မိုးဗြဲ PDF ခေါင်းဆောင်သေဆုံးမှု လက်နက်ဖြုတ်သိမ်းရေးအစီအမံအရလုပ်တာလို့ အယ်လ်ဖာစစ်ဒေသထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, အယ်လ်ဖာ
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမှာအခြေစိုက်တဲ့ Mobye Local PDF ခေါင်းဆောင် ဦးအောင်မင်း အပါအဝင် တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးတဲ့ဖြစ်စဉ်ဟာ လက်နက်ဖြုတ်သိမ်းရေးနဲ့ တပ်ဖွဲ့ဖြုတ်သိမ်းရေး အစီအမံအတိုင်း ကိုင်တွယ်ခဲ့တယ်လို့ အမှတ် ၁ အယ်လ်ဖာစစ်ဒေသက ထုတ်ပြန်လာပါတယ်။
မိုးဗြဲနယ်မှာလှုပ်ရှားမယ့် အမှတ် ၁ အယ်လ်ဖာစစ်ဒေသကိုဖွဲ့စည်းကြောင်း ဧပြီ ၂၁ ရက်မှာ ကြေညာပြီး ရက်ပိုင်းအကြာ ဧပြီ ၂၄ ရက်မှာပဲ Mobye Local PDF ကို အပြီးတိုင်ဖျက်သိမ်းဖို့ ဆောင်ရွက်တဲ့အခြေအနေလို့ ထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။
အမှတ် ၁ အယ်လ်ဖာစစ်ဒေသရဲ့ မနေ့ရက်စွဲနဲ့ရှင်းလင်းထုတ်ပြန်ချက်အရ သေဆုံးခဲ့တဲ့ ခေါင်းဆောင် ဦးအောင်မင်းဟာ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ အမှတ် ၁၀၀၁ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မှာ တပ်ရင်းမှူးအဖြစ်တာဝန်ယူချိန်ကတည်းက လက်နက်ခဲယမ်းအလွဲသုံးစားမှုတွေရှိတယ်လို့ ဆိုပါတယ်။
မိုးဗြဲဒေသရှိရာ ဖယ်ခုံမြို့နယ်အတွင်းကအုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေအစည်းအဝေးလုပ်ဆုံးဖြတ်ကာ Mobye Local PDF ကို လက်နက် ဖြုတ်သိမ်းဖို့လုပ်ခဲ့ပြီး ဦးအောင်မင်းတို့နဲ့ဆွေးနွေးရာမှာ ငြင်းခုံမှုဖြစ်ကာ အခုလို ၉ ဦးအထိ သေဆုံးတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။
ဧပြီ ၂၄ ရက်မနက် ၈ နာရီခန့်မှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အယ်လ်ဖာစစ်ဒေသရဲ့ အပြောအရတော့ ဦးအောင်မင်းတို့ဘက်က အရင်ပစ်ခတ်ဖို့အမိန့်ပေးတာလို့ ပြောပါတယ်။
ခေါင်းဆောင်သေဆုံးခဲ့တဲ့ Mobye Local PDF စခန်းကို အယ်လ်ဖာစစ်ဒေသက စီးနင်းတာတွေ ရှိတယ်လို့ စစ်ရင်းအရင်းအမြစ်တချို့ဆီကသိရှိရတာကြောင့် စစ်ဒေသကိုသီးသန့်မေးမြန်းနိုင်ဖို့ ဘီဘီစီကကြိုးစားခဲ့ပေမဲ့ အင်တာဗျူးဖြေကြားဖို့ငြင်းဆန်ခဲ့ပါတယ်။
ဦးအောင်မင်းဦးဆောင်တဲ့ Mobye Local PDF အဖွဲ့ဟာ မိုးဗြဲနယ်အတွင်း တပ်တတပ်တည်း ပေါင်းစည်းရေးဆိုပြီး အယ်လ်ဖာစစ်ဒေသဖွဲ့စည်းရာမှာပူးပေါင်းပါဝင်ဖို့ ငြင်းဆန်ခဲ့တယ်လို့လည်း သိထားရပါတယ်။
အခုလို တော်လှန်ရေးတပ်အချင်းချင်းပစ်ခတ်တဲ့ဖြစ်စဉ်ကို ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ (JCS) ရဲ့ စစ်ခုံရုံးအောက်ကနေ စစ်ဆေးမှုတွေဆက်လုပ်နေပါတယ်။ အယ်လ်ဖာစစ်ဒေသဘက် ကတော့ JCS ရဲ့ စစ်အက်ဥပဒေနဲ့အညီ တရားနည်းလမ်းတကျ ဥပဒေကြောင်းအတိုင်း ရင်ဆိုင် ဖြေရှင်းမယ်လို့ ထုတ်ပြန်ချက်မှာထည့်ပြောပါတယ်။
စုံစမ်းစစ်ဆေးရေးအခြေအနေသိနိုင်ဖို့အတွက် JCS ကို ဘီဘီစီက မေးမြန်းနိုင်ဖို့ကြိုးစားနေပေမဲ့ ညနေ ၄ နာရီဝန်းကျင်အထိ ဆက်သွယ်လို့မရသေးပါဘူး။
ဒါဟာ လက်နက်ဖြုတ်သိမ်းရေးအစီအမံဆိုကာ အချင်းချင်းပစ်ခတ်တဲ့ ထင်ရှားတဲ့နောက်ထပ် ဖြစ်ရပ်လို့ဆိုနိုင်ပြီး စစ်ကိုင်းတိုင်း၊ ပုလဲဒေသ ဗိုလ်နဂါးဖြစ်စဉ်ကတော့ စစ်ဆင်ရေးအဖြစ် ဆောင်ရွက်တဲ့ ထင်ရှားတဲ့ကနဦးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ ပုလဲဖြစ်စဉ်မှာတော့ BNRA ခေါင်းဆောင်ဗိုလ်နဂါးက မြန်မာစစ်တပ်ဆီဘက်ပြောင်းခိုလှုံသွားခဲ့ပါတယ်။





