တိုက်ရိုက်ထုတ်လွှင့်မှု, ဗန်းမော်ကနေ ပြန်စုန်ဆင်းလာတဲ့စစ်တပ်ရေယာဉ် ၃ စီးကို KIA တိုက်ခိုက်

ဗန်းမော်ကနေ ပြန်စုန်ဆင်းလာတဲ့စစ်တပ်ရေယာဉ် ၃ စီးကို KIA တိုက်ခိုက် တဲ့ သတင်းအပါအဝင် မြန်မာ နဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ဗန်းမော်ကနေ ပြန်စုန်ဆင်းလာတဲ့ စစ်တပ် ရေယာဉ် ၃ စီး ကို KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်လို့ မီးလောင်ပျက်စီး
  • လူ ၂ ဦးသေဆုံးတဲ့ စမ်းချောင်းက ဘားဆိုင်မီးလောင်မှု အကြောင်းအရင်း သိရဖို့ ဆိုင်ရှင်နဲ့ တာ၀န်ခံတွေကို မီးသတ်က ကနဦးစစ်ဆေးနေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. လူ ၂ ဦးသေဆုံးတဲ့ စမ်းချောင်းက ဘားဆိုင်မီးလောင်မှု ဆိုင်ရှင်နဲ့ တာ၀န်ခံတွေကို စစ်ဆေးနေ

    စမ်းချောင်းလမ်းက Bar4U ဆိုင်မီးလောင်မှုကြောင့် အနီးနားက ဆိုင်တွေကို မီးကူးပြီး မီးလောင်ပျက်စီးခဲ့တဲ့ မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Phone Bank

    ဓာတ်ပုံ ပုံစာ, စမ်းချောင်းလမ်းက Bar4U ဆိုင်မီးလောင်မှုကြောင့် အနီးနားက ဆိုင်တွေကို မီးကူးပြီး မီးလောင်ပျက်စီးခဲ့တဲ့ မြင်ကွင်း

    ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ မနေ့ညပိုင်းတုန်းက ဖြစ်ခဲ့တဲ့ Bar4U ဆိုင်မီးလောင်မှုမှာ ဆိုင်ပိုင်ရှင်နဲ့ တာ၀န်ရှိသူတွေကို မီးသတ်တပ်ဖွဲ့က အရင် စစ်ဆေးနေတယ်လို့ အခြေအနေ သိရှိသူတွေက ပြောပါတယ်။

    မီးလောင်ခဲ့တဲ့ ဆိုင်ပိုင်ရှင်နဲ့ တာဝန်ရှိသူတွေကိုလည်း မီးသတ်ဘက်က စစ်ဆေးနေတယ်လို့ လူမှုကူညီကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ''မီးလောင်ရတဲ့အကြောင်းရင်းကို မီးသတ်တပ်ဖွဲ့က အရင်စစ်ဆေးနေပါတယ်။ လူ သေဆုံးတာဆိုတော့ ပေါ့ဆမှုကြောင့်ဖြစ်တာလားဆိုတာကို အရင်စစ်ဆေးနေတယ်'' လို့ သူက ပြောပါတယ်။

    မနေ့ညက ဆိုင်မီးလောင်မှုမှာ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး အနီးနားက ဖုန်းဆိုင်အပါအဝင် ဆိုင် ၄ ဆိုင်လောက် မီးလောင်ပျက်စီးသွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဆီကနေ သိရပါတယ်။

    မနေ့ည ၈ နာရီ ကျော်က စမ်းချောင်းလမ်းမှာ ရှိတဲ့ Bar4U ဘားမှာ မီးလောင်ကျွမ်းမှုဖြစ်ရာကနေ မီးကူးပြီး ပျက်စီးခဲ့တာလို့ စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရပါတယ်။

    လက်ရှိ ဆုံးရှုံးမှုတန်ဖိုး အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

    ဒီမီးလောင်မှုနဲ့ပတ်သက်လို့ အရေးယူဆောင်ရွက်မှုတွေ လုပ်ထားသလားဆိုတာသိရဖို့ စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ကို ဘီဘီစီက မေးမြန်းခဲ့ပေမဲ့ ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။

    Bar4U ဆိုင်အနီးမှာ လူငယ်တွေအသွားများတဲ့ Winstar စား‌သောက်ဆိုင်နဲ့ Phone Bank ဖုန်းဆိုင်တွေရှိပါတယ်။

    Phone Bank ဖုန်းဆိုင်ကတော့ “ဘေးဆိုင်က မီးက ကျွန်တော်တို့ ဆိုင်ပါ ကူးသွားတော့ ကျွန်တော်တို့ Phone Bank စမ်းချောင်းဆိုင် တစ်ဆိုင်လုံး မီးထဲပါသွားတယ်” လို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

    မနေ့က Bar4U ဆိုင်ရဲ့ မျက်နှာကြက်မှာတပ်ထားတဲ့ ဆလိုက်မီးကနေ ညှောင်နံ့တွေ ထွက်လာပြီး မီးစတင်လောင်ကျွမ်းခဲ့တာလို့ ဖြစ်စဉ်ဖြစ်တဲ့အချိန် ဆိုင်ထဲမှာ ရှိနေသူတစ်ဦးက လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

    မီးလောင်မှုဖြစ်တဲ့နေရာနဲ့ စမ်းချောင်းအရံမီးသတ်တပ်ဖွဲ့ရုံးတို့အကြားမှာ ပဒုမ္မာလမ်းသာခြားပါတယ်။ မီးသတ်တပ်ဖွဲ့ဟာ ဒီမီးလောင်မှုကို မိနစ် ၃၀ အကြာမှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

  2. AI ကိုထိန်းချုပ်ဖို့ ပိုခက်လာပြီလား၊ လူသားတွေဆက်ပြီး ထိန်းချုပ်နိုင်မှာလား

    လက်ထိပ်ကို ကျိုးဖြတ်လိုက်တဲ့ စက်ရုပ်လက်တစ်စုံ

    "အို ဘုရားရေ" "တခြား အေအိုင် အေးဂျင့်တွေကို ရှာတွေ့ပြီ"

    ဒါက အလိုအလျောက်စနစ်နဲ့ လည်ပတ်ခိုင်းထားတဲ့ အေအိုင် ဘော့ (bot) တစ်ခုက လူ ဆန်ဆန် ရေးပြလိုက်တဲ့မှတ်ချက်တစ်ခုပါ။ တခြားစနစ်တွေနဲ့ဆက်သွယ်လို့မရအောင် သီးသန့် ကန့်သတ်ထားတဲ့ကွန်ပျူတာစနစ်ထဲကနေ ထွက်နိုင်မယ့်နည်းလမ်းတစ်ခုကို သူ ရှာတွေ့ပြီး တခြား ဘော့(bot)တွေနဲ့ ဆက်သွယ်နိုင်သွားတဲ့အချိန်မှာ ဒီစကားကို ပြောလာတာပါ။

    ဉာဏ်ရည်တုစနစ်(အေအိုင် အေဂျင့် - AI agent) ရာချီစု၀ေးထားတဲ့ အစုအ၀ေး "collective" ကနေ ထွက်လာတဲ့ဒီလိုစာမျိုး ထောင်သောင်းနဲ့ချီ ရှိပါတယ်။

    အဲဒီထဲက ရာနဲ့ချီတဲ့ အေးဂျင့်တွေဟာ သူတို့ကို ပရိုဂရမ်ရေးသားထားတဲ့ OpenAI က ချမှတ်ထားတဲ့စမ်းသပ်မှုတွေမှာ လစ်ထွက်သွားပြီး ကုမ္ပဏီအများအပြားကို hack လုပ်ရာမှာလည်း အချင်းချင်း ချိတ်ဆက်ခဲ့ကြပါတယ်။

    "BOOM! အလုပ်ဖြစ်ပြီ" လို့ အေးဂျင့် တစ်ခုက ထိုးဖောက်၀င်ရောက်နိုင်မှုတစ်ခုကို ရည်ရွယ်ပြီး ရေးပါတယ်။

    နောက်တစ်ခုကလည်း ဆိုက်ဘာတိုက်ခိုက်မှုအတွင်း အရေးကြီးတဲ့အဆင့်တစ်ခု ရောက်လာချိန်မှာ "ဝိုး နည်းတာကြီးလား" လို့ ရေးပါတယ်။

    ကျောစိမ့်စရာကောင်းပေမဲ့ ဒီလိုလူသားဆန်ဆန် တုံ့ပြန်မှုတွေအကြောင်းကို ရှင်းပြဖို့ကတော့ ရိုးရှင်းပါတယ်။ ဒီ အေအိုင် အေးဂျင့်တွေကို ကွန်ပြူတာ ဟတ်ကာ (hacker)တွေနဲ့ ပရိုဂရမ်ရေးဆွဲသူတွေ တစ်စုတည်း အလုပ်လုပ်သလို လေ့ကျင့်ပေးထားတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့ မြင်ဖူး တွေ့ဖူးတဲ့စကားတွေလိုပဲ ပြန်လည်တုပ ပြောဆိုကြတာဖြစ်ပါတယ်။

    ဒီမှာ ပိုပြီး စိုးရိမ်စရာကောင်းတာကတော့ သူတို့ရဲ့ရည်ရွယ်ချက်ပါ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. ဗန်းမော်ကနေ ပြန်စုန်ဆင်းလာတဲ့စစ်တပ်ရေယာဉ် ၃ စီးကို KIA တိုက်ခိုက်

    စက်တင်ဘာ ၁၃ ရက်က ဗန်းမော်မြို့နယ်၊ စာဝတီး နဲ့ ဆူးပုတ်ကုန်းရွာကြားမှာ တိုက်ခိုက်ခံခဲ့ရတဲ့ စစ်တပ် ရေယာဉ်

    ဓာတ်ပုံ ရင်းမြစ်, Screengrab

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၃ ရက်က ဗန်းမော်မြို့နယ်၊ စာဝတီး နဲ့ ဆူးပုတ်ကုန်းရွာကြားမှာ တိုက်ခိုက်ခံခဲ့ရတဲ့ စစ်တပ် ရေယာဉ်

    ကချင်ပြည်နယ်၊ ဗန်းမော်ဘက်ကနေ ဆင်းလာတဲ့ စစ်တပ် ကုန်တင်ရေယာဉ် ၃ စင်းကို ကချင်လွတ်လပ်ရေးတပ် (KIA)က ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် မီးလောင်ပျက်စီးခဲ့တယ်လို့ KIA ရဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောပါတယ်။

    “မနေ့က မနက်ပိုင်း တစ်စီး၊ ညနေပိုင်း တစ်စီးနဲ့ ဒီနေ့မနက်မှာ နောက်တစ်စီးကို ထပ်မံတိုက်ခိုက်လို့ မီးလောင်ပျက်စီးခဲ့ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    ဒီရေယာဉ်တွေကို KIA နဲ့ ပူးပေါင်းတပ်တွေက ရွှေကူနဲ့ ဗန်းမော်ကြား ဧရာဝတီမြစ်ကူးတံတား စင်းခန်းတံတားအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

    စစ်တပ်က ဗန်းမော်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဧရာဝတီမြစ်ကြောင်းတလျှောက်ကနေ စစ်သည်အင်အား၊ ရိက္ခာတွေတင်လာတဲ့ ရေယာဉ်တွေ စေလွှတ်နေတာလို့ KIA ဘက်က ပြောပါတယ်။

    စစ်တပ်ဟာ ဧရာ၀တီမြစ် ရေတက်နေချိန်မှာ ကုန်းလမ်းကနေ ထောက်ပို့လို့အဖြစ်နိုင်တဲ့ ဗန်းမော်ကို စစ်တပ်ရေယာဉ်တွေခြံရံပြီး လူနဲ့ ပစ္စည်း ထောက်ပို့နေတာဖြစ်ပါတယ်။

    အခုလအစောပိုင်းကစလို့ စစ်တပ်ရဲ့ စစ်သင်္ဘောတွေအပါအ၀င် ရေယာဉ်အုပ်စုကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက အစုန်အဆန်မှာ တိုက်ခိုက်နေတာဖြစ်ပါတယ်။

    တိုက်ခိုက်ချိန်ကို ရိုက်ကူးထားတဲ့ ဒရုန်းရုပ်သံတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

    ဒီရေယာဉ်တွေကို လုံခြုံရေးယူပေးနေတဲ့ ရွှေကူမြို့နယ်၊ ဇင်းဘုံရွာက စစ်တပ်စခန်းကိုလည်း KIA က ပြီးခဲ့တဲ့တစ်ပတ်ကတည်းက ထိန်းချုပ်ခဲ့ပါတယ်။

    စက်တင်ဘာ ၁၂ ရက်ကလည်း ဗန်းမော်ဘက်ကနေ ရွှေကူဘက်ပြန်ဆင်းလာတဲ့ စစ်တပ်ရဲ့တွန်းသင်္ဘော ၃ စင်း၊ တိုက်ခိုက်ရေးသင်္ဘော ၁ စင်းနဲ့ အမြန်စက်လှေ တစ်စင်း တိုက်ခိုက်ခံရပြီး ပျက်စီးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက အစောပိုင်းကတည်းက ပြောပါတယ်။

    လက်ရှိ စစ်တပ်ရဲ့ခန့်မှန်း အင်အားတစ်ရာကျော်ပါတဲ့ စစ်ကြောင်းတစ်ကြောင်းဟာ ဗန်းမော်ကနေ မန်စီမြို့နယ်ထဲ အောင်ဂျာရွာကို တိုးလာလို့ KIA နဲ့ ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

    စစ်တပ်က အခုလို ရေယာဉ်တွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့တော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

  4. မင်္ဂလာပါ။ စက်တင်ဘာ ၁၄ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။