ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု , မြန်မာ့အရေးမှာ 5PC တိုးတက်မှုပြသဖို့ အာဆီယံဥက္ကဋ္ဌသစ် စင်ကာပူ တိုက်တွန်းထား

အာဆီယံဥက္ကဋ္ဌတာဝန် စင်ကာပူထံ လွှဲပြောင်းလိုက်ပြီဖြစ်ပြီး မြန်မာ့အရေးမှာ 5PC အတိုင်း တိုးတက်မှု ပြသဖို့ တိုက်တွန်းထားတဲ့သတင်းအပါအ၀င် နို၀င်ဘာ ၁၈ ရက်နောက်ဆုံးရ မြန်မာနဲ့ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ရန်ကုန်ဈေးကွက်အတွင်း တရားဝင်ဖြန့်ဖြူးတဲ့ Ovaltine ထုတ်ကုန်တချို့ ပစ္စည်းပြတ်နေ
  • ဒီနေ့ မနက်ပိုင်း စျေးကွက်အဖွင့်မှာ မြန်မာကျပ်ငွေ တစ်သိန်းကို ထိုင်းငွေ ဘတ် ၆၈၀ ကျော်ရှိ
  • အာဆီယံအလှည့်ကျဥက္ကဋ္ဌတာ၀န်ကို ဖိလစ်ပိုင်က စင်ကာပူနိုင်ငံထံ လွှဲပြောင်းလိုက်ပြီဖြစ်ပြီး မြန်မာ့အရေးမှာ ဘုံ ၅ ချက် တိုးတက်မှုပြသဖို့ စင်ကာပူ၀န်ကြီးချုပ်က အစောပိုင်းမှာ ပြောထားပါတယ်
  • အင်ဒို- ပစိဖိတ်နဲ့ မြန်မာပါ၀င်တဲ့အာရှ -ပစိဖိတ်ဒေသမှာ အာဆီယံအဖွဲ့ကြီးရဲ့အခရာကျမှုကို Quad ခေါင်းဆောင်တွေက ထပ်လောင်းအတည်ပြုလိုက်ပါတယ်
  • အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံဖို့ အာရှကို ရောက်နေကြပါပြီ။ ဒီသုံးပွင့်ဆိုင်တွေ့ဆုံမှု ဘယ်လောက်အရေးကြီးလဲ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဆိုင်ကလုန်းမုန်တိုင်း အက်ဗန်ကြောင့် နိုင်ငံတဝန်း မိုးရွာမယ်

    မြန်မာဘက်ခြမ်း၊ ကိုကိုးကျွန်းမြို့ (Coco Island) ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၇၀ မိုင်ခန့် ကို ဗဟိုပြုနေတဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “အက်ဗန်” ကြောင့် နိုင်ငံတဝန်းမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

    မိုးဇလရဲ့ အက်ဗန် ဆိုင်ကလုန်းနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေအရ ဒီနေ့ကနေနောက် ၂ ရက်အတွင်း နေရာကွက်မိုးကြီးနိုင်တယ်လို့ နားလည်ရပါတယ်။

    ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကယား၊ ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းရော အရှေ့ပိုင်းတို့မှာ နေရာကျဲကျဲမိုးရွာနိုင်ကြောင်း မိုးဇလက ဒီနေ့ ၇ နာရီမှာ ထုတ်ပြန်ပါတယ်။ တခြားတိုင်းနဲ့ ပြည်နယ်တို့မှာတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာဖို့ ရှိနေပါတယ်။

    ဆိုင်ကလုန်းမုန်တိုင်း အက်ဗန်ဟာ အနောက်အလယ်ပိုင်း ဘင်္ဂလားပင်လယ်အော်သို့ ရွေ့လျားချိန်မှာ မုန်တိုင်းအပြင်ဘက်တိမ်တိုက်များ (Outer rainbands) ကြောင့် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်က စိုစွတ်တဲ့လေထုဟာ မြန်မာနိုင်ငံတောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေ ဆီကို စီးဝင်လာမယ်လို့ မိုးလေဝသစောင့်ကြည့်သူ ဦးဝင်းနိုင်ကလည်း ဖော်ပြထားပါတယ်။

    မြောက်ဘက်က ဆင်းလာတဲ့ လေဖိအားကြီးရပ်ဝန်းရဲံ ခြောက်သွေ့အေးမြတဲ့ ဆောင်းလေထုနဲ့ တောင်ဘက်ကတက်လာတဲ့ ပူနွေးစိုစွတ်တဲ့ ပင်လယ်လေထုတို့ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ပဲခူးတောင်ပိုင်းနဲ့ တနင်္သာရီဒေသတွေအထက်တွင် ထိတွေ့ဆုံဆည်းလို့ မိုးတိမ်တောင်တွေ အားကောင်းနေပါတယ်။

    မိုးတိမ်တောင်အားကောင်းလို့ အဲဒီဒေသတွေမှာ နိုဝင်ဘာ ၁၉ ရက်ကနေ ၂၁ ရက်အတွင်း နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးရွာသွန်းတာ၊ မိုးသက်လေပြင်းတိုက်ခတ်တာနဲ့ မိုးကြိုးပစ်တာတွေ ကြုံနိုင်ရကြောင်း ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

    ဒီနေ့ မနက် မိုးဇလထုတ်ပြန်ချက်အရ မုန်တိုင်းဟာ ကိုကိုးကျွန်းနဲ့ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)ရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၃၀ မိုင်ခန့်၊ ချင်းနိုင်မြို့(Chennai)ရဲ့ အရှေ့ဘက် ရေမိုင် ၃၁၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

    ဒါကြောင့် ဘင်္ဂလားပင်လယ်အော်မြောက် ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အနည်းငယ်ကနေ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။

    ရန်ကုန်ကနေ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်မှာလည်း လှိုင်းအသင့်အတင့် ကနေ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့်က ၇ ပေကနေ ၉ ပေခန့်အထိရှိနိုင်ပါတယ်။

  2. TikTok မှာ ''ကပြ''ရတဲ့အလုပ်နောက်ကွယ်မှာ လူငယ်တွေဘာတွေကြုံနေရလဲ

    ထိုင်းနိုင်ငံရောက် အလုပ်ရှာနေတဲ့မြန်မာလူငယ်တွေ TikTok ကို ဝင်ကြည့်လိုက်တာနဲ့ သူတို့ရဲ့ အာရုံကို ဖမ်းစားနေတဲ့ အလုပ်ခေါ်စာတွေထဲမှာ TikTok မှာ Live လွှင့်ရမယ့်အလုပ်တွေက ထိပ်ဆုံးက ပါဝင်နေပါတယ်။

    အဲဒီထဲမှာ ခေတ်ပေါ်အဝတ်အစားဒီဇိုင်းတွေဝတ်ပြီး အုပ်စုလိုက် Live လွှင့် 'ကပြ'ရတာ၊ ဒါမှမဟုတ် တစ်ယောက်တည်း Live လွှင့် 'ကပြ' ပေးရုံနဲ့ တစ်လ ဘတ် ၂ သောင်းအပြင် ရက်မှန်ကြေးနဲ့ ဘောနပ်စ်တွေရမယ်လို့ အဲဒီအလုပ်ခေါ်စာတွေမှာ မက်လုံးပေးထားပါတယ်။

    အဲဒီလုပ်ငန်းခွင်တွေက မြန်မာလူငယ်အချို့ကတော့ မြန်မာလူငယ်တွေကတော့ လုပ်ခလစာနဲ့ အလုပ်ချိန်ပိုတဲ့ပြဿနာတွေအပြင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတဲ့ အခြေအနေတွေလည်း ကြုံတွေ့နေရတယ်လို့ ဖွင့်ဟကြပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင်ခ့် မှာဖတ်နိုင်ပါပြီ။

  3. မြန်မာမှာ DKSH က Ovaltine ဖြန့်ဖြူးမှုရပ်ဆိုင်း၊ Unilever လည်းထွက်ခွာရန်ပြင်ဆင်ထား

    မြန်မာနိုင်ငံမှာ ဆယ်စုနှစ်များစွာ လူသုံးများခဲ့တဲ့ Ovaltine (အိုဗာတင်း) ကို ထိုင်းနိုင်ငံကနေ တင်သွင်းပြီး နိုင်ငံအတွင်း ဖြန့်ဖြူးရောင်းချနေတဲ့ ဆွစ်ဇာလန်အခြေစိုက် DKSH က အောက်တိုဘာလကုန်ကစပြီး အဲဒီလုပ်ငန်းကို ရပ်ဆိုင်းလိုက်ပြီလို့ နိုဝင်ဘာ ၁၈ ရက်ထုတ် သတင်းစာမှာ ကြေညာပါတယ်။

    လက်ရှိမှာတော့ ရန်ကုန်ဈေးကွက်အတွင်း တရားဝင်ဖြန့်ဖြူးတဲ့ Ovaltine ထုတ်ကုန်တချို့ ပစ္စည်းပြတ်လပ်မှုရှိနေတယ်လို့ ရောင်းချသူတချို့က ပြောပါတယ်။

    "DKSH က Ovaltine ပုလင်းတွေကို ဖြန့်ပြီး ပထမဂရုက စက္ကူဘူးနဲ့ အထုပ်တွေကို ဖြန့်တာပါ။ အခုက Ovaltine ပုလင်းတွေကို Mega ကုမ္ပဏီက ပြောင်းဖြန့်မယ်လို့ သိရတယ်။ အော်ဒါတွေကောက်သွားပေမဲ့ တစ်လလောက်ရှိပြီ၊ Mega က ပစ္စည်းမပို့သေးဘူး" လို့ Ovaltine ရောင်းချသူတစ်ဦးက ပြောပါတယ်။

    Ovaltine ထုတ်ကုန်တွေကို ထိုင်းနိုင်ငံအခြေစိုက် AB Food & Beverages က ထုတ်လုပ်တာဖြစ်ပြီး DKSH (Myanmar) Limited ဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကစပြီး မြန်မာနိုင်ငံအတွင်း တရားဝင်ဖြန့်ဖြူးသူအဖြစ် လုပ်ကိုင်ခဲ့တာပါ။

    DKSH ရဲ့ ကြေညာချက်အရ ကုမ္ပဏီနှစ်ခုအကြား ဖြန့်ဖြူးရေးသဘောတူညီချက်ဟာ ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်မှာ ရပ်စဲခဲ့ပြီး အောက်တိုဘာလကုန်မှာတော့ Ovaltine ထုတ်ကုန်တွေကို ထိုင်းနိုင်ငံကနေ တင်သွင်းခြင်း၊ မြန်မာနိုင်ငံအတွင်း ဖြန့်ဖြူးခြင်းနဲ့ ရောင်းချခြင်းတို့ကို ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

    DKSH ကတော့ အောက်တိုဘာလနောက်ပိုင်း မြန်မာဈေးကွက်မှာ ရှိနေတဲ့ Ovaltine ထုတ်ကုန်တွေဟာ အခြားတင်သွင်းသူနဲ့ ဖြန့်ဖြူးသူတွေကတစ်ဆင့် ဝင်ရောက်လာတာဖြစ်နိုင်ပြီး အဲဒီထုတ်ကုန်တွေရဲ့ အရည်အသွေးနဲ့ စစ်မှန်မှုအပေါ် တာဝန်ယူမှာမဟုတ်ကြောင်း သတိပေးထားပါတယ်။

    အိုဗာတင်းဖြန့်ဖြူးမှုရပ်ဆိုင်းတာနဲ့ပတ်သက်လို့ DKSH ကုမ္ပဏီကို ဘီဘီစီက အီးမေးလ်ပို့ ဆက်သွယ်မေးမြန်းထားပါတယ်။

    Ovaltine ရဲ့ ဖြန့်ဖြူးရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး Mega ကုမ္ပဏီဘက်က တရားဝင်ထုတ်ပြန်ထားတာကိုတော့ လက်ရှိအချိန်အထိ မတွေ့ရသေးပါဘူး။ ပြီးခဲ့တဲ့လကလည်း ဗြိတိန်အခြေစိုက် Unilever ကုမ္ပဏီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ရှယ်ယာရောင်းချမှု တွေရှိခဲ့ပါတယ်။

    Unilever ဟာ မြန်မာနိုင်ငံရှိ သူ့ရဲ့ ဖက်စပ်လုပ်ငန်း Unilever EAC Myanmar Company Limited မှာ ပိုင်ဆိုင်ထားတဲ့ ရှယ်ယာအားလုံးကို ပြည်တွင်းမိတ်ဖက် EAC နဲ့ ဆက်နွှယ်တဲ့ Centig Holding Company Limited ထံ ရောင်းချဖို့ သဘောတူခဲ့ကြောင်း နိုဝင်ဘာ ၅ ရက်မှာ အတည်ပြုခဲ့ပါတယ်။

    အရောင်းအဝယ်ကို ၂၀၂၇ ခုနှစ်မှာ အပြီးသတ်ဖို့ မျှော်မှန်းထားပြီး သက်ဆိုင်ရာခွင့်ပြုချက်တွေ ရရှိဖို့လည်း လိုအပ်နေသေးတယ်လို့ ရိုက်တာသတင်းဌာနက အစောပိုင်းက ဖော်ပြပါတယ်။

    Unilever ဟာ Dove၊ Sunsilk၊ Lux၊ Lifebuoy၊ Pond's၊ Rexona နဲ့ Knorr စတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်တွေနဲ့ လူသိများတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။

    အဲဒီအမှတ်တံဆိပ်တွေရဲ့ ထုတ်ကုန်တချို့ဟာ မြန်မာစားသုံးသူတွေကြားမှာ လူသုံးများပြီး ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းနဲ့ အစားအသောက်ထုတ်ကုန်တွေ ပါဝင်ပါတယ်။

    ကုမ္ပဏီက ထွက်ခွာမယ်လို့မကြေညာခင်ကတည်းက အဲဒီအမှတ်တံဆိပ်ကုန်ပစ္စည်းတွေကို အကန့်အသတ်နဲ့သာ ဖြန့်ဖြူးနိုင်ပြီး အများစုဟာ အောက်လမ်းလို့ခေါ်တဲ့ ထိုင်းကနေတရားမဝင် ဝင်ရောက်လာတဲ့ပစ္စည်းတွေကိုသာ ပြည်တွင်းမှာအဓိကဝယ်ယူရောင်းချနေရကြောင်း လူသုံးကုန် ပစ္စည်းရောင်းချသူတွေဆီကသိရပါတယ်။

    မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေကြေးရရှိမှုအခက်အခဲ၊ သွင်းကုန်လိုင်စင်ကန့်သတ်ချက်၊ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ ထောက်ပြနေကြတာပါ။

    အဲဒီအခြေအနေတွေကြားမှာ နိုင်ငံခြားကုမ္ပဏီတချို့က ၂၀၂၆ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံအတွင်း လုပ်ငန်းတွေကို ရပ်ဆိုင်းတာ၊ ရှယ်ယာရောင်းချတာနဲ့ လုပ်ငန်းပိုင်ဆိုင်မှုတွေကို ပြည်တွင်းမိတ်ဖက်တွေဆီ လွှဲပြောင်းတာတွေ လုပ်ဆောင်လာကြပါတယ်။

    ဒီလိုအပြောင်းအလဲတွေကြောင့် ပြည်တွင်းစျေးကွက်ထဲ စားသုံးသူတွေအတွက် ကုန်ပစ္စည်းရရှိနိုင်မှု၊ ဈေးနှုန်းနဲ့ တရားဝင်ဖြန့်ဖြူးရေးကွန်ရက်တွေအပေါ် ဘယ်လိုသက်ရောက်လာမလဲဆိုတာကိုလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။

  4. ဒေါ်လာနဲ့ ဘတ်စျေးတက်၊ မြန်မာငွေဈေးဆက်ကျ

    အမေရိကန်ဒေါ်လာငွေလဲနှုန်းမြင့်တက်လို့ ထိုင်းဘတ်ငွေစျေးတက်လာတာနဲ့ အမျှ မြန်မာကျပ်ငွေစျေးလည်း ဆက်တိုက်ကျဆင်းနေတယ်လို့ ထိုင်း-မြန်မာနယ်စပ်ရှိ ပြင်ပငွေလဲစျေးကွက်လုပ်ငန်းလုပ်ကိုင်သူတချို့ကပြောပါတယ်။

    ဒီနေ့ နိုဝင်ဘာ ၁၈ ရက်မနက်ပိုင်း စျေးကွက်အဖွင့်မှာ မြန်မာကျပ်ငွေ တစ်သိန်းကို ထိုင်းငွေ ဘတ် ၆၈၀ ကျော်နဲ့ ၇၀၀ ဝန်းကျင်သာရတော့ပြီး မြန်မာငွေဈေးဆက်လက်ကျဆင်းနေတယ်လို့ ပြင်ပငွေလဲဈေးကွက်လုပ်ငန်းတွေရဲ့အချက်အလက်တွေအရ သိရှိရပါတယ်။

    အခု နိုဝင်ဘာလအစမှာ မြန်မာငွေကျပ်တစ်သိန်းကို ဘတ် ၇၁၀ ကျော်ရှိရာကနေ နှစ်ပတ်ကျော် အတွင်း ကျပ်ငွေဈေးဆက်တိုက်ကျဆင်းလာတာပါ။ ဒီနေ့အဖွင့်ဈေးက ထိုင်းငွေတစ်ဘတ်ကို မြန်မာငွေ ၁၄၇ ကျပ်ပေးရတာဖြစ်ပါတယ်။

    အမေရိကန်ဒေါ်လာဈေးတွေလည်းဆက်တက်နေပြီး ဒီနေ့မနက်မှာ တစ်ဒေါ်လာကို ၄,၉၆၀ ကျပ်အထိ ရှိနေပါတယ်။ အခုလအစမှာ တစ်ဒေါ်လာကို ၄,၇၀၀ ဝန်းကျင်သာရှိရာကနေ ငွေကျပ် ၅,၀၀၀ နီးပါးအထိ ရောက်လာတဲ့အခြေအနေပါ။

    နေပြည်တော်က နိုင်ငံခြားငွေလဲလှယ်နှုန်းထားတွေသတ်မှတ်ထားကာ တစ်ဒေါ်လာကို ၂,၁၀၀ ကျပ်နဲ့လဲလှယ်ပေးပြီး ပြင်ပဈေးကွက်နဲ့ ထက်ဝက်နီးပါးကွာဟနေပါတယ်။

    ဒါ‌‌ပေမဲ့ မြန်မာဗဟိုဘဏ်က တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ဝယ်ယူရောင်းချ၊ လဲလှယ်တာတွေနဲ့ သတ်မှတ်ထားတဲ့ ငွေလဲနှုန်းကို လိုက်နာခြင်းမရှိတဲ့ လုပ်ငန်းတွေကို ဥပဒေအရ အရေးယူမယ်လို့ အခုလထဲ မကြာခဏသတိပေးထားပါတယ်။

    ဗဟိုဘဏ်ရဲ့ အခုလထဲထုတ်ပြန်ချက်မှာ နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ ငွေကြေးလဲလှယ်တာ၊ ခွင့်ပြုထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်တာနဲ့ ငွေလဲနှုန်းတည်ငြိမ်မှုကို ထိခိုက်စေတဲ့ လုပ်ဆောင်ချက်တွေကို သက်ဆိုင်ရာဥပဒေတွေအရ အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။

    ဒီနေ့မနက် မြန်မာရွှေဈေး ပြင်ပပေါက်စျေးက ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ်ငွေ သိန်းတစ်ရာနဲ့ ၃ သိန်း ဝန်းကျင်ရှိနေပါတယ်။

    ဒါအပြင် နိုင်ငံခြားငွေ‌ဈေးကွက်နဲ့အတူ မြန်မာ့ရွှေဈေးမတက်ဖို့လည်း ဈေးကွက်ထိန်းချုပ် တာတွေ လုပ်ထားပြီး အွန်လိုင်းကနေ ရွှေမရောင်းချဖို့ပါ ကန့်သတ်ထားပါတယ်။

    တဖက်မှာလည်း ကမ္ဘာ့ရွှေဈေးဟာ အမေရိကန်ဒေါ်လာတန်ဖိုးနဲ့ အမေရိကန်အစိုးရငွေချေးစာချုပ် အတိုးနှုန်းတွေ မြင့်တက်နေတဲ့အတွက် တစ်နှစ်ကျော်အတွင်း အနိမ့်ဆုံးအဆင့်ရောက်နေလို့ ကမ္ဘာစျေးကွက်မှာ ရွှေ‌စျေးကျ ငွေစျေးမာနေပါတယ်။

    ကမ္ဘာ့စျေးကွက်မှာ ရွှေဈေးဟာ အမေရိကန်ဒေါ်လာတန်ဖိုးနဲ့ အတိုးနှုန်းအလားအလာတွေအပေါ် မူတည်ပြီး ဆက်လက်အတက်အကျရှိနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

  5. ရှီနဲ့ သုံးပွင့်ဆိုင်တွေ့ဆုံဖို့ ထရမ့်နဲ့ ပူတင်တို့ အာရှရောက်နေ

    တရုတ်မှာ ကျင်းပနေတဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် (Apec) ရဲ့ ဆက်စပ်အစည်းအဝေးအဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ရဲ့ သမိုင်းဝင် တွေ့ဆုံဆွေးနွေးပွဲကို ကြာသပတေးနေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

    ရုရှားသမ္မတ ပူတင် ဟာအေပက် ထိပ်သီးဆွေးနွေးပွဲကို တက်ဖို့ တရုတ်ကို ရောက်နေပြီဖြစ်ပါတယ်။

    အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဖိလစ်ပိုင်နိုင်ငံကနေ ဒီနေ့မှာ တရုတ်ကို သွားမှာဖြစ်ပါတယ်။

    တရုတ်သမ္မတ ရှီကတော့ ဒီနေ့မနက်ပိုင်းမှာပဲ အေပက် အမှုဆောင်အစည်းအ၀ေး (CEO Summit) မှာ မိန့်ခွန်းပြောပါတယ်။​

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ဒီတွေ့ဆုံပွဲကို အတည်ပြုခဲ့တာဖြစ်ပြီး အိမ်ဖြူတော်နဲ့ ကရင်မလင်တို့ကလည်း အစောပိုင်းမှာ အသီးသီး ကြေညာထားပြီး ဖြစ်ပါတယ်။

    ဒီအစည်းအဝေးဟာ ကမ္ဘာ့အင်အားကြီးခေါင်းဆောင် သုံးဦး ပထမဆုံးအကြိမ် တစ်နေရာတည်းမှာ စုဝေးတွေ့ဆုံမယ့်အစည်းအဝေးလည်း ဖြစ်ပါတယ်။

    Wall Street Journal သတင်းစာကတော့ ရုရှားနဲ့ ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေး ညှိနှိုင်းဖို့ ကြိုးပမ်းတဲ့အနေနဲ့ ပူတင်က ဒီဆွေးနွေးပွဲကို အဆိုပြုခဲ့တာလို့ ရေးပါတယ်။

    ထရမ့်ကလည်း နိုင်ငံ ပူးတွဲနျူကလီးယားလက်နက် လျှော့ချရေးဆွေးနွေးမှုတွေကို ကြိုဆိုကြောင်း အောက်တိုဘာလတုန်းက ပြောခဲ့ပါတယ်။​

    “ကျွန်တော်တို့ အကြောင်းအရာတော်တော်များများကို ဆွေးနွေးကြမှာပါ” လို့ ထရမ့်က အခုလ အစောပိုင်းမှာ ပြောကြားခဲ့ပြီး “အီရန်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ ကြိုးစားနေပါတယ်” လို့လည်း ဆိုခဲ့ပါတယ်။

    တရုတ်ဘက်က အစည်းအဝေး ကျင်းပမယ့်အကြောင်း အတည်ပြုခဲ့ပေမယ့် ဆွေးနွေးမယ့် အစီအစဉ်အသေးစိတ်တွေကိုတော့ ထုတ်မပြောသေးပါဘူး။

    အင်အားကြီး သုံးနိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံမှု ဘယ်လောက်အရေးကြီးလဲ။

    ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။​

  6. ထရမ့်ရဲ့ အာဆီယံနဲ့ တရုတ် ခရီးစဥ်

    အာဆီယံနဲ့ဆက်စပ်သတင်းတွေကို ဆက်ပြောရရင်တော့

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့အာရှခရီးစဥ် ပထမအစအဖြစ် ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာ တစ်ရက်တာ တစ်ထောက်နားတဲ့အလုပ်သဘော ခရီးစဥ်ပြီးဆုံးလုနီးပြီဖြစ်ပါတယ်။​

    မနေ့ညနေပိုင်းမှာ သူ မနီလာကို လေယာဥ်ဆိုက်ဆိုက်ပြီးချင်းမှာပဲ ထရမ့်ဟာ အာဆီယံ ခေါင်းဆောင်တွေ၊ နောက်ပြီး အမေရိကန်လည်းပါ၀င်တဲ့ Quad မဟာမိတ်အဖွဲ့၀င် ဩစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံထားပါတယ်။

    ထရမ့်ဟာ မနေ့ညနေပိုင်းမှာပဲ ထိုင်းနိုင်ငံနဲ့ ကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက် လက်မှတ်ထိုးထားပြီး ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာနကတော့ ဒါဟာ ကနဦးအဆင့်လို့ ဆိုပါတယ်။​

    ဒီနေ့မနက်မှာတော့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် "ဘွန်းဘွန်း" မားကို့စ်က ထရမ့်ကို သမ္မတအိမ်တော်မှာ တရားဝင် ကြိုဆိုဧည့်ခံသွားမှာဖြစ်ပြီး နိုင်ငံတော်အဆင့် နေ့လယ်စာဧည့်ခံပွဲ လည်း ဧည့်ခံသွားမှာဖြစ်ပါတယ်။

    အဲဒီနောက်မှာတော့ ထရမ့်ဟာ တရုတ်နိုင်ငံတောင်ပိုင်းက ရှန်ကျန်းမြို့ကို သွားပြီး အာရှ-ပစိဖိတ် ခေါင်းဆောင်တွေရဲ့ သီးခြားထိပ်သီးအစည်းအဝေးကို တက်ရောက်မှာဖြစ်ပါတယ်။​

    အဲဒီခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ကိုလည်း တွေ့ဆုံမယ်လို့ သိရပါတယ်။

    မနီလာမြို့တော်မှာတော့ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးနဲ့ ဆက်စပ်အစည်းအ၀ေးတွေအတွက် ကမ္ဘာ့ခေါင်းဆောင်တွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့အတွက် လူဦးရေ ၁၅ သန်းခန့် နေထိုင်မြို့တော်မှာ ဒီနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။​

  7. အာဆီယံအခရာကျမှုကို Quad ခေါင်းဆောင်တွေ ထပ်လောင်းပြော

    မြန်မာပါ၀င်တဲ့ အာရှ- ပစိဖိတ်ဒေသမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေမှာ အာဆီယံအဖွဲ့ကြီးက အဓိက ဗဟိုချက်အဖြစ် ဆက်ရှိနေတာကို လက်ခံတဲ့အကြောင်း အမေရိကန်ပါ၀င်တဲ့ Quad လုံခြုံရေးမဟာမိတ်အဖွဲ့ခေါင်းဆောင်တွေက ကြေညာချက် ထုတ်ပါတယ်။​

    Quad အဖွဲ့၀င် အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယ နိုင်ငံတွေက ခေါင်းဆောင်တွေ မနေ့ညနေပိုင်းမှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ တွေ့ဆုံအပြီး အခုလို ထုတ်ပြန်ခဲ့တာပါ။

    ဒီခေါင်းဆောင်တွေဟာ မနီလာမှာ ကျင်းပနေတဲ့ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးနဲ့ ဆက်စပ်အစည်းအ၀ေးတွေကို တက်ရောက်နေခဲ့ကြအပြီးမှာ ၂ နှစ်အတွင်း ပထမဆုံး အကြိမ် သီးခြားတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။​

    အာဆီယံကို ဗဟိုပြုမှုနဲ့ အာဆီယံရဲ့စည်းလုံးညီညွတ်မှုကိုလည်း ထောက်ခံတယ်လို့ Quad ခေါင်းဆောင်တွေက ပြောပါတယ်။​

    ခေါင်းဆောင်တွေကတော့ ဉာဏ်ရည်တု (AI)၊ အရေးပါတဲ့ထောက်ပံ့ရေးကွင်းဆက်တွေ၊ ရေကြောင်းမှာ လွတ်လပ်စွာသွားလာခွင့်နဲ့ နည်းပညာပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ဖို့လည်း သဘောတူခဲ့ကြတယ်လို့ Quad ခေါင်းဆောင်တွေရဲ့ မနေ့ညပိုင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။​

  8. အာဆီယံဥက္ကဋ္ဌတာဝန် စင်ကာပူထံ လွှဲပြောင်း, မြန်မာ့အရေးမှာ 5PC အတိုင်း တိုးတက်မှု ပြသဖို့ လောရင့်ဝမ် တိုက်တွန်း

    အာဆီယံဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံကနေ စင်ကာပူနိုင်ငံထံ နိုဝင်ဘာ ၁၇ ရက်မှာ လွှဲပြောင်းပေးခဲ့ပြီး ၂၀၂၇ ခုနှစ်မှာ ဥက္ကဋ္ဌတာဝန်ယူမယ့် စင်ကာပူဝန်ကြီးချုပ် လောရင့်ဝမ်က ဒေသတွင်း စီးပွားရေးပေါင်းစည်းမှု ပိုမိုနက်ရှိုင်းစေရေးနဲ့ ပြင်ပမိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို ဦးစားပေးလုပ်ဆောင်မယ်လို့ ပြောပါတယ်။

    မနီလာမြို့မှာ ကျင်းပတဲ့ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားမှာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက အာဆီယံဥက္ကဋ္ဌတာဝန်ကို လောရင့်ဝမ်ထံ လွှဲပြောင်းပေးခဲ့တာပါ။

    စင်ကာပူရဲ့ ၂၀၂၇ အာဆီယံဥက္ကဋ္ဌသက်တမ်းအတွက် “Deeper Integration, Wider Partnerships” ဆိုတဲ့ ဆောင်ပုဒ်ကို ရွေးချယ်ထားပြီး ဒစ်ဂျစ်တယ်နည်းပညာ၊ ဉာဏ်ရည်တုနည်းပညာ(AI) နဲ့ သန့်ရှင်းစွမ်းအင်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမယ်လို့ လောရင့်ဝမ်က ပြောပါတယ်။

    ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား ပြိုင်ဆိုင်မှုနဲ့ ပြင်ပပဋိပက္ခတွေကြောင့် အာဆီယံအနေနဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပေမဲ့ အဲဒီအခြေအနေတွေကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ အာဆီယံက ရွေးချယ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။

    မြန်မာ့အရေးနဲ့ပတ်သက်လို့တော့ လောရင့်ဝမ်က နိုဝင်ဘာ ၁၅ ရက် အာဆီယံခေါင်းဆောင်တွေရဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကို အာဆီယံနိုင်ငံရေးဆွေးနွေးမှုတွေထဲ ပြန်လည်ပါဝင်လာစေလိုကြောင်း ပြောခဲ့ပါတယ်။

    ဒါပေမဲ့ အဲဒီလို ပြန်လည်ထိတွေ့ဆက်ဆံရေးဖြစ်လာဖို့ မြန်မာဘက်ကလည်း အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက် (5PC) အတိုင်း လက်တွေ့တိုးတက်မှုတွေ ပြသဖို့လိုတယ်လို့ သူက တိုက်တွန်းပါတယ်။

    အဲဒီတိုးတက်မှုတွေမှာ လူသားချင်းစာနာမှုအကူအညီပေးရေး၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးမှုဖြစ်ပေါ်ရေးနဲ့ အကြမ်းဖက်မှုရပ်တန့်ရေးတို့ ပါဝင်တယ်လို့ လောရင့်ဝမ်က ပြောပါတယ်။

    အာဆီယံခေါင်းဆောင်တွေကလည်း 5PC အကောင်အထည်ဖော်မှုမှာ ရေရှည်တည်တံ့တဲ့ လက်တွေ့တိုးတက်မှုရှိလာမှသာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကိုယ်စားပြုမှုကို အဆင့်လိုက် ပြန်လည်ခွင့်ပြုရေး စဉ်းစားမယ်လို့ နိုဝင်ဘာ ၁၅ ရက်မှာ ဆုံးဖြတ်ထားပါတယ်။

    စင်ကာပူနိုင်ငံဟာ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ အာဆီယံဥက္ကဋ္ဌတာဝန်ကို တရားဝင်စတင်ထမ်းဆောင်မှာဖြစ်ပါတယ်။

  9. မင်္ဂလာပါ။

    နို၀င်ဘာလ ၁၈ ရက် နောက်ဆုံးရ မြန်မာနဲ့ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

    ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။