အောက်တိုဘာ ၃၀ ရက် နောက်ဆုံးရသတင်းတွေ တင်ဆက်လို့ ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မလေးရှားကနေ မြန်မာကို ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသားတွေထဲက ရခိုင်ဒေသခံတချို့ဟာ အာမခံပေးမယ့်သူမရှိတာကြောင့် ရန်ကုန်မြို့ ယာယီစခန်းကနေ ထွက်ခွင့်မရသေးတဲ့သတင်းအပါအဝင် ကမ္ဘာနဲ့ မြန်မာ ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
အောက်တိုဘာ ၃၀ ရက် နောက်ဆုံးရသတင်းတွေ တင်ဆက်လို့ ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
၆ လအတွင်း ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်နယ်မြေတွေကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အကြိမ်ရေ ၃၂၈ ကြိမ်ရှိကြောင်း မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေးအင်စတီကျု (ISP Myanmar) က ပြောပါတယ်။
၂၀၂၆ နှစ်ကုန်ခါနီးမှာတော့ မြန်မာစစ်တပ်ရဲ့ လက်ကျန် စစ်တွေဒေသကွပ်ကဲမှု စစ်ဌာနချုပ်အနီးအထိ တိုက်ပွဲတွေ ရောက်လာပြီဖြစ်ပါတယ်။ တဖက်မှာလည်း အာရက္ခအိပ်မက် ပြည့်လုနီးပါးရှိပြီလို့ အေအေ ဒုတိယခေါင်းဆောင်က ထုတ်ပြောထားပါတယ်။
ရခိုင်ကို စစ်တပ်ကလေကြောင်းသုံးဗုံးကြဲနေတဲ့ အဓိက အချက် ၃ ချက်ကို ဒီလင်ခ့် မှာ ဖတ်နိုင်ပါပြီ။
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ ဝင်ရောက်လုပ်ကိုင်ခွင့်မရှိတဲ့ ဈေးရောင်းချတာနဲ့ ခရီးသည်ပို့ဆောင်ရေးယာဥ်မောင်းလို ဝန်ဆောင်မှုအလုပ်တွေ လုပ်ကိုင်တာကြောင့် ချွန်ဘူရီနဲ့ ချင်းမိုင်က မြန်မာ ၁၀ ဦးကို ထိုင်းအဖွဲ့စုံစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အောက်တိုဘာ ၂၉ ရက်မှာ ချွန်ဘူရီခရိုင်၊ ဘန့်ဘူးရဲစခန်းကနေ မြန်မာနိုင်ငံသား ၈ ဦးနဲ့ သူတို့မောင်းနှင်တဲ့ကား ၈ စီးကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
အသက် ၂၇ နှစ်ကနေ ၃၅ နှစ်အရွယ်ရှိတဲ့ မြန်မာနိုင်ငံသားအမျိုးသား ၈ ဦးဟာ ခရီးသည် ပို့ဆောင်တာနဲ့ ကုန်စည်သယ်ယူပို့ဆောင်တာလုပ်ကိုင်တယ်လို့ ပြောထားတာပါ။
ဒီနေ့မှာလည်း ချင်းမိုင်၊ ချန်ကလန်ခရိုင်ခွဲရဲ့ ထဖယ်လမ်းပေါ်က ဈေးကို ထိုင်းအဖွဲ့စုံက ဝင်စစ်ခဲ့ပါတယ်။
ဒီစစ်ဆေးမှုအတွင်း ကုန်စိမ်းဆိုင်က မြန်မာ ၃ ဦးကို ဖမ်းဆီးတယ်လို့ ချင်းမိုင်လဝကက ထုတ်ပြန်ပါတယ်။
ဒီထဲက ၂ ဦးကို တားမြစ်တဲ့အလုပ်လုပ်ကိုင်တာကြောင့်ဖမ်းတာဖြစ်ပြီး ကျန် ၁ ဦးကိုတော့ အလုပ်လုပ်ကိုင်ခွင့်မရှိတာကြောင့် ဖမ်းဆီးတာလို့ ဆိုပါတယ်။
အခုဖမ်းဆီးရမိသူတွေကို ထိုင်းလဝကဥပဒေအတိုင်းအရေးယူမယ်လို့ ထုတ်ပြန်ပါတယ်။
ထိုင်းတနိုင်ငံလုံးမှာ ဒီလပိုင်းအတွင်း အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးတာတွေ များလာမှာဖြစ်တဲ့အတွက် ဥပဒေနဲ့ မညီညွတ်တာတွေ မလုပ်ကြဖို့ အလုပ်သမားအရေးလုပ်ကိုင်တဲ့ အဖွဲ့တွေက သတိပေးထားကြပါတယ်။
ကမ္ဘာ့အကြီးဆုံး ခရစ်တိုငွေကြေး လဲလှယ်ရေးပလက်ဖောင်းဖြစ်တဲ့ Binance က အမေရိကန်ဒေါ်လာ ၆.၃ ဘီလျံ တန်ဖိုးရှိ ဒစ်ဂျစ်တယ်ငွေကြေးတွေ တိုက်ခိုက်ခံရတယ်လို့ ပြောလာပါတယ်။
ဒီပမာဏဟာ သမိုင်းမှာ အကြီးမားဆုံး ဟက်ကာတိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
Binance က ဟက်ကာတိုက်ခိုက်ခံရတဲ့ ပိုင်ဆိုင်မှုတွေထဲက ခန့်မှန်းခြေ တစ်ဝက်ဝန်းကျင်ကို ရပ်တန့်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမဲ့ ဟက်ကာတွေလက်ထဲမှာ အများအပြားကျန်နေဆဲပဲလို့ ပြောပါတယ်။
ဆုံးရှုံးမှုအားလုံးကို ကုမ္ပဏီဘက်က တာဝန်ယူ ဖြည့်ဆည်းပေးမယ်လို့ Binance ဘက်က ပြောပါတယ်။
ကနဦး စစ်ဆေးချက်တွေအရ အင်ဂျင်နီယာတစ်ဦးရဲ့ လက်တော့ ထိုးဖောက်ခံရတာဖြစ်ပြီး အဲ့ဒီကတဆင့် တရားမဝင် ငွေထုတ်ယူတာတွေ လုပ်နိုင်သွားတာလို့ ပြောပါတယ်။
Blockchain ဆိုင်ရာ သုတေသနနဲ့ ခြေရာခံဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီနှစ်ခုကတော့ ဒီဖြစ်ရပ်ဟာ TraderTraitor လို့ခေါ်တဲ့ မြောက်ကိုရီးယား ဟက်ကာအဖွဲ့နဲ့ ဆက်စပ်တယ်လို့ ယူဆထားကြပါတယ်။
ဒီတိုက်ခိုက်မှုဟာ ၂၀၂၅ ခုနှစ်တုန်းက Bybit ပလက်ဖောင်းက ဒေါ်လာ ၁.၅ ဘီလျံ ခိုးယူခံခဲ့ရတဲ့ စံချိန်တင် ဟက်ကာတိုက်ခိုက်ခံရမှုကိုတောင် ကျော်လွန်သွားတာပါ။
Binance ကတော့ ဒီဖြစ်စဥ်ဟာ မြောက်ကိုရီးယားနဲ့ ဆက်နွှယ်မှုရှိမရှိ BBC ရဲ့ မေးမြန်းချက်တွေကို တိုက်ရိုက် မဖြေပေမဲ့ “ဒီရာဇဝတ်ကောင်တွေရဲ့ အထောက်အထားကို အတည်ပြုနိုင်ဖို့နဲ့ တရားဥပဒေအတိုင်းဖြစ်ဖို့ ဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ နီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။
ခွင့်ပြန်အလုပ်သမားတွေအနေနဲ့ ပြည်ပပြန်ထွက်ခွင့်ကို နေပြည်တော်ပို့စရာ မလိုတော့ဘဲ ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်က အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနရဲ့ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း ပင်လုံခန်းမမှာ လျှောက်နိုင်ပြီ လို့ အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ကြေညာပါတယ်။
နိုဝင်ဘာ ၁ ရက်ကစပြီး သတ်မှတ်စာရွက်စာတမ်းတွေနဲ့ လျှောက်နိုင်မှာပါ။
အရင်က နေပြည်တော်ကို စာတိုက်၊ အမြန်ချောပို့ ဒါမှမဟုတ် DHL နဲ့ စာလမ်းကြောင်းကတဆင့် ပို့ပြီးလျှောက်နေကြရတာပါ။
“ခွင့်ရတဲ့ရက်က နည်းတဲ့သူတွေအတွက် အချိန်စောင့်ရတာ၊ ပူပန်ရတာတွေရှိလို့ မြန်မြန်ရအောင် မြောက်ဒဂုံမှာ တာဝန်ချ၊ လူခွဲပြီးလုပ်ခိုင်းတာပါ” လို့ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားေရးမှူးချုပ် ဒေါ်သိင်္ဂီရဲထွန်းက ဘီဘီစီကိုပြောပါတယ်။
ခွင့်ပြန်အလုပ်သမားတွေ အလုပ်သမားဝန်ကြီးဌာနကို ပြည်ပထွက်ခွင့်လျှောက်ရာမှာ ပြည်ပအလုပ်အကိုင်သက်သေခံကတ် OWIC လည်း လိုအပ်ချက်တစ်ခုအဖြစ် ပါဝင်ပါတယ်။
ဒါကြောင့် OWIC မရှိသူ၊ သက်တမ်း ၁ နှစ်အောက်ကျန်သူနဲ့ ကတ်ထဲကအလုပ်ရှင်၊ ကုမ္ပဏီအချက်အလက်နဲ့ သွားရောက်မယ့်နိုင်ငံကအချက်အလက်ကွဲလွဲနေတာတွေကို အသစ်ပြန်လည်လျှောက်ထားဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။
OWIC နဲ့ ပြည်ပထွက်ခွာခွင့် လျှောက်ရာမှာ ခွင့်ပြန်အလုပ်သမားတွေရဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းနဲ့ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း(ခွင့်ပြန်ချိန်နဲ့အနီးကပ်ဆုံး ၃လစာ) ကို တင်ပြဖို့ လိုအပ်နေသေးပါတယ်။
ပြည်ပထွက်ခွင့်အတွက် နေပြည်တော်တင်ပြရတာဟာ ခွင့်ပြန်မဟုတ်ဘဲ လိမ်လည်ထွက်ခွာသူတွေရှိတာကြောင့် စိစစ်ဖို့ အတွက်သတ်မှတ်တာလို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားေရးမှူးချုပ် ဒေါ်သိင်္ဂီရဲထွန်းကပြောပါတယ်။
“အခုက လိမ်ပြီးထွက်တဲ့သူနဲ့ အမှန်တကယ်ထွက်သူကိုချိန်ကြည့်ရင် ခွင့်ပြန်ကများတဲ့အတွက် အလုပ်ရှင်ထောက်ခံစာနဲ့ သံရုံးထောက်ခံစာကို ဖြေလျှော့ပေးတာလည်းရှိပါတယ်” လို့ ပြောပါတယ်။
လက်တလောမှာတော့ ခွင့်ပြန်သမားတွေဟာ မိသားစုလွှဲပို့ငွေနဲ့ ဝင်ငွေခွန်အထောက်အထားတွေ ကြောင့် စက်တင်ဘာ ၁၈ ရက်ကနေ အောက်တိုဘာ ၉ ရက်အထိ သုံးပတ်အတွင်း အလုပ်သမား ၃၀၀ ကျော် ပြည်ပထွက်ခွင့် အခက်အခဲဖြစ်ခဲ့တာကို အလုပ်သမားဝန်ကြီးဌာနရဲ့ Safe Migration အချက်အလက်အရသိရပါတယ်။
မွေးရပ်ဇာတိ မြန်မာက စစ်ပွဲတွေ၊ မလုံခြုံမှုတွေနဲ့ အလုပ်အကိုင်ရှားပါးမှု ပြဿနာတွေက မဆွေဆွေမြင့် ကို မိုင်ပေါင်း ၃,၀၀၀ ကျော်ဝေးတဲ့ အရှေ့အလယ်ပိုင်းဒေသ၊ အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့ကို ပို့ဆောင်လိုက်ပါတယ်။
မြန်မာအလုပ်သမားတွေ အသွားများတဲ့ အရှေ့အလယ်ပိုင်းဒေသထဲကဒူဘိုင်းမှာ အိမ်အကူအလုပ်ရမယ်ဆိုတဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်(အရပ်အခေါ် ပွဲစား)တွေရဲ့ မက်လုံးပေးခေါ်ဆောင်မှုကို သူယုံကြည်ခဲ့ပါတယ်။
ဒါပေမဲ့ ပွဲစားက သူ့ကို ဒူဘိုင်းကို အခေါ် ပြခဲ့ပြီး အီရတ်ကို ပို့လိုက်ပါတယ်။
အသက် ၂၄ နှစ်အရွယ် မဆွေဆွေမြင့် လိုပဲ အိုမန်၊ အီရတ်နဲ့ ဆော်ဒီလို အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ မြန်မာအမျိုးသမီးအများစုလုပ်ရတဲ့အလုပ်က အိမ်အကူ တွေကြုံနေရတဲ့ တကယ့်ဖြစ်ရပ်တွေ အကြောင်း ခြေရာကောက်ထားပါတယ်။
ဒီ ဆောင်းပါးလင်ခ့် မှာဖတ်နိုင်ပါပြီ။
မလေးရှားကနေ မြန်မာကို အစိုးရချင်းချိတ်ဆက်ပြီး ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသား ၁၅၀၀ ဝန်းကျင်ထဲက ရခိုင်ဒေသခံတချို့ဟာ အာမခံပေးမယ့်သူမရှိတာကြောင့် ရန်ကုန်မြို့ ယာယီစခန်းကနေ ထွက်ခွင့်မရသေးဘူးလို့ ရခိုင်အမျိုးသားကွန်ရက်ကနေ သိရပါတယ်။
“ကျွန်တော်တို့ဆီ အကြောင်းကြားဆက်သွယ်လာတာက သန်လျင်ဓမ္မာရုံမှာ ထိန်းသိမ်းထားတဲ့ ရခိုင်လူမျိုး ၁၀ ယောက်ပါ” လို့ ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌဦးတင်ထူးအောင်က ပြောပါတယ်။
ရခိုင်ပြည်နယ်ဒေသခံတွေကို သန်လျင်သာသနာ့ဗိမာန်နဲ့ လှိုင်သာယာအနောက်ပိုင်းမြို့နယ်ခန်းမတို့မှာ ထားရှိတာဖြစ်ပါတယ်။
အောက်တိုဘာ ၂၈ ရက်တုန်းက ဒီစခန်းမှာနေရတဲ့ ရခိုင်ဒေသခံတွေကို မိသားစု၊ မိတ်ဆွေတွေက အာမခံထုတ်ပေးသူတွေ ထွက်ခွင့်ရပေမဲ့ ကျန်နေသေးသူတွေရှိနေတာပါ။
လှိုင်သာယာမြို့တော်ခန်းမဘက်မှာ ထားရှိသူတွေထဲက အကူအညီတောင်းလာသူတွေကိုတော့ ရခိုင်အမျိုးသားကွန်ရက်က ညှိနှိုင်းပေးပြီးတဲ့နောက် စခန်းကနေထွက်ခွာခွင့်ရခဲ့ပြီးဖြစ်တယ်လို့ ကွန်ရက်ဥက္ကဋ္ဌက ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲက လုံခြုံရေးအခြေအနေကြောင့် ဇာတိပြန်ဖို့ခက်ခဲသူတွေကို အလုပ်အကိုင်ရှာပေးဖို့ ရန်ကုန်ကစခန်းတွေမှာ ဆက်လက်ထားရှိတာဖြစ်တယ်လို့ အာဏာပိုင်တွေ ဘက်က ပြောထားပါတယ်။
ဒါပေမဲ့ တစ်လဝန်းကျင်ကြာလာချိန်မှာတော့ စခန်းကထွက်ခွင့်ပေးဖို့ ဆူပူတဲ့အခြေအနေနဲ့ ထွက်ပြေးသူတချို့ရှိတယ်လို့ အောက်တိုဘာ ၂၈ ရက်က ထွက်ခွာခွင့်ရခဲ့သူတစ်ဦးက ဘီဘီစီကို အဲဒီနေ့က ပြောပါတယ်။
ရခိုင်အမျိုးသားကွန်ရက်ရဲ့အချက်အလက်အရ သန်လျင်မှာ ရခိုင်ဒေသခံ ၂၁၇ ဦးနဲ့ လှိုင်သာယာမှာ ၂၁၂ ဦးခွဲထားတယ်လို့ သိရပါတယ်။
ကြော်ငြာကြည့်ရုံနဲ့ ဝင်ငွေရမယ်ဆိုပြီး ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို လိမ်လည်သွားတဲ့ PGM အက်ပလီကေးရှင်းကြောင့် ငွေကြေးဆုံးရှုံးရတဲ့ ပမာဏ ဘတ် ၁ သန်းကျော်ရင် ထိုင်းဆိုက်ဘာရာဇဝတ်မှုစုံစမ်းဖော်ထုတ်ရေးတပ်ဖွဲ့ CCIB ကို တိုင်ကြားနိုင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရရုံးက ဘီဘီစီကို ပြောပါတယ်။
တစ်ဦးချင်းဆုံးရှုံးမှုပမာဏတွေ စုပေါင်းလိုက်ရင် ဘတ် ၁ သန်းကျော်ရင် ထိုင်းဆိုက်ဘာရဲက တိုက်ရိုက်ကိုင်တွယ် စုံစမ်းဖော်ထုတ်တာဖြစ်ပါတယ်။
တိုင်ကြားချိန်မှာ တစ်ဦးချင်းဆုံးရှုံးမှုပမာဏ၊ ရနိုင်သမျှသက်သေအထောက်အထားတွေဖြစ်တဲ့ ငွေလွှဲထားတဲ့ မှတ်တမ်းတွေ၊ ဆက်သွယ်ပြောဆိုထားတာတွေနဲ့ စခရင်ရှော့သက်သေတွေ ပေးပို့ဖို့ပြောထားပါတယ်။
အွန်လိုင်းကနေ လွယ်ကူလွန်းတဲ့အလုပ် လုပ်ရုံနဲ့ ဝင်ငွေကောင်းကောင်းရနိုင်တယ်ဆိုတဲ့ မက်လုံးနဲ့ ခေါ်ယူတာတွေကို သတိထားကြဖို့ ထိုင်းဆိုက်ဘာရဲက သတိပေးထားပါတယ်။
လိမ်လည်ခံရမှုတွေအတွက် ဟော့လိုင်းနံပါတ် ၁၄၄၁ ကို ၂၄ နာရီ ခေါ်ဆိုနိုင်တယ်လို့ပြောထားပါတယ်။
ထိုင်းနိုင်ငံသားတွေလည်း အွန်လိုင်းကနေ လိမ်လည်မှုပုံစံမျိုးစုံနဲ့ ကြုံတွေ့ရပြီး အသက် ၂၁ နှစ်ကနေ ၃၀ နှစ်ကြားအရွယ်တွေမှာ လိမ်လည်ခံရတာ အများဆုံးဖြစ်တယ်လို့ ထိုင်းရဲက ဆိုပါတယ်။
PGM ကြော်ငြာကုမ္ပဏီဆိုပြီး ထိုင်းရောက်မြန်မာတွေရဲ့ ဖုန်းထဲမှာ တရားမဝင် အက်ပလီကေးရှင်း ကိုထည့်ပြီး ကြော်ငြာနေ့စဥ်ကြည့်ပေးရင် USDT ခရစ်ပတို ဝင်ငွေရနိုင်တယ်ဆိုတဲ့လိမ်လည်မှုကြောင့် ပြီးခဲ့တဲ့လအတွင်း အလုပ်သမားအများအပြားလိမ်လည်ခံလိုက်ရတာပါ။
ဘီဘီစီက မေးမြန်းထားတဲ့ လိမ်လည်ခံရသူ ၂ ဦးနဲ့ သူတို့နဲ့နီးစပ်သူတွေဟာ ဘတ် ၂ သိန်းကျော် ဆုံးရှုံးထားတာ ဖြစ်ပါတယ်။
PGM နဲ့ ပတ်သက်တဲ့ ဘီဘီစီရုပ်သံရှင်းပြချက်သတင်းအောက်မှာလည်း ငွေကြေးဆုံးရှုံးသူနဲ့ နီးစပ်သူ ၁၀ ဦးထက်မနည်းက သူတို့ဆုံးရှုံးမှုအကြောင်း မှတ်ချက်ပေးရေးသားထားကြပါတယ်။
X-men ရုပ်ရှင်တွေအပြင် နာမည်ကျော် Star Trek ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲ၊ ပြဇာတ်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဂန္ထဝင် ဗြိတိန်မင်းသားကြီး ဆာ ပက်ထရစ် စတူးဝပ် (Sir Patrick Stewart) ဟာ အသက် ၈၆ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။
သူဟာ ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ရှိ နေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတဲ့ ကြေညာချက်အရ သိရပါတယ်။
သူဟာ X-Men ဇာတ်ကားတွေမှာ ပါမောက္ခ ချားလ်စ် ဇေဗီယာ (Professor Charles Xavier / Professor X) အဖြစ် သရုပ်ဆောင်ခဲ့သူပါ။
Marvel ပရိသတ်တွေ မျှော်လင့်တကြီး စောင့်စားနေကြတဲ့ ရုပ်ရှင်သစ် Avengers:Doomsday ဒီဇင်ဘာလထဲ ထွက်ဖို့ရှိနေတုန်း သူ ကွယ်လွန်သွားတာဖြစ်ပြီး သူ့ရဲ့ နောက်ဆုံးပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ဖြစ်လာမှာပါ။
သူဟာ အဲဒီဇာတ်ကားမှာ X-Men ထဲက Professor X ဇာတ်ကောင်အဖြစ် ပြန်လည်ပါဝင်ထားပါတယ်။
သူကွယ်လွန်တဲ့အပေါ် သရုပ်ဆောင်လောကက ဝမ်းနည်းကြောင်း ဂုဏ်ပြုစကားတွေ ဆက်တိုက်ပြောကြားနေကြပါတယ်။
ဗြိတိန်သရုပ်ဆောင် ဆာ အီယန် မက်ကယ်လန် က စတူးဝပ်ဟာ လေးစားအားကျစရာကောင်းသူဖြစ်ပြီး သူ့အနေနဲ့ ချစ်ခင်ရသူတစ်ဦးလည်း ဖြစ်တယ်လို့ ပြောပါတယ်။
Star Trek ဇာတ်လမ်းတွဲမှာ အတူသရုပ်ဆောင်ခဲ့တဲ့ ဝီလျံ ရှတ်နာ ကလည်း စတူးဝပ်ဟာ လူသားတွေရဲ့ အကောင်းဆုံးအရည်အသွေးတွေကို ကိုယ်စားပြုသူဖြစ်တယ်လို့ ဂုဏ်ပြုခဲ့ပြီး ဂျော့ချ် တာကေး ကတော့ အစားထိုးမရနိုင်တဲ့ ဂန္ထဝင်သရုပ်ဆောင်တစ်ဦးလို့ ချီးကျူးခဲ့ပါတယ်။
ဆယ်စုနှစ် ခုနစ်ခုကြာမြင့်ခဲ့တဲ့ သူ့ရဲ့သရုပ်ဆောင်အနုပညာသက်တမ်းအတွင်း ရုပ်မြင်သံကြားနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာသာမက လန်ဒန်မြို့က West End ပြဇာတ်ရုံတွေနဲ့ အမေရိကန် Broadway ပြဇာတ်တွေမှာလည်း အဓိကဇာတ်ကောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
သူ့ရဲ့ အနုပညာခရီးအစောပိုင်းကာလတွေကို ဖြတ်သန်းခဲ့တဲ့ Royal Shakespeare Company ကလည်း စတူးဝပ်ကို ကြီးမားတဲ့ အနုပညာဂုဏ်သိက္ခာရှိသူတစ်ဦးအဖြစ် ဂုဏ်ပြုဖော်ပြခဲ့ပါတယ်။
လော့စ်အိန်ဂျလိစ်မြို့က ပရိသတ်တွေဟာလည်း ဟောလိဝုဒ် ဂုဏ်ပြုလမ်းမ (Hollywood Walk of Fame) ပေါ်မှာရှိတဲ့ သူ့ရဲ့ကြယ်ပွင့်အနီးမှာ စုဝေးပြီး ဂုဏ်ပြုနေကြပါတယ်။
သူ့ရဲ့ သရုပ်ဆောင်မှုတွေဟာ မျိုးဆက်အသီးသီးကို ဆွဲဆောင်နိုင်ခဲ့ပြီး လူငယ်ပရိသတ်အများအပြားကလည်း အွန်လိုင်းရုပ်ရှင်ဝန်ဆောင်မှုတွေကတစ်ဆင့် သူ့ရဲ့လက်ရာတွေကို သိရှိခဲ့ကြတယ်လို့ ဘီဘီစီ ယဉ်ကျေးမှုသတင်းထောက် နူးရ် နန်ဂျီက ရေးသားပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ အရေးကြီး နှစ်စဉ် နိုင်ငံရေးအစည်းအဝေး အပြီးမှာ ပါတီဝင် ၃၃ ယောက်ကို ပါတီက ထုတ်ပယ်လိုက်လို့ စံချိန်တင် အများဆုံးဖြစ်လာပါတယ်။၂၀၂၇ မှာ ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ လုပ်ဖို့ ရှိပြီး ရှီကျင့်ဖျင်အနေနဲ့ ထိပ်တန်းခေါင်းဆောင်ရာထူးကို စတုတ္ထသက်တမ်း ဆက်ယူနိုင်ဖွယ် ရှိတယ်လို့ လေ့လာသူ အများစုက ခန့်မှန်းပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ခဲ့တဲ့ မော်စီတုန်းနောက်ပိုင်း အဲဒီလောက် ကြာရှည်စွာ အာဏာဆက်လက် ကိုင်စွဲခဲ့တဲ့ ခေါင်းဆောင် မရှိသေးပါဘူး။ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ကရင်ပြည်နယ်ဘက်က တိုက်ပွဲကြောင့် သက်ရောက်မှုရှိလာတဲ့ ထိုင်းနယ်စပ်လုံခြုံရေးအတွက် မှောင်ခိုလမ်းကနေ ကုန်တင်သွင်း၊ တင်ပို့တာအားလုံးကို ဒီနေ့ကစပြီး နိုဝင်ဘာ ၅ ရက်အထိ ထိုင်းအာဏာပိုင်တွေဘက်က ပိတ်လိုက်ပါတယ်။
နယ်စပ်လုံခြုံရေး ထိန်းချုပ်နိုင်ဖို့နဲ့ မြန်မာဘက်က ပဋိပက္ခမှာပါဝင်နေတဲ့အဖွဲ့အစည်းတွေကို ထောက်ပို့နိုင်တဲ့ အကူအညီတွေကို ထိန်းချုပ်ဖို့ နာရစွမ်နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ဒေသတွင်းလုံခြုံရေးယူနစ်တွေက မဲဆောက်အကောက်အခွန်ဌာနကို တောင်းဆိုလိုက်တာပါ။
တာ့ခ်ခရိုင်၊ ဖုတ်ဖရနယ်စပ်တကြောက မှောင်ခိုလမ်းတွေကို ပိတ်ခိုင်းတာ ဖြစ်ပါတယ်။
မနေ့က မနက်ပိုင်းတုန်းက မင်းလက်ပံတိုက်ပွဲကြောင့် မဲဆောက်၊ မဲ့ကိုကင်းရွာထဲကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အသက် ၅၀ ကျော်ထိုင်းအမျိုးသမီးတစ်ဦး ဆေးရုံတင်လိုက်ရတာပါ။
နယ်စပ်နဲ့မီတာ ၅၀၀ အတွင်းမှာရှိတဲ့ ထိုင်းရွာတွေကနေအိမ်တွေ ပျက်စီးတာအပြင် လူထိခိုက်မှုရှိလာတာကြောင့် ထိုင်းအထူးတပ်ဖွဲ့က မီးခိုးကျည် ၂ ချက်ဖောက်ပြီး ပြန်လည်သတိပေးခဲ့ပါတယ်။
မြန်မာဘက်ခြမ်းမှာ အောက်တိုဘာ ၂၅ ရက်ကစပြီး တိုက်ပွဲတွေပြန်လည်ပြင်းထန်လာတာ ဒီမနက်မှာလည်း ပစ်ခတ်သံတချို့ကြားရတယ်လို့ မဲဆောက်ဘက်ခြမ်းမှာနေတဲ့ မြန်မာတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
မြန်မာစစ်တပ်နဲ့ သူ့ အစိုးရဟာ ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ ရက် ၁၀၀ ငြိမ်းချမ်းရေးအစီအစဉ်ဆိုပြီး စတင်ခဲ့ပေမဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပိုပြီးဆိုးရွားလာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ ကယ်လီ အန်း အက်ကယ်စ်-ကာရီ (Kelley Anne Eckels-Currie) က ပြောပါတယ်။
ရက် ၁၀၀ အတွင်း အရပ်သား ၇၅၃ ဦး သေဆုံးခဲ့ပြီး အဲဒီသေဆုံးမှုတွေရဲ့ ၈၉ ရာခိုင်နှုန်းအတွက် မြန်မာစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ အရံတပ်ဖွဲ့တွေမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။
ကြာသပတေးနေ့က လုပ်တဲ့ သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာသတင်းစာရှင်းလင်းပွဲမှာ အဲဒီလိုပြောခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ “ကပ်ဘေးဆိုက်တဲ့အခြေအနေ” ဖြစ်နေကြောင်း လည်းသူက သတိပေးပြောပါတယ်။
'' စစ်ပွဲဟာ အဆုံးသတ်မမြင်ရဘဲ ပိုမိုပြင်းထန်လာနေတယ်'' လို့ သူက ဆိုပါတယ်။
စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေအပါအဝင် စစ်လက်နက်တွေကို အသုံးပြုပြီး စာသင်ကျောင်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ ဈေးတွေနဲ့ စစ်ဘေးရှောင်စခန်းတွေ အပါအဝင် အရပ်သားတွေနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံတွေကို ဆက်လက်တိုက်ခိုက်ဖျက်ဆီးနေတယ်လို့သူ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
“ဒါတွေဟာ မတော်တဆဖြစ်ရပ်တွေ မဟုတ်ပါဘူး။ အရပ်သားပြည်သူတွေကို အကြောက်တရားဖြစ်စေဖို့နဲ့ လက်နက်ချအညံ့ခံလာအောင် ဖိအားပေးဖို့ ရည်ရွယ်ချက်ရှိရှိ ထိခိုက်နစ်နာစေတာ ဖြစ်ပါတယ်” လို့ မစ္စ အက်ကယ်စ်-ကာရီက သတင်းထောက်တွေကို ပြောပါတယ်။
စစ်တပ်ရဲ့ မဟာဗျူဟာဟာ “ဖြတ်လေးဖြတ်” မူဝါဒအပေါ် အခြေခံထားတယ်လို့ အထူးအစီရင်ခံစာတင်သွင်းသူက ထောက်ပြပါတယ်။
အဲဒီမူဝါဒမှာ စစ်ကော်မရှင်ကို ခုခံနေတဲ့ ဒေသတွေကို အစားအစာ၊ အရင်းအမြစ်၊ လူသားချင်းစာနာမှုအကူအညီနဲ့ ထောက်ပံ့ကူညီရေးကွန်ရက်တွေ ဖြတ်တောက်ပိတ်ပင်ဖို့ ပါဝင်ပါတယ်။
စစ်တပ်ဟာ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်တာ၊ သွားလာခွင့်ကန့်သတ်တာနဲ့ စစ်ဆေးရေးဂိတ်တွေ ချထားတာတွေကတစ်ဆင့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီရေးလုပ်ငန်းတွေကို ရည်ရွယ်ချက်ရှိရှိ အဟန့်အတားပြုနေတယ်လို့ သူက တွေ့ရှိထားပါတယ်။
အဲဒီလို ပိတ်ပင်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူတွေဆီ အစားအစာ၊ ဆေးဝါး၊ လောင်စာဆီနဲ့ အခြားမရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ ပို့ဆောင်ပေးဖို့ အခက်အခဲဖြစ်နေရတယ်လို့လည်း အစီရင်ခံစာကဖော်ပြပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေသူတွေဟာလည်း နှောင့်ယှက်ခံရတာ၊ မတရားဖမ်းဆီးခံရတာ၊ နှိပ်စက်ညှဉ်းပန်းခံရတာနဲ့ သတ်ဖြတ်ခံရတာတွေ ကြုံတွေ့နေရပါတယ်။
၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း အရှေ့တောင်ပိုင်းမြို့ဖြစ်တဲ့ ထားဝယ်မြို့မှာ လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်သား သုံးဦးကို နှိပ်စက်ညှဉ်းပန်းပြီး သတ်ဖြတ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကြီးထွားလာနေတဲ့ တရားမဝင်စီးပွားရေးဟာ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲအကျိုးဆက်တစ်ခုသာ မဟုတ်တော့ဘဲ စစ်ပွဲကို ပိုမိုမောင်းနှင်နေတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်လာနေကြောင်း အထူးအစီရင်ခံစာတင်သွင်းသူက သတိပေးပါတယ်။
စစ်ပွဲနဲ့ စီးပွားရေးစီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် တရားဝင်စီးပွားရေးလုပ်ငန်းတွေ ကျဆင်းလာချိန်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ တရားမဝင်သတ္တုတူးဖော်ရေးလုပ်ငန်းတွေ၊ လူကုန်ကူးမှုနဲ့ အဓမ္မခိုင်းစေမှုတွေ အပါအဝင် ရာဇဝတ်မှုဆိုင်ရာ လုပ်ငန်းတွေက အစားထိုးဝင်ရောက်လာနေပါတယ်လို့ သူကဆိုပါတယ်။
အဲဒီတရားမဝင်ဈေးကွက်က ရရှိတဲ့ အမြတ်အစွန်းတွေဟာ တရုတ်နဲ့ ရုရှားအပါအဝင် နိုင်ငံတွေကနေ စစ်လက်နက်တွေ ဝယ်ယူနိုင်ဖို့ စစ်တပ်ကို ငွေကြေးထောက်ပံ့ပေးနေသလို စစ်တပ်အတွင်း သစ္စာခံမှုကို ထိန်းသိမ်းထားနိုင်ဖို့လည်း အထောက်အကူပြုနေတယ်လို့ မစ္စ အက်ကယ်စ်-ကာရီက ရှင်းပြပါတယ်။
နိုင်ငံအတွင်း ရာဇဝတ်မှုဆိုင်ရာ လုပ်ငန်းအများစုရဲ့ အဓိကအထောက်အပံ့ဖြစ်နေတဲ့ “ကျောရိုး” ဟာ တရုတ်နိုင်ငံက နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းကွန်ရက်တွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အဲဒီကွန်ရက်တွေဟာ Tether လိုမျိုး ခရစ်ပ်တိုငွေကြေးပလက်ဖောင်းတွေနဲ့ TikTok၊ Meta၊ X လိုမျိုး လူမှုကွန်ရက်တွေကို အသုံးပြုပြီး သူတို့ရဲ့ လုပ်ငန်းတွေကို လည်ပတ်နေကြတယ်လို့ ဆိုပါတယ်။
အိမ်နီးချင်းနိုင်ငံတွေမှာ ရှိနေတဲ့ အကျင့်ပျက်ခြစားမှုတွေကလည်း နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုနဲ့ တရားမဝင်လုပ်ငန်းတွေကို အထောက်အကူပြုနေတယ်လို့ သူက ထပ်လောင်းပြောပါတယ်။
ဒီလို ရာဇဝတ်ဂိုဏ်းကွန်ရက်တွေကို ဖြိုခွဲဖို့ ကြိုးပမ်းရာမှာ အရပ်သားတွေကို ထိခိုက်နစ်နာမှုမရှိစေဖို့ ခက်ခဲကြောင်းကိုလည်း အထူးအစီရင်ခံစာတင်သွင်းသူက ထောက်ပြပါတယ်။
ငွေလိမ်ဂိုဏ်းတွေ အသုံးပြုနေတဲ့ Starlink အင်တာနက်ဝန်ဆောင်မှုကို ဖြတ်တောက်ဖို့ ကြိုးပမ်းမှုတွေကြောင့် လူသားချင်းစာနာမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေပါ အရေးကြီးတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ အသုံးပြုခွင့် ဆုံးရှုံးခဲ့ရတယ်လို့ လည်း သူက ဥပမာပေးပြောထားပါတယ်။
နေပြည်တော်ကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ ကယ်လီ အန်း အက်ကယ်စ်-ကာရီ ရဲ့ ပြောဆိုချက်နဲ့ သူ့ရဲ့ အစီရင်ခံစာအပေါ် တိုက်ရိုက်တုံ့ပြန်ထုတ်ပြန်တာမတွေ့ရသေးပါဘူး။
ဒါပေမဲ့ မကြာသေးခင်က ထုတ်ပြန်ထားတဲ့ နေပြည်တော်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆိုးရွာနေကြောင်းပြောထားတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး နေပြည်တော် ဘက်ကတော့ ကန့်ကွက်ကြောင်း ပြောထားပါတယ်။
ကုလရဲ့ အဲဒီအစီရင်ခံစာဟာ ဘက်လိုက်ပြီး အချက်အလက်တွေ မှန်ကန်မှုမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ကန့်ကွက်ပယ်ချထားပါတယ်။
အစီရင်ခံစာကို သက်ဆိုင်ရာနိုင်ငံရဲ့သဘောတူညီချက်မပါဘဲ အတည်ပြုတာဟာ အချုပ်အခြာအာဏာတန်းတူညီမျှမှုနဲ့ ဘက်လိုက်မှု ကင်းရှင်းရေးမူတွေကို ထိခိုက်စေတယ်လို့ ဝေဖန်ထားပါတယ်။
ဒါကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အစီရင်ခံစာတစ်ခုလုံးနဲ့ အဲဒီထဲက အချက်အလက်တွေအပေါ် သဘောမတူကြောင်း၊ အစီရင်ခံစာကို ကန့်ကွက်ပယ်ချကြောင်း ကြေညာတယ်လို့ တုံ့ပြန်ထားတာလည်းရှိပါတယ်။
ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ နိုင်ငံတိုင်းက အမျိုးသားအကျိုးစီးပွားကိုကာကွယ်နေကြလို့ မြန်မာမှာလည်း မျိုးဆက်သစ်လူငယ်တွေက အမျိုးသားရေးစိတ်ဓာတ် ရှင်သန်ခိုင်မာနေဖို့လိုအပ်တယ်ဆိုပြီး နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
မနေ့က အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆုချီးမြှင့်ပွဲမှာရော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး မှာပါ သူက ဆက်တိုက်ပြောလာတာပါ။
လူငယ်တွေရဲ့ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်တွေကို မြှင့်တင်ဖို့အတွက် ကျောင်းသား၊ ကျောင်းသူတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ ယဉ်ကျေးမှုပြတိုက်တွေကိုပို့ဆောင်ပြသကြဖို့ဆိုတာလည်း ပြောပါတယ်။
သူ့အပြောအရ ယဉ်ကျေးမှုပြတိုက်၊ အမျိုးသားပြတိုက်၊ စစ်သမိုင်းပြတိုက်တွေကို လူငယ်တွေ လာရောက်လည်ပတ်လေ့လာရင် နိုင်ငံနဲ့လူမျိုး ချစ်မြတ်နိုးစိတ်တွေ ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။
တဖက်မှာလည်း အခုလပိုင်းအတွင်းမှာ စစ်သမိုင်းပြတိုက်ကို ကျောင်းသူကျောင်းသားတွေ အပတ်တိုင်းလေ့လာလည်ပတ်နေတာကို နိုင်ငံပိုင်သတင်းစာတွေက ဆက်တိုက်လို ထည့်သွင်း ဖော်ပြနေပါတယ်။
ဦးမင်းအာင်လှိုင်ကတော့ အင်တာနက်ကို အသုံးပြုလာနိုင်ခြင်းနဲ့အတူ နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးမှုတွေက နယ်စည်းမခြားတိုးပွားလာနေတယ်လို့ ထည့်ပြောပါတယ်။
ဒီအခြေအနေမှာ မျိုးဆက်သစ်လူငယ်တွေရဲ့ ရိုးရာယဉ်ကျေးမှုအပေါ်မြတ်နိုးမှုနဲ့ အမျိုးသားရေးစိတ်ဓာတ်တွေ ခိုင်မာရှင်သန်နေအောင် အနုပညာရှင်တွေနဲ့ တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့ဆိုပြီး တိုက်တွန်းနေပါတယ်။
မင်္ဂလာပါ။
အောက်တိုဘာ ၃၀ ရက် နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။