တိုက်ရိုက်ထုတ်လွှင့်မှု, မူးယစ်ဆေးထုတ်နိုင်ငံစာရင်းထဲ မြန်မာကိုလည်း ထရမ့်ထည့်သွင်း

ဘိန်းနဲ့ meth မူးယစ်ဆေးထုတ် နိုင်ငံအဖြစ် မြန်မာကိုလည်း သတ်မှတ်လိုက်တဲ့အကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လွှတ်တော်ကို စာပေးပို့တဲ့သတင်းအပါအဝင် စက်တင်ဘာ ၁၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မြန်မာရိုဟင်ဒုက္ခသည်တွေအကျပ်အတည်းနဲ့ နေရပ်ပြန်ပို့ရေးအတွက် မလေးရှားက နေပြည်တော်ကို ဖိတ်ခေါ်ဆွေးနွေးမယ်
  • စစ်တပ်ရဲ့ သင်္ဘော အစင်းရေ ၂၀ နီးပါးကို စက်တင်ဘာ တစ်လအတွင်းမှာ ဖျက်ဆီးထားနိုင်တယ်လို့ KIA ပြော
  • မူးယစ်ဆေး၀ါးနှိမ်နင်းရေးတွေနဲ့ တန်ပြန်ရေးအစီအမံတွေမှာ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတဲ့နိုင်ငံတွေထဲ မြန်မာကိုလည်း သမ္မတဒေါ်နယ်ထရမ့်က ထည့်သွင်း

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အမေရိကန်အတွက်ဘေးမကင်းတဲ့ မူးယစ်ဆေးထုတ်တဲ့နိုင်ငံအဖြစ် မြန်မာကို သမ္မတ ထရမ့် သတ်မှတ်

    မြန်မာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တိုးလာနေတယ်လို့ ကုလအစီရင်ခံစာတွေမှာ ဖော်ပြနေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မြန်မာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တိုးလာနေတယ်လို့ ကုလအစီရင်ခံစာတွေမှာ ဖော်ပြနေ

    မြန်မာကို တရားမ၀င် မူးယစ်ဆေးထုတ်နိုင်ငံတစ်နိုင်ငံအဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတ်မှတ်လိုက်တယ်လို့ အိမ်ဖြူတော်က ကြေညာချက်ထုတ်ပါတယ်။

    ဒါက မူးယစ်ဆေး၀ါးတွေကို တရားမ၀င် ထုတ်လုပ်တာ ဒါမှမဟုတ် တဆင့်ခံဖြစ်စေတဲ့ ၂၀၂၇ ခုနှစ် နိုင်ငံတွေ စာရင်းမှာ မြန်မာကိုပါ ထည့်သွင်းသတ်မှတ်လိုက်ကြောင်း သမ္မတ ထရမ့်က ကွန်ဂရက်လွှတ်တော်ကို စာပေးပို့ လိုက်တာလည်းဖြစ်ပါတယ်။

    သမ္မတ ထရမ့် ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာက စစ်တပ် အုပ်စိုးသူအစုအဖွဲ့ဟာ သူတို့လုပ်နေတဲ့ မူးယစ်စီးပွားရေးကို နှိမ်နင်းဖို့ အားထုတ်မှု နည်းနည်းပဲ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒါကြောင့် မြန်မာဟာ ကမ္ဘာမှာ ဘိန်းထုတ်မှု အကြီးမားဆုံးရင်းမြစ်ဖြစ်လာသလို မက်သာဖက်တမင်း မူးယစ်ဆေးကို အကြီးမားဆုံးထောက်ပို့တဲ့နိုင်ငံတစ်နိုင်ငံလည်း ဖြစ်လာတယ်လို့ သမ္မတ ထုတ်ပြန်ချက်က ဆိုပါတယ်။

    မြန်မာအပြင် ၂၃ နိုင်ငံကို အလားတူသတ်မှတ်တယ်လို့ ကြေညာပြီး အဲဒီထဲမှာမှ မြန်မာ၊ အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယားနဲ့ ကိုလံဘီယာ ၄ နိုင်ငံကတော့ ပြီးခဲ့တဲ့ ၁၂ လအတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သဘောတူညီချက်တွေအရ လိုက်နာရမယ့် တာဝန်တွေကို “သိသာထင်ရှားစွာ ပျက်ကွက်ခဲ့တဲ့နိုင်ငံများ” အဖြစ် သတ်မှတ်ထားပါတယ်။

    အဲဒီနိုင်ငံတွေရဲ့ တရားမဝင်မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ရှေ့ပြေးဓာတုပစ္စည်းတွေ ထုတ်လုပ်ခြင်းနဲ့ မှောင်ခိုဖြန့်ဖြူးခြင်းတွေဟာ အမေရိကန်နိုင်ငံနဲ့ အမေရိကန်ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

    ဒီနိုင်ငံတွေဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း နိုင်ငံတကာ မူးယစ်ဆေးနှိမ်နင်းရေး သဘောတူညီချက်တွေနဲ့ နှိမ်နင်းရေးအစီအမံတွေအရ လိုက်နာရမယ့် တာ၀န်၀တ္တရားတွေမှာ အားထုတ်မှု ကြီးကြီးမားမား မရှိတာကို ပြသတယ်လို့ ဆိုပြီး သမ္မတ ထရမ့်က အခုလို သတ်မှတ်တာလို့လည်း အိမ်ဖြူတော်က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

    အာဖဂန်နစ္စတန်နိုင်ငံမှာတော့ တာလီဘန်တွေဟာ ဘိန်းစိုက်ပျိုးတာကို တားမြစ်ထားတယ်လို့ ကြေညာထားပေမဲ့ ကမ္ဘာတလွှား ဘိန်းစျေးကွက်ကို ဆက်ပြီး ထောက်ပို့နေတာကြောင့် အစ္စလာမ္မစ် အကြမ်းဖက်မှုကို ငွေကြေး ပံ့ပိုးရာ ရောက်နေတယ်လို့ ဆိုပါတယ်။

    ဒီလိုအကြောင်းအရာတွေကြောင့် မြန်မာနဲ့ အာဖဂန်စ္စတန်နိုင်ငံတွေဟာ လုပ်သင့်လုပ်ထိုက်တဲ့ မူးယစ်ဆေး ထိန်းချုပ်ရေး ၀တ္တရားတွေကို ပြသဖို့ ပျက်ကွက်မှုတယ်လို့ ဆုံးဖြတ်လိုက်တယ်တာလို့လည်း သမ္မတ ထရမ့်က သူ့ရဲ့ ထုတ်ပြန်ချက်ထဲ ပြောပါတယ်။

    အမေရိကန်ရဲ့မူးယစ်နှိမ်နင်းရေးအားထုတ်မှုတွေမှာ သက်ဆိုင်ရာနိုင်ငံတွေ အပြည့်အ၀ပူးပေါင်းပါ၀င်မှု လုပ် မလုပ်ကို အမေရိကန်က တရား၀င်သတ်မှတ်တာမျိုး နှစ်စဉ် နှစ်တိုင်း ပြုလုပ်လေ့ရှိပါတယ်။

    နေပြည်တော်ကတော့ မူးယစ်ဆေး၀ါး နှိမ်နင်းရေးတွေကို ပြင်းပြင်းထန်ထန်လုပ်နေတယ်လို့ ပြောနေပြီး ပြီးခဲ့တဲ့ ၁ နှစ်ကျော်အတွင်း မူးယစ်နှိမ်နင်းမှုတွေကနေ ပြည်သူ့ဘဏ္ဍာအဖြစ် ကျပ်ငွေ ၈ ဘီလျံနီးပါး သိမ်းဆည်းမိခဲ့တယ်လို့ မကြာသေးခင်တုန်းကပဲ ထုတ်ပြောပါတယ်။

  2. မန္တလေးမှာ တရုတ်တွေ ဦးဆောင်တဲ့ကျောက်မျက် လိမ်ရောင်းအဖွဲ့ကို စစ်တပ် ဖမ်းဆီး

    မန္တလေးမှာ ဖမ်းမိခဲ့တဲ့ ကျောက်မျက်ရတနာတွေကို ကျားဖြန့်လိမ်လည်ရောင်းချတဲ့ အဖွဲ့

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, မန္တလေးမှာ ဖမ်းမိခဲ့တဲ့ ကျောက်မျက်ရတနာတွေကို ကျားဖြန့်လိမ်လည်ရောင်းချတဲ့ အဖွဲ့

    မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ထဲက တရုတ်နိုင်ငံသား ဦးဆောင်ပြီး အွန်လိုင်းကနေ ကျောက်မျက်ရတနာတွေရောင်းချတဲ့ပုံစံ ကျားဖြန့်(အွန်လိုင်းလိမ်လည်)‌မှု လုပ်တဲ့အဖွဲ့ကို ဖမ်းမိတယ်လို့ နေပြည်တော်က ဒီနေ့ စက်တင်ဘာ ၁၇ ရက်မှာ နိုင်ငံပိုင်သတင်းဌာနတွေကနေ ကြေညာပါတယ်။

    အဲဒီအဖွဲ့ထဲက လူ ၂၀ ဟာ မဟာအောင်မြေအရှေ့ရပ်ကွက်၊ လမ်း ၈၀၊ ၃၉ လမ်းနဲ့ လမ်း ၄၀ ကြားက နေအိမ်တစ်အိမ်မှာ နေထိုင်ပြီး လိမ်လည်တာတွေ လုပ်ကိုင်နေတယ်လို့ သတင်းရရှိရာကနေ စက်တင်ဘာ ၂ ရက်မှာ စီးနင်းဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

    စက်တင်ဘာ ၃ ရက်မှာတော့ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် ၁ ရပ်ကွက်၊ ၆၈ လမ်းနဲ့ ၁၀၁ လမ်းထောင့်က တရားခံ အင်ခွန်ခါးတောမ်ရဲ့ “မက်ဒါလီနမွန် (MagDalenamoom) ကျောက်မျက်ရတနာရောင်းဝယ်ရေး” နေအိမ်ကို ရှာဖွေစစ်ဆေးရာကနေ ကျောက်မျက်လိမ်လည်ရောင်းချတဲ့ကွင်းဆက်ကို ခြေရာခံနိုင်ခဲ့ပြီး နောက်ထပ် လိမ်လည်တဲ့သူ ၈ ဦးကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

    ဖမ်းမိတဲ့သူတွေထဲ မြန်မာ ၁၇ ဦးပါဝင်ပြီး ကျန်တဲ့ ၁၇ ဦးကတော့ နိုင်ငံခြားသားတွေဖြစ်တယ်လို့ ဆိုပါတယ်။

    တရုတ်နိုင်ငံသား ၆ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၄ ဦး၊ မလေးရှားနိုင်ငံသား ၂ ဦးတို့ကို ဖမ်းဆီးထားပြီး ဒီထဲက တရုတ်နိုင်ငံသား ချိန်ရှောင်းတိုက်ကတော့ အွန်လိုင်းလိမ်လည်လုပ်ငန်းကို ဦးဆောင်နေတဲ့သူလို့ သိရပါတယ်။

    လိမ်လည်တဲ့ပုံစံအရ ကျားဖြန့်အဖွဲ့ဟာ သူတို့ဖွင့်ထားတဲ့ကျောက်မျက်အရောင်းဆိုင်ထဲမှာ ကျောက်စိမ်းအချောထည်အတုတွေနဲ့ အရည်အသွေးမကောင်းတဲ့အချောထည်တွေကို ကြိုတင်ပြင်ဆင် စုဆောင်းတာတွေ လုပ်ပြီး အရောင်တူကျောက် ၁၀ လုံးကို အိတ်တွေထဲထည့် ကံစမ်းတဲ့ပုံစံနဲ့ Live လွှင့်ရောင်းချတာပဲ ဖြစ်ပါတယ်။

    အဲဒီနောက် ကံစမ်းမဲပေါက်သူတွေကို ကျောက်စိမ်းအကြမ်းထည် ၁ အိတ် လက်ဆောင်ရရှိမှာဖြစ်ပြီး ဒီအတွက် အခွန်အခပေးရမယ်လို့ လိမ်လည်ပြီး ငွေလွှဲခိုင်းပြီးမှ အဆက်အသွယ်ဖြတ် Block လုပ်လိမ်လည်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    လိမ်ပြီးရလာတဲ့ငွေတွေကိုလည်း အင်ဒိုနီးရှားနဲ့ မလေးရှားက ဘဏ်အကောင့်တွေထဲကို တိုက်ရိုက်လွှဲပို့ခဲ့တာကိုလည်း စစ်ဆေးတွေ့ရှိရတယ်လို့ နေပြည်တော်က ပြောပါတယ်။

    ဖမ်းဆီးရမိတဲ့နိုင်ငံခြားသား ၁၁ ဦးအပါ လိမ်လည်ခဲ့တဲ့ ၂၈ ဦးလုံးကို ဥပဒေနဲ့အညီ ထိထိရောက်ရောက်ဆောင်ရွက်ဖို့ ဆက်လုပ်နေတယ်လို့ နေပြည်တော်က ပြောပါတယ်။

    ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း ရန်ကုန်က မြောက်ဒဂုံနဲ့ အလုံမြို့နယ်တွေအပါအဝင် မြို့နယ် ၅ ခုထက်မနည်းမှာ လည်ပတ်လုပ်ကိုင်နေပြီး လူပေါင်း ၃၆ ဦးပါ၀င်တဲ့ အွန်လိုင်းလောင်းကစားကိုယ်စားလှယ်(အေးဂျင့်)တွေရဲ့ကွင်းဆက်ကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

  3. စစ်တပ်သင်္ဘောအစင်း ၂၀ နီးပါးကို ဖျက်ဆီးထားတယ်လို့ KIA ပြော

    စက်တင်ဘာလအတွင်း ဖျက်ဆီးခံလိုက်ရတဲ့ သင်္ဘော ၁ စင်း

    ဓာတ်ပုံ ရင်းမြစ်, Screen Grab

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာလအတွင်း ဖျက်ဆီးခံလိုက်ရတဲ့ သင်္ဘော ၁ စင်း

    ၂၀၂၆ စက်တင်ဘာ တစ်လတည်းမှာပဲ စစ်တပ်ရဲ့သင်္ဘောအစင်းရေ ၂၀ နီးပါးကို ဖျက်ဆီးထားတယ်လို့ ကချင်လွတ်လပ်ရေးတပ်(KIA)ရဲ့ပြန်ကြားရေးဌာနကနေ သတင်းထုတ်ပြန်လာပါတယ်။

    ဒီသင်္ဘောတွေဟာ မန္တလေးကနေ ဗန်းမော်စစ်မျက်နှာပြင်အတွက် စစ်ကူအင်အား၊ လက်နက်နဲ့ ရိက္ခာတွေပို့ဆောင်ဖို့ စစ်တပ်က ဧရာ၀တီမြစ်ကို ဆန်တက် စေလွှတ်လိုက်တဲ့ သင်္ဘောတွေဖြစ်ပါတယ်။

    မနေ့ စက်တင်ဘာ ၁၆ ရက်တုန်းကလည်း ရွှေကူကနေ ဗန်းမော်ဘက်ကို တက်လာတဲ့ သင်္ဘော ၃ စင်းကို KIA နဲ့ပူပေါင်းတပ်တွေက ရွှေကူမြို့နယ်ထဲမှာ တိုက်ခိုက်ခဲ့ပြီး သင်္ဘော ၁ စင်း နစ်မြုပ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    KIA ပြန်ကြား‌ရေးဌာနကလည်း သင်္ဘော ၃ စင်းမှာ ၁ စင်းနစ်မြုပ်တယ်လို့ အတည်ပြုပြီး ကျန် ၂ စင်းကတော့ ‌ရွှေကူဘက်ကို ပြန်ဆုတ်သွားတယ်လို့ သတင်းထုတ်ပါတယ်။​

    လက်ရှိမှာတော့ ရွှေကူနဲ့ ဗန်းမော်ကြား ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကြောင်းအတွင်းနဲ့ စင်းခန်း တံတားအနီးတို့မှာ KIA ပူးပေါင်းတပ်တွေနဲ့ စစ်တပ်ကြား စစ်ရေးပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “စစ်တပ်ရဲ့ သင်္ဘောလာရာလမ်းကြောင်းတွေကို စောင့်ကြည့်ပြီး တိုက်ခိုက်နေတာ” လို့ သူကဆိုပါတယ်။

    ဗန်းမော်စစ်မျက်နှာကို စစ်ကူပို့တဲ့ စစ်တပ်သင်္ဘောတွေ တိုက်ခိုက်ခံရမှုအတွင်း စစ်သုံ့ပန်း ၁၅၀ ကျော်ကို ဖမ်းမိထားတယ်လို့ KIA ပြန်ကြားရေးဌာနက ကြေညာထားပါတယ်။

    စစ်သုံ့ပန်းတွေကိုလည်း လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ပြီး သီးသန့်နေရာမှာ ထိန်းသိမ်းထားတယ်လို့ KIA က ဆိုပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ဗန်းမော်မြို့နယ်ထဲမှာ စစ်တပ်ရဲ့အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က ဆယ်ချီသေဆုံးခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်တချို့က ပြောထားပါတယ်။

    မြန်မာစစ်တပ်ကတော့ ဗန်းမော်နဲ့ ရွှေကူက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

  4. ရိုဟင်ဂျာတွေကို ပြန်ပို့ရေး ဆွေးနွေးဖို့ ဦးမင်းအောင်လှိုင်ကို မလေးရှားကို ဖိတ်ကြားမယ်လို့ မလေး၀န်ကြီးချုပ်ပြော

    မလေးရှား၀န်ကြီးချုပ် အန်၀ါ အေဘရာဟင် (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Anwar Ibrahim

    ဓာတ်ပုံ ပုံစာ, မလေးရှား၀န်ကြီးချုပ် အန်၀ါ အေဘရာဟင် (ပုံဟောင်း)

    မလေးရှားနိုင်ငံရောက် ရိုဟင်ဂျာတွေကို ပြန်ပို့ရေး ဆွေးနွေးဖို့ ဦးမင်းအောင်လှိုင်ကို မလေးရှားကို တရား၀င်ခရီး ဖိတ်ကြားဖို့ရှိတယ်လို့ဆိုပြီး မလေးရှား၀န်ကြီးချုပ် အန်၀ါ အေဘရာဟင်က ထုတ်ပြောလိုက်ပါတယ်။

    မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ယာယီအခြေချနေရာတွေမှာ ဒုက္ခသည်တွေနဲ့ ဒေသခံတွေကြား တင်းမာမှုတွေ ရှိနေတာ၊ ဒုက္ခသည်တွေကြောင့် မလေးရှားအတွက် ၀န်ထုပ်၀န်ပိုးဖြစ်နေစေတယ်ဆိုတဲ့ ၀ေဖန်ပြောဆိုသံတွေ ညံနေချိန်မှာ မလေးရှား၀န်ကြီးချုပ်က အခုလို ထုတ်ပြောလာတာဖြစ်ပါတယ်။

    “လက်ရှိမြန်မာအစိုးရကို အသိအမှတ်မပြုရင် ရိုဟင်ဂျာအရေး ဘယ်သူနဲ့ညှိနှိုင်းရမှာလဲ” လို့ မလေးရှားမှာ ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်တစ်ခုမှာ ဝန်ကြီးချုပ်က အခုလိုပြောခဲ့တာပါ။

    မြန်မာနဲ့ မလေးရှားနိုင်ငံကြား မိတ်ဆွေတွေဖြစ်နိုင်ပြီး ကုန်သွယ်ရေးတွေလည်း လုပ်နိုင်တာကြောင့် မြန်မာကို မိတ်ဖက်အဖြစ် လက်ခံနိုင်တယ်လို့ နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်ကို သိစေချင်တယ်လို့ သူက ဆိုပြီး အပြန်အလှန်အနေနဲ့ မြန်မာဘက်ကလည်း ရိုဟင်ဂျာဒုက္ခသည်တွေကို လိုလိုလားလား ပြန်လက်ခံမယ်ဆိုတာ ပြသဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

    မလေးရှားအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၂ သိန်းနီးပါးကို လက်ခံထားရတာကြောင့် လူမှုရေးနဲ့ စီးပွားရေးကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ အာဏာပိုင်တွေက အစောပိုင်းကတည်းက ထုတ်ပြောထားကြပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ မလေးရှားက ဒုက္ခသည် ၅,၀၀၀ ကို နေရပ်ပြန့်မယ့်အစီအစဉ်ကို မြန်မာအာဏာပိုင်တွေက လက်ခံဖို့ ကနဦး သဘောတူခဲ့ပါတယ်။ အဲဒီနောက် လူ့အခွင့်အရေးအဖွဲ့(HRW) အပါအဝင် အရပ်ဘက်အဖွဲ့တွေက ရိုဟင်ဂျာတွေကို အတင်းအကျပ်ပို့ဆောင်တာ ရပ်တန့်သင့်ပြီး ခိုလှုံခွင့်လျှောက်ထားသူတွေကို နေထိုင်ခွင့်ပေးပြီး လုံခြုံရေးအာမခံမှုပေးဖို့ဆိုပြီး တောင်းဆိုမှုရှိလာပြီးနောက် ပြန်ပို့မယ့် အစီအစဉ်နှောင့်နှေးခဲ့ပါတယ်။

    တစ်လနီးပါးအကြာ ဩဂုတ်နှောင်းပိုင်းမှာတော့ လူ ၅,၀၀၀ နေရပ်ပြန်ပို့ရေးရဲ့ ပထမအဆင့်အနေနဲ့ မလေးရှားကနေ မြန်မာ ၁,၄၀၀ ကျော်ကို စက်တင်ဘာလကစပြီး ပြန်ပို့မယ်လို့ နေပြည်တော်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနကနေ ကြေညာပါတယ်။

    လာမယ့် စက်တင်ဘာ ၂၉ ရက်ကစပြီး မလေးရှားမှာ ဒုက္ခသည်တွေကို မှတ်ပုံတင်မယ့် စနစ်သစ်ကို စတင်လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။

  5. မင်္ဂလာပါ။ စက်တင်ဘာ ၁၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။