KNU နဲ့ဆက်ဆံတာ လုံးဝ မလုပ်ဖို့ မြန်မာစစ်တပ်က ထိုင်းလုပ်ငန်းရှင်တွေကို သတိပေးတဲ့စာထွက်လာ
ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေးအရပါ ဆက်ဆံမှု လုံးဝ မလုပ်ဖို့ မြန်မာစစ်တပ်က ထိုင်းအာဏာပိုင်တွေကနေ တဆင့် သတိပေးတဲ့စာတစ်စောင် နို၀င်ဘာလ ၁ ရက်ညနေပိုင်းမှာ ပျံ့နှံ့လာတယ်လို့ ထိုင်းသတင်းဌာနတွေက ရေးပါတယ်။
မြန်မာစစ်တပ်က ဒီကန့်ကွက်စာကို အောက်တိုဘာ ၃၁ ရက်နေ့က နှစ်နိုင်ငံစစ်တပ်အရာရှိတွေပါဝင်တဲ့ ထိုင်း-မြန်မာနယ်စပ်ကော်မတီကနေ တဆင့်ပေးပို့ခဲ့တာလို့လည်း သတင်းတွေက ဆိုပါတယ်။
မြန်မာစစ်တပ်က ပေးပို့ခဲ့တဲ့စာဟာ နို၀င်ဘာလ ၁ ရက်မှာ ထိုင်းသတင်းဌာနတွေအထိပါ ပျံ့နှံ့ခဲ့ပြီးတဲ့နောက် သတင်းရေးသားဖော်ပြလာတာ ဖြစ်ပါတယ်။
“KNU ဟာ မတရားအသင်းအဖြစ်” ကြေညာထားခံထားရတဲ့အဖွဲ့ဖြစ်တာကြောင့် ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ KNU နဲ့ ဆက်သွယ်တာ၊ ကုန်သွယ်ရေးလုပ်တာတွေကို ကန့်ကွက်ကြောင်း မြန်မာစစ်တပ်ဘက်က ပေးပို့တယ်ဆိုတဲ့အဲဒီစာထဲမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
နောက်ပြီး ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ KNU သိမ်းပိုက်ထားတဲ့ သော်လဲထ စခန်းကနေ ကုန်စည်စီးဆင်းမှုတွေ မလုပ်ဖို့နဲ့ KNU ကို အဆက်အသွယ်ဖြတ်ဖို့ မြန်မာစစ်တပ်က တောင်းဆိုထားပါတယ်။
မြန်မာစစ်တပ်အနေနဲ့လည်း တော်လှန်ရေးတပ်တွေရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကိုလည်း လေကြောင်းဖြင့်ဖြစ်စေ၊ လက်နက်ကြီးဖြင့်ဖြစ်စေတိုက်ခိုက်သွားမယ်လို့ စာထဲ ထည့်ရေးထားတာ တွေ့ရပါတယ်။
ဒီစာမပျံ့ခင် အောက်တိုဘာ ၃၁ ရက်ညပိုင်းတုန်းကတော့ စစ်တပ်က ထိုင်း - မြန်မာနယ်စပ်မှာ KNU က စစ်တပ်လက်ထဲကနေသိမ်းထားတဲ့ သော်လဲထစခန်းကို လေယာဉ်နဲ့ ဗုံးကြဲခဲ့ပြီး ထိုင်းဘက်က အဆောက်အဦတချို့ ဗုံးဆန်ထိမှန်တာလည်း ရှိခဲ့ပါတယ်။
KNU ကတော့ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ခရိုင်ထဲက သော်လဲထစခန်းကို စစ်တပ်က ဗုံးကြဲခဲ့တာဟာ KNU ရဲ့ထောက်ပို့ရေးလမ်းကြောင်းကို ဖြတ်တောက်ဖို့ ရည်ရွယ်ပြီးတိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားကြောင်း ထိုင်းသတင်းဌာနတွေက ရေးသားပါတယ်။
ထိုင်းနိုင်ငံနယ်စပ်နဲ့ သံလွင်မြစ်သာခြားတဲ့ဒီစခန်းကို KNU က ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်ကတည်းက သိမ်းထားတာဖြစ်ပါတယ်။
ဒီစခန်းရဲ့တဖက်ကမ်းမှာ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်အပိုင် မဲ့စန်လက်ကျေးရွာတည်ရှိပါတယ်။
အောက်တိုဘာ ၃၁ ရက်ညပိုင်းမှာ စစ်တပ်က သော်လဲထ စခန်းကို ဗုံးကြဲလို့ မဲ့စန်လက်ရွာက အဆောက်အဦးတချို့ထိခိုက်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေဘက်က ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုအပြီးမှာ မြန်မာစစ်တပ်က ထိုင်းလုပ်ငန်းရှင်တွေကို သတိပေးချက်ဆိုတဲ့စာ ပေါက်ကြားထွက်ပေါ် လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း မြဝတီမြို့တောင်ပိုင်းက ကျောက်ခတ်ရွာနဲ့ ၇ ကီလိုမီတာ ဝန်းကျင်အကွာမှာရှိတဲ့ သဲဖြူချောင်းကို စစ်တပ်က စစ်ကြောင်းထိုးချိန် တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်လို့ ထိုင်းဘက်ခြမ်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုလည်း ဖြစ်ခဲ့ပါတယ်။
အကျိုးဆက်အနေနဲ့ ထိုင်းအာဏာပိုင်တွေက တာ့ခ်ခရိုင်ထဲက မဲဆောက်၊ ဖုပရာ့ နေရာတွေနဲ့ မြန်မာဘက်ခြမ်းကို ကုန်သွယ်နေတဲ့တရားမဝင်လမ်းကြောင်းတွေ အားလုံးကို လည်း အောက်တိုဘာ ၃၀ ရက်ကစလို့ အခုချိန်ထိ ယာယီပိတ်ထားဆဲ ဖြစ်ပါတယ်။