မေလ ၂၆ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
မြန်မာမှာ ၁၀ ရက်အတွင်း အင်အားအသင့်အတင့်ရှိတဲ့ငလျင်နဲ့ ငလျင်ငယ် ၃၀ ကျော်လှုပ်ခတ် တဲ့သတင်းအပါအဝင် မေ ၂၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
မေလ ၂၆ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘက်ခနက်မြို့မှာ ကျောင်းကား မီနီဘတ်စ် တစ်စီးနဲ့ ရထား တစ်စင်း တိုက်မိလို့ ကျောင်းသားကလေးငယ် ၂ ဦး နဲ့ အရွယ်ရောက် ၂ ဦး သေဆုံးတယ်လို့ သိရပါတယ်။
ရထားဖြတ်လမ်းမှာ သတိပေးချက်အဟန့်အတားချထားပေမဲ့ ကားနဲ့ ရထား တိုက်မိခဲ့တာလို့ ကနဦးသိရှိထားကြောင်း ဘယ်လ်ဂျီယံပို့ဆောင်ရေးဝန်ကြီး ဇောင်လုခရက်က ပြောပြီး သေဆုံးထိခိုက်သူတွေအတွက် စိတ်မကောင်းဖြစ်တဲ့အကြောင်းလည်း ပြောပါတယ်။
ရထားတိုက်မှုဖြစ်ချိန်မှာ မီနီဘတ်စ်ကားပေါ်မှာ ကလေးငယ် ၇ ဦး၊ ယာဉ်မောင်း ၁ ဦးနဲ့ အစောင့် ၁ ဦးတို့ လိုက်ပါလာချိန်ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံ ဖက်ဒရယ် ရဲတပ်ဖွဲ့ ပြောခွင့်ရသူ အန် ဘာဂါကတော့ ရထားနဲ့ မီနီဘတ်စ်ကားတိုက်မှုဟာ ဒေသစံတော်ချိန် မနက် ၈ နာရီကျော်မှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ရထားပေါ် လိုက်ပါလာသူ တစ်ယောက်မှ ထိခိုက်ဒဏ်ရာရခဲ့တာ မရှိပေမဲ့ အထိတ်တလန့်ဖြစ်နေသူ တစ်ဦးကိုတော့ ဆေးကုသမှုပေးခဲ့တယ်လို့ သူက ရုပ်သံသတင်းဌာန VRT ကိုပြောပါတယ်။
''ဘတ်စ်ကားဟာ အထူးပညာရေးကျောင်းကို မောင်းနေတုန်းမှာ အခုဖြစ်ရပ်ကြုံလာတာ ဖြစ်ပါတယ်။ အလယ်တန်း ကျောင်းသားလေးတွေ ဖြစ်ပါတယ်'' လို့ သူက ပြောပါတယ်။
ရထားဟာ တိုက်မှုဖြစ်ချိန်မှာ ဘက်ခနက်ဘူတာကို ချဉ်းကပ်နေချိန်ဖြစ်တာကြောင့် အရှိန်လျှော့နေထားခဲ့တယ်လို့ ဘယ်လ်ဂျီယံ ရထားလမ်းကွန်ရက် အင်ဖရာဖယ်ရဲ့ပြောခွင့်ရသူ သောမတ်စ် ဘာကန်က VRT သတင်းဌာနကို ပြောပါတယ်။
လုံခြုံရေးရုပ်သံ CCTV ဗီဒီယိုမှာတော့ ရထားဖြတ်မယ့်သံလမ်းနဲ့ ကားလမ်းဖြတ်မှာ မီးနီပြထားတာနဲ့ အဟန့်အတား ချထားတာကိုလည်း တွေ့ရတဲ့အကြောင်း သူက ပြောပါတယ်။
"ဒီဖြစ်ရပ်ဘယ်လိုဖြစ်ခဲ့လဲဆိုတာ ကျွန်တော်တို့ မသိရသေးပါဘူး။ စုံစမ်းစစ်ဆေးမှုတွေကို ရဲတပ်ဖွဲ့နဲ့ အစိုးရရှေ့နေရုံးဘက်က ဆက်ပြီးလုပ်ပါလိမ့်မယ်'' လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်နိုင်ငံတောင်ပိုင်းက ဒုံးကျည်ပစ်လွှတ်နေရာတွေနဲ့ မိုင်းထောင်ဖို့ကြိုးစားနေတဲ့စက်လှေတွေကို လေကြောင်းတိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ အမေရိကန်ဘက်က ပြောပါတယ်။
အီရန်နဲ့ပဋိပက္ခ ဟန့်တားရေးလည်းလုပ်တဲ့အမေရိကန်စစ်ဌာန Central Command ကတော့ လေကြောင်းတိုက်ခိုက်မှုတွေကို ‘‘ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့’’ ပြုလုပ်ခဲ့တာဖြစ်ပြီး ‘‘အီရန်တပ်ဖွဲ့တွေကြောင့်ဖြစ်တဲ့ခြိမ်းခြောက်မှုကနေ တပ်ဖွဲ့တွေကို ကာကွယ်ဖို့’’ ရည်ရွယ်တယ်လို့ ပြောပါတယ်။
အဲဒီစစ်ဌာနချုပ်ပြောခွင့်ရသူ ဗိုလ်ကြီး တင် ဟော့ကင်းစ်က အမေရိကန်စစ်တပ်ဟာ ‘‘လက်ရှိ ဆက်ဖြစ်နေတဲ့အပစ်ရပ်ကာလအတွင်း ထိန်းထိန်းသိမ်းလုပ်နေချိန်မှာပဲ ကျွန်တော်တို့ တပ်ဖွဲ့တွေဟာ ကိုယ့်ကိုယ်ပိုင်ကာကွယ်ခွင့်ကို ဆက်လုပ်နေပါတယ်’’ လို့ ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ အစ္စမေ ဘာကိုင်က အမေရိကန်နဲ့ စကားပြောဆိုနေတာတွေမှာ တိုးတက်မှုအချို့ရှိတယ်လို့ ထုတ်ပြောပြီးနောက်မှာပဲ အခုလေကြောင်းတိုက်ခိုက်တာတွေ ဖြစ်လာတာပါ။
ဗိုလ်ကြီး ဟော့ကင်းစ်ကတော့ အီရန်ရေတပ်အခြေစိုက် စခန်းလည်းရှိ၊ ဆိပ်ကမ်းလည်းရှိတဲ့ အီရန်နိုင်ငံတောင်ပိုင်းက ဘန်ဒါ အာဘက်စ်မြို့အနီးကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
အီရန်နိုင်ငံပိုင်မီဒီယာကတော့ ပေါက်ကွဲသံတွေ ကြားခဲ့ရတာကြောင့် ဘန်ဒါ အာဘတ်စ်မှာရှိတဲ့ ဒေသန္တရ အာဏာပိုင်တွေဟာ ဒီဖြစ်ရပ်ကို စုံစမ်းနေတယ်လို့ ပြောပါတယ်။
အခုနောက်ဆုံး အမေရိကန်လေကြောင်း တိုက်ခိုက်မှုတွေကို အီရန်ဘက်က မတုံ့ပြန်သေးပါဘူး။ ပြီးတော့ ဒီဖြစ်ရပ်ဟာ ဖြစ်နိုင်ခြေရှိတဲ့အမေရိကန်နဲ့ အီရန်ကြား ငြိမ်းချမ်းရေးသဘောတူညီချက်အပေါ် ဘယ်လောက် သက်ရောက်မှုရှိမယ်ဆိုတာလည်း မသဲကွဲသေးပါဘူး။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကတော့ နှစ်ဖက်သဘောတူညီချက် ဖြစ်လာနိုင်သေးတယ်လို့ပြောပြီး အီရန်ဘက်က ထိပ်တန်းညှိနှိုင်းသူ၊ အီရန်နိုင်ငံခြားရေးဝန်ကြီး၊ ကာတာဝန်ကြီးချုပ်တို့အတူ အင်္ဂါနေ့မှာ ဆွေးနွေးပွဲရှိနေဆဲလို့ ပြောပါတယ်။
ဒီအကြောင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အိန္ဒိယကို တရားဝင်အလည်အပတ်ခရီးသွားရောက်ချိန် သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ အမေရိကန်နဲ့ အီရန်ကြား ရက် ၆၀ ကြာ အပစ်ရပ် ထပ်တိုးဖို့၊ ဟော်မုဇ် ရေလက်ကြားပြန်ဖွင့်ဖို့၊ အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး နောက်ထပ်ညှိနှိုင်းမယ့်အစီအစဉ်တွေပါဝင်တဲ့ နားလည်မှုစာချွန်လွှာကို ဆွေးနွေးနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အမေရိကန်နဲ့ အီရန်တို့ဟာ ဧပြီလ ၈ ရက်ကစလို့ အပစ်ရပ်သဘောတူညီချက် ရရှိထားတာဖြစ်ပါတယ်။
အီရန်ဟာ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေ သွားလာတာကို ဆက်လက်ထိန်းချုပ်ထားပြီး အမေရိကန် ရေတပ်ဟာ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ဖို့ ကြိုးပမ်းနေပါတယ်။

အမေရိကန်နဲ့ အစ္စရေးဟာ ဖေဖော်ဝါရီလ ၂၈ ရက်တုန်းက အီရန်ကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပဋိပက္ခဟာ အရှေ့အလယ်ပိုင်းအထိ ပျံ့နှံ့ခဲ့ပါတယ်။
အီရန်ဟာ ပင်လယ်ကွေ့က အမေရိကန်မဟာမိတ်တွေကို တိုက်ခိုက်ပြီး ဟော်မုဇ်ရေလက်ကြားကိုလည်း ပိတ်ခဲ့ပါတယ်။
ဒီလုပ်ရပ်ကြောင့် ကမ္ဘာတလွှား ရေနံစျေးနှုန်းတွေလည်း အဆမတန် ထိုးတက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာမှာ မေ ၁၅ ရက်ကနေ ဒီနေ့အထိ ငလျင်ငယ်နဲ့ အင်အားအသင့်အတင့်ရှိတဲ့ငလျင် ၃၃ ကြိမ်လှုပ်ခဲ့တာကို အမေရိကန်နဲ့ ကမ္ဘာတဝန်းက ငလျင်လှုပ်ခတ်တာကို တိုက်ရိုက်စောင့်ကြည့်သတိပေးနေတဲ့ My earthquake Alerts အက်ပလီကေးရှင်းရဲ့အချက်အလက်အရသိရပါတယ်။
ဒီနေ့မနက်အစောပိုင်းမှာလည်း ဝမ်းတွင်းမြို့အရှေ့နဲ့ အရှေ့တောင်ဘက် ၆ မိုင်ဝန်းကျင်ကို ဗဟိုပြုပြီး ပြင်းအား ၄.၁ မဂ္ဂနီကျူရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဒီလလယ်ကစပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ပေါင်း ၃၀ ကျော်မှာ မေ ၁၈ ရက်က ရန်ကုန်တိုင်းမှာ လှုပ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၅.၂ မဂ္ဂနီကျူရှိခဲ့ပြီး ပြင်းအားကို ရန်ကုန်နေလူထုက သိသိသာသာခံစားခဲ့သလို အထိတ်တလန့်လည်း ဖြစ်ခဲ့ကြပါတယ်။
ဒီငလျင်ကြောင့် သက်တမ်းကြာ အထပ်မြင့်တိုက်ခန်းတွေမှာနေထိုင်နေရတဲ့ ရန်ကုန်လူထုဟာ တိုက်တာအဆောက်အဦတွေရဲ့ ကြံ့ခိုင်မှုအပေါ် စိုးရိမ်မှု မြင့်တက်ခဲ့ပါတယ်။
သက်တမ်းရင့်ပျက်စီးနေတဲ့ အဆောက်အဦးများတဲ့ ရန်ကုန်မှာ အင်အားပြင်းငလျင် တစ်မိနစ်ဝန်းကျင်လှုပ်ရင်ကို အတော်လေးပျက်စီးမယ့်အခြေအနေရှိတယ်လို့ ဘူမိဗေဒပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
ငလျင်ရဲ့ ပြင်းအားကိုကြည့်ရင် ပြင်းအား ၂.၅ မဂ္ဂနီကျူ ဒါမှမဟုတ် အဲဒီထက်နည်းတဲ့ ငလျင်မျိုးဆိုရင်တော့ ပုံမှန်အနေနဲ့ လူတွေ ခံစားသိတာမျိုး မရှိပါဘူး။
ဒါပေမဲ့ တိုင်းတာစက်တွေမှာတော့ ဒီငလျင်က မှတ်တမ်းဝင်ပါတယ်။
ပြင်းအား ၅ နဲ့အထက်ရှိတဲ့ငလျင်တွေကိုတော့ လူတွေ ခံစားသိနိုင်သလို အပျက်အစီးအနည်းငယ်လည်း ဖြစ်တတ်ပါတယ်။
ပြင်းအား ၆ နဲ့အထက်ဆိုရင်တော့ ပြင်းထန်ငလျင်လို့ မှတ်ယူပြီး အပျက်အစီးလည်း များနိုင်ပါတယ်။
ပြင်းအား ၈ နဲ့အထက် ငလျင်တွေဆိုရင်တော့ အပျက်အစီးအတိုင်းအဆ ကြီးမားပြီး ငလျင်ဗဟိုချက်အနီးမှာ နေထိုင်ကြတဲ့သူတွေအားလုံးကိုလည်း ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်စေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screen Grab
ချင်းပြည်နယ်တောင်ပိုင်းကို ဦးတည်တဲ့ စစ်တပ်ရဲ့ အင်အား ၁,၀၀၀ ကျော်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဟာ ယောဒေသနဲ့ ပုံတောင်ပုံညာဒေသတို့မှာ စစ်ဆိုင်ထားတယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ဘီဘီစီကို ပြောပါတယ်။
ကျောက်ထုမြို့လည်း ပါ၀င်တဲ့ယောဒေသနဲ့ ပုံတောင်ပုံညာဒေသဟာ မကွေးတိုင်းထဲမှာပါဝင်ပေမဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့၊ မင်းတပ်မြို့တို့နဲ့ ထိစပ်နေပါတယ်။
ဒီဒေသတွေမှာ စစ်ဆိုင်နေတဲ့စစ်တပ်နဲ့ ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်နေတာလည်း ၁၀ ရက်ဝန်းကျင်ရှိလာပြီလို့ ဆလိုင်းယောမန်က ပြောပါတယ်။
“မင်းတပ်ကို ဦးတည်လာတဲ့စစ်ကြောင်းက ယောနယ်၊ ကျောက်ထုမှာပဲ ရှိပါတယ်။ ချင်းပြည်ထဲကို မရောက်သေးဘူး” လို့ CPU/CPA ပြောခွင့်ရက ဘီဘီစီကို ပြောပါတယ်။
လက်ရှိစစ်ဆိုင်ထားရတဲ့အင်အားအပြင် စစ်တပ်က စစ်ကူအင်အား ၁,၀၀၀ ကျော်ကိုလည်း ထပ်ဖြည့်ဖို့ ပြင်ဆင်နေတာကြောင့် တိုက်ပွဲကာလကြာရှည်ပြင်းထန်မယ့်သဘောရှိတယ်လို့လည်း သူက လူမှုကွန်ရက်စာမျက်နှာမှာရေးပါတယ်။
စစ်တပ်ဟာ ချင်းတောင်ပိုင်းက CPU/CPA ထိန်းချုပ်နယ်မြေဖြစ်တဲ့ မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်ကို အရင်ထက်လေကြောင်း ဖိအားပိုပေးလာတယ်လို့လည်း အခြေအနေသိရှိသူက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းတုန်းက မတူပီမြို့ပေါ်ကို ဂျက်ဖိုက်တာ ၇ စင်းနဲ့ လေကြောင်း ၁၅ ကြိမ်တိုက်ခိုက်တယ်လို့ သိရှိထားတဲ့အကြောင်း သူက ပြောပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ ကန်ပက်လက်မြို့နယ်နဲ့ ဆောမြို့နယ်အကြားကိုလည်း စစ်တပ်က ရိက္ခာနဲ့ ခဲယမ်းတွေကို လေကြောင်းကနေ လာချပေးပြီး ထောက်ပံ့နေတယ်လို့ ဒေသအခြေစိုက် ကန်ပက်လက်သတင်းက ဖော်ပြပါတယ်။
ချင်းတောင်ပိုင်းကို စိုးမိုးရေးအတွက် ဆောဘက်ကနေ ကန်ပက်လက်ထဲကို ဝင်လာတဲ့စစ်ကြောင်းက ကန်ပက်လက်မြို့အနီးဝန်းကျင်ကို ရောက်နေပေမဲ့ ကျောက်ထုဘက်ကနေ မင်းတပ်ကို ဝင်မယ့်စစ်ကြောင်းကတော့ ချင်းတောင်ပိုင်းကို ဝင်ရောက်ခြင်း မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Chin Refugee Committee Malaysia
လွန်ခဲ့တဲ့ ၁၃ နှစ်က မလေးရှားနိုင်ငံဒုက္ခသည်စခန်းတစ်ခုမှာ ခိုလှုံခဲ့တဲ့ ဂျော့ရှုဝါ ဗန်ဟာ UFC Flyweight ချန်ပီယံဖြစ်လာပြီးတဲ့နောက်မှာ မလေးရှားကို ပထမဆုံးအကြိမ် ပြန်ရောက်လာပါတယ်။
မလေးရှားအခြေစိုက် ချင်းဒုက္ခသည်ကော်မတီက မနေ့ မေလ ၂၅ ရက်မှာ ကွာလာလမ်ပူမြို့မှာ ဦးဆောင် ကျင်းပတဲ့ပွဲကို ဗန် တက်ရောက်ခဲ့တာဖြစ်ပါတယ်။
မနေ့ညပိုင်းက ပြုလုပ်တဲ့ဒီပွဲမှာ အဆိုတော် ဖြူဖြူကျော်သိန်းလည်း တက်ရောက်ခဲ့ပါတယ်။
ပွဲတက်သူတွေအပြောအရ အခမ်းအနားကို တက်ရောက်တဲ့ မလေးရှားရောက် မြန်မာနွယ်ဖွား လူ တစ်ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။
ဗန်ကတော့ ပရိတ်သတ်တွေကို “နောက်ကျခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ နေကောင်းကြလား။ အားလုံးကိုကျေးဇူးတင်ပါတယ်” လို့ ပြန်ပြောခဲ့ပါတယ်။
ဗန်ဟာ သူ့ရဲ့ မလေးရှားခရီးစဉ်အတွင်း သူနေထိုင်ခဲ့တဲ့ ဒုက္ခသည်စခန်းကို သွားဖို့ရှိတယ်လို့ The Ariel Helwani Show နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။
ဗန်ဟာ သူ့ရဲ့ အာရှခရီးစဉ်ကို သူ့သူငယ်ချင်းတွေ နဲ့ ပေါ့ပေါ့ပါးပါး ခရီးထွက်ချင်တာကြောင့် သူ့ရဲ့ ချန်ပီယံခါးပတ်ကို အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်က နေအိမ်မှာ ထားခဲ့တယ်လို့ပြောထားပါတယ်။
ဂျော့ရှုဝါ ဗန်ကတော့ မလေးရှားကနေတဆင့် မြန်မာနိုင်ငံသားတွေ သန်းနဲ့ချီရှိနေတဲ့ထိုင်းနိုင်ငံကို ခရီးဆက်ဖို့ရှိပါတယ်။
ဗန်ဟာ မကြာသေးခင်ကပဲ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်မှာ ကျင်းပတဲ့ UFC 328 မှာ ဂျပန်ဖိုက်တာကို အလဲထိုးပြီး သူ့ရဲ့ ချန်ပီယံခါးပတ်ကို ပထမဆုံးအကြိမ် ကာကွယ်နိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ အရင်ချန်ပီယံ ဟောင်း ပန်တိုဂျာ နဲ့ ပြန်ထိုးသတ်သွားဖို့ စိန်ခေါ်ခဲ့ပါတယ်။ ပန်တိုဂျာနဲ့ ပွဲစဉ်ဟာ ဒီနှစ်ကုန်ပိုင်းထဲပဲဖြစ်မလားဆိုတာတော့ သူ့ရဲ့နည်းပြတွေနဲ့ တိုင်ပင်သွားဖို့ရှိတယ်လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Basarnas Banjarmasin
အင်ဒိုနီးရှားပင်လယ်ပြင်မှာ ကျောက်ချ ရပ်နားထားတဲ့သင်္ဘောတစ်စင်းမှာ မြန်မာကပ္ပတိန်၁ ဦးနဲ့ သင်္ဘောသား ၃ ဦး သေဆုံးတဲ့ဖြစ်စဥ်အသေးစိတ်ကို အင်ဒိုနီးရှား၊ ကာလီမန်တန်ဒေသရဲတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ အာဒမ် အာဝင်ဒီက ထုတ်ပြောလာပါတယ်။
ကျောက်ချထားတဲ့သင်္ဘောထဲ ရေဝင်ကာ တစ်ခြမ်းစောင်း လာတာကြောင့် အသက် ၃၄ နှစ်အရွယ် မြန်မာကပ္ပတိန်က သင်္ဘောဝမ်းထဲဝင်ပြီး စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
သင်္ဘောဝမ်းထဲဝင်ဖို့ အဖုံးကိုဖွင့်လိုက်တာနဲ့တပြိုင်နက် ကပ္ပတိန်က အတွင်းပိုင်းကို ပြုတ်ကျသွားတာလို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောပါတယ်။
ရဲတပ်ဖွဲ့ကတော့ သင်္ဘောရဲ့အလုံပိတ်ထားတဲ့အခန်းထဲမှာ အောက်ဆီဂျင် ပြတ်လပ်နေတာနဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ဓာတ်ငွေ့ ရောနှောရှိနေတာလို့ ပြောထားပါတယ်။
မြန်မာကပ္ပတိန်က အဆိပ်ငွေ့ရှူမိပြီး ပြုတ်ကျတဲ့နောက်ကို ကယ်ဆယ်ဖို့ ကြိုးစားတဲ့မြန်မာသင်္ဘောသား ၂ ဦးနဲ့ အိန္ဒိယသင်္ဘောသား ၁ ဦးလည်း အဆိပ်အတောက်ဖြစ်စေတဲ့ဓာတ်ငွေ့ ရှူမိကာ သေဆုံးတယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
“ကံအကြောင်းမလှဘဲ ကယ်ဖို့ကြိုးစားတဲ့ တခြားသင်္ဘောသားတွေပါ အဆိပ်အတောက်ဖြစ်စေတဲ့ဓာတ်ငွေ့ ရှူမိပြီး သေဆုံးသွားတယ်” လို့ အာဒမ်က ပြောပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ အသေးစိတ်စစ်ဆေးတာကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဆက်လက်လုပ်ဆောင်နေတယ်လို့ မေ ၇ ရက်မှာ ပြောထားပါတယ်။
သေဆုံးသူ မြန်မာသင်္ဘောသား ၃ ဦးရဲ့ ရုပ်အလောင်းတွေက မေ ၂၄ ရက်မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်မြို့က ရေဝေးသုသာန်မှာ မနေ့က နာရေးပြုလုပ်ခဲ့ပါတယ်။
မြန်မာသင်္ဘောသားတွေ လုပ်ငန်းခွင်မှာ သေဆုံးမှုအတွက် လျော်ကြေးမရသေးဘူးလို့ အမည် မဖော်လိုတဲ့ ရေကြောင်းအရာရှိတစ်ဦးက ဘီဘီစီကို မနေ့က ဖြေထားပါတယ်။
ဘီဘီစီ ဘောလုံးသုံးသပ်သူ ထရွိုင်ဒီနီက ပရီးမီးယားလိဂ် တစ်ရာသီစာ အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီအသင်းမှာ ဘယ်သူတွေ ပါဝင်လာခဲ့သလဲ။
ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဥ်တွေ ပြီးဆုံးပြီးတိုင်းမှာ ဘီဘီစီရဲ့ ဘောလုံးဝေဖန်သူ ထရွိုင်က တစ်ပတ်တာအကောင်းဆုံးအသင်းနဲ့ မန်နေဂျာတွေကို ရွေးချယ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အကြီးမားဆုံး ရွေးချယ်မှုတစ်ခုဖြစ်ပြီး တစ်ရာသီစာ အကောင်းဆုံးအသင်း ဖြစ်ပါတယ်။
သုံးသပ်ချက်အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။


ဓာတ်ပုံ ရင်းမြစ်, ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း
ကချင်နဲ့ စစ်ကိုင်းအစပ် မန္တလေး-မြစ်ကြီးနားကားလမ်းတလျှောက်မှာ စစ်တပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဖြစ်နေပါတယ်။
စစ်ရေးတင်းမာမှုတွေကြောင့် ခရီးသည်တင်နဲ့ ကုန်တင်ကားတွေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြစ်ကြီးနားဘက်က ဆင်းလာတဲ့ကားတွေက မိုးညှင်းမြို့နယ် နန်းစီးအောင်ဂိတ်မှာ ရပ်တန့်နေကြရပြီး၊ မန္တလေးဘက်က တက်လာတဲ့ကားတွေကတော့ ကသာမြို့နား နဘားရွာတဝိုက်မှာ ပိတ်မိနေပါတယ်။
စစ်တပ်က မန္တလေး-မြစ်ကြီးနား လမ်းကြောင်းကို ပြန်ထိန်းချုပ်နိုင်ရေး တစ်နှစ်နီးပါးစစ်ဆင်ရေးလုပ်ကာ မေလဆန်းမှာ လမ်းပြန်ဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ ကသာခရိုင်ထဲမှာတော့ မေလ တတိယပတ်ကစပြီး နှစ်ဖက် တိုက်ပွဲတွေ ပြန်ဖြစ်လာတာပါ။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ စစ်တပ်ဟာ ဒီလမ်းကို အသုံးပြုပြီး ကချင်ပြည်နယ်ထဲ လူအင်အားနဲ့ ရိက္ခာတွေ ပို့နိုင်တာကြောင့် စစ်တပ်တပ်စွဲထားတဲ့ နေရာတွေကို ဝင်တိုက်နေတယ်လို့ ပြောပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screen Grab
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ထဲက မြန်မာရွှေ့ပြောင်းလုပ်သားအများအပြား နေထိုင်တဲ့ ဘောဝင်းမြို့နယ်က ကွန်ဒိုဝင်းတစ်ခုကို ထိုင်းမျိုးချစ်အဖွဲ့ဝင် ဆုန်ချိုင်နီ(ယမ်)ဟုမ်နဲ့ အဖွဲ့က ဝင်ရောက်စစ်ဆေးမှုတွေလုပ်ခဲ့လို့ မြန်မာလုပ်သားတွေစိုးရိမ်နေကြတယ်လို့ ချွန်ဘူရီက မြန်မာလုပ်သားအရေး ကူညီနေသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မြန်မာလုပ်သားတွေကြား စိုးရိမ်မှုမြင့်တက်နေသလို မြန်မာပိုင်ဆိုင်တချို့လည်း ယာယီပိတ်ထားကြတယ်လို့ ပြောပါတယ်။ ထိုင်းရောက်မြန်မာတွေကြား “နှုတ်ခမ်းမွှေး” လို့ လူသိများတဲ့ ဆုန်ချိုင်နီ(ယမ်)ဟုမ်အဖွဲ့ဟာ မေ ၂၄ ရက်က ဘောဝင်းမြို့နယ်ထဲက မြန်မာလူဦးရေ ထောင်နဲ့ချီ နေထိုင်တဲ့ ကွန်ဒိုဝင်းကို ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့ မြန်မာအချို့ကပြောပါတယ်။
'' မြန်မာနိုင်ငံသားတချို့က တရားမဝင် ငွေလွှဲလုပ်ငန်းတွေ၊ ဘဏ်လိုမျိုးတွေလုပ်နေလို့ပေါ၊ သူတို့ကမြန်မာစာတွေရေးပြီး ပေါ် ပေါ်တင်တင်လုပ်ကြတော့ သူကလာစစ်တာမျိုး'' လို့ ချွန်ဘူရီက မြန်မာလုပ်သားအရေး ကူညီနေသူက သူသိထားတာကို ပြောပါတယ်။ အဲဒီနောက်တစ်ရက်ဖြစ်တဲ့ မေ ၂၅ ရက်မှာတော့ ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေကလည်း ချွန်ဘူရီမြို့တဝိုက်မှာ ပိုက်စိပ်တိုက် စစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ မြန်မာလုပ်သားအရေး ကူညီနေသူက ဆိုပါတယ်။
“ချွန်ဘူရီက မြန်မာအများဆုံးနေတဲ့ နေရာတွေထဲက တစ်ခုပါ။ အခုဆို မြန်မာလုပ်သားတွေကြား စိုးရိမ်မှုများနေပြီး မြန်မာဈေးဆိုင်တချို့လည်း ပိတ်ထားကြတယ်” လို့ သူက ပြောပါတယ်။
ဘောဝင်းမြို့နယ်က ကွန်ဒိုဝင်းမှာ နေထိုင်သူတစ်ဦးကလည်း ထိုင်းမျိုးချစ်အဖွဲ့ ဝင်ရောက်ပြီးနောက် လူဝင်မှုကြီးကြပ်ရေးဌာနက ဆက်လက်စစ်ဆေးမယ်ဆိုတာ သိထားလို့ အချင်းချင်း သတိပေးနေကြရတယ်လို့ ပြောပါတယ်။
“အဓိကက ဆိုင်တွေပါ။ ဝင်စစ်မယ်ဆိုတဲ့သတင်းကြားတော့ တချို့က ကြိုပိတ်ထားကြတယ်” လို့ သူက ဆိုပါတယ်။
ချွန်ဘူရီဟာ စက်မှုဇုန်တွေ အများအပြားရှိတာကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများဆုံး သွားရောက်အလုပ်လုပ်ကိုင်တဲ့ ခရိုင်တွေထဲက တစ်ခုဖြစ်ပါတယ်။ ထိုင်းမျိုးချစ်အဖွဲ့တွေကတော့ ထိုင်းနိုင်ငံသားတွေသာ လုပ်ကိုင်ခွင့်ရှိတဲ့ အလုပ်အကိုင်တွေမှာ ရွှေ့ပြောင်းလုပ်သားတွေ ဝင်ရောက်လုပ်ကိုင်နေတာကို နှိမ်နင်းမယ်လို့ အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုထားပြီး မြန်မာအများစုနေထိုင်တဲ့ ရပ်ကွက်တွေနဲ့ လုပ်ငန်းတွေကို သွားရောက်စစ်ဆေးလေ့ရှိပါတယ်။
''စျေးရောင်းတဲ့သူတွေကိုဖမ်းရင်း တခြားသူကိုထိခိုက်စေတယ်။ လူမျိုးစွဲအမုန်းပွားစေတယ်။ စျေးရောင်းတဲ့မြန်မာနိုင်ငံသားတွေကလည်း မဆင်ခြင်ကြဘူး'' လို့ ချွန်ဘူရီက မြန်မာလုပ်သားအရေး ကူညီနေသူက သူ့အမြင်ကို ပြောပါတယ်။
အဲဒီလို စစ်ဆေးမှုတွေ တိုးလာတာကြောင့် မြန်မာအချင်းချင်းကြားမှာလည်း လူမှုကွန်ရက်ပေါ်က မြန်မာပိုင်ဆိုင်၊ ခရီးသွားလုပ်ငန်းနဲ့ ဘားလိုမျိုး လုပ်ငန်းကြော်ငြာတွေကို သိုသိုသိပ်သိပ်ကြော်ငြာဖို့ သတိပေးပြောဆိုမှုတွေ ရှိနေပါတယ်။
မင်္ဂလာပါ။ မေ ၂၆ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။