ရွှေကူ-ဗန်းမော်လမ်းပိုင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲတွေ ဆက်ရှိနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကချင်ပြည်နယ်ထဲ ရွှေကူကနေ ဗန်းမော်ကို တက်ဖို့ကြိုးပမ်းတဲ့စစ်တပ်ရေယာဉ်တွေကို တိုက်ခိုက်တာနဲ့ ကုန်းလမ်းမှာ စစ်တပ်စခန်း တိုက်ခိုက်ခံရတာတွေကြောင့် စစ်တပ်ဟာ ရွှေကူမြို့နယ်ထဲမှာ ဒီနေ့မနက်ပိုင်း ဗုံးကြဲခဲ့တယ်လို့ KIA ဘက်က ပြောပါတယ်။
ရွှေကူမြို့နယ်၊ ဇင်းဘုံရွာက စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးတဲ့နောက်မှာ ဒီကနေ့ စစ်တပ်ကလေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဒီနေ့မနက်ပိုင်းမှာ ပြောပါတယ်။
မနေ့က ရွှေကူမြို့ နဲ့ မိုင် ၂၀ ဝန်းကျင်အကွာမှာ ရှိတဲ့ ဇင်းဘုံရွာက စစ်တပ်ရဲ့ ဗျူဟာကုန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းခဲ့တာပါ။
“ဒီကနေ့မနက်ပိုင်းက ရွှေကူမြို့နယ်မှာ စစ်တပ်က ဗုံးလာကြဲသွားတယ်။ အဓိကကတော့ ဗန်းမော်ဘက်ကို တက်ချင်တဲ့ပုံစံနဲ့ ဗုံးလာကြဲသွားတာပါ။ ဒီနေ့လည်း တိုက်ပွဲတော့ ဆက်ရှိပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ရွှေကူမြို့ကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပြီး မြို့နယ်ထဲက နေရာတချို့မှာတော့ KIA နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေက အပိုင်းလိုက်ထိန်းချုပ်ထားပါတယ်။
စစ်တပ်ဟာ လက်ရှိ ရွှေကူကနေ ဗန်းမော်မြို့ကို ဧရာဝတီမြစ်ကြောင်းကနေ ဆန်တက်ဖို့ ကြိုးစားနေတာပါ။
ဇင်းဘုံရွာဟာ ရွှေကူနဲ့ ဗန်းမော်မြို့ ကြားမှာရှိနေလို့ စစ်ရေးအရအရေးပါတဲ့နေရာပါ။
ဒီရွာမှာရှိတဲ့ ဗျူဟာကုန်းစခန်းဟာ ဧရာဝတီမြစ်ကြောင်းက တက်လာတဲ့ စစ်တပ်ရေယာဉ်တွေကို လုံခြုံရေးယူပေးတဲ့နေရာလည်းဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
အဲဒီရွာက ဗျူဟာကုန်းကို KIA က သိမ်းပိုက်ပြီးတဲ့နောက် ရွှေကူဘက်က တက်လာတဲ့ စစ်တပ် ရေယာဉ် နှစ်စင်းဟာ ဇင်းဘုံရွာကို မရောက်ခင်မှာ ပြန်ဆုတ်သွားခဲ့တယ်လို့ သူက ပြောပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဗန်းမော်ကို ဦးတည်ပြီး ဧရာဝတီမြစ်ကနေ ဆန်တက်လာတဲ့ စစ်တပ်ရဲ့ ရေယာဉ်တွေကို တိုက်ခိုက်နေတယ်လို့ သတင်းရင်းမြစ်အချို့က အစောပိုင်းကတည်းက ပြောပါတယ်။
ဩဂုတ် ၂၈ ရက်ကဆိုလည်း ရွှေကူဘက်ကနေ တက်လာတဲ့ သင်္ဘောနှစ်စင်းကို KIA နဲ့ ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး တစ်စင်းက ပျက်စီးခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒီမတိုင်ခင်ကလည်း ကသာဘက်ကနေ ရွှေကူကို တက်လာတဲ့ စစ်တပ်ရဲ့ ရေယာဉ်တစ်စင်းကို လည်း KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။ စစ်တပ်ဘက်ကတော့ ဒီသင်္ဘောနှစ်စင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
