ပုပ္ပါးဟိုတယ်တစ်ခုက ခရီးသည် ၁၁ ယောက်အဖွဲ့ အပြင်ထွက်သွားပြီးနောက် အဆက်အသွယ်ပြတ် ပျောက်ဆုံးနေ
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်ခြေအနီးက ဟိုတယ်တစ်ခုမှာ တည်းခိုနေတဲ့ လူ ၁၁ ဦးပါတဲ့ ခရီးသွားအဖွဲ့ဟာ မနေ့ ဇူလိုင် ၂၉ ရက်မှာ ဟိုတယ်ကနေ ထွက်သွားပြီးတဲ့နောက် ဒီနေ့ မွန်းလွဲပိုင်းအထိ ပြန်ရောက်မလာဘဲ အဆက်အသွယ်ပြတ် ပျောက်ဆုံးနေတယ်လို့ ဟိုတယ်ဘက်က အပြောအရ သိရှိရပါတယ်။
လက်ရှိမှာ အဆက်အသွယ်ပြတ်နေတဲ့ ဒီခရီးသည် ၁၁ ယောက်အဖွဲ့ဟာ ရန်ကုန်ကနေ ပုပ္ပါးကို လာရောက်လည်ပတ်ကြတာလို့ သိရှိရပြီး ဟိုတယ်ကနေ ထွက်ခွာ Check - out မလုပ်သေးတာကြောင့် သူတို့ရဲ့ ပစ္စည်းတွေလည်း အခန်းတွေထဲမှာရှိနေသေးတယ်လို့ ဆိုပါတယ်။
“ သူတို့ တည်းနေကြတယ်၊ မနေ့က တစ်ဖွဲ့လုံး ထွက်လည်ကြပြီး ဟိုတယ်ကို ဒီနေ့ အထိ ပြန်မရောက်လာတာ” လို့ ဟိုတယ်တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
တစ်ဖက်မှာလည်း ဒီခရီးသွားတွေဟာ ဟိုတယ်ကနေ ထွက်ခွာပြီးတဲ့နောက် လမ်းပိုင်းတစ်နေရာမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်မှုကို ခံထားရတယ်ဆိုတဲ့ သတင်းတွေလည်း ကျောက်ပန်းတောင်း အခြေစိုက်တော်လှန်ရေးအင်အားစုတချို့ကြားမှာ ပြောဆိုချက်တွေရှိပါတယ်။
မြေပြင်သတင်းရင်းမြစ်တစ်ဦးကတော့ ဟိုတယ်ကနေ အထွက် လမ်းပိုင်း ကျောက်ပန်းတောင်း-မြင်းခြံလမ်းပိုင်း တစ်နေရာမှာ အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးတာဖြစ်နိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဟိုတယ်ကနေ မိုင်အနည်းငယ်အကွာမှာ အဲဒီလမ်းပိုင်းနဲ့ ဗျတ္တပန်းဆက်လမ်းဆုံတဲ့ လမ်းဆုံတစ်ခုရှိပြီး ပုဂံကို ဘုရားဖူးလာတဲ့ သူတချို့ဟာ ကျောက်ပန်းတောင်း-ပုပ္ပါးလမ်းတကြောမှာ ပြန်ပေးဆွဲခံရတဲ့ဖြစ်စဉ်တွေရှိခဲ့ဖူးတာကြောင့်လို့ သူကရှင်းပြပါတယ်။
ပုပ္ပါးဒေသမှာ အခုနှစ်အတွင်း ခရီးသွားအချို့ အခုလိုပုံစံမျိုး အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့ဖြစ်စဉ် ၃ ခုထက်မနည်းရှိခဲ့ဖူးတာ၊ ၁၁ ယောက်အဖွဲ့လည်း ဒီနေ့ မွန်းလွဲပိုင်းအထိ အဆက်အသွယ် မရသေးတာတွေကြောင့် လမ်းခရီးမှာ ဖမ်းဆီးမှုကြုံရတာ ဖြစ်နိုင်ခြေမြင့်တယ်လို့ သူက ပြောပါတယ်။
ပုပ္ပါးနဲ့ ညောင်ဦးဒေသမှာ လှုပ်ရှားနေတဲ့တော်လှန်ရေးတပ်ဖွဲ့တစ်ခုကလည်း ဟိုတယ်က ထွက်လာတဲ့အဲဒီခရီးသွားအဖွဲ့တစ်ဖွဲ့ ဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကို သိရှိထားတယ်လို့ ပြောပေမဲ့ ဘယ်အဖွဲ့က ဖမ်းဆီးတာလဲဆိုတာကိုတော့ သူတို့ အတည်မပြုနိုင်တဲ့အကြောင်း ပြောပါတယ်။
လက်ရှိမှာ စစ်ရေးတင်းမာနေတဲ့ပုပ္ပါးဒေသတဝိုက် MPT ဖုန်းလိုင်းတွေပြတ်တောက်နေပြီး တခြားအော်ပရေတာ ဖုန်းလိုင်းတွေလည်း ဆက်သွယ်ရေး လိုင်းချခံထားရတဲ့အခြေအနေလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ပုပ္ပါးဒေသမှာ အခုအဆက်အသွယ် ပြတ်တောက်နေ ပျောက်ဆုံးနေတဲ့ ခရီးသည် ၁၁ ယောက်အဖွဲ့သတင်းနဲ့ ပတ်သက်ပြီး နေပြည်တော် အာဏာပိုင်တွေဘက်က ဒီနေ့ ဇူလိုင် ၃၀ ရက် နေ့လယ်ပိုင်းအထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ပုဂံ၊ ညောင်ဦးနဲ့ ပုပ္ပါးဒေသမှာ အခုနှစ်အတွင်း ပြည်တွင်း ခရီးသွားအချို့ လက်နက်ကိုင်အချို့ရဲ့ထိန်းသိမ်းခံရပြီး ပြီးခဲ့တဲ့ မေလအတွင်းမှာတင် ပြန်ပေးဆွဲခံရမှု ၂ ခုအထိရှိခဲ့တယ်လို့ ကာယကံရှင်တွေနဲ့ နီးစပ်သူတွေနဲ့ အခြေအနေသိရှိသူတွေက အစောပိုင်းမှာ ပြောထားပါတယ်။
ပုဂံမှာဖြစ်တဲ့ ပြန်ပေးဆွဲမှုတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပါဝင်ပတ်သက်တယ်လို့ဆိုတဲ့စွပ်စွဲချက်တွေကို ပုဂံနဲ့ညောင်ဦးက ပြည်သူ့ကာကွယ်ရေးတပ်တွေက အစောပိုင်း ကတည်းက ငြင်းဆိုထားပါတယ်။