ICJ စီရင်ချက်မတိုင်မီ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေရဲ့ ပြောကြားချက်
MSF (နယ်စည်းမခြား ဆရာဝန်များအဖွဲ့) ရဲ့ နိုဝင်ဘာ ၁၈ ရက် ထုတ်ပြန်ချက်မှာ ICJ စီရင်ချက်တစ်ခုတည်းနဲ့ ရိုဟင်ဂျာတွေရဲ့ လက်ရှိ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြေရှင်းနိုင်မှာမဟုတ်ကြောင်း ထောက်ပြပြီး ရခိုင်ပြည်နယ်မှာ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိ ပေးနိုင်ရေး လမ်းဖွင့်ပေးဖို့ တောင်းဆိုထားပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က နိုဝင်ဘာ ၃ ရက်မှာ ထုတ်ပြန်ချက်အရ ICJ စီရင်ချက်ဟာ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိရေးမှာ အရေးပါတဲ့မှတ်တိုင်ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့ (Amnesty International) က နိုဝင်ဘာ ၁၆ ရက် ထုတ်ပြန်ချက်မှာ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့အခြေအနေနဲ့ တာဝန်ခံမှုရှိရေးကို အလေးထားပြောဆိုထားပါတယ်။ အာဆီယံအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အန္တရာယ်ရှိတဲ့အခြေအနေဆီ အတင်းအကျပ်ပြန်မပို့ဖို့နဲ့ လူ့အခွင့်အရေးကာကွယ်ရေးကို ဦးစားပေးဖို့ တိုက်တွန်းထားပါတယ်။
Fortify Rights အဖွဲ့ကတော့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် အစုလိုက်အပြုံလိုက် ရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ်ကို တာဝန်ခံစေရေး နိုင်ငံတကာက လက်တွေ့ဆောင်ရွက်ဖို့ သူတို့ရဲ့ နိုဝင်ဘာ ၁၃ ရက်ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ အာဆီယံအနေနဲ့ စစ်တပ်အပေါ် ဖိအားပေးမှုတွေ တိုးမြှင့်ဖို့လည်း ပြောထားပါတယ်။
Physicians for Human Rights (PHR) က ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးအတွင်း ရိုဟင်ဂျာကလေးငယ်တွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ဒဏ်ရာကြောင့် ရေရှည်မသန်စွမ်းဖြစ်ခဲ့ရမှုတွေကို ဆေးပညာနဲ့ မှုခင်းဆိုင်ရာ သက်သေအထောက်အထားတွေအဖြစ် မှတ်တမ်းတင်ခဲ့ပြီး ICJ အမှုမှာ ဂမ်ဘီယာရှေ့နေအဖွဲ့က ကိုးကားအသုံးပြုခဲ့တယ်လို့ နိုဝင်ဘာ ၁၇ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။လာမယ့် ICJ စီရင်ချက်ဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် နိုင်ငံတကာတရားရုံးတစ်ခုက ပထမဆုံးအကြိမ် အသိအမှတ်ပြုနိုင်တဲ့ အရေးပါမှုရှိတယ်လို့လည်း PHR က ထောက်ပြပါတယ်။

