရာကနေ ခိုင်လုံတဲ့ သက်သေတွေရရှိခဲ့တာလို့လည်း ရဲအပြောကို ကိုးကားပြီး ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

    ဆရာတော်ဟာ နာမည် အမျိုးမျိုးနဲ့ အလှူငွေ ဖြတ်ပိုင်း ၂၀ ခန့် ထုတ်ပေးခဲ့ပြီး အဲဒီဖြတ်ပိုင်းတွေဟာ စုစုပေါင်း ထိုင်းဘတ်ငွေ ၉၂ သန်းကျော်အထိရှိတယ်လို့လည်း ရဲက ပြောပါတယ်။

    အဲဒီနောက်စုံစမ်းစစ်ဆေးသူတွေက သက်သေတွေကို စုစည်းပြီး အဂတိမှုနဲ့မလျော်သြဇာသုံးမှုဆိုင်ရာအမှုအခင်းများဆိုင်ရာ ဗဟို ရာဇ၀တ်ခုံရုံးကနေ ၀ရမ်းရယူပြီး ဖမ်းဆီးမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ရုပ်သံမှာတော့ ဆရာတော်ကို လူ၀တ်လဲပြီး ကျောင်းတိုက်ကနေ ခေါ်ထုတ်သွားတာတွေ့ရပါတယ်။

  9. နှစ် ၅၀ အကြာမှာ ''ဥက္ကဋ္ဌကြီးမော်''က ''ဆရာကြီး''အဖြစ် Gen Z တွေကြားပြန်ရှင်သန်

    ဒီဂျစ်တယ်ခေတ်မှာ ''ဥက္ကဋ္ဌကြီးမော်' ကို လူငယ်ထုကြားမှာပြန်လည်ရှာဖွေပြီး လူကြိုက်များ
    ဓာတ်ပုံ ပုံစာ, ဒီဂျစ်တယ်ခေတ်မှာ ''ဥက္ကဋ္ဌကြီးမော်' ကို လူငယ်ထုကြားမှာပြန်လည်ရှာဖွေပြီး လူကြိုက်များ

    "လူကြီးလူကောင်းတွေ အများကြီးရှိပေမဲ့ 'ဆရာကြီး' ကတော့ တစ်ယောက်တည်း ရှိတယ်။"

    ''ဆရာကြီး'' ဆိုတဲ့နာမည်က ကွယ်လွန်သူ တရုတ်ခေါင်းဆောင် မော်စီတုန်းကို တရုတ်လူငယ်အများအပြားက အွန်လိုင်းမှာ ခေါ်ကြသုံးကြတဲ့နာမည်ပါ။

    တရုတ် ဗီဒီယိုပလက်ဖောင်း Bilibili မှာ "မော်စီတုန်း" ဒါမှမဟုတ် "ဆရာကြီး" ဆိုပြီး ရှာဖွေလိုက်ရင် ရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲအမျိုးမျိုးထဲက မော်စီတုန်းရဲ့ ပုံရိပ်တွေကို ဖြတ်တောက်စုစည်းထားတဲ့ ဗီဒီယို ဒါဇင်နဲ့ချီ တက်လာတာကို တွေ့ရမှာပါ။

    အဲဒီဗီဒီယိုတွေမှာ မော်စီတုန်းရဲ့ဘဝတလျှောက် မတူညီတဲ့ကာလတွေကို ထည့်သွင်းဖော်ပြထားပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ‌ဆက်ပြီးဖတ်နိုင်ပါတယ်။

  10. လေးမျက်နှာမှာ ရေအားကြောင့် တာကျိုးကို ပိတ်ဆို့တဲ့သံဘောင်တွေ ကွေးပြီး တာပေါက်မှုထပ်ဖြစ်

    ဧရာဝတီ၊ လေးမျက်နှာမြို့မှာ ဩဂုတ်လဆန်းပိုင်းတုန်းက ရေကြီးနေတဲ့မြင်ကွင်း
    ဓာတ်ပုံ ပုံစာ, ဧရာဝတီ၊ လေးမျက်နှာမြို့မှာ ဩဂုတ်လဆန်းပိုင်းတုန်းက ရေကြီးနေတဲ့မြင်ကွင်း

    ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ကျိုးသွားတဲ့တာကို ပြန်ပိတ်ရာမှာ သုံးထားတဲ့သံဘောင်တွေဟာ ရေအားကြောင့် ကွေးကုန်ပြီး မနေ့ညတုန်းက တာထပ်မံကျိုးပေါက်လို့ မြို့ထဲကို ရေတွေ စ၀င်လာနေပြီလို့ ကယ်ဆယ်ရေးအဖွဲ့တချို့နဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

    လေးမျက်နှာမြို့နယ်ထဲ င၀န်မြစ်ရေကို ကာထားတဲ့တာဘောင် ကျိုးပေါက်လို့ တာပြန်ဖို့ ကြိုးပမ်းတာ တစ်လကျော်အကြာမှာ တာကျိုးခဲ့တဲ့နေရာကို ပြန်ပိတ်နိုင်ခဲ့တာဖြစ်ပါတယ်။

    ဒါပေမဲ့ ငဝန်မြစ်ရေကိုကာထားတဲ့တာကျိုးပေါက်မှုမှာ ရေဝင်လမ်းကြောင်းကို ပြန်ပိတ်ဆို့နိုင်ပြီလို့ နေပြည်တော်က ကြေညာပြီး နောက်တစ်ရက် စက်တင်ဘာ ၉ ရက် ညပိုင်းမှာပဲ ရေကာထားတဲ့တာ အတွင်းဘောင် ပြန်ကျိုးပေါက်ခဲ့တာဖြစ်ပါတယ်။

    “မြစ်ရေစီးသန်တော့ ရေတားဖို့ လုပ်တဲ့ သံဘောင်တွေ ကွေးပြီး ပေ ၂၀ အကျယ်လောက် ပြန်ကျိုးပေါက်သွားတာ၊ တာဘောင်ပိတ်တဲ့အဖွဲ့တွေက ပြန်တောင်မပြန်ရသေးဘူး” လို့ ဒီအခြေအနေကိုသိတဲ့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    လက်ရှိမှာတော့ အတွင်းတာဘောင် ပြန်ကျိုးပေါက်လို့ “မြို့ပေါ်ရပ်ကွက်ထဲ ရေစဝင်နေတယ်၊ ရေကတော့ တစ်ပေလောက်ပဲ တက်သေးတယ်” လို့မြို့ခံတစ်ဦးက ဆိုပါတယ်။

    ငဝန်မြစ်ရေကာတာအတွက် အတွင်းတာဘောင်နဲ့ အပြင်တာဘောင် ၂ ထပ်ပိတ်ဆို့ဖို့ ဆောင်ရွက်နေပေမယ့် အခုက ပြင်ဆင်ပြီးစီတာ မကြာသေးတဲ့ အတွင်းတာဘောင်က ပြန်ပြီးကျိုးပေါက်ခဲ့တာဖြစ်ပါတယ်။နေပြည်တော်ကတော့ ဒီအတွင်းတာဘောင်ကို ပိတ်ဆို့ဖို့ တစ်လနဲ့ ၄ ရက် ကျော်ကြာ ဆောင်ရွက်ခဲ့ရတယ်လို့ နိုင်ငံပိုင်သတင်းဌာနကနေ ကြေညာပါတယ်။

    ဇူလိုင်လကုန်ပိုင်းတုန်းက ငဝန်မြစ်ရေကာတာနဲ့ အတွင်းတာဘောင် ကျိုး‌ပေါက်မှုကြောင့် လေးမျက်နှာမြို့နယ်တစ်ခုလုံး ရေကြီးရေလျှံမှုအဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်။

    ဒီကနေ့မှာလည်း မြို့ထဲကို ရေတွေ တရိပ်ရိပ်စဝင်လာတာကြောင့် မြို့ခံတချို့ကတော့ အရေးပေါ်ပြန်ပြောင်းရွှေ့နေကြရတယ်လို့ လူမှုကူညီရေးအဖွဲ့တချို့က ပြောပါတယ်။

    နေပြည်တော်ကတော့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာ ထပ်ပြီးကျိုးပေါက်ခဲ့တာနဲ့ပတ်သက်လို့ ဒီနေ့ နေ့လယ်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

  11. ဝန်ကြီးဟောင်း ဦးအောင်မင်း ငြိမ်းချမ်းရေးအကြံပေးဖြစ်လာ

    ၂၀၁၆ ခုနှစ်တုန်းက မြင်တွေ့ရတဲ့ ဦးအောင်မင်း

    ဓာတ်ပုံ ရင်းမြစ်, Myanmar Peace Center

    ဓာတ်ပုံ ပုံစာ, ၂၀၁၆ ခုနှစ်တုန်းက မြင်တွေ့ရတဲ့ ဦးအောင်မင်း

    နေပြည်တော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေမှာ အကြံပေးဖို့ သမ္မတရုံးဝန်ကြီးဟောင်း ဦးအောင်မင်း ဦးဆောင်တဲ့အကြံပေးအဖွဲ့ကို နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်က ဖွဲ့စည်းလိုက်ပါတယ်။

    သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မှာ ပါဝင်ခဲ့ကြတဲ့ ဝန်ကြီးဟောင်း ဦးသိန်းဇော်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာမင်းဇော်ဦးနဲ့ ဦးသက်နိုင်တို့လည်း အကြံပေးအဖွဲ့မှာ ပါဝင်လာပါတယ်။

    ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ရဲ့ အကြံပေးအဖွဲ့အဖြစ် ခန့်အပ်လိုက်တာလို့ သြဂုတ်လ နောက်ဆုံးပတ်မှာထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြပါတယ်။

    ဒါပေမဲ့ ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ(NSPCC)ကိုပါ အကြံပေးရမှာဖြစ်ပါတယ်။

    “အမိန့်စာထွက်ပြီးတာနဲ့ ဦးအောင်မင်းက နေပြည်တော် ရောက်လာပြီး တွေ့ဆုံမှုတွေ လုပ်နေပါပြီ။ ဒါပေမဲ့ သူတို့အဖွဲ့အကြံပေးတာကို ဦးမင်းအောင်လှိုင် ဘယ်လောက်နားထောင်မလဲ ကြည့်ရမယ်” လို့ NSPNC နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

    ဦးအောင်မင်းအကြံပေးအဖွဲ့ရဲ့တာဝန်ထဲမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ပါ သဘောတူညီချက်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့ လက်တွေ့ကျတဲ့အကြံပြုချက်တွေ ဖော်ထုတ်ပေးဖို့လည်း ပါဝင်ပါတယ်။

  12. ‘‘မဲစာရင်းမှာ ကျွန်တော်ပါသလို တွေးပြီး မဲထည့်ပါ’’ - ထရမ့်

    အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ပြုလုပ်တဲ့ ရီပတ်ဘီကန်ပါတီကြားဖြတ်ရွေးကောက်ပွဲ ညီလာခံမှာ မြင်ရတဲ့ ထရမ့်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ပြုလုပ်တဲ့ ရီပတ်ဘလီကန်ပါတီကြားဖြတ်ရွေးကောက်ပွဲ ညီလာခံမှာ မြင်ရတဲ့ ထရမ့်

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နို၀င်ဘာကြားဖြတ်ရွေးကောက်ပွဲတွေမှာ မဲစာရင်းထဲ သူပါသလို မှတ်ယူပြီး မဲထည့်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

    ကြားဖြတ်ရွေးကောက်ပွဲတွေ မတိုင်ခင် ရီပတ်လီကန်ပါတီကို အားသစ်လောင်းတဲ့အနေနဲ့ တက္ကဆက်ပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ပါတီ ညီလာခံမှာ ထရမ့်က အခုလိုပြောလိုက်တာဖြစ်ပါတယ်။

    အမေရိကန်သမ္မတ အဆက်ဆက်ဟာ သူတို့တာ၀န်ထမ်းတဲ့ လေးနှစ်တာရဲ့တ၀က် ပထမ ၂ နှစ်မှာ ပြုလုပ်လေ့ရှိတဲ့ ဒီလိုကြားဖြတ်ရွေးကောက်ပွဲတွေမှာ သူတို့ပါတီတွေ အနိုင်ရဖို့ ရုန်းကန်ရလေ့ရှိပါတယ်။

    သမ္မတ ထရမ့်ရဲ့မှတ်ချက်တွေဟာ သူ့ပါတီက ရီပတ်ဘလီကန်နိုင်ငံရေးသမားတွေ ဒီနှစ်နဲ့ လာမယ့် ၂၀၂၈ ရွေးကောက်ပွဲမှာ ကြုံရနိုင်တဲ့စိန်ခေါ်ချက်ကိုလည်း ပြသရာရောက်တယ်လို့ အဲဒီပွဲကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ဒန်နီယယ် ဘုရှ်က ရေးပါတယ်။

    ထရမ့်ကတော့ လာမယ့်ကြားကာလရွေးကောက်ပွဲတွေမှာ လွှတ်တော် ၂ ရပ်မှာ ရီပတ်ဘလီကန်ပါတီနိုင်မယ်ဆိုရင် အရွယ်ရောက်ပြီး အမေရိန်နိုင်ငံသား အားလုံးကို နိုင်ငံတော်က ဒေါ်လာ ၅,၀၀၀ စီ ပေးဖို့ လုပ်မယ်လို့ ပြောထားပါတယ်။

    ဒါပေမဲ့ ဒီလိုပေးတာဟာ ဥပဒေနဲ့ညီမလား၊ ဖြစ်နိုင်မလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ အခုလို ပါတီတွေ့ဆုံပွဲတွေမှာ ပြောနေဆိုနေကျမဟုတ်တဲ့စကားတွေ ထွက်လာတာကတော့ သတင်းခေါင်းကြီးပိုင်းတွေမှာ ဖော်ပြခံနေရပြီလို့လည်း ဘုရှ်က ရေးပါတယ်။

    ထရမ့်ရဲ့အတွင်းစည်းထဲ မြင်နေတွေ့နေကျ အမေရိကန်ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်လို မျက်နှာရင်းသူတွေလည်း ဒါးလက်စ်မြို့မှာပြုလုပ်မယ့် ၂ ရက်ကြာ ပွဲမှာ မိန့်ခွန်းတွေပြောဖို့ ရှိနေပါတယ်။

    ဒီမိုကရက်တွေဘက်ကတော့ ဒီပွဲဟာ အပြင်က တကယ့် ပြဿနာတွေကနေ အာရုံလွှဲတဲ့ဖြစ်ရပ်လို့ ပြောပါတယ်။

  13. ဗန်းမော်ကနေ ပြန်ဆင်းလာတဲ့စစ်တပ်သင်္ဘော ၅ စင်းထက်မနည်းကို KIA/PDF တိုက်ခိုက်

    စက်တင်ဘာ ဒုတိယသီတင်းပတ်အတွင်း ဗန်းမော်ကနေ ဆင်းလာတဲ့ သင်္ဘောတစ်စင်း တိုက်ခိုက်ခံရပြီးနောက် မီးလောင်ကျွမ်းနေတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Screen Grab

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ဒုတိယသီတင်းပတ်အတွင်း ဗန်းမော်ကနေ ဆင်းလာတဲ့ သင်္ဘောတစ်စင်း တိုက်ခိုက်ခံရပြီးနောက် မီးလောင်ကျွမ်းနေတဲ့မြင်ကွင်း

    ကချင်ပြည်နယ်၊ ဗန်းမော်စစ်မျက်နှာအတွက် စစ်အင်အားနဲ့ ရိက္ခာ ဖြည့်တင်းပေးအပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်(KIA)နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်မှာရှိတဲ့သတင်းရင်းမြစ်တချို့က ပြောပါတယ်။

    “စက်တင်ဘာ ၈ ရက်က ၂ စင်း၊ ၉ ရက်မှာ ၃ စင်း၊ ဆင်းလာတဲ့သင်္ဘောတွေ တိုက်ခံရတာ” လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    တိုက်ခံရတဲ့စစ်တပ်သင်္ဘောတွေထဲ ၃ စင်းက မီးလောင်ပြီး ၂ စင်းကတော့ ပျက်စီးသွားတယ်လို့ စစ်တပ်သင်္ဘောလမ်းကြောင်းတွေကို စောင့်ကြည့်နေသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ရွှေကူမြို့နယ်ထဲက ဇင်းဘုံရွာအထက်ပိုင်းနဲ့ ဗန်းမော် စင်းခန်းတံတားအနီးတဝိုက် စတဲ့နေရာတွေမှာ KIA နဲ့ ပူးပေါင်းတပ်တွေက ဒရုန်းနဲ့တိုက်ခိုက် ဖျက်ဆီးတိုက်ခိုက်ခဲ့တာလို့ KIA တပ်ဖွဲ့နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    “စင်းခန်းတံတားဘက်ကနေလည်း ကြိုပြီး ပစ်ခတ်တာတွေ လုပ်တယ်” လို့ သူက ဆိုပါတယ်။

    စစ်တပ်က ဗန်းမော်စစ်မျက်နှာကို စစ်ကူအင်အားဖြည့်ဖို့ ဩဂုတ်လကုန်ပိုင်းကတည်းက တိုက်ခိုက်ရေးသင်္ဘောတွေကို ဗန်းမော်ကို စေလွှတ်တာတွေ လုပ်နေသလို KIA နဲ့ ပူးပေါင်းတပ်တွေကလည်း ဒီသင်္ဘောတွေကို တိုက်ခိုက်ဖျက်ဆီးတာတွေ လုပ်ခဲ့ပါတယ်။

    တိုက်ခိုက်မှုတွေအတွင်း စစ်တပ်ဘက်က တပ်ဖွဲ့ဝင်နဲ့ မိသားစုဝင် ၁၀၀ ကျော် KIA ထံမှာ လက်နက်ချခဲ့ပြီး အဲဒီစစ်သုံ့ပန်းတွေကို ရွှေကူမြို့နယ်ထဲမှာပဲ ထိန်းသိမ်းစစ်ဆေးနေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အစောပိုင်းကတည်းက ပြောထားပါတယ်။

    စက်တင်ဘာ လဆန်းပိုင်းတုန်းကလည်း စစ်တပ်က အစင်းရေ ၃၀ ‌ကျော်ပါတဲ့သင်္ဘောအုပ်စုကို မန္တလေးဂေါဝိန်ဆိပ်ကမ်းကနေ ဗန်းမော်စစ်မျက်နှာအတွက် စေလွှတ်ထားပါတယ်။

    မြန်မာစစ်တပ်ကတော့ ‌ရွှေကူနဲ့ ဗန်းမော်ကြား ဧရာဝတီမြစ်ကြောင်းအတွင်းက စစ်တပ်သင်္ဘောတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ ဒီနေ့ စက်တင်ဘာ ၁၀ ရက်အထိ သတင်းမထုတ်ပြန်သေးပါဘူး။

  14. ဝ ဒေသမှာ သံဖြူ တူးဖော်မှု ပြန်စ

    မန်းမော်က မိုင်းတွင်းလို့ဆို

    ဓာတ်ပုံ ရင်းမြစ်, ကမ္ဘာ့သံဖြူထုတ်အသင်း

    ဉာဏ်ရည်တုနည်းပညာမှာသုံးတဲ့ဒေတာစင်တာ ဆားကစ်ပြားတွေအတွက် အခရာကျတဲ့ သံဖြူသတ္တုကို ‘၀’ နယ်မြေထဲမှာ ရှိတဲ့သံဖြူ မိုင်းတွင်းကြီးမှာ တူးဖော်ရေးပြန်စနေပြီလို့ ပညာရှင်အဖွဲ့ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းက ဖော်ပြပါတယ်။

    ‘၀’ နယ်မြေထဲက သံဖြူမိုင်းကြီး ပြန်စနေပြီလို့ နိုင်ငံတကာပညာရှင်အဖွဲ့ International Crisis Group ကို ကိုးကားပြီး အေဖက်ဖ်ပီက သတင်းဖော်ပြတာဖြစ်ပါတယ်။

    ‘၀’ နယ်မြေထဲက မန်းမော် မိုင်းတွင်းဟာ ၂၀၁၀ ပြည့်နှစ်တွေကလို့ ကမ္ဘာ့ သံဖြူသတ္တုတင်ပို့မှုအတွက် အခရာကျနဲ့ အခန်းကဏ္ဍမှာ ရှိလာတာဖြစ်ပြီး ကမ္ဘာမှာ တတိယမြောက် အကြီးဆုံး သံဖြူ ထုတ်လုပ်တဲ့နေရာဖြစ်လာပါတယ်။

    အဲဒီက သံဖြူတွေဟာ တရုတ်ကို အများဆုံးပို့တာဖြစ်ပါတယ်။ ဉာဏ်ရည်တုနည်းပညာ ထွန်းကားလာချိန်မှာ နယ်မြေအခြေအနေကြောင့် အဲဒီသံဖြူမိုင်းတွင်းလုပ်ငန်း တူးဖော်မှု ရုတ်တရက် ရပ်လိုက်တာကြောင့် စျေးနှုန်း ရုတ်တရက် ထိုးတက်ခဲ့ပြီး ကမ္ဘာမှာ သံဖြူ ၀ယ်လိုအားလည်း မြင့်တက်ခဲ့ပါတယ်။

    ‘‘ထုတ်လုပ်ရေး တဖြည်းဖြည်းနဲ့ ပြန်စနေပြီး စျေးနှုန်းလည်း ပြန်တက်စပြုလာတယ်’’ လို့ အေအက်ဖ်ပီ သတင်းက ဖော်ပြပါတယ်။

    မြန်မာကနေ တရုတ်ကို သံဖြူသံရိုင်း တင်ပို့မှုဟာ ၂၀၂၆ ခုနှစ် ပထမ ၆ လပတ်မှာ ၂၀၂၅ ခုနှစ်က တင်ပို့နှုန်းထက် ကျော်သွားပြီး စုစုပေါင်း မက်ထရစ်တန်ပေါင်း လေးသောင်းနီးပါးရှိပြီလို့ ဘေကျင်းအကောက်ခွန်ဌာနက အချက်အလက်တွေက ပြသပါတယ်။

    ‘‘မန်းမော် မိုင်းတွင်းကြီးမှာ အဆောက်အဦသစ်တွေ ကြီးကြီးမားမားတွေကို ဂြိုဟ်တုမှာဓာတ်ပုံတွေမှာ မြင်တွေ့ရတယ်’’ Crisis Group ရဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။

    မန်းမော်မိုင်းကို ၂၀၂၃ ခုနှစ်မှာ ၀ တပ်ဖွဲ့က ပိတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၂၅ မှာ မိုင်းတွင်းပြန်စရေးအတွက် ၀ အဖွဲ့အတွင်းမှာ အစည်းအ၀ေးခေါ်ယူခဲ့တယ်လို့ နိုင်ငံတကာ သံဖြူသတ္တုတူးဖော်အသင်းက သတင်းထုတ်ခဲ့ဖူးပါတယ်။

  15. မင်္ဂလာပါ။

    စက်တင်ဘာ ၁၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။

    နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။