မြန်မာ့သနပ်ခါးကို ယူနက်စကိုစာရင်းဝင်ဖြစ်သင့်ကြောင်း ကနဦးသတ်မှတ်ချက်ထွက်
မြန်မာ့သနပ်ခါးကို ယူနက်စကိုရဲ့လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် Evaluation အဖွဲ့ (Evaluation Body) က ကနဦးသတ်မှတ်လိုက်ပြီလို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT) ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က ဘီဘီစီကို ဒီကနေ့မှာ ပြောပါတယ်။
''Evaluation အဖွဲ့က ရသင့်တယ်လို့ သတ်မှတ်လိုက်တာပါ။ Conference မှာ အတည်ပြုကြေညာရုံပါပဲ။ သေချာ ရသွားတာပါ။'' လို့ ဒေါ်စန္ဒာခင်က ပြောပါတယ်။
မြန်မာ့သနပ်ခါးကို ယဉ်ကျေးမှုဓလေ့(Practice of Thanakha Culture in Myanmar) အဖြစ် ယူနက်စကိုရဲ့လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) မှာ ထည့်သွင်းနိုင်ဖို့ အဆိုပြုထားတာ ၂၀၂၅ ခုနှစ်ကတည်းက ဖြစ်ပါတယ်။
လက်ရှိမှာ အဲဒီအဆိုပြုမူကြမ်းတင်သွင်းမှုကို ယူနက်စကိုရဲ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖို့ နိုင်ငံတွေက တင်သွင်းလာတဲ့ အဆိုပြုလွှာတွေကို စိစစ်သုံးသပ်ပေးတဲ့ ကျွမ်းကျင်သူအဖွဲ့ Evaluation အဖွဲ့ (Evaluation Body)က ကနဦး သတ်မှတ်ချက်ထွက်လာတယ်လို့ နားလည်ရပါတယ်။
Evaluation အဖွဲ့မှာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ အဖွဲ့အစည်းတွေရဲ့ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။
ဒါကြောင့် လက်ရှိမှာ Evaluation အဖွဲ့က စာရင်းသွင်းဖို့ ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းလိုက်တာဖြစ်ပြီး နောက်ဆုံးအတည်ပြုချက်ကိုတော့ ယူနက်စကိုရဲ့အစိုးရအချင်းချင်းဆိုင်ရာကော်မတီ (Intergovernmental Committee) က ချမှတ်မှသာ အတည်ပြုထွက်လာမှာဖြစ်ပါတယ်။
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုရဲ့ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ထည့်သွင်းရေး နောက်ဆုံးဆုံးဖြတ်ချက်ကို လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ယူနက်စကိုအစိုးရအချင်းချင်းဆိုင်ရာ ကော်မတီညီလာခံမှာ ချမှတ်မှာဖြစ်ပါတယ်။
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အစိုးရအချင်းချင်းကော်မတီရဲ့ ၂၁ ကြိမ်မြောက်ညီလာခံ(21.COM)ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၅ ရက်အထိ တရုတ်နိုင်ငံ၊ ရှမင်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။
ယူနက်စကိုရဲ့ယာယီအစီအစဉ်အရ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရေး အဆိုပြုချက်တွေကို ဒီဇင်ဘာ ၁ ရက်ကနေ ၃ ရက်အထိ ဆွေးနွေး စိစစ်မှာဖြစ်ပြီး သနပ်ခါးအဆိုပြုလွှာလည်း အဲဒီအစီအစဉ်အတွင်း ပါဝင်ပါတယ်။