တိုက်ရိုက်ထုတ်လွှင့်မှု , နယ်စပ်တိုက်ပွဲထိုင်းသတိပေးချက်ကြားက ထိုင်းဘက် လက်နက်ကြီးကျည်ထပ်ကျ

မြန်မာဘက်တိုက်ပွဲကနေ မဲဆောက်မြို့နယ်၊ မဲ့ကိုးကင်းရွာထဲကို RPG ဗုံးသီးထပ်မံကျရောက်လို့ ထိုင်းကမီးကျည်ပစ်ခတ်သတိပေးတဲ့ သတင်းအပါအဝင် ကမ္ဘာနဲ့ မြန်မာကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • မြဝတီမြို့နယ် မင်းလက်ပံရွာအနီးမှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်
  • KNU နဲ့ မြန်မာစစ်တပ် နှစ်ဖက်စလုံးကတော့ ထိုင်းနိုင်ငံကို ထိခိုက်စေမယ့် လုပ်ရပ်တွေ မလုပ်ဆောင်ကြောင်း

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြန်မာအပေါ် စွဲဆိုထားတဲ့ ICJ အမှု နိုဝင်ဘာ ၁၉ ရက် စီရင်ချက်ချမယ်

    အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က တရားသူကြီးအဖွဲ့
    ဓာတ်ပုံ ပုံစာ, အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က တရားသူကြီးအဖွဲ့

    ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့အမှုကို လာမယ့်နိုဝင်ဘာ ၁၉ ရက်မှာ စီရင်ချက်ချမယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ထုတ်ပြန်ပါတယ်။

    ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ သူ့ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုနဲ့ မီးရှို့မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

    အဲဒီဖြစ်ရပ်တွေကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း‌တွေက ‌ပြောထားပါတယ်။

    အဲဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို ချိုးဖောက်ခဲ့တယ်ဆိုပြီး ICJ မှာ အမှုစွဲဆိုခဲ့တာပါ။

    ဒီအမှုဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုတာမဟုတ်ဘဲ လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာမှာ တာဝန်ရှိ၊ မရှိကို ဥပဒေအရ ဆုံးဖြတ်ပေးဖို့ တောင်းဆိုထားတဲ့အမှု ဖြစ်ပါတယ်။

    လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ - HRW ရဲ့ အကြီးတန်း နိုင်ငံတကာတရားမျှတမှုဆိုင်ရာ အကြံပေး မာရီယာ အယ်လီနာ ဗီညိုလီက ICJ ရဲ့ စီရင်ချက်ဟာ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိရေး ကြိုးပမ်းမှုမှာ အရေးပါတဲ့ အခိုက်အတန့်ဖြစ်လာမယ်လို့ ပြောပါတယ်။

    ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တာကြောင့် လူ့အခွင့်အရေးကို လေးစားတဲ့ နိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာတွေကို ထောက်ခံကူညီဖို့၊ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှုရရှိရေး ဆောင်ရွက်ဖို့နဲ့ သူတို့ ဘေးကင်းလုံခြုံပြီး ဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးအတွက် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သူက တိုက်တွန်းပါတယ်။

    နိုဝင်ဘာ ၁၉ ရက်မှာ ချမှတ်မယ့် ICJ စီရင်ချက်ဟာ အပြီးသတ်ဖြစ်ပြီး အယူခံဝင်ခွင့်မရှိပါဘူး။

  2. နယ်စပ်တိုက်ပွဲထိုင်းသတိပေးချက်ကြားက ထိုင်း မဲဆောက်ဘက်ခြမ်းကို လက်နက်ကြီးကျည်ထပ်ကျ

    မဲ့ကိုးကင်း၊ အမှတ် ၉ ထဲ လက်နက်ကြီးကျပြီးနောက် မြင်ကွင်း
    ဓာတ်ပုံ ပုံစာ, မဲ့ကိုးကင်း၊ အမှတ် ၉ ထဲ လက်နက်ကြီးကျပြီးနောက် မြင်ကွင်း

    ကရင်ပြည်နယ် နယ်စပ်တစ်လျှောက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပေါ် မြန်မာစစ်တပ်အာဏာပိုင်တွေကို ထိုင်းဘက်က သတိပေး အာရုံစိုက်နေချိန်မှာပဲ မနေ့ နိုဝင်ဘာ ၃ ရက် ညပိုင်း က ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မဲ့ကိုးကင်းရွာထဲကို RPG ဗုံးသီးတစ်လုံး ထပ်မံကျရောက်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူတချို့က ပြောပါတယ်။

    မနေ့ညနေ ၆ နာရီဝန်းကျင်ကစပြီး မြဝတီမြို့နယ် မင်းလက်ပံရွာအနီးမှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်ခဲ့ပြီး ထိုင်းဘက်ကို RPG ဗုံးသီးကျရောက်ခဲ့တဲ့နောက် ထိုင်းစစ်တပ်က မီးကျည်တွေနဲ့ သတိပေးပစ်ခတ်ခဲ့တယ်လို့ မဲဆောက်မြို့မှာ နေထိုင်တဲ့ မြန်မာတစ်ဦးက ပြောပါတယ်။

    အဲဒီနောက် တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်သွားတယ်လို့ သူက ဆိုပါတယ်။

    “မဲ့ကိုးကင်းရွာ ရပ်ကွက် ၉ ထဲကို ကျည်အလုံးလိုက်ကျတာပါ။ ပေါက်တော့ မပေါက်သွားဘူး။ အခု ထိုင်းဘက်က စက်ယန္တရားတွေရော အကုန်ပို့ပြီး လုံခြုံရေး ပိုတင်းကျပ်ထားပြီ” လို့ သူက ပြောပါတယ်။

    အောက်တိုဘာလကုန်ပိုင်းကစပြီး နယ်စပ်တစ်လျှောက် မြန်မာစစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

    အောက်တိုဘာ ၂၉ ရက်ကလည်း ထိုင်းဘက်ခြမ်းကို ဗုံးသီးကျရောက်ခဲ့ပြီး ထိုင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

    ဒါ့အပြင် အောက်တိုဘာ ၃၁ ရက်က သံလွင်မြစ်ဘေးရှိ KNU/KNLA ထိန်းချုပ်ထားတဲ့ သော်လဲထာ (မယ်ရာထာ) စခန်းကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် မဲ့စန်လက်ရွာက လူနေအိမ်တွေနဲ့ အစိုးရအဆောက်အအုံတချို့ ပျက်စီးခဲ့ပြီးနောက် ထိုင်းအာဏာပိုင်တွေက နယ်စပ်လုံခြုံရေးနဲ့ပတ်သက်ပြီး သတိပေးမှုတွေ ဆက်တိုက်လုပ်ဆောင်လာပါတယ်။

    မြန်မာစစ်တပ်ကတော့ အောက်တိုဘာ ၂၉ ရက် ဖြစ်စဉ်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ KNLA အပါအဝင် CRPH၊ NUG နဲ့ PDF တို့က ထိုင်း-မြန်မာ ချစ်ကြည်ရင်းနှီးမှု ပျက်ပြားအောင် လုပ်ဆောင်တာဖြစ်တယ်လို့ မနေ့ညပိုင်းမှာ စွပ်စွဲထုတ်ပြန်ထားပါတယ်။

    ထိုင်းဘက်ကို ကျရောက်ခဲ့တဲ့ ကျည်ဟာ ၁၂ ဒသမ ၇ မမ စက်သေနတ်ကြီးနဲ့ မပစ်သလို အဲဒီလက်နက်အမျိုးအစားကိုမသုံးကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    မနေ့ညမှာပဲ KNU ဘက်ကလည်း နယ်စပ်လုံခြုံရေးအခြေအနေနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ အောက်တိုဘာလအတွင်း မူတြော် (ဖာပွန်) ခရိုင်ကို မြန်မာစစ်တပ်က လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    အောက်တိုဘာ ၂၅၊ ၂၇ နဲ့ ၃၁ ရက်တွေမှာ ထိုင်း-ကရင်နယ်စပ် သံလွင်မြစ်ဘေးရှိ မယ်နူထာ၊ ရာထာနဲ့ သော်လဲထာ (မယ်ရာထာ) စတဲ့ မြစ်ကူးဆိပ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဲဒီလုပ်ရပ်ဟာ နယ်စပ်မှာ နေထိုင်တဲ့ လူဦးရေ သိန်းနဲ့ချီရဲ့ အသက်ရှင်နေထိုင်မှုနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ထိခိုက်စေတယ်လို့ KNU က ပြောပါတယ်။ KNU နဲ့ မြန်မာစစ်တပ် နှစ်ဖက်စလုံးကတော့ ထိုင်းနိုင်ငံကို ထိခိုက်စေမယ့် လုပ်ရပ်တွေ မလုပ်ဆောင်ကြောင်း အသီးသီး တုံ့ပြန်ထားကြပါတယ်။

  3. မင်္ဂလာပါ။

    နိုဝင်ဘာ ၄ ရက် ဘီဘီစီမြန်မာပိုင်းသတင်း‌တွေကို ဒီစာမျက်နှာမှာ တိုက်ရိုက် တင်ဆက်ပေး‌‌နေပါတယ်။