မြန်မာတက်ကြွလှုပ်ရှားကို ပြည်နှင်ဒဏ်ပေး၊ မပေး ပြောဖို့ စောသေးတယ်လို့ ထိုင်းဝန်ကြီးချုပ်တုံ့ပြန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြနေချိန် ထိုင်းအမျိုးသားရေးလှုပ်ရှားသူတွေရဲ့တိုက်ခိုက်မှုခံခဲ့ရတဲ့ မြန်မာတက်ကြွလှုပ်ရှားသူ ဝီရာ ဆန်ထောင် (ခေါ် ) ကိုဆူရတ်ကို ပြည်နှင်ဒဏ်ပေး၊ မပေး ပြောဖို့ စောသေးတယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင်က ဒီကနေ့မှာ တုံ့ပြန်လိုက်ပါတယ်။
ဒီကနေ့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က ကောလိပ်တစ်ခုကို ရောက်နေချိန်မှာ အခုလိုတုံ့ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က ဘန်ကောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ မြန်မာ CI ရုံးတွေ ဖျက်သိမ်းပေးရေး ဆန္ဒပြနေတဲ့ ကိုဆူရတ်ကို ထိုင်းအမျိုးသားရေးလှုပ်ရှားသူတွေက လာရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်အပြီးမှာ ၁၀ နှစ်ခံ မှတ်ပုံတင်ကတ်နဲ့ နေထိုင်နေတဲ့ ကိုဆူရတ်ကို ပြည်နှင်ဒဏ်ပေးဖို့ ထိုင်းအမျိုးသားရေးလှုပ်ရှားသူတွေက တောင်းဆိုနေကြတာပါ။
ထိုင်းဝန်ကြီးချုပ် အနုတင်ကတော့ “လောလောဆယ် ဒါနဲ့ပတ်သက်လို့ ဘာသတင်းအချက်အလက်မှ မရရှိထားသေးပါဘူး။ ပြောဖို့ စောပါသေးတယ်” လို့ ပြောဆိုခဲ့ပါတယ်။
မြန်မာအလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ကိုဆူရတ်ကတော့ သူ့ကို တိုက်ခိုက်ခဲ့သူတွေကို ထိုင်းရဲတပ်ဖွဲ့နဲ့ လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားထားတယ်လို့ သိရပါတယ်။
ဒီလို ထိုင်းအမျိုးသားရေးလှုပ်ရှားသူတွေရဲ့တိုက်ခိုက်မှုကို ထိုင်းလွှတ်တော်အမတ်တွေ နဲ့ ထိုင်းပြည်သူတချို့ကလည်း ရှုတ်ချထားကြပါတယ်။





