အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မဟာဗျူဟာသစ်မှာ ၂၀၃၀ ပြည့်နှစ်မတိုင်ခင် မြန်မာမှာ ရေရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် ရရှိရေးကို ထောက်ပံ့သွားမယ်လို့ ဖော်ပြထားပါတယ်။
နောက်ထပ် အရေးကြီးတဲ့အချက်တစ်ခုကတော့ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ဖို့ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုကို တိုးမြှင့်ရေး ကိုလည်း အလေးထားပြောထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက ရှားပါးမြေရှားသတ္တုအရင်းအမြစ်တွေကို ရယူနိုင်ရေး၊ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်ရေးနဲ့ အမေရိကန်ရဲ့ စီးပွားရေးနဲ့ ဒေသတွင်းဩဇာလွှမ်းမိုးမှု တိုးမြှင့်ရေးတို့ကိုလည်း အဓိကရည်မှန်းချက်တွေအဖြစ် ထည့်သွင်းထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ဩဂုတ်လ ၃၁ ရက်စွဲနဲ့ရေးသားထားပြီးအောက်တိုဘာလနှောင်းပိုင်းမှာထွက်ပေါ် လာတဲ့ အဲဒီအများပြည်သူကို ထုတ်ပြန်ထားတဲ့ မဟာဗျူဟာစာတမ်းမှာ အဓိကရည်မှန်းချက် လေးရပ်ကို ဖော်ပြထားတာပါ။
ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့လည်း အမေရိကန်ရဲ့ ရည်မှန်းချက်တွေထဲမှာ မြန်မာ့အတိုက်အခံအင်အားစုတွေကြား သဘောထားကွဲလွဲမှုတွေ လျှော့ချရေး ပါဝင်ပါတယ်။
ဗဟိုအဖွဲ့အစည်းတွေ၊ ပြည်နယ်နဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေကြား ကွဲပြားမှုတွေ လျှော့ချပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ဖို့ ပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။
ဒီလုပ်ငန်းစဉ်အတွက် သက်ဆိုင်သူပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးပွဲ အနည်းဆုံးသုံးခု ပြုလုပ်ပြီး ဘဏ္ဍာရေးဖက်ဒရယ်စနစ်နဲ့ နယ်မြေသတ်မှတ်ရေးဆိုင်ရာ သဘောတူညီချက်တွေ၊ မူဝါဒအဆိုပြုချက်တွေ ရရှိဖို့ ရည်မှန်းထားပါတယ်။
အဲဒီလို ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ရှားပါးမြေသတ္တုအရင်းအမြစ်တွေကို ရယူနိုင်မယ့် အခွင့်အလမ်းတွေနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို တိုက်ဖျက်နိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ ရည်ရွယ်ထားတယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။
အဲဒီထဲမှာ မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုတွေကို နှိမ်နင်းဖို့ မြန်မာနိုင်ငံနဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ရပ် ရရှိရေး ကြိုးပမ်းမယ်လို့ ဆိုပါတယ်။
စီးပွားရေးပိုင်းမှာတော့ အမေရိကန်က မြန်မာရဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံတစ်ခု ဖြစ်လာရေးကို ရည်မှန်းထားပါတယ်။
အမေရိကန်ကုမ္ပဏီတွေအတွက် ဒေါ်လာငါးသန်းကျော်တန်ဖိုးရှိတဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အနည်းဆုံးသုံးခု ရရှိဖို့နဲ့ ၂၀၃၀ ပြည့်နှစ်အကုန်မှာ အမေရိကန်ထုတ်ကုန်နဲ့ စိုက်ပျိုးရေးထွက်ကုန် တင်သွင်းမှုကို သုံးဆတိုးဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
မြန်မာမှာ နိုင်ငံပိုင်စီးပွားရေးစနစ်၊ သွင်းကုန်လိုင်စင်နဲ့ နိုင်ငံခြားငွေရရှိရေးဆိုင်ရာ အခက်အခဲတွေဟာ အမေရိကန်ကုမ္ပဏီတွေအတွက် အတားအဆီးဖြစ်နေတယ်လို့လည်း စာတမ်းမှာ ဖော်ပြထားပါတယ်။
မြန်မာ့အရေးမှာ သံတမန်ရေး၊ စီးပွားရေးနဲ့ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းတွေကို တိုးချဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ချသူတွေနဲ့ လက်တွေ့လုပ်ငန်းအဆင့် ဆက်ဆံရေးတွေ ပိုမိုတည်ဆောက်သွားမယ်လို့ ဆိုပါတယ်။
လူသားချင်းစာနာမှုအကူအညီပိုင်းမှာလည်း မိတ်ဖက်နိုင်ငံတွေရဲ့ ပံ့ပိုးမှုနဲ့ ပေါင်းစပ်ပြီး မြန်မာနိုင်ငံမှာ အကူအညီအလိုအပ်ဆုံး လူဦးရေ သုံးသန်း၊ တစ်နည်းအားဖြင့် အဲဒီလူဦးရေရဲ့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းအထိ ရောက်ရှိစေဖို့ ရည်မှန်းထားပါတယ်။
အမေရိကန်က သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ 'အမေရိကန်အကျိုးစီးပွားကို ဦးစားပေးရေး' နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးမဟာဗျူဟာအပေါ် အခြေခံထားတယ်လို့လည်း ပြောထားပါတယ်။
အမေရိကန်နိုင်ငံမှာ ဗီဇာသက်တမ်းကျော်လွန်နေထိုင်တဲ့ မြန်မာနိုင်ငံသားအရေအတွက်ကိုလည်း သုညအထိ လျှော့ချဖို့နဲ့ မြန်မာအာဏာပိုင်တွေနဲ့ ပြည်ပပြန်ပို့ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ရည်မှန်းထားပါတယ်။
မြန်မာနိုင်ငံအရေးမှာ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ အာဆီယံတို့အပါအဝင် ဒေသတွင်းမိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမေရိကန်သံရုံးရဲ့ မဟာဗျူဟာစာတမ်းမှာ ဖော်ပြထားပါတယ်။
တဖက်မှာလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအနေနဲ့ မြန်မာနိုင်ငံတွင်းမှာ ယဉ်ကျေးမှု၊ စီးပွားရေးနဲ့ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကို မိတ်ဆက်မျှဝေတဲ့ အစီအစဉ်တွေ အပါအဝင် အပြန်အလှန်ဖလှယ်ရေးအစီအစဉ်တွေကိုလည်းတောက်လျှောက်လုပ်ဆောင်နေပါတယ်။
လော့စ်အိန်ဂျယ်လိစ် မြန်မာလှုပ်ရှားမှုအဖွဲ့ (LA2M) တည်ထောင်သူ၊ အမေရိကန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူနဲ့ နိုင်ငံရေးသုံးသပ်သူတစ်ဦး ဖြစ်တဲ့ ဦးဂျိမ်းရွှေ (U James Shwe) က တော့ အမေရိကန်ရဲ့ ရည်မှန်းချက်အများစုဟာ နေပြည်တော်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတာကြောင့် လက်တွေ့အကောင်အထည်ဖော်ဖို့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ သုံးသပ်ပါတယ်။
ရှားပါးမြေသတ္တု အဓိကထွက်ရှိရာ ချီဖွေနဲ့ ပန်ဝါဒေသတွေကို ကချင်လွတ်လပ်ရေးတပ် - KIA က ထိန်းချုပ်ထားသလို တော်လှန်ရေးအင်အားစုတွေ မပါဝင်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးမှု အောင်မြင်ဖို့လည်း မဖြစ်နိုင်ဘူးလို့ သူက ဆိုပါတယ်။
ဒါ့အပြင် ရှားပါးမြေသတ္တုဟာ ချက်ချင်းစီးပွားရေးအကျိုးအမြတ်ရနိုင်တဲ့ အရင်းအမြစ်တစ်ခုထက် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဩဇာနဲ့ အလေးသာမှုရစေမယ့် အင်အားတစ်ခုဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။
နိုင်ငံရေးအင်အားစုတွေကို တစ်ဖွဲ့ချင်းစီ သီးခြားဆက်ဆံပြီး အကျိုးအမြတ်ပေးတဲ့ သွေးခွဲအုပ်ချုပ်ရေးနည်းလမ်းကိုလည်း သတိထားဖို့ လိုတယ်လို့ သူက ထောက်ပြပါတယ်။