ဇူလိုင်လ ၁၄ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။
လေဆိပ်အကောက်ခွန်ကောင်တာမှာ Passenger Declaration Form (PD Form) နဲ့ ကြေညာချိန်မှာ IMEI နံပါတ်ပေးရမယ့်သတင်းအပါအဝင် ဇူလိုင် ၁၄ ရက် ကမ္ဘာနဲ့ နိုင်ငံတဝန်းထူးခြားသတင်းများကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
ဇူလိုင်လ ၁၄ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ လာမယ့် သြဂုတ်လဆန်းပိုင်းမှာ ထိုင်းကို သွားရောက်ဖို့ရှိတယ်လို့ နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ်။
နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေရဲ့ ပြီးခဲ့တဲ့ရက် ဘန်ကောက်ခရီးမှာ ဦးမင်းအောင်လှိုင်ကို ထိုင်းဘက်က ဖိတ်ကြားခဲ့တာလို့နေပြည်တော်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
‘‘သြဂုတ်လ ၆ ရက်နဲ့ ၇ ရက်ကို လာဖို့ ဖိတ်ကြားလိုက်တာ’’ လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ‘‘ဦးမင်းအောင်လှိုင်နဲ့ ခရီးစဉ်ကို အတည်မပြုနိုင်သေးပါဘူး’’ လို့ မီဒီယာတွေကို မနေ့ ဇူလိုင် ၁၃ ရက် ညနေပိုင်းမှာ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ ရက်အတွင်း နေပြည်တော် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်အထူးသံ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ သီးခြားစီ တွေ့ဆုံထားပါတယ်။
အဲဒီတွေ့ဆုံမှုဟာ မြန်မာမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ပထမဆုံးအကြိမ် လူချင်းအလွတ်သဘောတွေ့ဆုံမှုဖြစ်လာပါတယ်။
တဖက်မှာလည်း ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဉ်ရှိလာမယ်ဆိုရင် ဒီခရီးဟာ သမ္မတ ရာထူးယူပြီးနောက်ပိုင်း မြန်မာ့အိမ်နီးချင်း အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံကို သွားရောက်တဲ့ ဒုတိယမြောက်ခရီးစဉ်ဖြစ်လာပါတယ်။
ဦးမင်းအောင်လှိုင်ဟာ အခုဇူလိုင်လဆန်းမှာပဲ လာအိုနိုင်ငံကို ၃ ရက်ကြာခရီးသွားခဲ့တာရှိပါတယ်။
ထိုင်းဘက်ကတော့ ထိတွေ့စကားပြောဆိုမှုတွေ လိုအပ်တယ်လို့ပြောပြီး နေပြည်တော်က လက်ရှိသွားနေတဲ့ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးအရွေ့ကို အပြုသဘောဆောင် အမြင်ရှိတယ်လို့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SSPP
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးတာတွေလုပ်ခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) က နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့အဖြေရှာမယ်လို့ဆိုပြီး ပြောလာပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်တုန်းက SSPP ဌာနချုပ် ဝမ်ဟိုင်းမှာ လုပ်ခဲ့တဲ့ခေါင်းဆောင်တွေရဲ့မျက်နှာစုံညီအစည်းအဝေးပွဲအပြီး ထုတ်ပြန်ချက်မှာ အခုလိုပြောလာတာဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်ကိုတော့ SSPP က ဇူလိုင် ၁၃ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
တဖက်မှာလည်း ဒါဟာ ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ SSPP အတွက် ရပ်တည်ချက် အပြောင်းအလဲလားဆိုတဲ့မေးခွန်းတွေ ရှိလာပါတယ်။
၂၀၂၄ ခုနှစ်တုန်းက ရှမ်းမြောက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအမြင့်ဆုံးရောက်ပြီး မြို့ရွာတွေကို သိမ်းထားချိန်တုန်းကတော့ SSPP ဟာ စစ်တပ်ကို သူတို့လည်း တိုက်ခိုက်တော့မယ့်အသွင် SSPP ခေါင်းဆောင်ပိုင်းက ထုတ်ပြောခဲ့ တာရှိပါတယ်။
ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးဖြစ်အပြီး ၂ နှစ်အကြာ ရှမ်းမြောက်မှာ ညီနောင်မဟာမိတ်အဖွဲ့တွေက စစ်ဆင်ရေးအတွင်း သိမ်းခဲ့တဲ့မြို့အများစုကို စစ်တပ်လက်ထဲ ပြန်ထည့်ပေးလိုက်ရတဲ့အချိန်၊ နေပြည်တော်မှာလည်း ဦးမင်းအောင်လှိုင်ရဲ့အစိုးရသစ် တက်လာချိန်မှာ နိုင်ငံရေးဆွေးနွေးတဲ့လမ်းကြောင်းသွားမယ့်အကြောင်း SSPP ဘက်က ထုတ်ပြောလာတာဖြစ်ပါတယ်။
SSPP ကတော့ သူတို့ ထိန်းချုပ်နယ်မြေထဲမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)နဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးတွေကို လုပ်သွားမယ်လို့လည်း ကြေညာချက်မှာပြောပါတယ်။
SSPP ဟာ ၂၀၁၂ ခုနှစ်မှာ မြန်မာစစ်တပ်နဲ့ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုထားပေမဲ့ NCA အပစ်ရပ်စာချုပ်မှာတော့ လက်မှတ်မထိုးထားပါဘူး။
ဒါပေမဲ့ မြန်မာစစ်တပ်နဲ့သာမကဘဲ နောက်ထပ် ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နဲ့လည်း တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာမှာတော့ SSPP နဲ့ RCSS တို့ အပစ်အခတ်ရပ်စဲကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
SSPP ဟာ ရှမ်းမြောက်မှာ ဝ တပ်(UWSA) ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုကော်မတီ (FPNCC) အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။
နောက်ပြီး သံလွင်မြစ်အနောက်ခြမ်းမှာ အခြေစိုက်တဲ့ SSPP ဟာ သံလွင်အရှေ့ခြမ်းက ၀ တပ်ရဲ့သြဇာခံ အဖြစ်ရှုမြင်ခံထားရပြီး စစ်ကောင်စီလက်ထက်မှာ နေပြည်တော်ဆီ ငြိမ်းချမ်းရေး စကားသွားပြောတဲ့အခါ ဝ တပ်နဲ့အတူ သွားခဲ့တာလည်း ရှိခဲ့ပါတယ်။
SSPP ဟာ နေပြည်တော်ငြိမ်းချမ်းရေးအဖွဲ့(SPNC)နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဇွန်လတုန်းက သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံပိုင် သုဝဏ္ဏအားကစားကွင်းမှာ စစ်တပ်ပိုင် ဆက်သွယ်ရေးကုမ္ပဏီ Mytel က ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေကို လူအများစုဝေးကြည့်ရှုနိုင်တဲ့ Fan Festival ကျင်းပပြီး လက်မှတ်ရောင်းချနေတယ်လို့ ကုမ္ပဏီနဲ့ နီးစပ်သူတွေနဲ့ ကွင်းစီမံခန့်ခွဲမှုကို သိရှိထားသူတွေက အတည်ပြုပါတယ်။
မြန်မာစစ်တပ်နဲ့ ဗီယက်နမ် စစ်တပ်တို့က ရှယ်ယာအများဆုံးပိုင်ဆိုင်ထားတဲ့ ဆက်သွယ်ရေးလုပ်ငန်း Mytel ဟာ သူတို့ရဲ့လုပ်ငန်းဖြစ်တဲ့ 360 App ကနေ ကမ္ဘာ့ဖလားပွဲစဉ်တွေကို တိုက်ရိုက်ထုတ်လွှင့် ပြသခွင့်ရရှိထားပါတယ်။
ဒါကြောင့်ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေကို သုဝဏ္ဏကွင်းမှာ Fan Festival အဖြစ် ပြသဖို့ စီစဉ်လာတာဖြစ်တယ်လို့ သုဝဏ္ဏအားကစားကွင်း စီမံခန့်ခွဲမှုကို သိရှိထားသူတစ်ဦးက ပြောပါတယ်။
သုဝဏ္ဏအားကစားကွင်းဟာ အားကစားဝန်ကြီးဌာနပိုင် နိုင်ငံပိုင်ကွင်းဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) က နိုင်ငံလက်ရွေးစင်အသင်းနဲ့ ပြည်တွင်းဘောလုံးပြိုင်ပွဲတွေအတွက် ပြန်လည်ငှားရမ်းအသုံးပြုနေတာ ဖြစ်ပါတယ်။
"World Cup 26 Fan Festival Myanmar" လို့ အမည်ပေးထားတဲ့ အစီအစဉ်ကို ဇူလိုင် ၁၄ ရက်ကနေ ၁၉ ရက်အထိ ကျင်းပမယ်လို့ တရားဝင်ကြေညာထားပြီး ဘောလုံးသတင်းတရားဝင်ဖော်ပြတဲ့ အဲဒီစာမျက်နှာမှာတော့ ပွဲကျင်းပမယ့်နေရာအတွက် MFF က ကူညီပေးထားတယ်လို့ ဖော်ပြထားပါတယ်။
"သိထားသလောက်တော့ MFF အနေနဲ့ ငှားရမ်းခ မရပါဘူး။ ဘောလုံးပွဲဖြစ်လို့ လက်ခံပေးလိုက်တာလို့ သိထားတယ်" လို့ သုဝဏ္ဏအားကစားကွင်း စီမံခန့်ခွဲမှုကို သိရှိထားသူတစ်ဦးက ပြောပါတယ်။
သုဝဏ္ဏကွင်းထဲ Fan Festival ကျင်းပခွင့်ရတာနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ ဘီဘီစီက Myel ရဲ့ 360 App ဘက်ကိို ဆက်သွယ်နေဆဲဖြစ်ပါတယ်။
Fan Festival အတွင်း ဇူလိုင် ၁၄ ရက်မှာ စပိန်နဲ့ ပြင်သစ်၊ ဇူလိုင် ၁၅ ရက်မှာ အင်္ဂလန်နဲ့ အာဂျင်တီးနားတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ပြသသွားမှာဖြစ်ပြီး၊ ဇူလိုင် ၁၈ ရက်မှာ တတိယနေရာလုပွဲ၊ ဇူလိုင် ၁၉ ရက်မှာ ဗိုလ်လုပွဲကို ပြသမှာ ဖြစ်ပါတယ်။
ပွဲအတွင်း အဆိုတော် ဖြိုးကြီး၊ နီနီခင်ဇော်၊ စန္ဒီမြင့်လွင်တို့အပြင် DJ နဲ့ အကအဖွဲ့တွေကလည်း ဖျော်ဖြေမှာဖြစ်ပြီး၊ VIP နဲ့ Gold Zone အလိုက် လက်မှတ်တွေ ရောင်းချနေသလို အဖျော်ယမကာ အခမဲ့ပေးမယ်လို့လည်း ကြော်ငြာထားပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ မြန်မာနိုင်ငံအတွင်း ရုပ်သံထုတ်လွှင့်ခွင့်ကို စစ်တပ်က Mytel က ရရှိထားတာကြောင့် အရင်ကတည်းက ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီး၊ Mytel ရဲ့ 360 App Facebook စာမျက်နှာကိုလည်း Meta က ဖယ်ရှားထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဘီယာဘားဆိုင် မီးလောင်မှုမှာ သေဆုံးသူ ထပ်တိုးလာပြီး ဒီနေ့ မွန်းလွဲပိုင်းအထိဆိုရင် သေဆုံးသူ အယောက် ၃၀ အထိ ရှိလာတယ်လို့ သိရပါတယ်။
ဘန်ကောက်မြို့၊ လက်ဖရောင်အရပ်က ဘီယာဘား မီးလောင်မှုဟာ တနင်္ဂနွေနေ့ညပိုင်းတုန်းက ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီညမှာပဲ သေဆုံးသူ ၂၇ ဦးအထိ ရှိခဲ့ပါတယ်။
မနေ့ညနေပိုင်းက သေဆုံးသူ ၁ ဦး ထပ်တိုးပြီး ဒီနေ့မနက်ပိုင်းမှာတော့ ဒဏ်ရာရသူတွေထဲက နောက်ထပ် ၂ ဦး သေဆုံးခဲ့တာကြောင့် မီးလောင်မှုမှာ သေဆုံးသူ စုစုပေါင်း ၃၀ ဦး ရှိလာတာဖြစ်ပါတယ်။
အဲဒီထဲက ၂၇ ဦးကို ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ အမည်ဖော်ထုတ်နိုင်ပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ မီးကြောင့် လူ ၇၀ ကျော် ဒဏ်ရာရခဲ့ပြီး အဲဒီထဲက ၂၀ ကျော်ဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ဆက်ရှိနေပါတယ်။
တစ်ချိန်တည်းမှာပဲ ပေါ့ဆမှုကြောင့် မီးလောင်မှုမှာ လူသေဆုံးမှုမြင့်တက်လာလားဆိုတာကို ထိုင်းအာဏာပိုင်တွေက စုံစမ်းနေပါပြီ။
ဘားမီးလောင်မှုကနေ အသက်ရှင်လျက် ထွက်လာနိုင်သူတွေကတော့ ဘားရဲ့တံခါးတွေ သော့ချထားတာနဲ့ အရေးပေါ် ထွက်ပေါက်တွေရဲ့အချက်ပြသင်္ကေတွေ ရှင်းရှင်းလင်းလင်း မရှိဘူးလို့ အစောပိုင်းကတည်းက ပြောထားပါတယ်။
လေအေးပေးစက် ပျက်ရာကနေ မီးလောင်မှု စတင်ခဲ့တာဖြစ်ပြီး ဖျော်ဖြေရေးစင်မြင့်အနီးမှာ သုံးထားတဲ့ မီးလောင်လွယ် ပစ္စည်းတွေက မီးပျံ့နှံ့အောင် အားပေးစေခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကနဦးတွေ့ရှိချက်ကို ပြောထားပါတယ်။
မီးလောင်ရာကနေ အသက်ရှင်လျက် ထွက်လာနိုင်သူတွေကတော့ စတိတ်စင်မြင့်ဟာ စက္ကန့်ပိုင်းအတွင်း မီးတွေနဲ့ဖုံးလွှမ်းသွားတယ်လို့ ပြန်ပြောပြပါတယ်။
မီးလောင်ချိန်မှာ ထိုင်း တီးဝိုင်းအဖွဲ့ သော့ဆာခန်လည်း ဖျော်ဖြေနေချိန်ဖြစ်ပြီး အဖွဲ့ဟာ မီးလောင်မှုအတွင်း အဖွဲ့ဝင် ၂ ဦးကို ဆုံးရှုံးခဲ့ရပါတယ်။
ထိုင်း အင်ဂျင်နီးယားရင်း အင်စတီကျူက မီးဘေးအန္တရာယ်ကင်းစင်ရေးဆိုင်ရာ ကျွမ်းကျင်သူ ဘူဆာကွန်း ဆန်ဆုကတော့ အိမ်သာအနီးက တံခါးဟာ သော့ပိတ်ထားပြီး အဝင်၀ တံခါး ၂ ခုကလည်း ပစ္စည်းတွေနဲ့ လမ်းမရှင်းဘူးဖြစ်နေတယ်လို့ ပြောပါတယ်။
သူက မီးလောင်ပြီးတဲ့နောက်ပိုင်း အဲဒီဘားကို သွားရောက် စစ်ဆေးခဲ့သူ ဖြစ်ပါတယ်။
ဘားထဲမှာရှိနေခဲ့သူတွေဟာ သန့်စင်ခန်းရှိတဲ့ဆိုင်အနောက်ဘက်ကို မီးလောင်ချိန်မှာ ထွက်ပြေးခဲ့ကြတယ်လို့ သူက ဘီဘီစီထိုင်း ဘာသာစကားဌာနကို ပြောပါတယ်။
''သူတို့ ဆိုင်အနောက်ဘက်ကို ရောက်တဲ့အခါမှာ အပြင်မထွက်နိုင်ခဲ့ကြဘူး''
''အရေးပေါ် သင်္ကေတတွေကိုသာ မီးထွန်းထား ပြထားမယ်ဆိုရင် ဒီလူတွေဟာ တံခါး သော့ခတ်ထားပုံကို သိပြီး တနည်းနည်းနဲ့ သော့ဖျက်နိုင်ခဲ့မှာ''လို့လည်း သူက ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေကယ်ဆယ်မှု လုပ်ချိန်တုန်းကတော့ သေဆုံးသူအများစုကို သန့်စင်ခန်းတွေထဲမှာ တွေ့ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အဆောက်အဦဟာ အရေးပေါ် ထွက်ပေါ်တွေနဲ့ ဘေးကင်းရေးစံနှုန်းတွေကို စနစ်တကျ လိုက်နာ ထားရှိခဲ့တာ ရှိ မရှိကိုလည်း ထိုင်းအာဏာပိုင်တွေက အလေးပေး စုံစမ်းနေပြီဖြစ်ပါတယ်။

လိမ္မော်ရောင်သင်္ကန်းခြုံထားတဲ့ဆရာတော်တစ်ပါးက သူ့ရှေ့မှာ ဝဲနဲ့ယာ တစ်ဖက်တစ်ချက်စီမှာ မျက်နှာချင်းဆိုင်ပြီး ထိုင်နေတဲ့ လူငယ်အမျိုးသမီးနဲ့ အမျိုးသားတွေကို အခု သူတို့ ကျောင်းတော်ကို အခုလိုရောက်လာတာဟာ နိုင်ငံကိုကယ်တင်ဖို့ဖြစ်တယ်ဆိုပြီး ပြောလိုက်ပါတယ်။ ကြင်ဖော်ကြင်ဖက်တွေ့၊ တနေ့မှာ ရင်သွေးရတနာရတဲ့အထိ ကြိုးစားပြီး နိုင်ငံကို ကယ်တင်မှုကြီး လုပ်ရမှာလို့လည်း ဆရာတော်က မိန့်ပါတယ်။
ဆရာတော်ရဲ့အခုလိုစကားကို ကြားရတော့ ရှေ့မှာထိုင်နေတဲ့လူငယ်တွေ တစ်ယောက်ကို တစ်ယောက် ခိုးကြည့်ပြီး ခိုးခိုးခစ်ခစ်နဲ့ ရယ်ကြပါတယ်။
ဒါက တောင်ကိုရီးယားရဲ့ ရုပ်သံရှိုးပွဲ ဇာတ်လမ်းတစ်ပုဒ်တော့ မဟုတ်ပါဘူး။ တကယ့် လက်တွေ့ဘဝမှာ ဖူးစာဖက်ရှာပေးတဲ့တွေ့ဆုံပွဲ ဖြစ်ပါတယ်။ ဒီပွဲကို တောင်ကိုရီးယားက နာမည်ကျော် ပယ်လဂွန်ဆယ်တောင် သစ်ရိပ်ဝါးရိပ်အောက် ကျောင်းတော်တစ်ခုထဲ ပြုလုပ်နေတာဖြစ်ပါတယ်။
ဒီလူငယ်တွေဟာ လာမယ့် နာရီပေါင်း ၃၀ အတွင်း ပြုလုပ်မယ့်အစီအစဉ်တွေမှာပါဝင်ပြီး တစ်ယောက်နဲ့တစ်ယောက် ခပ်တန်းတန်း အနေအထားကနေ မေတ္တာသက်ဝင်သွားကြတဲ့အထိ ဖြစ်မလားဆိုတာကို ကြိုးပမ်းကြရမှာပါ။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာပြည်တွင်းစစ်ကို ဖြေရှင်းဖို့ အာဆီယံရဲ့ ကြိုးပမ်းချက်အနေနဲ့ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။
အလွတ်သဘောအစည်းအဝေးလို့ ခေါင်းစဥ်တပ်ခဲ့တဲ့ အဲဒီတွေ့ဆုံမှုအပြီးမှာ မြန်မာ့အရေးမှာသက်ဆိုင်ပါဝင်နေတဲ့ အဖွဲ့အစည်းအဖွဲ့တချို့နဲ့ သီးခြားတွေ့ဆုံမှုတွေ ဆက်ရှိလာပါတယ်။
နောက်ဆက်တွဲတွေ့ဆုံမှုတွေကိုတော့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး လာဇရိုနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်တို့ပဲ ဦးဆောင်ခဲ့ပြီး တခြားအာဆီယံဝန်ကြီးတွေ မပါပါဘူး။
ဇူလိုင် ၁၃ ရက်မှာ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ သူတို့နှစ်ဦးက နေပြည်တော်ရဲ့ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဖြစ်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ကိုယ်စားလှယ်တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
တစ်ရက်တည်းမှာပဲ ထိုင်းနယ်စပ်မှာအခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) တချို့နဲ့လည်း သီးခြားစီတွေ့ဆုံခဲ့တာကို EROs တဖွဲ့က အတည်ပြုပါတယ်။
ဒီတွေ့ဆုံပွဲတွေကို ဘာကြောင့် ထိုင်းနိုင်ငံက အဓိကဦးဆောင်ကျင်းပနေတာလဲဆိုတာက မေးခွန်းတစ်ခု ဖြစ်လာပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်ပွဲစဥ်မှာ အင်္ဂလန်အသင်းကို ရှုံးနိမ့်ပြီး အမိနိုင်ငံကို ပြန်ရောက်လာတဲ့နော်ဝေအသင်းကို ပရိသတ်တွေက သောင်းသောင်းဖျဖျကြိုဆိုနေကြတဲ့မြင်ကွင်းတွေ ဖြစ်ပါတယ်။
အော်စလိုမြို့ကို ဒေသစံတော်ချိန် ဇူလိုင် ၁၃ ရက် (မြန်မာအချိန် ဒီနေ့မနက်ပိုင်း) မှာ ပြန်ရောက်လာကြတာပါ။
၂၈ နှစ်ကြာပြီးမှ ကမ္ဘာ့ဖလားကို ပြန်လည်ခြေတက်လှမ်းလာတဲ့ နော်ဝေအသင်းကို ပရိတ်သတ်တွေက ဗိုက်ကင်းတွေလို သံပြိုင်အော်ပြီး လှေလှော်တဲ့ပုံစံနဲ့ အားပေးခဲ့ကြသလို အသင်းကလည်း လှေလှော်ဟန်နဲ့ အောင်ပွဲခံလေ့ရှိပါတယ်။
ဒါဟာ ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့နာမည်ကြီးဖြစ်ရပ်တွေထဲက တစ်ခုဖြစ်လာပါတယ်။
ဘောလုံးအသင်း မြို့တော် အော်စလိုကို ပြန်ရောက်ချိန်မှာ နော်ဝေ တော်ဝင်မိသားစုလည်း လက်ခံ တွေ့ဆုံကြိုဆိုခဲ့ပြီး အဲဒီထဲ ကွာတားဖိုင်နယ်အဆင့်အထိ ရောက်အောင် ခြေစွမ်းပြနိုင်ခဲ့တဲ့ တိုက်စစ်မှူး အာလင်း ဘရော့တ် ဟာလန်းလည်း ပါဝင်ပါတယ်။
နာမည်ကျော်ကြားလာတဲ့ ဟာလန်ရဲ့အိမ်ပြန်ခရီးမှာ ရက်ကွန်းဝံတကောင်လည်း ပါဝင်လာတာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ မြန်မာကပဲဦးစီးဆောင်ရွက်ပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးအဖြေကို ရှာနိုင်အောင် အာဆီယံက ကူညီမယ့်အကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EROs)တွေကိုရော နေပြည်တော်ကိုပါ ပြောခဲ့ကြောင်း မြန်မာ့အရေး အထူးသံ မာထရီဆာပီ လာဇာရိုက ပြောပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်ရဲ့နိုင်ငံခြားရေးဝန်ကြီး မာထရီဆာပီ လာဇာရိုနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်တို့ ဦးဆောင်ပြီး ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ နှစ်ဖက်ဆွေးနွေးပွဲတွေကို မနေ့က သီးခြားစီ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
တွေ့ဆုံဆွေးနွေးရေးနဲ့ လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေးကို EROs တွေနဲ့တွေ့ဆုံချိန်မှာ အထူးသံက ဆွေးနွေးခဲ့ပြီး သူ့ ဆွေးနွေးချက်အဆိုပြုချက်တွေကို ပြည်တွင်းပြည်ပက မြန်မာ့အရေးသက်ဆိုင်သူတွေနဲ့ဆက်သွယ် လုပ်ကိုင်သွားမယ်လို့ အထူးသံက ရှင်းပြခဲ့တဲ့အကြောင်း မနေ့က လူမှုကွန်ရက်မှာ ပြောထားပါတယ်။
အထူးသံဟာ နေပြည်တော်ငြိမ်းချမ်းရေးအဖွဲ့ (NSPNC)က ကိုယ်စားလှယ်တွေနဲ့လည်း ပတ္တရားမြို့မှာ မနေ့က တွေ့ဆုံခဲ့ပါတယ်။
အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးနဲ့ ဦးလှမောင်ရွှေတို့ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ တက်ရောက်တယ်လို့ သိရှိရပါတယ်။
ပတ္တရားဆွေးနွေးပွဲကို EROs တွေဘက်က K2C လို့သိကြတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (Karenni National Progressive Party - KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF/CNA) အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP) တို့ ပါဝင်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတော့ ထိုင်းစီစဥ်တဲ့အစည်းအဝေးတွေနဲ့ပတ်သက်ရင် ပြောဖို့ စောသေးတယ်လို့သာ မှတ်ချက်ပြုပြီး အသေးစိတ်ကို မဖြေပါဘူး။
ဇူလိုင် ၁၂ ရက်မှာလည်း ဘန်ကောက်မှာ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံခဲ့ပြီး ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပြောခဲ့ကြောင်း ဒီနေ့မနက် ဖိလစ်ပိုင်ရဲ့ထုတ်ပြန်ချက်မှာထည့်ပြောပါတယ်။
ဒါပေမဲ့ နေပြည်တော်ဘက်ကတော့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့မကိုက်ညီနေဘူးလို့ လွှတ်တော်က ဆုံးဖြတ်ခဲ့တဲ့အဆိုကို အကောင်အထည် ဖော်သွားမယ်လို့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လေဆိပ်ကနေ ပြည်တွင်းဝင်လာသူတွေထဲက ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံ မှတ်ပုံတင်စနစ် (Central Equipment Identity Register- CEIR) မှာ မှတ်ပုံမတင်ထားရသေးသူတွေဟာ အကောက်ခွန်မှာ IMEI နံပါတ်မဖြစ်မနေပေးရမယ်လို့ ဒီနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်လာပါတယ်။
လေဆိပ်ကလာသူတွေ CEIR မှတ်ပုံမတင်ရသေးရင် လေဆိပ်အကောက်ခွန်ကောင်တာမှာ Passenger Declaration Form (PD Form) နဲ့ ကြေညာချိန်မှာ IMEI နံပါတ်ကို မဖြစ်မနေ ထည့်သွင်းရမယ်လို့ CEIR နဲ့ EIR စနစ်စီမံကိန်းဦးစီးကော်မတီက ထုတ်ပြန်ပါတယ်။
မှတ်ပုံတင်ဖို့လျှောက်လွှာ၊ ပက်စပို့မှာ ဓာတ်ပုံပါတဲ့ရှေ့မျက်နှာနဲ့လေဆိပ်လဝက ကနေ ဝင်ရောက်လာတဲ့ ရက်စွဲပါတဲ့ စာမျက်နှာတွေရဲ့ မိတ္တူတွေ၊ Boarding Pass နဲ့ လေယာဉ်လက်မှတ်ကို မူရင်းရော မိတ္တူပါ ပေးရမယ့်အပြင် PD Form မူရင်းနဲ့အတူ CEIR မှတ်ပုံတင်ဖို့ လျှောက်ထားရမှာပါ။
PD Form ကြေညာထားတဲ့ ရက် ၃၀ အတွင်း ဒါကိုလျှောက်ထားကာ ကျသင့်တဲ့အခွန်ပေးသွင်းရမှာ ဖြစ်ပြီး ရက်ကျော်ရင် CEIR အတွက် အခွန်ရောဒဏ်ကြေးပါ ဆောင်ရမယ်လို့ ဒီနေ့ထုတ် သတင်းစာမှာ ဖော်ပြပါတယ်။
ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေကနေ ဝင်လာတဲ့ ခရီးသည်တဦးကို အသုံးပြုနေတဲ့ဖုန်းအပါအဝင် ဖုန်းနှစ်လုံးသာ သယ်ယူခွင့်ပြုပါတယ်။
မှတ်ပုံတင် တာကိုလည်း တနှစ်မှာ နှစ်လုံးသာ လျှောက်ခွင့်ပြုကြောင်း ထည့်ပြောလာတာကြောင့် ပြည်ပကနေ ဖုန်းဝယ်ယူတင်သွင်းလာတာကိုပါ ထပ်မံတင်းကျပ်လာတဲ့သဘောပါ။
စစ်ကော်မရှင်လက်ထက်မှာကြေညာခဲ့တဲ့ CEIR စနစ်ကြောင့် ပြည်တွင်းနေမိုဘိုင်းဖုန်းသုံးစွဲသူတွေ ဖုန်းမှာပါတဲ့ နိုင်ငံတကာသက်သေခံ ကုတ် (IMEI) နံပါတ်ကိုပါ မှတ်ပုံတင်ကြရပါတယ်။
ဒါကြောင့် နယ်စပ်ဝင်ပေါက်တွေ၊ ပင်လယ်ရေကြောင်းဝင်ပေါက်တွေနဲ့ လေဆိပ်တွေကနေ ဝင်လာတဲ့ မိုဘိုင်းဖုန်းတွေကို CEIR စနစ်မှာ မှတ်ပုံတင်ဖို့ကို နေပြည်တော်အစိုးရ လက်ထက်မှာလည်း ဆက်လုပ်နေတာပါ။
ဖုန်း ဆင်းကတ် မှတ်ပုံတင်ပြီးသားသူတွေဆိုရင် အခုလို IMEI နံပါတ်တွေကိုပါ ဆင်းကတ်နဲ့တွဲပြီး မှတ်ပုံတင်ထားရတာကြောင့် ဒီဖုန်းက ဘယ်သူသုံးနေသလဲ၊ ဘာတွေသုံးနေသလဲဆိုတာကို ချက်ချင်းသိနိုင်ပါတယ်။
CEIR စနစ်ရဲ့ခွင့်ပြုစာရင်းထဲ IMEI နံပါတ်မရှိဘူးဆိုရင် ဆင်းကတ်ပိတ်ခံရတာအပြင် နိုင်ငံတော်လုံခြုံရေးအရဆိုတဲ့ခေါင်းစဉ်အောက်ကနေ စုံစမ်းစစ်ဆေးတာ၊ အရေးယူတာတွေအထိ ရှိလာနိုင်တယ်လို့ နည်းပညာရှင်တွေက အစောပိုင်းတည်းက ထောက်ပြထားကြပါတယ်။
မင်္ဂလာပါ။ ဇူလိုင် ၁၄ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။