
ဓာတ်ပုံ ရင်းမြစ်, KNG
ဓာတ်ပုံ ပုံစာ, တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့တွင်း မီးလောင်ပျက်စီးနေတဲ့မြင်ကွင်း(ပုံဟောင်း) ကချင်ပြည်နယ်၊ ဗန်းမော်မြို့တောင်ဘက် မံစီမြို့နယ်နဲ့ ထိစပ်နေတဲ့ ခလရ ၄၇ တပ်ရင်းအနီးမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ် ( KIA) နဲ့ ပူးပေါင်းတပ်တွေကြားမှာ တိုက်ပွဲတွေပြင်းထန်လာနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်ရဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။
ကေအိုင်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ မြန်မာစစ်တပ်ဟာ ဗန်းမော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသလို မံစီဘက်ကိုပါ ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေတာလို့ ယူဆကြောင်း ဘီဘီစီကိုပြောပါတယ်။
'' ခလရ ၄၇ ဘက်မှာပြင်းထန်လာတယ်ဆိုတော့ သူတို့ ( စစ်တပ်) ရဲ့ ရည်ရွယ်ချက်ကတော့ မံစီဘက်ပေါ့၊ သူတို့ရဲ့ တပ်စခန်းတွေနဲ့ မံစီကိုပြန်ထိန်းချုပ်နိုင်ဖို့အတွက် ထိုးစစ်တွေရှိနေတော့ ဒါက မံစီကို ဦးတည်တာလို့ ကျွန်တော်တို့ သုံးသပ်ပါတယ်'' လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
လက်ရှိမှာ ဗန်းမော်တိုက်ပွဲကနေ့စဥ်ပြင်းထန်နေသလို ဗန်းမော် တောင်ဘက်နဲ့ မံစီအနီးက ကုန်းမဟတ်၊ ဟန်းတဲနဲ့ တိမ်ကုန်း စတဲ့နေရာတွေမှာ တိုက်ပွဲတွေရှိနေတယ်လို့ နားလည်ရပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့အနီးက မံစီမြို့ ကို ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၅ ဇန်န၀ါရီ က စစ်တပ်လက်ထဲကနေ သိမ်းယူထားတာဖြစ်ပါတယ်။
'' ကျွန်တော်တို့အတွက်တော့ မံစီက အရေးကြီးလို့သိမ်းထားတာဖြစ်ပါတယ်။ အသက်ပေးပြီးသိမ်းထားတာဖြစ်ပါတယ်။ ရွှေဘို၊ဆင်ခန်းဘက်ကို ဆက်သွယ်ထားတဲ့နေရာလည်းဖြစ်ပါတယ်။ ဆင်းခန်းတံတားနဲ့ဆက်သွယ်ထားတဲ့မြို့လည်းဖြစ်တော့ အရေးကြီးပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်းကြိုးစားတာဖြစ်ပါတယ်'' လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
မံစီမြို့ဟာ ဗန်းမော်မြို့နဲ့ ၁၀ မိုင်ခန့်ဝေးပြီး မန္တလေး၊ နမ့်ခမ်း၊ မူဆယ်၊ မိုးမိတ် စတဲ့မြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းမပေါ်မှာရှိတာကြောင့် ကုန်းတွင်းပိုင်းဆက်သွယ်ရေးအတွက် အရေးပါတဲ့မြို့လည်း ဖြစ်ပါတယ်။
မံစီမြို့ဟာ ဗန်းမော်မြို့ရဲ့ လုံခြုံရေးအတွက် အရေးပါတဲ့ မြို့တစ်မြို့လို့ နားလည်ရပါတယ်။ ကချင်ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့လို့ဖြစ်နေတဲ့ ဗန်းမော်မှာ သင်္ဘောဆိပ်နဲ့ လေဆိပ်တို့ရှိတာကြောင့် မံစီဟာ ဗန်းမော်မြို့ရဲ့ လုံခြုံရေးကို ကာကွယ်ပေးတဲ့ အရေးပါတဲ့ မြို့ တစ်ခုလည်း ဖြစ်ပါတယ်။
စစ်တပ်က KIA နဲ့ ပူးပေါင်းတပ်တွေ နေရာယူထားတဲ့ နေရာတွေကို စစ်မျက်နှာ ၃ ခု ကနေ မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်တာအပြင် ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။
ကချင်စစ်ရေးသတင်းရင်းမြစ်ကတော့ စက်တင်ဘာလဆန်းပိုင်းမှာ မန္တလေးဘက်ကနေ စစ်တပ်ရဲ့ စစ်သင်္ဘောတချို့ ဗန်းမော်ကို ရောက်ရှိလာပြီးနောက် ထိုးစစ်အရှိန် မြှင့်လာတာလို့ ပြောပါတယ်။
ဗန်းမော်မြို့ဟာ ဧရာဝတီမြစ်ကြောင်းပေါ်မှာ ရှိပြီး ကုန်းလမ်း၊ ရေလမ်း သယ်ယူပို့ဆောင်ရေးအတွက် အချက်အချာကျတဲ့မြို့ ဖြစ်ပါတယ်။ တရုတ်နယ်စပ်နဲ့ ဆက်သွယ်သွားလာရေးအတွက်လည်း အရေးပါသလို KIA/KIO အတွက်လည်း စစ်ရေးဗျူဟာအရ အရေးကြီးတဲ့ မြို့တစ်မြို့ဖြစ်တာကြောင့် KIA နဲ့ ပူးပေါင်းတပ်တွေက မြို့ကိုထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာ ၂ နှစ်တာကာလကိုရောက်ရှိလာပြီဖြစ်ပါတယ်။
စစ်တပ်ဘက်ကတော့ ဗန်းမော်၊မံစီဘက်က စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။