အေအေနဲ့ ချင်း CPU ခေါင်းဆောင်တွေ ရခိုင်မှာတွေ့

အာရက္ခတပ်တော်(အေအေ) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU)ခေါင်းဆောင်တွေ ရခိုင်ပြည်နယ်မှာ တွေ့ဆုံပြီး စစ်ရေး၊ စီးပွားရေး ဆွေးနွေးတဲ့သတင်းအပါအဝင် ဧပြီ ၂၁ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ကချင်ပြည်နယ်၊ ဖားကန့်ကို အင်အားဖြည့်ဖို့ မိုးညင်းနဲ့ မိုးကောင်းမြို့နယ်ဘက်ကတဆင့် ကာမိုင်းလမ်းတလျှောက် စစ်တပ်အင်အား ၃၀၀ ကျော် ဖြန့်တက်လာ
  • Apple က တင်ကွတ်ခ် နေရာမှာ အမှုဆောင်အသစ်ချုပ် အစားထိုးခန့်အပ်
  • ချင်းပြည်သူ့အစည်းအရုံး(CPU)ခေါင်းဆောင်တွေဟာ အာရက္ခတပ်တော်(အေအေ) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ရခိုင်ပြည်နယ်မှာ တွေ့ဆုံ
  • ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဉ်ကို ပယ်ဖျက်ပေးဖို့ ကရင်အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Karen Community Organizations တောင်းဆို
  • KNU၊ CNF နဲ့ ABSDF တို့ကို ငြိမ်းချမ်းရေးဖိတ်ခေါ်မယ်လို့ ဦးမင်းအောင်လှိုင်ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဧပြီလ ၂၁ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. မလက္ကာရေလက်ကြား - အရှေ့တောင်အာရှက ကမ္ဘာ့ကုန်သွယ်ရေကြောင်းလမ်း စိုးရိမ်ရပြီလား

    ကမ်းခြေက ဝန်မစက်တစ်ခုနားမှာ လူတစ်ဦး ကျောက်တုံးတွေနား လမ်းလျှောက်နေပြီး အနောက်ဘက်က ရေပြင်ကျယ်မှာတော့ "ETYFA" စာလုံးတပ်ထားတဲ့ သင်္ဘောတစ်စင်းကို မြင်ရ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ကမ္ဘာ့ရေကြောင်းအတွက် အရေးပါတဲ့ရေလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟောမုဇ်ရေလက်ကြားကို ပိတ်ဆို့မှုတွေဖြစ်နေချိန်မှာ ကမ္ဘာ့ကုန်သွယ်ရေကြောင်း နောက်တစ်ခုဟာလည်း တစ်ကမ္ဘာလုံးရဲ့စိတ်ဝင်စားမှု ခံလာရပါတယ်။

    အရှေ့တောင်အာရှမှာရှိတဲ့ မလက္ကာရေလက်ကြားဟာ အခုတော့ အများအာရုံစိုက်စရာဖြစ်လာပါတယ်။ အမေရိကန်နဲ့ အင်ဒိုနီးရှားတို့ကြား ကာကွယ်ရေးသဘောတူညီချက်တစ်ခုကို ပြီးခဲ့တဲ့တစ်ပတ်မှာ ချုပ်ဆိုခဲ့ကြပြီးတဲ့နောက် ရေလက်ကြားက အင်ဒိုနီးရှားတဲ့လေပိုင်နက်ထဲမှာ စစ်ဘက်ဆိုင်ရာ လေကြောင်းပျံသန်းမှုအပြည့်အဝလုပ်နိုင်ဖို့ အဆိုပြုချက်တစ်ခုကို အမေရိကန်ဘက်က ကမ်းလှမ်းလာတယ်လို့ဆိုပြီး အင်ဒိုနီးရှားအာဏာပိုင်တွေက အတည်ပြုပြောဆိုလိုက်တာကြောင့်ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီအဆိုပြုချက်နဲ့ပတ်သက်ပြီး အပြီးသတ်မဆုံးဖြတ်ရသေးဘူးလို့ဆိုပါတယ်။

    အကဲခတ်တွေကတော့ ဒီအရွေ့ဟာ ကမ္ဘာလုံးဆိုင်ရာပထဝီနိုင်ငံရေးအပေါ် ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။

    ဆိုတော့ မလက္ကာရေလက်ကြားဆိုတာဘာလဲ၊ ဘာကြောင့် အရေးကြီးတာလဲ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။

  3. တန့်ဆည်မြို့နယ်ထဲ စစ်တပ် လေကြောင်းကနေ ဗုံးကြဲလို့ PDF နဲ့ ပြည်သူ ၆ ဦး ဒဏ်ရာရ

    ဧပြီ ၂၁ ရက် တန့်ဆည်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဧပြီ ၂၁ ရက် တန့်ဆည်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း

    စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာနဲ့ အင်ရေအိုးရွာတို့ကို စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ ဒီနေ့နေ့လယ် ၁၂ နာရီကျော်မှာ တပြိုင်နက်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေး(PDF) တပ်ဖွဲ့ဝင် ၅ ဦးနဲ့ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ စစ်ရေးအရင်းအမြစ်ဆီကနေ သိရပါတယ်။

    စစ်တပ်က တန့်ဆည်မြို့နယ်အနောက်မြောက်ခြမ်းက အင်ရေအိုးရွာအနီး သရက်ခြံထဲကို ၃ ကြိမ်၊ ကံထူးမရွာက လူစည်ကားတဲ့နေရာကို ၁ ကြိမ် လေကြောင်းဗုံးကြဲခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

    ဒီဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ PDF ၅ ဦးထဲက တစ်ဦးဟာ ခြေထောက်နှစ်ချောင်းလုံး ပြတ်တောက်တဲ့ ပြင်းထန်ဒဏ်ရာရခဲ့ပြီး ပြည်သူတစ်ဦးကတော့ မစိုးရိမ်ရဘူးလို့ စစ်ရေးအရင်းအမြစ်ဆီကနေ သိရပါတယ်။

    "နေ့လယ် ၁၂ နာရီလောက်ကနေ ၃ နာရီလောက်အထိကို နားနားပြီး ဆက်တိုက်ဗုံးကြဲချနေတာပါ။ ကံထူးမရွာက ဆိုင်ကယ်အရောင်းဆိုင်ထိပြီး ဆိုင်ကယ်တွေ ပျက်စီးသွားတယ်။ မြေပြင်မှာ တိုက်ပွဲမရှိဘူး" လို့ တန့်ဆည်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

    တံတားဦးနဲ့ မိတ္ထီလာ ရှမ်းတဲစတဲ့ လေတပ်စခန်းတွေကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၃ စီးရဲ့ တိုက်ခိုက်မှုကြောင့် ဆိုင်ကယ်အရောင်းဆိုင်က ဆိုင်ကယ်အများအပြားပျက်စီးခဲ့တာကို မြေပြင်အရင်းအမြစ်တွေရဲ့ဓာတ်ပုံမှတ်တမ်းအရ တွေ့ရပါတယ်။

    သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဉာဏ်လင်းသစ်အဖွဲ့ရဲ့ အစီရင်ခံစာအရ ရက်ပေါင်း ၁,၈၈၅ အတွင်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၇,၃၅၄ ကြိမ်ရှိခဲ့ပါတယ်။

    အခုသီတင်းပတ်ထဲ ပဋိပက္ခဖြစ်စဉ်တွေမှာ လေကြောင်းတိုက်ခိုက်မှုက ဒုတိယအများဆုံးဖြစ်ပြီး ဧပြီ ၁၈ နဲ့ ၁၉ ရက် နှစ်ရက်အတွင်းမှာပဲ ၅ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

  4. ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်း လေချုပ်ဖြစ်လာ

    ၂၀၂၄ ခုနှစ် မကွေး သင်တန်းကျောင်း အခြေခံ လေကြောင်း လူငယ်သင်တန်း သင်တန်းဆင်းပွဲမှာမြင်ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်း

    ဓာတ်ပုံ ရင်းမြစ်, MOI

    စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးထွန်းဝင်း ကာကွယ်ရေးဦးစီးချုပ်(လေ) ဖြစ်လာတယ်လို့ နေပြည်တော်က ဘီဘီစီသတင်းရင်းမြစ်တွေက ပြောပါတယ်။

    လေချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးထွန်းအောင် ကာကွယ်ရေးဝန်ကြီးဖြစ်သွားပြီးတဲ့နောက် ထိပ်တန်းရာထူးတစ်ခုအပြောင်းအလဲဖြစ်လာတာပါ။

    ပြီးခဲ့တဲ့ နိုဝင်ဘာက စစ်ဦးစီးအရာရှိချုပ်(လေ)ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့် အနားပေးခံလိုက်ရပြီး တရုတ်သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခံလိုက်ရပါတယ်။

    လစ်လပ်သွားတဲ့ လေတပ်ရဲ့ ဒုတိယအကြီးဆုံးရာထူးကို အနောက်ပိုင်း လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်း ရောက်လာတာပါ။

    ဒါကြောင့် သူက ငါးလအတွင်းမှာပဲ ဌာနချုပ်မှူးအဆင့်ကနေ စစ်ဦးစီးအရာရှိချုပ်(လေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)အဖြစ် အဆင့်ဆင့်ရာထူးတက် မြန်ခဲ့တာဖြစ်ပါတယ်။

    မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် တာဝန်အရှိဆုံးထိပ်တန်းအရာရှိစာရင်းကို လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က ပြီးခဲ့တဲ့ စက်တင်ဘာက ထုတ်ပြန်ခဲ့ပြီး လေယာဥ်ဆီနဲ့ လက်နက်ရောင်းချမှုတွေကိုပါ ပိတ်ဆို့ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းထားပါတယ်။

  5. တရုတ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို သွားမယ်

    တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လလယ်ပိုင်း နေပြည်တော်ခရီးစဉ်မှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုလို့ နှစ်နိုင်ငံသတင်းထုတ်ပြန်တဲ့ဓာတ်ပုံဖြစ်ပါတယ်။ဓာတ်ပုံဝဲဘက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အနောက်တိုင်းဝတ်စုံနဲ့ ညာဘက်လှည့်စကားပြောနေပြီး ဓာတ်ပုံ ဘယ်ဘက်မှာ ဦးမင်းအောင်လှိုင်က တိုက်ပုံအဖြူဝတ် ပုဆိုးဝတ်ထားပြီး ဝမ်ယိဘက်ကို လှည့်စကားပြောနေ။ သူတို့ နှစ်ဦးအနောက်မှာ သံတမန်ဆောင် ဧည့်ခန်းမ အပြင်အဆင်ရှိနေ

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

    ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လလယ်ပိုင်း နေပြည်တော်ခရီးစဉ်

    တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ လာမယ့်ရက်တွေအတွင်း မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကို သွားရောက်ဖို့ရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    ဘယ်နိုင်ငံတွေကို ဘယ်နေ့သွားရောက်မယ်လို့ဆိုတာမျိုး ရက်အတိအကျ မထုတ်ပြောပေမဲ့ ဒီ ၃ နိုင်ငံရဲ့ ဖိတ်ကြားချက်ကြောင့် ခရီးဆက်မှာလို့ ပြောခွင့်ရက ဆိုပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ဧပြီလ ၂၂ ရက်ကနေ ၂၆ ရက်အတွင်း ၃ နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။

    ထိုင်းဘက်ကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ထိုင်းနိုင်ငံကို လာမယ့် ဧပြီ ၂၃ ရက်ကနေ ၂၅ ရက်အထိ လာရောက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်နဲ့ တွေ့ဆုံမယ်လို့ သတင်းထုတ်ပါတယ်။

    သတင်းထွက်ပေါ်တဲ့ခရီးအစဉ်အရ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံကို သွားရောက်ပြီးမှ နေပြည်တော်ကို ခရီးဆက်မယ်လို့ နားလည်ရပါတယ်။

    နေပြည်တော်ဘက်ကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး တစုံတရာ သတင်းထုတ်တာ မရှိသေးပါဘူး။

    ဒါပေမဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဉ်ဟာ ဦးမင်းအောင်လှိုင်က မေလမှာ သွားဖို့ရှိတဲ့တရုတ်ခရီးစဉ်မတိုင်ခင်မှာပဲ ထွက်ပေါ်လာတာဖြစ်ပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ မြန်မာမှာ စစ်တပ်က ရှမ်းမြောက်မှာ စစ်ဌာနချုပ်နဲ့ မြို့တွေကို ဆုံးရှုံးနေတဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်း တိုက်ပွဲဖြစ်ချိန် ၂၀၂၄ ခုနှစ်၊ သြဂုတ်လမှာ အာဏာသိမ်းကာလ မြန်မာကို ပထမဆုံးအကြိမ် လာရောက်ခဲ့ပါတယ်။

    သူ့ရဲ့အဲဒီခရီးစဉ်အပြီးမှာပဲ စစ်တပ်နဲ့ ရှမ်းမြောက်မှာ မြို့တွေသိမ်းထားတဲ့ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA) တို့နဲ့ဆွေးနွေးပွဲတွေကို တရုတ်က ကြားဝင်ညှိနှိုင်းပေးတဲ့ကမကထ အစည်းအဝေးတွေ ထွက်ပေါ် လာခဲ့ပါတယ်။

    တဖက်မှာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဉ်ဟာ နေပြည်တော်အတွက် ဦးမင်းအောင်လှိုင်နဲ့ သူ့ရဲ့အစိုးရသစ်တက်အပြီး သီတင်းပတ်တွေအတွင်း အိမ်နီးချင်း ထိုင်းနိုင်ငံပြီးရင် ဒုတိယမြောက် အာရှထိပ်တန်း သံတမန်တစ်ဦးရဲ့ခရီးစဉ် ဖြစ်လာမှာပါ။

  6. ဟုမ္မလင်းမြို့ဆိပ်ကမ်းက ဆီတင်ရေယာဉ်တွေ မီးလောင်တာ ၁ ရက်ထဲဝင်လာပေမဲ့ မီးမငြိမ်းသေး, မီးလောင်မှုမှာ သေဆုံးသူ ၃ ဦးရှိလာ

    ဧပြီ ၂၁ ရက် နေ့လယ် ၂ နာရီအထိ မီးလောင်ကျွမ်းနေတဲ့ မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဧပြီ ၂၁ ရက် နေ့လယ် ၂ နာရီအထိ မီးလောင်ကျွမ်းနေတဲ့ မြင်ကွင်း

    စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့၊ မြို့မဘုန်းကြီးကျောင်းဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ စက်သုံးဆီတင် ဝမ်းပြား ရေယာဉ်တွေ မီးလောင်တာ ၁ ရက်ထဲ ဝင်လာပြီဖြစ်ပေမဲ့ သင်္ဘောအချို့ မီးလောင်နေဆဲဖြစ်သလို သေဆုံးတဲ့ရုပ်အလောင်း ၃ လောင်းအထိ တွေ့ထားတယ်လို့ စစ်ကိုင်းတိုင်းမီးသတ်ဦးစီးမှူးရုံးကနေ သိရပါတယ်။

    မနေ့ ညနေပိုင်းမှာ အမျိုးသမီးရုပ်အလောင်းတစ်လောင်းကို စတင်တွေ့ရှိခဲ့ပြီး ဒီနေ့ နေ့လယ် ၁ နာရီဝန်းကျင်မှာတော့ နောက်ထပ်အမျိုးသားရုပ်အလောင်း ၂ လောင်းကို တွေ့ခဲ့ရတယ်လို့ စစ်ကိုင်းတိုင်း မီးသတ်ဦးစီးမှူးရုံးက လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မြင့်က ပြောပါတယ်။

    “မီးငြှိမ်းနေတုန်း ရုပ်အလောင်းတွေက (ရေထဲ)မျောလာတာပါ။ အောက်(အရပ်)ဘက်ကနေ လာတဲ့ယာဉ်တွေဆိုတော့ သေဆုံးသူတွေက ဘယ်သူဘယ်ဝါတွေ ဆိုတာလည်း မသိရသေးပါဘူး။ မီးကလည်းငြှိမ်းနေတုန်းဆိုတော့ မီးလောင်ရတဲ့အကြောင်းအရင်းကိုလည်း မီးငြိမ်းမှ သေချာသိနိုင်မှာပါ” လို့ ဦးကျော်မြင့်က ဆက်ပြောပါတယ်။

    ဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူအရေအတွက်လည်း ၈ ဦးအထိ ရှိပါတယ်။ မနေ့ ဧပြီ ၂၁ ရက်၊ ညနေ ၆ နာရီခွဲဝန်းကျင်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ဟုမ္မလင်းဆိပ်ကမ်းမီးလောင်မှုမှာ စက်သုံးဆီတင် ဝမ်းပြားရေယာဉ် ၉ စီးလောင်ကျွမ်းခဲ့ပြီး ၆ စီး မီးငြိမ်းပြီဖြစ်ပါတယ်။ ၃ စီးကိုတော့ ငြှိမ်းသတ်နေရဆဲလို့ သိရပါတယ်။

    “မနေ့ညနေပိုင်း ၆ နာရီကျော်လောက်မှာ ပေါက်ကွဲသံအကျယ်ကြီးကြားတော့ ထုံးစံအတိုင်း လက်နက်ကြီးသံလို့ပဲထင်လိုက်တာ။ နောက်မှ ဆီတင်သင်္ဘောတွေ ဖြစ်မှန်းသိတာလေ။ ခပ်စိပ်စိပ် ဆိုက်ကပ်ထားတာနဲ့ ဆက်တိုက်ကူးသွားတဲ့သဘောပေါ့။ ယာဉ်အများစုက ဟုမ္မလင်းမြို့နယ်ထဲက ရွှေမျှောလုပ်ငန်းရှင်တွေ ပိုင်တာတွေပါ” လို့ ဟုမ္မလင်းမြို့ခံ တစ်ဦးက တွေ့မြင်ရတဲ့အခြေအနေကို ပြောပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း ဟုမ္မလင်းမြစ်ကြောင်းတလျှောက် ဝမ်းပြား ရေယာဉ်တွေ သွားလာရာမှာ လနဲ့ချီသွားလာရတာကြောင့် အီရန်ပဋိပက္ခနဲ့အတူ စက်သုံးဆီရှားပါးချိန်မှာ စက်သုံးဆီ အများအပြား သိုလှောင်ပြီး ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့အခြေအနေလို့ ဆိုကြပါတယ်။

    “ဖလက်ခွံ(၀မ်းပြား) ပေါ်ကို ဆီတင်တဲ့အချိန်မှာ နေကလည်းပူတော့ ထပေါက်တယ်လို့ကြားပါတယ်။ (သင်္ဘော) ဝမ်းဗိုက်ထဲမှာလည်း ဆီတွေ လှောင်ထားတော့ ဆက်တိုက်(မီး)ကူးတဲ့သဘောပါ” လို့ ဟုမ္မလင်းမြို့ခံက ဆက်ပြောပါတယ်။

    မနေ့က မီးလောင်မှု စတင်ချိန်တုန်းကတော့ မြို့ပေါ်နေအိမ်တွေဆီ မီးကူးစက်မှာကို ဒေသခံတွေစိုးရိမ်ထိတ်လန့်ခဲ့ကြပေမဲ့ ဒီနေ့မနက်ပိုင်းမှာတော့ မြို့မှာ ပုံမှန်အတိုင်းလည်ပတ်နေတယ်လို့ သိရပါတယ်။

  7. စစ်ရေးတင်းမာနေတဲ့ ဖားကန့် - ကာမိုင်းလမ်းကို ခရီးမသွားလာဖို့ KPDF ပြော

    KIA တပ်ဖွဲ့ဝင် (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, KIA တပ်ဖွဲ့ဝင် (ပုံဟောင်း)

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား စစ်ရေးတင်းမာနေတာကြောင့် ဖားကန့် - ကာမိုင်းလမ်းကို မနက်ဖြန် ဧပြီ ၂၂ ရက်ကစပြီး ခရီးသည်ယာဉ်ဖြတ်သန်းသွားလာတာမပြုလုပ်ဖို့ တော်လှန်ရေးဘက်က ထုတ်ပြန်ထားကြောင့် KPDF အရင်းအမြစ်ကနေ သိရပါတယ်။

    ဖားကန့်ကို အင်အားဖြည့်ဖို့ မိုးညင်းနဲ့ မိုးကောင်းမြို့နယ်ဘက်ကတဆင့် ကာမိုင်းလမ်းတလျှောက် စစ်တပ်အင်အား ၃၀၀ ကျော် ဖြန့်တက်လာတာကြောင့် ခရီးသည်မသွားလာဖို့ တားမြစ်တာဖြစ်ကြောင်း KPDF စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

    “စစ်တပ်နဲ့ ပြည်သူ့စစ် ပေါင်းပြီး စစ်ကြောင်းထိုးနေပါတယ်။ လွန်ခဲ့တဲ့ ၄ ရက်လောက်က တက်လာတဲ့ အင်အားတွေကတော့ ဖားကန့်မှာရှိတဲ့ တပ်မကုန်း၊ ဗျူဟာကုန်းတွေကို ဖြန့်ပြီး နေရာယူထားပါပြီ။ ဖားကန့်မြို့ပေါ်မှာလည်း လှုပ်လှုပ်ခတ်ခတ်ဖြစ်နေပါတယ်။ ဖားကန့်မှာ စစ်ရေးတင်းမာနေတဲ့အခြေအနေပါ” လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

    ပြီးခဲ့တဲ့ ၁၈ ရက်တုန်းက ဖားကန့် - တနိုင်းကြား ပယင်းမှော်အနီးမှာရှိတဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ ကာကင်းစခန်းနှစ်ခုကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းခဲ့ပါတယ်။

    ဖားကန့်မှာ ပြီးခဲ့တဲ့သတင်းပတ်ကုန်ပိုင်းမှာ စစ်တပ် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်မှာ တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။

    အခုတော့ ဖားကန့်မြို့နယ်ထဲမှာ မြေပြင်တိုက်ပွဲမပြင်းထန်ပေမဲ့ မရှီတထောင်၊ မှော်စီစာ၊ လုံးခင်းဘက်တွေကို စစ်တပ်က လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတဲ့အခြေအနေလို့ သတင်းရင်းမြစ်တွေရဲ့အပြောအရ သိရပါတယ်။

    ဒါအပြင် ဖားကန့်နဲ့ ဆက်စပ်လမ်းပိုင်းတွေမှာ စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီး သတ်ဖြတ်တာရှိသလို လမ်းသွားလမ်းလာ အရပ်သားတွေကိုလည်း စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးဆီက သိရပါတယ်။

    “သင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက်တုန်းက နာဂ PDF တပ်ဖွဲ့ဝင်တစ်ဦး အဖမ်းခံရပြီး ပစ်သတ်ခံလိုက်ရတာက မနေ့ ဧပြီ ၂၀ ရက်မှာ ရက်လည်ပါတယ်။ ပြီးတော့ ဖားကန့်လမ်းပိုင်းမှာ စစ်တပ်က ငွေကြေး တောင်းခံတာတွေလုပ်နေတယ်လို့ အင်တာနက်ပေါ်ရေးတင်ခဲ့တဲ့ မြောက်ကုန်းရပ်ကွက်ဘက်က အမျိုးသားတစ်ဦးကိုလည်း မနေ့ည ၁ နာရီလောက်ကနေအိမ်မှာ လာဖမ်းသွားပြီး တမိသားစုလုံးရဲ့ ဖုန်းတွေလည်း သိမ်းသွားပါတယ်” လို့ သူက ဆက်ပြောပါတယ်။

    ဖားကန့်မြို့၊ မရှီတထောင် ရပ်ကွက်လမ်းဆုံမှာ စွန့်ပစ်ခံထားရတဲ့ အမျိုးသားရုပ်အလောင်း ၄ လောင်းကို ဒေသခံတွေကတွေ့ရှိခဲ့ရပြီးနောက် နာဂPDF တစ်ဦးနဲ့ ရခိုင်လူမျိုး အမျိုးသား ၃ ဦးတို့ဖြစ်ကြောင်း သိရှိခဲ့ရတာပါ။

    စစ်ရေးအရ ဖားကန့်အပြင် ဗန်းမော်နဲ့ ဝိုင်းမော်မြို့နယ်တွေဘက်မှာလည်း နှစ်ဖက်စစ်ရေးတင်းမာနေဆဲ အခြေအနေလို့ KIA ဆီကနေ သိရပါတယ်။

    စစ်တပ်ဘက်ကတော့ ကချင်ပြည်နယ်က စစ်ရေးနဲ့ပတ်သက်လို့ ဒီနေ့ နေ့လယ် ၂ နာရီအချိန်အထိ တစုံတရာထုတ်ပြန်တာမရှိပါဘူး။

    ဒါပေမဲ့ ဦးမင်းအောင်လှိုင်ကတော့ သူ့ အစိုးရအဖွဲ့နဲ့ပြုလုပ်တဲ့ ပထမဆုံးအစည်းအဝေးမှာ ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ ဆိုထားပြီး အပစ်ရပ်စာချုပ်(NCA) မထိုးထားတဲ့အဖွဲ့တွေကိုပါ ဖိတ်ခေါ်မယ်လို့ ပြောပါတယ်။

    KIA ဟာ NCA လက်မှတ်မရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။

  8. Apple က တင်ကွတ်ခ် နေရာမှာ အမှုဆောင်အသစ်ချုပ် အစားထိုးခန့်အပ်

    ဟာ့ဒ်ဝဲ အင်ဂျင်နီယာဌာန အကြီးတန်း ဒုဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ဂျွန် တားနက်စ်ကို ပြီးခဲ့တဲ့ မတ်လတုန်းကတွေ့ရတာဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဟာ့ဒ်ဝဲ အင်ဂျင်နီယာဌာန အကြီးတန်းဒုဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ဂျွန် တားနက်စ်ကို ပြီးခဲ့တဲ့ မတ်လတုန်းကတွေ့ရတာဖြစ်ပါတယ်

    Apple ကုမ္ပဏီဟာ အမှုဆောင်ချုပ် တင်ကွတ်ခ် နေရာမှာ ဂျွန် တားနက်စ်ကို ခန့်အပ်မယ်လို့ ကြေညာလိုက်ပါတယ်။

    တင်ကွတ်ခ်ဟာ Apple ကို ၁၅ နှစ်ကြာ ဦးဆောင်ခဲ့ပြီးတဲ့နောက်မှာ ရာထူးကနေ ဆင်းတော့မှာဖြစ်လို့ Apple ဘက်က အခုလို ကြေညာလာတာဖြစ်ပါတယ်။

    တားနက်စ်ဟာ Apple မှာ ၂၅ နှစ်ကြာအလုပ်လုပ်နေတာဖြစ်ပြီး ဟာ့ဒ်ဝဲလ်အင်ဂျင်နီယာဌာနခေါင်းဆောင်အဖြစ် လက်ရှိမှာ ဦးဆောင်နေတာဖြစ်ပြီး စက်တင်ဘာလ ၁ ရက်မှာ ရာထူးရယူမှာဖြစ်ပါတယ်။ တင်ကွတ်ခ်ကတော့ အမှုဆောင်ဥက္ကဋ္ဌဖြစ်လာမှာ ဖြစ်ပါတယ်။

    ကွတ်ခ်ဟာ Apple ပူးတွဲတည်ထောင်သူ စတိဗ် ဂျော့စ်က ကျန်းမာရေးကြောင့် ရာထူးကနေ နုတ်ထွက်သွားတဲ့အခါ ၂၀၁၁ ခုနှစ်မှာ အမှုဆောင်ရာထူးယူခဲ့သူဖြစ်ပါတယ်။

    တင်ကွတ်ခ်ဟာ တားနက်စ်ရဲ့ရာထူးအလွှဲအပြောင်း အဆင်ပြေချောမွေ့ဖို့ နွေအထိ ရာထူးဆက်ယူထားမှာဖြစ်ပြီး ‘‘ကမ္ဘာတဝန်း မူဝါဒချမှတ်သူတွေနဲ့ ထိတွေ့ဆက်ဆံပြောဆိုမှုတွေအပါအဝင် ကုမ္ပဏီသွားမယ့်လမ်းကြောင်းတွေနဲ့ပတ်သက်ပြီး အထောက်အကူပြုဖို့ ဖြစ်တယ်’’ လို့ ဆိုပါတယ်။

    အမှုဆောင်ချုပ်တာဝန်ကနေ နုတ်ထွက်မယ်လို့ဆိုတဲ့ ကွတ်ခ်ရဲ့ဆုံးဖြတ်ချက်ဟာ သူ့နေရာမှာ ရောက်လာမယ့်သူကို Apple အနေနဲ့ ရှာဖွေနေပြီဆိုတဲ့သတင်းတွေ ထွက်အပြီး လပိုင်းအကြာမှာ ဖြစ်လာတာပါ။

    ကွတ်ခ်ကတော့ ဒီအလုပ်ဟာ သူ့ဘဝအတွက် အထူးအခွင့်အရေးဖြစ်ခဲ့တယ်လို့ပြောပြီး သူ့လက်ထက်မှာ Apple ကုမ္ပဏီဟာ ကမ္ဘာမှာ တန်ဖိုးအကြီးဆုံးကုမ္ပဏီတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။

    ၂၀၁၈ ခုနှစ်မှာ Apple ကို အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းတဲ့အခါ တန်ဖိုးက အမေရိကန်ဒေါ်လာ ၁ ထရီလီယံ ရှိခဲ့ပါတယ်။ အခုတော့ ၄ ထရီလီယံအထိ မြင့်တက်နေပါပြီ။

  9. အတူတိုက်ပွဲဝင်ရေးအတွက် အေအေနဲ့ ချင်း CPU ခေါင်းဆောင်တို့ ဆွေးနွေး

    ဖေဖော်ဝါရီလအတွင်း အေအေနဲ့ CPU တွေ့ဆုံမှု

    ဓာတ်ပုံ ရင်းမြစ်, CPU

    ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီလအတွင်း အေအေနဲ့ CPU တွေ့ဆုံမှု

    ချင်းပြည်သူ့အစည်းအရုံး(CPU)ခေါင်းဆောင်တွေဟာ အာရက္ခတပ်တော်(အေအေ) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ရခိုင်ပြည်နယ်မှာ တွေ့ဆုံခဲ့တယ်လို့ CPU က မနေ့ ဧပြီ ၂၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    ချင်းပြည်အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)ကို အခုနှစ်ဇန်နဝါရီလမှာ စုဖွဲ့ခဲ့တာဖြစ်ပြီး မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ဒိုင်ရ်စတဲ့ချင်းတောင်ပိုင်းဒေသ လေးခုက တော်လှန်ရေးအဖွဲ့အစည်းတွေ ပါဝင်ပါတယ်။

    CPU ကတော့ ပြည်နယ်ချင်းဆက်နေတဲ့ချင်းနဲ့ ရခိုင်ပြည်သူတွေကြား အိမ်နီးချင်း‌ကောင်းတွေ ပီသအောင် ရေရှည်အပြန်အလှန်အကျိုးပြုဖို့ ဆွေးနွေးတိုင်ပင်ခဲ့ပြီး ရှေ့ဆက်ပူးတွဲ လုပ်မယ့်လုပ်ငန်းစဉ်တွေလည်း ချမှတ်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

    “ဗိုလ်ချုပ်ရဲ့စကားကတော့ အရင်က ပြောနေပါပဲ။ အိမ်နီးချင်းကောင်း မပီသရင်လည်း အကျိုးမရှိဘူးဆိုတော့ အိမ်နီးချင်းပီသစွာနဲ့အတူ လက်တွဲကြမယ်၊ အတူတိုက်ပွဲဝင်ကြမယ်ဆိုတာကတော့ အဓိကပေါ့” လို့ တွေ့ဆုံရာမှာပါဝင်ခဲ့တဲ့ ချင်းကာကွယ်ရေးတပ်(CDF)မင်းတပ်ရဲ့စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။

    အေအေ စစ်ရေးအရင်းအမြစ် တစ်ဦးကလည်း စစ်ရေးနဲ့ စီးပွားရေးကို ယှဉ်တွဲလုပ်ဆောင်ဖို့၊ ပူးပေါင်းဆောင်ရွက်မှုကို အခုထက်ပိုပြီး တိုးမြှင့်ဖို့နဲ့ ကုန်သွယ်ရေးကိစ္စတွေပါ ဒီတွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့တယ်လို့ သိရတဲ့အကြောင်း ပြောပါတယ်။

    ဒီခရီးစဉ်ဟာ အေအေရဲ့ဖိတ်ကြားမှုကြောင့် ချင်းပြည်သူ့အစည်းအရုံး(CPU)ခေါင်းဆောင်တွေ ရခိုင်ကို ဖေဖော်ဝါရီလအတွင်းမှာ နှစ်ပတ်တာ သွားရောက်ခဲ့တာဖြစ်ပြီး အကျိုးရှိတဲ့ခရီးလို့ CPU ဘက်က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    အေအေဘက်ကတော့ အခုတွေ့ဆုံမှုနဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

  10. နေပြည်တော်နဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မယ်လို့ ထိုင်းပြော, ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့နေပြည်တော်ခရီးစဉ် ဖျက်သိမ်းပေးဖို့ ကရင်အရပ်ဘက်အဖွဲ့ တောင်းဆို

    ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ်ကရောင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ်ကရောင်း

    လာမယ့်ရက်အတွင်း နေပြည်‌တော်ကို သွားဖို့ရှိနေတဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာ့နှစ်ဆန်းတစ်ရက် လွတ်ငြိမ်းအမိန့်နဲ့ အကျဉ်းသားထောင်ချီ လွှတ်ပေးခဲ့တာကို ကြိုဆိုပြီး ဒါကို အပြုသဘောဆောင်တိုးတက်မှုလို့ ရှုမြင်တဲ့အကြောင်း ဧပြီလ ၁၉ ရက်မှာ သတင်းထုတ်ပါတယ်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မူရင်းထုတ်ပြန်ချက်ထဲမှာ '' သမ္မတဟောင်း ဦးဝင်းမြင့်ကို လွှတ်ပေးတာက အာဆီယံရဲ့ မျှော်လင့်ချက်နဲ့လည်းကိုက်ညီတဲ့တိုးတက်မှု'' လို့ သုံးနှုန်းရေးသားထားပါတယ်။ ဒါ့အပြင် ဒီကတဆင့် မြန်မာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးမှုတွေ လုပ်နိုင်ဖို့ ကောင်းမွန်တဲ့အရွေ့ဖြစ်လိမ့်မယ်လို့လည်း ယုံကြည်ကြောင်း ထိုင်းဘက်က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ်ကရောင်း အခုသီတင်းပတ်အတွင်း နေပြည်တော်ကို သွားရောက်ဖို့ ရှိနေချိန်မှာပဲ ဝန်ကြီးဌာနက အခုလိုစာထုတ်တာဖြစ်ပါတယ်။

    ဒါဟာ စစ်ခေါင်းဆောင်က သမ္မတအဖြစ် ရာထူးပြောင်းလဲယူပြီးနောက် အိမ်နီးချင်းနိုင်ငံတွေရဲ့ထိပ်တန်းသံတမန်တစ်ဦး နေပြည်တော်ကို ပထမဆုံးလာရောက်မှုဖြစ်လာမှာဖြစ်ပါတယ်။

    ဒီအတောအတွင်းမှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီခရီးစဉ်ကို ပယ်ဖျက်ပေးဖို့ ကရင်အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Karen Community Organizations က မနေ့ ဧပြီ ၂၀ ရက် ရက်စွဲနဲ့ တောင်းဆိုချက် ထုတ်ပြန်ပါတယ်။

    အကယ်လို့ ခရီးစဉ်ဖြစ်မြောက်ခဲ့ရင်လည်း ပြည်သူတွေအပေါ် အကြမ်းဖက်မှုကို ရပ်တန့်နိုင်ဖို့ စစ်တပ်ကိုယ်တိုင် ကတိကဝတ်ပြုထားတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်အောင် ဖိအားပေးဖို့ပါ Karen Community Organizations က သူတို့ရဲ့ထုတ်ပြန်ချက်မှာ ထည့်ပြောပါတယ်။

    ထိုင်း - မြန်မာနယ်စပ်တကြောက ပဋိပက္ခတွေ၊ မူးယစ်မှောင်ခိုမှုတွေ၊ ကျားဖြန့်လုပ်ငန်းတွေရဲ့ သက်ရောက်မှုတွေကို ထိုင်းဘက်မှာလည်း ကာလရှည်ရင်ဆိုင်ခဲ့ရတာကြောင့် ဒီအဆိုးသံသရာကို ဖြတ်တောက်ဖို့ အချိန်ရောက်ပြီလို့ ထုတ်ပြန်ချက်မှာ ထည့်ပြောထားပါတယ်။

    ဒီမတိုင်ခင်တုန်းတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဟာ နေပြည်တော်မှာ ဦးမင်းအောင်လှိုင် သမ္မတ ရာထူးရယူတဲ့အခမ်းအနားကို ဝန်ကြီးချုပ် ဆေထာ ထဝီဆင်လက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခဲ့သူ မစ္စတာ ပန်ပရီးကို သူ့ကိုယ်စား စေလွှတ်ခဲ့ပါတယ်။

  11. မိုးမကျခင် KNU တပ်မဟာတွေက တပြိုင်နက်စစ်ရေးလှုပ်ရှားမှုတွေက ဘာသဘောဆောင်လဲ

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက ဝင်းက စစ်စခန်းကို သိမ်းပြီးတဲ့နောက်မှာ မြင်ရတဲ့ KNLA/PDF ပူးပေါင်းအဖွဲ့တွေ

    ဓာတ်ပုံ ရင်းမြစ်, အထူးတိုင်းစစ်ဒေသ

    ဓာတ်ပုံ ပုံစာ, မွန် - ကရင်နယ်စပ်က ဝင်းက စခန်းသိမ်းပြီးတဲ့နောက်မြင်တွေ့ရတဲ့ပူးပေါင်းတပ်ဖွဲ့တွေလို့ဆို

    ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ တပ်မဟာ ၆ ခုအတွင်းမှာ စစ်တပ်နဲ့ KNU/PDF ပူးပေါင်းတပ်တွေကြား မတ်လနှောင်းပိုင်းနဲ့ ဧပြီလထဲမှာ ထိုးစစ်၊ ခုခံစစ်တွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေ အပြင်းအထန် ရှိနေပါတယ်။

    ကရင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်ဘက်က KNU ရဲ့တပ်မဟာနယ်မြေတွေမှာ ဧပြီလအတွင်း KNU နဲ့ ပူးပေါင်းတပ်တွေက စစ်တပ်စခန်း ၅ ခုခန့်ကို သိမ်းထားပါတယ်။

    တဖက် မြန်မာစစ်တပ်ဘက်ကလည်း ကရင်နဲ့ တနင်္သာရီဒေသတွေမှာရှိတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို အပြည့်အဝထိန်းချုပ်နိုင်အောင် မဟာဗျူဟာကျကျ လှုပ်ရှားနေပါတယ်။

    မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI)ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ CDM ဗိုလ်မှူး နောင်ရိုးကတော့ နှစ်ဖက်လုံးမှာ မတူညီတဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ ဗျူဟာတွေရှိနေတယ်လို့ သုံးသပ်ပါတယ်။

    "စစ်တပ်ဘက်ကတော့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးတို့ကို ချိတ်ဆက်ထားတဲ့ အဆင့်မြင့် စစ်ဗျူဟာနဲ့ လှုပ်ရှားနေပါတယ်။ တော်လှန်ရေးဘက်ကတော့ စစ်တပ်စခန်းတွေကို ဝိုင်းပတ်ပြီးတုံ့ပြန်တိုက်ခိုက်တဲ့ပုံစံနဲ့ သွားနေပါတယ်" လို့ သူက ပြောပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  12. ရက် ၁၀၀ အတွင်း PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဖိတ်ခေါ် တယ်လို့ ဦးမင်းအောင်လှိုင် ပြော

    သမ္မတအဖြစ် နှစ်သစ်ကူးမိန့်ခွန်းပြောနေတဲ့ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်

    ဓာတ်ပုံ ရင်းမြစ်, CINCDS

    ဓာတ်ပုံ ပုံစာ, သမ္မတအဖြစ် နှစ်သစ်ကူးမိန့်ခွန်းပြောနေတဲ့ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်

    ရက် ၁၀၀ အတွင်းမှာ အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရော လက်မှတ်မထိုးထားတဲ့အဖွဲ့တွေကိုပါ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်သွားမယ်လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

    စစ်ခေါင်းဆောင်ကနေ သမ္မတရာထူးယူပြီးတဲ့နောက် ဧပြီ ၂၀ ရက်က လုပ်တဲ့ သူ့ရဲ့ အစိုးရအဖွဲ့တခုလုံးနဲ့ ပထမဆုံးအစည်းအဝေးမှာ ဦးမင်းအောင်လှိုင်က ပြောခဲ့တာပါ။

    သူ့အပြောအရ သူ့အစိုးရအဖွဲ့ရဲ့ ရက် ၁၀၀ ပြည့်မယ့် ဇူလိုင် ၃၁ ရက် မတိုင်မီမှာ တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။

    “လက်မှတ်ရေးထိုး ထားပြီးတော့မှ ဒီ ငါးနှစ်အတွင်းမှာ တွေ့ဆုံခြင်းမပြုတဲ့အဖွဲ့တွေ ရှိတယ်။ ဥပမာအားဖြင့် KNU တို့၊ CNF တို့၊ ABSDF တို့ အဖွဲ့တွေ ကို ကျွန်တော်တို့ဖိတ်ခေါ်ပါတယ်။ ဘာလုပ်ချင်လဲ ဆွေးနွေးဖို့တော့ ကျွန်တော်တို့ EAO တွေကို ဖိတ်ခေါ်ပါတယ်''

    ''နောက်လက်မှတ် ရေးထိုးထားပြီးတော့မှ သဘောတူညီချက်ယူထားတာတွေရှိတယ်။ ဥပမာအားဖြင့် ၄၃ ချက် သဘောတူညီထားတာရှိတယ်။ NCA လက်မှတ် ရေးထိုးပြီးတော့မှ ဆွေးနွေးခဲ့တဲ့အထဲမှာ Union Accord (ပြည်ထောင်စုအဆင့်သဘောတူမှု ) ရထားတဲ့ သဘောတူညီချက်တွေရှိတယ်။ အဲဒါကိုလည်း လာမယ့် ပြည်ထောင်စုလွှတ်တော်တွေမှာ တင်ပြပြီးတော့ အပိုင်းလိုက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

    ဦးမင်းအောင်လှိုင်ပြောတဲ့ ၄၃ ချက် သဘောတူညီချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြင်ဆင်ဖို့ သဘောတူညီချက်တွေကိုဆိုလိုတယ်လို့ နားလည်ရပါတယ်။ NUG၊ NUCC အပါအဝင် EROs တွေနဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းကြောင်း ကြေညာထားကြပါတယ်။

    ဒါအပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကိုလည်း ဒီရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးအတွက်လာဖို့ ဆိုပြီး သူက ထည့်ပြောပါတယ်။

    ဦးမင်းအောင်လှိုင်က သူ့ရဲ့ အစည်းအဝေးမှာ မြန်မာစစ်တပ်ရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) နဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို PDF ရာနဲ့ချီပြီး ခိုလှုံလာတယ်လို့လည်း ဆိုပါတယ်။ အခုလို PDF တွေပေါ်ပေါက်လာရတာဟာ ပညာရေးအားနည်းချက်ကို အသုံးချပြီး နိုင်ငံရေး သွေးထိုးတာကြောင့်လို့ ဦးမင်းအောင်လှိုင်က ပြောပြီး သူ့အစိုးရ ၅ နှစ်အတွင်း ပညာရေးကဏ္ဍအတွက် ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးမယ်လို့ ပြောပါတယ်။

    ဒီလို ပညာရေးအသုံးစရိတ်မြှင့်ရာမှာ လူငယ်လူရွယ်တွေရဲ့ စိတ်ဓာတ်၊ စည်းကမ်းတွေ ကောင်းမွန်လာစေဖို့နဲ့ ခံယူချက်တွေကောင်းမွန်လာစေဖို့ဆိုပြီးပါ သူကထည့်ပြောပါတယ်။

    ဦးမင်းအောင်လှိုင်ရဲ့အစိုးရအဖွဲ့မှာ လူငယ်ရေးရာဝန်ကြီးဌာနအသစ်လည်းရှိလာတာကြောင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာမှာ လူငယ်အများအပြားပါဝင်ခဲ့တဲ့အပေါ် စစ်တပ်က သတိပြု ကိုင်တွယ်လာဖို့ပြင်လာတဲ့ခြေလှမ်းလို့ တော်လှန်ရေးအင်အားစုတွေက လူမှုကွန်ရက်စာမျက်နှာက တဆင့်ရေးသားဖော်ပြနေကြပါတယ်။

    တဖက်မှာလည်း မြန်မာစစ်တပ်ဟာ လာမယ့် ပညာသင်နှစ်ကစပြီး ''တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်း'' ဆိုတဲ့ နာမည်နဲ့ အထက်တန်းအထိ သင်ကြားပေးနိုင်ရေးအတွက် ရန်ကုန်နဲ့ နေပြည်တော်မှာ စတင် အကောင်အထည်ဖော်ဖို့ စီစဉ်နေပါတယ်။

  13. မင်္ဂလာပါ။ ဧပြီ ၂၁ ရက်ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။