ဧပြီ ၁၄ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ကုလသမဂ္ဂနဲ့ အာဆီယံရဲ့ နိုင်ငံ့ခေါင်းဆောင်များစာရင်းမှာ ဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်ရှိနေ
ကုလသမဂ္ဂနဲ့ အာဆီယံရဲ့ နိုင်ငံ့ခေါင်းဆောင်များစာရင်းမှာ ဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်ရှိနေ၊တရုတ်ကနေ မြန်မာကို စက်သုံးဆီသွင်းဖို့ ခြေလှမ်းပြင်တဲ့သတင်းအပါအဝင် ဧပြီ ၁၄ ရက် မြန်မာနဲ့ ကမ္ဘာက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
အနှစ်ချုပ်
- ဒေသတွင်းနိုင်ငံတွေကနေ စက်သုံးဆီတင်သွင်းနေတဲ့နေပြည်တော်အစိုးရက တရုတ်ကနေ မြန်မာကို စက်သုံးဆီတင်သွင်းဖို့ ခြေလှမ်းပြင်နေ
- စစ်တပ်စစ်ကြောင်းဝင်တဲ့ နတ်တလင်းမြို့နယ် အရှေ့ခြမ်းထဲက ရွာတွေမှာ အိမ်ခြေ ၂၀၀ ကျော်မီးရှို့ခံခဲ့ရ၊ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေတိုက်ပွဲဆက်ပြင်းထန်နေ
- နေပြည်တော်မှာအရပ်ဘက်အုပ်ချုပ်ရေးပုံစံပြောင်းပြီး ဦးမင်းအောင်လှိုင်အနေနဲ့ သမ္မတရာထူးယူလိုက်ပြီဖြစ်ပေမဲ့ ကုလသမဂ္ဂ နဲ့ အာဆီယံတို့ရဲ့ ၂၀၂၆ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တွေဖော်ပြမှုမှာ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့က ဆက်ပြီးရှိနေ
- ရွှေဘိုအနောက်ခြမ်းကို စစ်တပ်ဗုံးကြဲလို့ ဆိပ်ခွန်ရွာမှာ သင်္ကြန်တွင်းရဟန်းဝတ်တဲ့ ဒုလ္လဘ ၂ ပါး ပျံလွန်တော်မူ
- ဗြိတိန်၊ နယူးကာဆယ်မြို့မှာ ကမ္ဘာ့ပထမဆုံး ရိုဟင်ဂျာ အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူ
- ရန်ကုန်မှာ လူ ၁၃ ယောက်တင်လာတဲ့ ရေပတ်ခံထွက်တဲ့ကား နောက်ဘီးကျွတ်ပြီး လမ်းအလယ်တုံးကို တိုက်မိလို့ တိမ်းမှောက်၊ ၇ ဦးဒဏ်ရာရ
တိုက်ရိုက် ထုတ်လွှင့်ချက်
"စစ်ပြန်မဖြစ်ဖို့ မျှော်လင့်ပေမယ့် ဖြစ်လာမယ်လို့ ထင်တယ်"-အီရန်ပြည်သူတွေရဲ့ စိုးရိမ်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, အီရန်၊ တီဟီရန်မြို့က လူစည်ကားသောလမ်းမတစ်ခုမှာ တွေ့ရတဲ့ အီရန်နိုင်ငံရဲ့ ခေါင်းဆောင်သစ် မို့ချ်တာဘာ ခါမေနီ ရဲ့ ပုံတူဆိုင်းဘုတ် ပါကစ္စတန်မှာလုပ်ခဲ့တဲ့ အမေရိကန်- အီရန်ဆွေးနွေးပွဲ မအောင်မြင်ခဲ့တဲ့နောက် နှစ်ဖက်အပစ်ရပ်ထားရာကနေ တင်းမာမှုတွေပြန်တိုးလာနိုင်တဲ့ အခြေအနေရှိနေပါတယ်။
အီရန်ရဲ့ ဆိပ်ကမ်းတွေကနေ ထွက်လာတဲ့ သင်္ဘောတွေကို ပိတ်ဆို့တာတွေ စလုပ်တော့မယ်လို့ အမေရိကန်ပြောပြီးနောက်မှာပဲ တီဟီရန်ကလည်း သူတို့ရဲ့ အိမ်နီးချင်းပင်လယ်ကွေ့ဆိပ်ကမ်းတွေကို လက်တုံ့ပြန်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုထားပါတယ်။
စစ်ပွဲပြန်ဖြစ်မှာကို စိုးရိမ်နေတဲ့ အီရန်ပြည်သူတွေအကြောင်း ဒီဆောင်းပါးလင်ခ့် မှာဖတ်နိုင်ပါပြီ။
သုံးစွဲမှုလျော့ကျတယ်ဆိုတဲ့ စက်သုံးဆီချွေတာရေးစနစ်ကို ဆန်းစစ်ခြင်း

ဓာတ်ပုံ ပုံစာ, သီလဝါဆိပ်ကမ်းက ဆီသယ်ယာဥ်တွေ (ပုံဟောင်း) အီရန်စစ်ပွဲကြောင့် စက်သုံးဆီအကျပ်ရိုက်လာချိန်မှာ မြန်မာမှာ ဒစ်ဂျစ်တယ်စနစ်သုံးပြီး ဓာတ်ဆီ၊ ဒီဇယ်ကို အကန့်အသတ်နဲ့ ရောင်းနေပါတယ်။
စစ်ခေါင်းဆောင်ကနေ သမ္မတရာထူးယူလိုက်တဲ့ ဦးမင်းအောင်လှိုင်ကလည်း စက်သုံးဆီအတွက်နှစ်စဥ် အမေရိကန်ဒေါ်လာ ငါးဘီလျံဖိုး ဝယ်ယူသုံးစွဲနေရလို့ စက်သုံးဆီချွေတာရေးကို မဖြစ်မနေလုပ်မယ်လို့ ထည့်ပြောသွားပါတယ်။
သူ့ရဲ့အရင်အုပ်ချုပ်ရေးအဖွဲ့ စစ်ကော်မရှင်ကလည်း ဆီတင်သွင်း၊ ရောင်းချတာကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ ထိန်းကျောင်းလိုက်လို့ "ဓာတ်ဆီ၊ ဒီဇယ် နေ့စဥ်သုံးစွဲမှု ဂါလံ ၁ သန်း ကျဆင်းကာ အမေရိကန် ဒေါ်လာ ၆ သန်း သက်သာသွားတယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။ ဒီလို ပြောဆိုချက်တွေကြောင့် အရှေ့အလယ်ပိုင်းပြဿနာပြေလည်ပြီး ရေနံစျေးကွက်ပုံမှန်ပြန်ဖြစ်ရင်တောင် နိုင်ငံတွင်းမှာ လောင်စာဆီကို အကန့်အသတ်နဲ့ ဆက်ပြီး ရောင်းချမှာကို စိုးရိမ်နေကြပါတယ်။
အရင်စစ်ကော်မရှင်၊ လက်ရှိအရပ်ဘက်အသွင်ပြောင်းထားတဲ့ နေပြည်တော်အုပ်ချုပ်ရေးအဖွဲ့ရဲ့ လောင်စာဆီချွေတာရေးစနစ်တွေနဲ့ပြောဆိုချက်တွေက လူထုတွေရဲ့တကယ့်လက်တွေ့ စက်သုံးဆီဝယ်ယူ သုံးစွဲရမှုကိုဘယ်လိုသက်ရောက်နေလဲ ဒီ ဆန်းစစ်ချက်ဆောင်းပါး မှာ ဖတ်နိုင်ပါပြီ။
ရိုဟင်ဂျာအထိမ်းအမှတ်ကျောက်တိုင် ယူကေမှာ စိုက်ထူ

ဓာတ်ပုံ ရင်းမြစ်, Habib Rahman
ဓာတ်ပုံ ပုံစာ, နယူးကာဆယ်မှာ စိုက်ထူခဲ့တဲ့ ရိုဟင်ဂျာကျောက်တိုင် ယူကေနိုင်ငံ၊ နယူးကာဆယ်မြို့မှာ ကမ္ဘာ့ပထမဆုံး ရိုဟင်ဂျာအထိမ်းအမှတ် ကျောက်တိုက်ကိုနယူးကာဆယ်မြို့ကောင်စီပိုင် ငြိမ်းချမ်းရေးပန်းခြံမှာ ဧပြီ ၁၂ ရက်နေ့က စိုက်ထူဖွင့်လှစ်ခဲ့ပါတယ်။
ဒါဟာ အမေ့လျော့ခံ ရိုဟင်ဂျာတွေ ခံစားခဲ့ရမှုတွေ နဲ့ တရားမျှတမှုအတွက် မှတ်ကျောက်တိုင်တစ်ခုဖြစ်တယ်လို့ ရိုဟင်ဂျာအဖွဲ့အစည်းတွေက မှတ်ချက်ပြုကြပါတယ်။
နယူးကာဆယ်မြို့ကောင်စီ ရဲ့ ကောင်စီဝင်လည်းဖြစ်၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ဟာဘစ် ရာမန် က ဒီကျောက်တိုက်စိုက်ထူနိုင်ရေး ဦးဆောင်ခဲ့တာလို့ ယူကေအခြေစိုက် ရိုဟင်ဂျာအဖွဲ့ (BROUK) က ထုတ်ပြန်ပါတယ်။
“ဒါဟာ နယူးကာဆယ်အတွက်တင်မက ကမ္ဘာတဝန်းမှာရှိတဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းအတွက်ပါ သမိုင်းဝင်မှတ်ကျောက်တစ်ခုဖြစ်တယ်” လို့ ကောင်စီဝင် ဟာဘစ် ရာမန် က ပြောပါတယ်။
ဒီအခမ်းအနားကို နယူးကာဆယ်မြို့ကောင်စီက တာဝန်ရှိသူတွေ၊ ရိုဟင်ဂျာအဖွဲ့အစည်းတွေ ရဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ရန်ကုန်၊ မြောက်ဒဂုံမှာ ရေပတ်ခံကားဘီးကျွတ်ပြီး တိမ်းမှောက်၊ ၇ ဦးဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, မြို့ဦးလုလင်နာရေးကူညီမှုအသင်း
ဓာတ်ပုံ ပုံစာ, မြောက်ဒဂုံမြို့နယ်၊ တောင်မြောက်လမ်းဆုံအနီးမှာ တိမ်းမှောက်ခဲ့တဲ့ ရေပတ်ခံကား ဒီနေ့ သင်္ကြန်အကျနေ့ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ တောင်မြောက်လမ်းဆုံအနီး မှာ ရေပတ်ခံထွက်လာတဲ့ ဒိုင်နာကားတစ်စီးဘီးကျွတ်ပြီး တိမ်းမှောက်ခဲ့လို့ လူ ၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ မြို့ဦးလုလင်နာရေးကူညီမှုအသင်းထံက သိရပါတယ်။
ဒီကားပေါ်မှာ လူ ၁၃ ဦးတင်ဆောင်လာတာဖြစ်ပြီး ကားရဲ့ နောက်ဘီးတစ်လုံးကျွတ်ကာ လမ်းအလယ်တုံးကို တိုက်မိပြီး တိမ်းမှောက်ခဲ့တာလို့ဆိုပါတယ်။
ထိခိုက်သူ ၁၃ ဦးထဲမှာ ကိုယ်ဝန်ဆောင်မိခင်တစ်ဦး နဲ့ ကလေးငယ်တစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒဏ်ရာရတဲ့သူတွေကို မြောက်ဥက္ကလာ မေဓါဝီဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ အသင်းဆီက သိရပါတယ်။
ရွှေဘိုအနောက်ခြမ်းကို စစ်တပ်ဗုံးကြဲလို့ သင်္ကြန်တွင်းရဟန်းဝတ်တဲ့ ဒုလ္လဘ ၂ ပါး ပျံလွန်

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ဧပြီ ၁၃ ရက်နေ့မှာ ဗုံးကြဲခံခဲ့ရတဲ့ ဆိပ်ခွန်ရွာ တိုက်သစ်ဘုန်းကြီးကျောင်း မနေ့ သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်မှာ ရွှေဘိုမြို့နယ် အနောက်ခြမ်းကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆိပ်ခွန်ရွာမှာ ရှိတဲ့ ဘုန်းကြီးကျောင်းကို ဗုံးကျရောက်ပြီး သင်္ကြန်တွင်း ရဟန်းဝတ်နေတဲ့ ဒုလ္လဘ ရဟန်း ၂ ပါး ပျံလွန်တော်မူခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်က ပြောပါတယ်။
“စုစုပေါင်း ပျံလွန်တော်မူတာ ၂ ပါးပါ။ ဒဏ်ရာရတာ ၈ ပါး။ ဒုလ္လဘဝတ်နေကြတဲ့ ကိုရင်တွေပါ။ ဝတ်ပြီး နေ့လယ်နေ့ခင်း အေးဆေးနားနေကြတဲ့အချိန်မှာဖြစ်တာပါ။ အဲဒီနေရာမှာ တော်လှန်ရေးအဖွဲ့အစည်းတွေ မရှိဘူး” လို့ သူကပြောပါတယ်။
ဧပြီ ၁၃ ရက် တစ်ရက်တည်းမှာ ပဲ စစ်တပ်က ရွှေဘိုမြို့နယ်ထဲမှာ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ပြုလုပ်ခဲ့ပြီး ရွှေဘိုမြို့နယ်အနောက်ခြမ်းကရွာတွေဖြစ်တဲ့ ဆိပ်ခွန်ရွာ ဘုန်းကြီးကျောင်း၊ ထန်းဇင်ရွာ၊ ပုဏ္ဏားကျွန်းရွာ တွေကို ထိမှန်ခဲ့တာပါ။
စစ်တပ်က ဒီရက်ပိုင်းအတွင်း နယ်မြေစိုးမိုရေးအတွက် ရွှေဘိုအပါအဝင် ဒီပဲယင်း၊ အရာတော် စတဲ့ ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက သုံးသပ်ကြပါတယ်။
အခုဗုံးကြဲခံခဲ့ရတဲ့ ဆိပ်ခွန်ရွာဟာ အရင်က ယက်ကန်းလုပ်ငန်းကို အဓိကလုပ်ကြပြီး ဆိပ်ခွန်ပုဆိုး၊ ဆိပ်ခွန်ချည်ထည်တွေဟာလည်း မြန်မာနိုင်ငံမှာ နာမည်ကြီးပါတယ်။ ဧပြီ ၆ ရက်နေ့ကလည်း ရွှေဘိုမြို့နယ် အနောက်ခြမ်းက ဆင်အင်းရွာဘုန်းကြီးကျောင်းဟာလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရပြီး သံဃာတစ်ပါးပျံလွန်တော်မူခဲ့ပါသေးတယ်။
ကုလသမဂ္ဂနဲ့ အာဆီယံရဲ့ နိုင်ငံ့ခေါင်းဆောင်များစာရင်းမှာ ဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်ရှိနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၁၈ ခုနှစ်၊ လွှတ်တော်မှာ သမ္မတကျမ်းသစ္စာကျိန်ဆိုမယ့် ဦးဝင်းမြင့်နဲ့ အတူ လိုက်ပါလာတဲ့ ဒေါ်အောင်ဆန်းစုကြည် (ပုံဟောင်း) စစ်ခေါင်းဆောင်ဟောင်းက နေပြည်တော်မှာအရပ်ဘက်အုပ်ချုပ်ရေးပုံစံပြောင်းပြီး ဦးမင်းအောင်လှိုင်အနေနဲ့ သမ္မတရာထူးယူလိုက်ပြီဖြစ်ပေမဲ့ ကုလသမဂ္ဂ နဲ့ အာဆီယံတို့ရဲ့ ၂၀၂၆ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တွေဖော်ပြမှုမှာ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့က ဆက်ပြီးရှိနေတာတွေ့ရပါတယ်။
ကုလသမဂ္ဂရဲ့ ၂၀၂၆ ဧပြီ ၁၃ ရက်ထုတ်ပြန်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေ စာရင်းဖော်ပြမှုမှာ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တွေနေရာမှာ သမ္မတအဖြစ် ဦးဝင်းမြင့် နဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဖော်ပြထားပါတယ်။
အာဆီယံရဲ့ ဝက်ဘ်ဆိုက်မှာလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေစာရင်းမှာ ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် ဆက်ရှိနေပါတယ်။
ဦးမင်းအောင်လှိုင် က သမ္မတရာထူးယူပြီးတဲ့နောက် အာဆီယံအဖွဲ့ဝင်ထဲက ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်က “ဝမ်းမြောက်ကြောင်း” သဝဏ်လွှာပေးပို့ပေးခဲ့ပေမဲ့ ကျမ်းသစ္စာကျိန်ဆိုတဲ့အခမ်းအနားကိုတော့ ဝန်ကြီးချုပ်အစား ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်တဲ့ ပန်ပရီပဲ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံကတော့ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်အနေနဲ့ သဝဏ်လွှာပေးပို့ခဲ့ပေမဲ့ လူကိုယ်တိုင်တက်ရောက်တာတော့ မတွေ့ရပါဘူး။
အာဆီယံရဲ့ လက်ရှိအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံကတော့ သူတို့နိုင်ငံအနေနဲ့ ကိုယ်စားပြုအနေနဲ့ သဝဏ်လွှာပေးပို့၊ မပို့ဆိုတာကို စဉ်းစားသုံးသပ်နေဆဲလို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ ထရီဇာ လာဇာရို က ဘီဘီစီ နဲ့ သီးသန့်မေးမြန်းခန်းမှာပြောထားပါတယ်။
အာဆီယံအဖွဲ့ကြီး အနေနဲ့ကတော့ နေပြည်တော်က အပြောင်းအလဲလုပ်တဲ့အပေါ်မှာ သဝဏ်လွှာပေးပို့တာမရှိသေးသလို ပေးပို့ဖို့ မဖြစ်နိုင်သေးကြောင်းလည်း ပြောထားပါတယ်။
မဲမသမာမှုတွေရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်တပ်က ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ကာ စစ်တပ် နဲ့ နီးစပ်တဲ့ ပါတီတွေအများစုနေရာယူထားတဲ့ လွှတ်တော်ကနေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သမ္မတအဖြစ်ရွေးချယ်ခဲ့တာပါ။
စစ်ခေါင်းဆောင်ကတော့ သူ့ရဲ့ ကျမ်းကျိန်မိန့်ခွန်းမှာ နိုင်ငံတကာဆက်ဆံရေးကိုလည်း ဟန်ချက်ညီအောင်ဆောင်ရွက်မှာဖြစ်ပြီး အာဆီယံနဲ့ ပုံမှန် ဆက်ဆံရေးပြန်ရအောင် ကြိုးပမ်းသွားမယ်လို့ ဦးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။ ဒါအပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ရင်းနှီးမှုမြှင့်တင်မယ်လို့ ဆိုပါတယ်။ သူဦးဆောင်မယ့်အစိုးရအတွက် စိန်ခေါ်မှုအများကြီးစောင့်ကြိုနေတာကို သိရှိကြောင်း ဝန်ခံထားပါတယ်။
ရန်ကုန်-ပြည်လမ်းပေါ်က နတ်တလင်းအရှေ့ခြမ်းရွာတွေကို စစ်တပ်စစ်ကြောင်းထိုး၊ နေအိမ် ၂၀၀ ကျော် မီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, Supplied
ဓာတ်ပုံ ပုံစာ, နတ်သလင်းအရှေ့ခြမ်းရွာတွေ မီးရှို့ခံနေရတဲ့ မြင်ကွင်း စစ်တပ်စစ်ကြောင်းထိုးနေတဲ့ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် အရှေ့ခြမ်းထဲက ရွာတွေမှာ အိမ်ခြေ ၂၀၀ ကျော်မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံအချို့ကပြောပါတယ်။ သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်ကလည်း နတ်သလင်းအရှေ့ခြမ်းက ရွာကြီးတစ်ရွာဖြစ်တဲ့ မကျီးပင်ရွာကို စစ်တပ်စစ်ကြောင်းက မီးရှို့သွားခဲ့တယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။
“တိုက်ပွဲရော ဗုံးကြဲတာတွေရော တော်တော်ဆိုးဆိုးရွားရွားဖြစ်နေတယ်။ စစ်တပ်က စစ်ကြောင်းအရမ်းထိုးနေတာ။မနေ့ကဆိုရင် မကျီးပင်ရွာကို မီးဝင်ရှို့သွားတာ။ သင်္ကြန်တွင်းရော၊ သင်္ကြန်မတိုင်ခင်ကရော မီးရှို့နေတာ” လို့ သူကပြောပါတယ်။
စစ်တပ်က နတ်တလင်းအရှေ့ခြမ်းက ရွာတွေကို နယ်မြေစိုးမိုးရေးအတွက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေလို့ တော်လှန်ရေးတပ်တွေ နဲ့ တိုက်ပွဲတွေပြင်းထန်နေတာပါ။
နတ်တလင်းမြို့နယ်ရှိတဲ့ ပဲခူးတိုင်းဟာ အရှေ့ဘက်မှာ KNU ထိန်းချုပ်နယ်မြေတွေနဲ့ အနောက်ဘက်မှာတော့ အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်နယ်မြေနဲ့လည်း ဆက်စပ်နေပါတယ်။ အထက်ကို ဆက်တက်သွားရင်း နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA) ရှိရာ မကွေးတိုင်းထဲကို ရောက်ရှိနိုင်တာဖြစ်ပါတယ်။
ဒီဒေသမှာ အာဏာသိမ်းပြီးကတည်းက စစ်တပ် နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ လပိုင်းတွေကစလို့ နယ်မြေစိုးမိုးဖို့ စစ်တပ်က လေကြောင်းရော မြေပြင်ကနေပါ စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်ကပြောပါတယ်။
ဧပြီ ၅ ရက်ကဆိုရင်လည်း ကန်သာယာ ရွာကို အင်အားတစ်ရာကျော်ပါစစ်တပ် စစ်ကြောင်းက ဒရုန်းတွေ၊ လက်နက်ကြီးတွေသုံးပြီး စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံ ၁၀၀ နီးပါးအဖမ်းခံခဲ့ရတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
အဲဒီ အဖမ်းခံရတဲ့ ဒေသခံ ၁၀၀ နီးပါးထဲက အများစုကလည်း အခုချိန်အထိ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပေါင်း ၃၀ နီးပါးအတွင်း စစ်တပ်က နတ်တလင်းအရှေ့ခြမ်းက ဖလံပင်ရွာ၊ ရှားစေးဖိုရွာ၊ သရက်ပုဂံရိုး၊ ငုတ်တိုရွာ ၊ ကျွန်းလေးပင်ရွာ၊ ကျောက်ခွက်ရွာ၊ ဘန့်ဘွေးကုန်းကျေးရွာ နဲ့ မကျီးပင် ရွာတွေကို စစ်ကြောင်းထိုး အိမ်ခြေ ၄၀၀ ကျော် မီးရှို့ ခံခဲ့ရတယ်လို့ စစ်ရှောင်အရေးကူညီသူတွေကပြောပါတယ်။
စစ်တပ်က ဒီဒေသကို စစ်ကြောင်းထိုးနေလို့ ပြည်သူ ၇,၀၀၀ ကျော်စစ်ရှောင်နေရပြီး စားဝတ်နေရေး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
ထန်းရည်ချိုနဲ့ ဧည့်ခံတဲ့ ညောင်ရမ်းခေတ် နန်းတွင်းသင်္ကြန်
မြန်မာပြည်မှာ သင်္ကြန်ကို ဘယ်အချိန်ကစပြီး ရေသဘင်ပွဲအဖြစ် ကျင်းပခဲ့တယ်ဆိုတာ အတိအကျ မသိရပေမယ့် သင်္ကြန်ပွဲလုပ်ဆောင်ပုံကို မှတ်တမ်းအနေနဲ့ သေချာတွေ့ရတာက အင်ရုံ၀န်ကြီးရဲ့ အင်ရုံစာတမ်းမှာ ဖြစ်ပါတယ်။
ကုန်းဘောင်ခေတ် အလောင်းဘုရားတက်ပြီးနောက် ထီးနန်းထုံးစံတွေကို သေချာသိရဖို့အတွက် ညောင်ရမ်းခေတ်က ကျန်ခဲ့တဲ့ အင်ရုံ၀န်ကြီးဟောင်း သီရိဥဇနာကို ၁၇၅၃ မှာ စာတမ်းရေးသားစေရာကနေ အင်ရုံစာတမ်းအဖြစ် ကျန်ရစ်ခဲ့ပါတယ်။
အင်ရုံစာတမ်းမှာ နန်းသိမ်းဘိသိက်ခံ၊ စော်ဘွားမြို့စား အကန်တေ့ာခံ သစ္စာပေးကနေပြီး ဘုရင့်မသာတော် ချဆောင်တဲ့အထိ ထီးမှုနန်းမှုတွေကို စုံလင်အောင် ဖော်ပြထားတာမို့ ညောင်ရမ်းခေတ် မြန်မာနန်းဓလေ့ကို ထင်ဟပ်တဲ့ စာတမ်းကြီးဖြစ်ပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင်ခ့် မှာဆက်ပြီးဖတ်ရှုနိုင်ပါတယ်။
အီရန်စစ်ကြောင့် ဖြစ်တဲ့ ကမ္ဘာ့စွမ်းအင် အကျပ်အတည်းကို တရုတ် ခုခံနိုင်သလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ကမ္ဘာ့ရေနံအဝယ်ဆုံး နိုင်ငံဖြစ်တဲ့ တရုတ်အတွက်လည်း အခက်အခဲနဲ့ ကြုံရ ပါရှန်းပင်လယ်ကွေ့ က လာတဲ့ ရေနံ ပြတ်မှာကို တရုတ်က အသင့်ပြင်ထားတာ ကြာပါပြီ။ ဒါပေမဲ့ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ အဓိက သင်္ဘောလမ်းကြောင်းတခု ပြတ်တောက်ကုန်တဲ့အတွက် တရုတ်ရဲ့ ကြံ့ကြံ့ခံနိုင်မှုကို ဆန်းစစ်သလို ဖြစ်နေပါတယ်။
အမေရိကန်နဲ့ အစ္စရေး တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အရေးကြီးတဲ့ ကုန်သွယ်ရေကြောင်းလမ်းကို ဖြတ်သန်းတဲ့ သင်္ဘောတွေကို တိုက်ခိုက်မယ်လို့ အီရန်က ခြိမ်းခြောက်ပြီးနောက် အရှေ့အလယ်ပိုင်းက လာတဲ့ သင်္ဘောတွေ ရပ်တန့်နေပါတယ်။
ဒီပိတ်ဆို့မှုကြောင့် ပါရှန်းပင်လယ်ကွေ့ ကို မှီခိုနေရတဲ့ အာရှနိုင်ငံတွေမှာ အခက်ကြုံရတဲ့ ကမ္ဘာ့ရေနံပြတ်တောက်မှုကို ဖြစ်စေပါတယ်။ ဖိလစ်ပိုင်မှာဆိုရင် ဓာတ်ဆီချွေတာဖို့ တပတ် လေးရက်ပဲ ရုံးတက်ခိုင်းပြီး အင်ဒိုနီးရှားမှာလည်း ရက်သတ္တပတ်အနည်းငယ်ပဲ ခံမယ့် အရန်လောင်စာဆီကို မသုံးရအောင် ရှောင်နိုင်ဖို့ နည်းလမ်းရှာနေရပါတယ်။
ကမ္ဘာ့ရေနံအဝယ်ဆုံး နိုင်ငံဖြစ်တဲ့ တရုတ်အတွက် ဘယ်လိုအခက်ကြုံနိုင်သလဲ။
ဆောင်းပါးအပြည့်အစုံကို ဒီလင်ခ့် မှာ ဆက်ပြီးဖတ်ရှုနိုင်ပါတယ်။
တရုတ်ကနေ စက်သုံးဆီသွင်းဖို့ ပြင်နေ

ဓာတ်ပုံ ရင်းမြစ်, MOI
ဓာတ်ပုံ ပုံစာ, စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်နဲ့ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး တရုတ်ကနေ မြန်မာကို စက်သုံးဆီတင်သွင်းဖို့ နေပြည်တော်နဲ့ ယူနန်အစိုးရတို့ ဆွေးနွေးနေတယ်လို့ သိရှိရပါတယ်။
ဧပြီ ၁၂ ရက်မှ ၁၈ ရက်အတွင်း တရုတ်က တဆင့် ရုရှားကိုသွားတဲ့ နေပြည်တော်ရဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်နဲ့ ယူနန်ပြည်နယ်က Yunnan Xianshang Export and Import ကုမ္ပဏီတို့ကြား မှာ စက်သုံးဆီကို ''သက်သာသောနှုန်းထားဖြင့် ရေရှည်တင်သွင်းနိုင်ရေး'' ဆွေးနွေးခဲ့တာလို့ နိုင်ငံပိုင်သတင်းစာက ဖော်ပြပါတယ်။
ဒါပေမဲ့ တင်သွင်းမယ့်ကာလနဲ့အခြေအနေကိုတေ့ာအသေးစိတ်ကိုတော့ ဖော်ပြတာ မရှိပါဘူး။
ဒါအပြင် ယူနန်က Yunnan Energy Group ၊ Union Resources & Engineering နဲ့လည်း တွေ့ခဲ့ပြီး နေရောင်ခြည်စွမ်းအင်၊ လေအားစွမ်းအင်နဲ့ ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်မယ့်အခြေအနေကိုဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ Yunnan Energy Group ဟာ မြန်မာမှာ ရေအား၊ ဆိုလာ၊ လေအားနဲ့ LNG သုံးဓာတ်အားပေးစက်ရုံစီမံကိန်းတွေလုပ်ကိုင်နေတဲ့ တရုတ်လုပ်ငန်းစုဖြစ်ပါတယ်။
လက်ရှိမှာ မြန်မာဟာ စင်္ကာပူ၊ မလေးရှားနဲ့ ထိုင်းတို့ကတဆင့် စက်သုံးဆီဝယ်ယူနေတာဖြစ်ပြီး နှစ်စဥ် စုစုပေါင်းလောင်စာဆီတန်ချိန် ၅ သန်း တင်သွင်းနေရတာ ဖြစ်ပါတယ်။ ဒါအပြင် စစ်ကောင်စီနဲ့ စစ်ကော်မရှင်အုပ်ချုပ်ရေးကာလတုန်းက တော့ ရုရှားဆီက ရေနံကိုလည်း ဝယ်ယူနေတယ်လို့ ပြောထားပါတယ်။
ဒီပမာဏဟာ ပြည်တွင်းမှာ သုံးနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်တွေရဲ့ ၉၇ ရာခိုင်နှုန်းဖြစ်ပါတယ်။ ကျန်တဲ့ ၃ ရာခိုင်နှုန်းအတွက်က ၂၀၂၅ ခုနှစ်ကမှ သန်လျင်၊ သံပရာကန်နဲ့ ချောက်ရေနံချက်စက်ရုံကနေ ထုတ်လုပ်နေတာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ဟောင်းကတော့ သမ္မတရာထူးယူပြီး လွှတ်တော်မှာပထမဆုံးပြောတဲ့မိန့်ခွန်းထဲ အရှေ့အလယ်ပိုင်းပြဿနာအခြေအနေက ဘယ်လိုအခြေအနေတွေ ရှိလာပါစေ စက်သုံးဆီအခက်အခဲက ရှိနေမှာဖြစ်တာကြောင့် နှစ်စဥ် ကန်ဒေါ်လာ ငါးဘီလျံဖိုး ဝယ်ယူသုံးစွဲနေရတဲ့ စက်သုံးဆီပမာဏ ကို မလွဲမသွေချွေတာမယ်လို့ ပြောဆိုထားပါတယ်။
လက်တွေ့မှာတော့ နိုင်ငံတွင်းမှာ စက်သုံးဆီရှားပါးပြတ်လပ်မှုဆက်ဖြစ်နေပြီး ဆီတခါဖြည့်ဖို့ အချိန် ၅ နာရီကျော်တန်းစီစောင့်ဆိုင်းရသလို လယ်ယာလုပ်ငန်းတွေအတွက် စက်သုံးဆီဝယ်မရဖြစ်နေတဲ့ အခြေအနေဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် တရုတ်၊ ရုရှားတို့နဲ့ ပိုနီးကပ်လာတဲ့ စစ်ခေါင်းဆောင်တွေဟာ စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲအပြီး အရပ်ဘက်အုပ်ချုပ်ရေးအသွင်ပြောင်းပြီးတဲ့နောက်မှာ တရုတ်အစိုးရနဲ့ ဆက်ဆံရေးပိုတိုးလာပြီး ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက်မှာ မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ထောက်ရှာပင်-ကမ်းနီရေနံမြေမှာ ရေနံ တိုးမြှင့်ထုတ်လုပ်ဖို့အတွက် ရေနံတိုးတက်ထုတ်ယူရရှိရေး စာချုပ်ကို နေပြည်တော်နဲ့ တရုတ်တို့ကြား လက်မှတ်ရေးထိုးထားပါတယ်။
မင်္ဂလာပါ။ ဧပြီ ၁၄ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။
