မေလ ၂၇ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ရေးဘီလူးစခန်း လေကြောင်းတိုက်ခိုက်ခံရမှု တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး၊ ရေးဘီလူး ထိခိုက်မှုမရှိတဲ့ သတင်းအပါအဝင် မေလ ၂၇ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
မေလ ၂၇ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, The Kokang
တအာင်းတပ် (TNLA) ဆီကနေ ကိုးကန့်တပ် (MNDAA) ရယူထိန်းချုပ်လိုက်တဲ့ ရှမ်း(မြောက်) ကွတ်ခိုင်မြို့မှာ နေပြည်တော်ဘက်က ဌာနဆိုင်ရာနဲ့ ဘဏ်လုပ်ငန်းတွေပြန်လည်ပတ်ဖို့ စိုင်းပြင်းနေပါတယ်။
မေလနောက်ဆုံးပတ်အတွင်း နေပြည်တော်ရဲ့ဝန်ထမ်းတချို့ မြို့ကို ပြန်ဝင်လာပြီလို့ ကွတ်ခိုင်ဒေသခံတွေနဲ့ ဘီဘီစီရဲ့သတင်းရင်းမြစ်တချို့က ပြောပါတယ်။
အထူးသဖြင့် ဗဟိုဘဏ်ထိန်းချုပ်မှုအောက်က မြန်မာ့စီးပွားရေးဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တချို့ ပြန်လည်ဝင်ရောက်လာဖို့ရှိတယ်လို့ ကိုးကန့်တပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ကိုးကန့်တပ်ထိန်းချုပ်နယ်မြေထဲကို နေပြည်တော်ဘက်က ဌာနဆိုင်ရာဝန်ထမ်းတွေဝင်ရောက်လာတာက ဘာသဘောဆောင်လဲ။
အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂါဇာကမ်းမြောင်မှာ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ်အဖွဲ့ရဲ့တပ်မှူး မိုဟာမက် အိုဒဲ သေဆုံးခဲ့ပါတယ်။ သူ့ရှေ့က ဟားမတ်စ်တပ်မှူးလည်း အလားတူလေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့ပြီး ရက်ပိုင်းအကြာမှာ အခုဖြစ်ရပ်ထွက်ပေါ်ခဲ့တာပါ။
ဂါဇာမြို့က လူသွားလူလာများတဲ့စျေးအရပ် လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ပါလက်စတိုင်း ၃ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် လူဒါဇင်ချီ ဒဏ်ရာရခဲ့တယ်လို့ နယ်မြေခံ ကျန်းမာရေးအရေးပေါ်ကူညီသူတွေနဲ့ မျက်မြင်သက်သေတွေက ဘီဘီစီကို ပြောပါတယ်။
အစ္စရေး စစ်တပ်နဲ့ လုံခြုံရေးအဖွဲ့ ရှင်ဘတ်ကတော့ အဲဒီအဆောက်အဦတွေဟာ အိုဒဲ ပုန်းအောင်းရာနေရာအဖြစ် ရှိနေပြီး သူ့ရဲ့လှုပ်ရှားမှုကို ခြေရာခံမိတာ လနဲ့ချီကြာပြီလို့ ပြောပါတယ်။
ဟားမတ်စ်ဘက်ကတော့ လက်ရှိအချိန်အထိ တရားဝင်ကြေညာချက် မထုတ်သေးပါဘူး။ ဒါပေမဲ့ ဒေသန္တရ ဟားမတ်စ်သတင်းရင်းမြစ်နဲ့ ဆွေမျိုးတွေကတော့ ဟားမတ်စ်တပ်မှူး အိုဒဲရော၊ သူ့ဇနီးရော၊ သားရော သေဆုံးတယ်လို့ ပြောပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်တို့ အောက်တိုဘာလကတည်းက အပစ်ရပ်ထားပေမဲ့ ဂါဇာမှာ အခုလို လူထိခိုက်သေဆုံးတဲ့ဖြစ်ရပ်တွေဟာ နေ့စဉ်နီးပါး ဆက်လက်ထွက်ပေါ်နေပါတယ်။
ဂါဇာမြို့လယ်က အယ်လ် ခါယာလီ သုံးထပ်အဆောက်အဦရဲ့အပေါ်ပိုင်းကို လေကြောင်းတိုက်ခိုက်ခံရချိန်မှာ ဂါဇာစီးတီးက လမ်းတွေပေါ်မှာ အိဒ်ကာလ စျေးဝယ်သူတွေ များနေချိန်လည်း ဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာဟာ လူထူထပ်ပြီး အပျက်အစီးလည်း များနေတာကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ ပျက်စီးသွားတဲ့အထပ်အထိ ရောက်ဖို့ အတော်လေး ကြိုးပမ်းခဲ့ရပါတယ်။
မျက်မြင်သက်သေတွေကတော့ အဲဒီအဆောက်အဦဟာ ဒုံးကျည် ၅ စင်းလောက်နဲ့ အရပ်မျက်နှာစုံကနေ ပစ်ခတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။
တိုက်ခိုက်မှုမဖြစ်ခင် ခေါင်းပေါ်မှာ ရဟတ်ယာဉ်တစ်စီး ပျံသွားတဲ့အသံကိုလည်း ကြားခဲ့ရတယ်လို့ အနီးနား ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံ ဟားမတ်စ် သတင်းရင်းမြစ်တစ်ဦးကတော့ အင်္ဂါနေ့က အိုဒဲနဲ့ သူ့ဇနီးတို့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
သူတို့ မိသားစုဝင်တွေကတော့ အိုဒဲရဲ့သားဖြစ်သူဟာ ဒဏ်ရာတွေကြောင့် ဆေးရုံမှာ ဗုဒ္ဓဟူးနေ့ မနက်တုန်းက ကွယ်လွန်ခဲ့ပြီး ဂါဇာက ဗလီတစ်ခုမှာ မွန်းလွဲပိုင်းဝတ်ပြုဆုတောင်းကာ စျာပန ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် အမေရိကန် သမ္မတအိမ်တော် အိမ်ဖြူတော်မှာကျင်းပမယ့် UFC ပွဲအတွက် ဆောက်လုပ်ရေးတွေကို စတင်နေပါပြီ။
နှစ် ၂၅၀ ပြည့် အမေရိကန်ပြည်ထောင်စုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပမယ့် UFC ပွဲအတွက် ပြင်ဆင်နေတာပါ။
ဒီပွဲကို UFC Flyweight ချန်ပီယံ မြန်မာဖိုက်တာ၊ ချင်းနွယ်ဖွား ဂျော့ရှုဝါ ဗန်လည်း တက်ရောက်ဖို့ ရှိနေပါတယ်။
ဆောက်လုပ်ရေးသမားတွေက UFC ပွဲတွေကျင်းပရာ ထောင့်ရှစ်ထောင့်ရှိတဲ့ Octagon ကြိုးဝိုင်း ပုံသဏ္ဍာန်ဆောက်လုပ်နေတာတွေ့ရပါတယ်။
ဘေးပတ်ဝန်းကျင်မှာတော့ ဝိုင်ယာကြိုးတွေဆင်ထားတဲ့ ခြံစည်းရိုး၊ ထောင်နဲ့ချီတဲ့ ပွဲကြည့်ထိုင်ခုံတွေကို တွေ့ရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကတော့ အိမ်ဖြူတော်ရဲ့ရှေ့မျက်နှာစာမှာတင် ပွဲကျင်းပမှာဖြစ်ပြီး ဒါဟာ UFC သမိုင်းတစ်လျှောက် အခမ်းနားဆုံးပွဲဖြစ်လိမ့်မယ်လို့ အစောပိုင်းကတည်းက ပြောထားပါတယ်။
UFC က ဒီပွဲကို UFC Freedom 250 လို့ အမည်ပေးထားပါတယ်။ ပွဲကျင်းပမယ့် နေ့ကတော့ ဇွန်လ ၁၄ ရက်ဖြစ်ပါတယ်။ UFC က ဒီပွဲအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ အသုံးပြုသွားဖို့ရှိပါတယ်။
ဒီပွဲရဲ့အဓိကပွဲစဉ်တွေထဲ ချန်ပီယံခါးပတ်လုပွဲ နှစ်ပွဲပါဝင်မှာပါ။
ဘရာဇီးဖိုက်တာ အဲလက်စ် ပါရဲယား ကတော့ ပြင်သစ်ဖိုက်တာ ဆီအာ ဂန်းနဲ့ ကြားဖြတ် UFC Heavyweight ခါးပတ်လု သွားဖို့ရှိပြီး၊ UFC မှာ လက်သီးထိုးချက်တွေနဲ့ နာမည်ကြီးလှတဲ့ အီလီယာ တိုပိုရီးယားကတော့ UFC Lightweight ကြားဖြတ်ချန်ပီယံ ဂျက်စတင် ဂေးဂျိ နဲ့ ထိုးသတ်သွားဖို့ရှိပါတယ်။
UFC ရဲ့ဥက္ကဋ္ဌ ဒေနာဝှိုက်ကတော့ ပွဲကျင်းပရာ တောင်ဘက်မြက်ခင်းပြင်မှာ ပွဲကြည့်သူ အယောက် ၄,၃၀၀ အတွက် ထိုင်ခုံပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ အဲဒီထဲက အများစုက အမေရိကန်စစ်တပ် တပ်ဖွဲ့ဝင်တွေ ပါဝင်မယ်လို့ ဆိုပါတယ်။
ပြင်ပပွဲကြည့်သူတွေအတွက် လက်မှတ် ၈ သောင်းခွဲ ပြင်ဆင်ထားပြီး ပွဲကျင်းပရာနေရာနဲ့ အနီးနားက Ellipse Park နေရာမှာ ပြင်ဆင်ထားတယ်လို့ ဒေနာဝှိုက်က ပြောထားပါတယ်။
လက်မှတ်တွေကိုတော့ လူတိုင်းကို ရောင်းချသွားမှာမဟုတ်ဘူးလို့ UFC က ပြောထားပါတယ်။
“ဒီလိုမျိုးလူတွေက လက်မှတ်ကို အလုအယက်လိုချင်နေကြတာ တခါမှ မတွေ့ဖူးဘူး” လို့ သမ္မတထရမ့်က ပြောပါတယ်။
VIP ဧည့်သည်တော်တွေအတွက်လည်း သီးသန့်အခွင့်အရေးတွေသာ ရနိုင်မယ့် အထူးအစီအစဉ်တွေ သွားပါဝင်မယ်လို့ ဆိုပါတယ်။ ကုန်ကျစရိတ်အတိအကျကိုတော့ UFC က ထုတ်မပြောထားပေမဲ့ နာမည်ကျော် သိုင်းပေါင်းစုံ (MMA) သတင်းထောက် Ariel Helwani ကတော့ ဒီအတွက်ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းလောက် ရှိလိမ့်မယ်လို့ ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟစ်ဇ်ဘိုလာအဖွဲ့အပေါ် စစ်ရေးလုပ်ဆောင်ချက် တိုးမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု က ပြောအပြီးမှာပဲ လက်ဘနွန်နိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းကို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်း လူ ဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။
လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနအပြောအရ နောက်ဆုံးဖြစ်ထားတဲ့ လေကြောင်းတိုက်ခိုက်ခံရတာတွေအတွင်း သေဆုံးသူ ၃၁ ဦးထက်မနည်းရှိပြီး သေဆုံးသူတွေထဲ ကလေးငယ်အများစုပါဝင်တယ်လို့ သိရပါတယ်။
အစ္စရေးစစ်တပ်ကတော့ ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ ဆက်စပ်နေရာတွေနဲ့ ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားတွေရှိတဲ့နေရာ ၁၀၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ကို ပစ်မှတ်ထားတဲ့လမ်းညွှန်ချက်တွေကို ပိုလုပ်မယ်လို့ နေတန်ညာဟုက အခုသီတင်းပတ်မှာ ပြောအပြီးမှာပဲ အခုလိုလေကြောင်းတိုက်ခိုက်တာတွေဖြစ်လာတာပါ။
ဗုဒ္ဓဟူးနေ့ကတော့ လက်ဘနွန်ဘက်ကနေ လက်နက်တစ်ခု အစ္စရေးဘက်ကို ဝင်လာလို့ အရေးပေါ် အချက်ပေးတပ်လှန့်တာ လုပ်ခဲ့ရတယ်လို့ အစ္စရေးစစ်တပ်က ကြေညာချက်ထုတ်ပါတယ်။
အဲဒီလက်နက်ကဟာ ဟင်းလင်းပြင်အရပ်ဘက်ကို ကျရောက်ခဲ့တာကြောင့် ဒဏ်ရာရသူမရှိခဲ့ဘူးလို့လည်း ပြောပါတယ်
အပစ်ရပ်မှုကို နှစ်ဖက်စလုံးက အကြိမ်ကြိမ်ချိုးဖောက်တာကြောင့် အမေရိကန်၊ အစ္စရေးနဲ့ အီရန်ကြား စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးပွဲတွေကို လမ်းကြောင်းသွေဖယ်နိုင်စရာ ခြိမ်းခြောက်မှုဖြစ်နေစေပါတယ်။
အစ္စရေးရဲ့လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေဟာ လက်ဘနွန်တောင်ပိုင်းမှာ နေ့စဉ်နီးပါး ဆက်ရှိနေပါတယ်။ တစ်ဖက်မှာလည်း ဟစ်ဇ်ဘိုလာဟာ အစ္စရေးနိုင်ငံမြောက်ပိုင်း၊ လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးတပ်ဖွဲ့တွေရှိနေတဲ့နေရာကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းက ဘက်ကာတောင်ကြားကျေးရွာဘက်ကို ပစ်မှတ်ထားခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက သတင်းဖော်ပြပါတယ်။
လေကြောင်းတိုက်ခိုက်မှု အချို့နေရာဟာ ဘိုဖော့ရဲတိုက်ဟောင်း အနီးနားကို ထိမှန်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပါတယ်။ ဒီရဲတိုက်ဟာ နှစ်ပေါင်း ၉၀၀ နီးပါး သက်တမ်းရှိပြီး ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ရေးဘီလူး
မွန်ပြည်နယ်၊ ရေးမြို့နယ် အခြေစိုက် ရေးဘီလူးတပ်ဖွဲ့ အခြေစိုက်စခန်းတစ်ခုကို ဒီနေ့မနက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုမှာ ရေးဘီလူးတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့ပြီး ရေးဘီလူးတော့ ထိခိုက်မှုမရှိဘူးလို့ နယ်မြေအခြေအနေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
“ထိခိုက်မှုမရှိဘူး။ စခန်းမှာရေးဘီလူး မရှိတဲ့အချိန် တိုက်ခိုက်ခံရတာ။ ရေးဘီလူးက တခြားတစ်နေရာမှာ ရှိနေတာကို သေချာပြောနိုင်ပါတယ်။ ရဲဘော်တချို့ နဲ့ သူက စစ်ကြောင်းထွက်လာတဲ့အတွက် စခန်းမှာမရှိနေတာ” လို့ သူကပြောပါတယ်။
ရေးဘီလူးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာတော့ လေကြောင်းတိုက်ခိုက်ခံရတဲ့ စခန်းကို သွားရောက်ကြည့်ရှုခဲ့တဲ့ ပုံတွေတင်ထားတာတွေ့ရပါတယ်။
မေလ ၂၇ ရက်၊ မနက် ၁ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှုကြောင့် ရေးဘီလူးတပ်ဖွဲ့ဝင် ၁၀ ဦးနီးပါး သေဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာရလို့ ဆေးကုသမှုခံယူနေရတဲ့ ရဲဘော် ၂၀ ဦးခန့်ရှိတယ်လို့ နယ်မြေအခြေအနေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
ဒီအခြေအနေ အတိအကျကို သိရဖို့ ရေးဘီလူးကို ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, EPA
အင်ဒိုနီးရှားအစိုးရ ကမကထလုပ်မယ့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတစ်ခုကို လာမယ့် ဇွန်လအတွင်း ပြုလုပ်ဖို့ရှိတယ်လို့ ဘီဘီစီရဲ့ သံတမန်ရင်းမြစ်တချို့ဆီက သိရပါတယ်။
အဲဒီဆွေးနွေးပွဲကို ဇွန်လ ၄ ရက်ကနေ ၈ ရက်အတွင်း အင်ဒိုနီးရှားနိုင်ငံ ယော့ဂျာကာတာမြို့မှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
အလားတူဆွေးနွေးပွဲမျိုးကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း အင်ဒိုနီးရှားမှာ ပြုလုပ်ခဲ့ဖူးပြီး အဲဒီအချိန်က တော်လှန်ရေးအင်အားစုတွေနဲ့ မြန်မာစစ်တပ် ကိုယ်စားလှယ်တွေကို သီးခြားစီ ဖိတ်ကြားကာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
အခုနှစ် ဇွန်လဆွေးနွေးပွဲမှာတော့ တော်လှန်ရေးအင်အားစုတွေနဲ့သာ ယော့ဂျာကာတာမြို့မှာ သီးခြားတွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး မြန်မာစစ်တပ်ဘက်က ကိုယ်စားလှယ်တွေနဲ့တော့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်ဘက်က ကိုယ်စားလှယ်တွေအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ (NSPC) က တက်ရောက်နိုင်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
ဖိတ်ကြားခံထားရတဲ့ တော်လှန်ရေးအင်အားစုတွေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ Arakan Heritage Foundation၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ Euro-Burma Office (EBO)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) တို့ ပါဝင်နိုင်ခြေရှိတယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲဟာ အာဆီယံရဲ့တရားဝင်ယန္တရားအောက်က လုပ်ဆောင်မှုမဟုတ်ဘဲ အင်ဒိုနီးရှားအစိုးရရဲ့သီးခြားစီစဉ်မှုဖြစ်တယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ်ဆွေးနွေးပွဲမှာတော့ အင်ဒိုနီးရှားနိုင်ငံရဲ့စစ်တပ်က အုပ်ချုပ်ရေးကနေ နောက်ဆုတ်ပြီး အရပ်သားအုပ်ချုပ်ရေးစနစ်ဆီ ကူးပြောင်းခဲ့တဲ့ အတွေ့အကြုံနဲ့ အာချေးဒေသ အုပ်ချုပ်မှုပုံစံအပေါ် အခြေခံတဲ့ ဖက်ဒရယ်အာဏာခွဲဝေမှုဆိုင်ရာ အတွေ့အကြုံတွေကို မျှဝေခဲ့တယ်လို့ အင်ဒိုနီးရှားဘက်က ထုတ်ပြန်ထားပါတယ်။
NUCC အဖွဲ့ဝင် ကိုမိုဃ်းသွေးကတော့ ပွဲအတွက် ဖိတ်ကြားချက်ရခဲ့မယ်ဆိုရင်လည်း ကောင်စီဆုံးဖြတ်ချက်နဲ့ ဆက်လုပ်ဖို့ ရှိမယ်လို့ ဘီဘီစီကို ဒီနေ့ညနေပိုင်းမှာ ပြောပါတယ်။
''မနှစ်က အလုပ်ရုံဆွေးနွေးပွဲကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတည်ထောင်မှု အတွေ့အကြုံတွေ စစ်အာဏာရှင် စနစ်ကနေ ဒီမိုကရေစီကို ပြောင်းလဲခဲ့တဲ့အတွေ့အကြုံတွေ၊ အာချေးဒေသပြည်တွင်းစစ်ကို ငြိမ်းချမ်းရေးတည်ဆောက်ခဲ့တဲ့အတွေ့အကြုံတွေကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး၊ ဒုဝန်ကြီး၊ ပြည်ထဲရေးဒုဝန်ကြီး၊ အာချေးလွတ်မြောက်ရေးလှုပ်ရှားမှု ခေါင်းဆောင်တွေနဲ့ ဆူဟာတိုခေတ်ကနေ ဒီမိုကရေစီ ပြောင်းလဲရေးကို ဦးဆောင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတို့တွေက ရှင်းပြမျှဝေပေးကြတာပါ။'' လို့ သူက မနှစ်က ပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ပြန်ပြောပြပါတယ်။
တဖက်မှာလည်း yokjakarta မြို့က လူမှုရေး ဘာသာရေး သဟဇာတဖြစ်ရေး ဆောင်ရွက်ချက်တွေကို ဒေသခံတွေနဲ့ တွေ့ဆုံလေ့လာခဲ့ရတယ်လို့ သူက ပြောပြီး မြန်မာပြည်အရေးနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ရဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ ရည်မှန်းချက်နဲ့ လုပ်ငန်းစဉ်တွေ AFTA ရေးဆွဲရေး လုပ်ငန်းစဉ်တွေမျှဝေခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Student Revolutionary Force
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တပ်ရင်းတပ်ဖွဲ့တွေက ဖမ်းဆီးထားတဲ့ ကျောင်းသားတော်လှန်ရေးတပ်(SRF) တပ်ရင်းမှူးအပါအဝင် ရဲဘော် ၅ ဦး မနေ့က ပြန်လည်ထွက်ပြေး လွတ်မြောက်လာတယ်လို့ SRF ရဲဘော်တစ်ဦး က ပြောပါတယ်။
“မေလ ၂၅ ရက်နေ့က အဖမ်းခံရတဲ့ တပ်ရင်းမှူးအပါအဝင် ရဲဘော် ၅ ဦး မနေ့က ညတွင်းချင်း ထွက်ပြေးလာတဲ့ အခြေအနေရှိပါတယ်။ ဒီအပေါ် တပ်ရင်းမှူးကို ဖမ်းမရလို့ တပ်ရင်းမှူး အမျိုးသမီးကို မနေ့ ညမှာပဲ ဖမ်းခေါ်သွားပါတယ်” လို့ သူက ပြောပါတယ်။
ဒီဖြစ်စဉ်ဟာ SRF ရဲ့ဗဟိုအလုပ်အမှူဆောင်ကော်မတီ ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို မင်းကင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်(ပ.က.ဖ)နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) တို့က ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်နဲ့ တစ်ရက်တည်းဖြစ်ခဲ့တာပါ။
ကိုစံတင်ထွန်းဟာ မင်းကင်းမြို့နယ် ပ.က.ဖ စစ်ရေးတာဝန်ခံ၊ စစ်ကိုင်းယူနစ်ကြားကာလအစိုးရက ကာကွယ်ရေးဝန်ကြီးတို့နဲ့ မနေ့ နေ့လယ် ၂ နာရီမှာ Zoom ကနေတဆင့် တွေ့ဆုံညှိနှိုင်းမှုအပြီး မင်းကင်း ပအဖနဲ့ ပကဖ ရဲ့ ဖမ်းဆီးတာ ခံခဲ့ရတယ်လို့ SRF က မေလ ၂၇ ရက်မှာ သတင်းထုတ်ပါတယ်။
ဖြစ်စဉ်ကတော့ ကချင်လွတ်လပ်ရေးတပ်(KIA) အရာရှိတွေက လုံခြုံရေး အာမခံချက်ပေးပြီး မင်းကင်းမြို့နယ်၊ အညာလည်ရွာမှာ တွေ့ဆုံဖို့ ချိန်းဆိုလို့ ကိုစံတင်ထွန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ဒေသခံတွေသွားရောက်ခဲ့တဲ့အချိန် လမ်းမှာ ဖြတ်တိုက်ခံရပြီး ကိုစံတင်ထွန်း ဖမ်းဆီးခံခဲ့ရတာလို့ SRF က ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကိုစံတင်ထွန်းအခြေအနေနဲ့ပတ်သက်လို့ တစုံတရာအသိပေးလာတာမရှိသေးဘူးလို့လည်း SRF ရဲဘော်တစ်ဦးက ဘီဘီစီကို ဒီနေ့မှာပြောပါတယ်။
မင်းကင်းမြို့နယ်ထဲက အခုဖမ်းဆီးမှုအခြေအနေတွေနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ ဘီဘီစီက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
မင်းကင်းမြို့နယ်ထဲမှာ NUG လက်အောက်ခံ ပသုံးလုံး ယန္တရားနဲ့ SRF တပ်ဖွဲ့အကြား ပွတ်တိုက်မှုတွေက ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ ကတည်းကစတင်လာခဲ့ပြီး အခုနှစ်ဆန်းပိုင်းကစလို့ နှစ်ဖက်တင်းမာမှုတွေ ပိုပြီး မြင့်တက်လာခဲ့ပါတယ်။
ရွှေမျှောလုပ်ကွက်တွေရှိရာ ချင်းတွင်းမြစ်ဘေးက မင်းကင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော်(SRF)တို့ကြား အုပ်ချုပ်ရေးဖော်ဆောင်မှုတွေနဲ့ပတ်သက်လို့ တင်းမာမှုတွေ ရှိခဲ့ပါတယ်။
မင်းကင်းမြို့နယ်ထဲ ကျောင်းသားတော်လှန်ရေးတပ်တော်(SRF) ထိန်းချုပ်ထားတဲ့ ရှမ်းတောရွာထဲကို NUG ရဲ့ မြို့နယ် ပကဖအဖွဲ့ ဝင်လာပြီး တပ်သားစုဆောင်းရေးတွေ လုပ်နေတယ်လို့ SRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇန်နဝါရီလတုန်းက ပြောခဲ့ပါတယ်။
မင်းကင်းမြို့နဲ့ အနီးနားက ကျေးရွာဝန်းကျင်ကိုတော့ သူတို့ထိန်းချုပ်ထားတယ်လို့ SRF က ဖေဖော်ဝါရီလဆန်းကတည်းက ပြောထားပါတယ်။
NUG ရဲ့ မင်းကင်းမြို့နယ်ပကဖ လက်ရုံးတပ်ရဲ့ဆက်သွယ်ရေးတာဝန်ခံ ဦးကျော်နိုင်မင်းကတော့ NUG ရဲ့မြို့နယ်ပကဖ အဖွဲ့ ရှမ်းတောရွာထဲ ဝင်လာရတာဟာ SRF နဲ့ ပတ်သက်ပြီး လူထုရဲ့တိုင်ကြားချက်တွေကို ဖြေရှင်းဖို့ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၃ ရက်မှာ ပြောခဲ့ဖူးပါတယ်။
NUG လက်အောက် မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ကတော့ SRF ဟာ တော်လှန်ရေးသက်သက် လုပ်ဆောင်နေတာ မဟုတ်ဘဲ NUG ရဲ့ယန္တရားတွေ ဖြစ်တဲ့အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဥပဒေပြုရေးတွေမှာ ဝင်ရောက်စွက်ဖက်နေတယ်ဆိုပြီး SRF အဖွဲ့ကို အမှု ၈ မှုနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနမှာ တရားစွဲထားတယ်လို့ မေလ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
SRF ဘက်ကလည်း NUG နဲ့ စင်ပြိုင်အုပ်ချုပ်ရေး မတည်ဆောက်ခဲ့ကြောင်းနဲ့ NUG အစိုးရ ယန္တရားကိုဝန်းရံတာဖြစ်ကြောင်း မေလ ၂၄ ရက် တစ်ရက်တည်းမှာပဲ သဘောထားထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း မင်းကင်းမှာ SRF ခေါင်းဆောင်ပိုင်းကို NUG ရဲ့ ပသုံးလုံး ယန္တရားက ဖမ်းဆီးမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
မြန်မာမှာ ၅ နှစ်အတွင်း ငြိမ်းချမ်းရေးရအောင်လုပ်မယ်လို့ နေပြည်တော်မှာ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်က မေလ ၂၇ ရက်တုန်းကပြုလုပ်တဲ့ သူ့အစိုးရအစည်းအဝေးမှာ ပြောလိုက်ပါတယ်။
ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး လက်ရှိမှာလည်း တိုင်းရင်းသားလက်နက်ကိုင်(EAO) အချို့နဲ့ အောက်ခြေအဆင့် ထိတွေ့စကားပြောဆိုမှု ရှိတယ်လို့လည်း သူကပြောပါတယ်။
ဒါပေမဲ့ နေပြည်တော်နဲ့ဆွေးနွေးနေတဲ့အဖွဲ့တွေက ဘယ်အဖွဲ့တွေလဲဆိုတာကိုတော့ သူက မပြောသွားပါဘူး။
ဦးမင်းအောင်လှိုင်ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုကို တည်ဆောက်မယ်လို့ သူ့မိန့်ခွန်းထဲပြောပေမဲ့ နယ်မြေဒေသကို ပေးတဲ့ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကိုပေးတဲ့ ဖက်ဒရယ်စနစ် မဟုတ်ဘူးလို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံတွင်းက လူမျိုးတွေကို ဖက်ဒရယ်စနစ်မပေးဘဲ နယ်မြေဒေသတွေကို နေပြည်တော်က ဗဟိုချုပ်ကိုင်ထားတဲ့ ဖက်ဒရယ်စနစ်ပုံစံမျိုးလို့ နားလည်ရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်ကတော့ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ အခြေခံလူ့အခွင့်အရေးတို့ကို အာမခံချက်ပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို လိုလားပါတယ်။
နောက်ပြီး တိုင်းရင်းသားလူမျိုးတွေကို အခြေခံတဲ့ ပြည်နယ်တွေ ဒါမှမဟုတ် ဖက်ဒရယ်ယူနစ်တွေကို ဖွဲ့စည်းပြီး ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေးဆိုတဲ့မူနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးဆောင်ရွက်နေကြပါတယ်။
ဒါကြောင့် နေပြည်တော်က အကောင်အထည်ဖော်မယ်ဆိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစု အကောင်အထည်ဖော်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ အနှစ်သာရပိုင်းမှာ ကွဲလွဲမှုတွေရှိနေတယ်လို့ သုံးသပ်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဘယ်လာရုဇ် သမ္မတ ရုံး
ပြီးခဲ့တဲ့နှစ်အတွင်း နှစ်နိုင်ငံအပြန်အလှန် ခရီးသွား အယောက် ၅၀၀ တောင်မပြည့်တဲ့မြန်မာနဲ့ ဘယ်လာရုဇ်ကြား ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့်ကို ဘယ်လာရုဇ်သမ္မတ လူကာရှန်ကိုက အတည်ပြုလက်မှတ်ထိုးလိုက်ပြီလို့ ဘယ်လာရုဇ် သတင်းတွေမှာ ဖော်ပြပါတယ်။
ဥရောပက နောက်ဆုံးအာဏာရှင်လို့ ဝေဖန်ခံရတဲ့ လူကာရှန်ကိုရဲ့ မနှစ်တုန်းက နေပြည်တော်ခရီးမှာ နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်အစီအစဉ်စတင်ဖို့ အဲဒီအချိန်တုန်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လက်မှတ်ထိုးခဲ့ပါတယ်။
နှစ်နိုင်ငံ ရက် ၃၀ ကြာ ဗီဇာကင်းလွတ်ခွင့်ကို သမ္မတ လူကာရှန်ကိုက အတည်ပြုတာဖြစ်ပြီး တစ်နှစ်ကို ရက်ပေါင်း ၉၀ ထက် မများတဲ့ပြည်ဝင်ခွင့်လည်း အကျုံးဝင်မှာဖြစ်ပါတယ်။
နှစ်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်အစီအစဉ်ကို ဘယ်လာရုဇ် လွှတ်တော်က ပြီးခဲ့တဲ့ ဧပြီလမှာ အတည်ပြုခဲ့ပြီးနောက်မှာ သမ္မတ လက်မှတ်ထိုး အတည်ပြုလိုက်တာလို့ ဆိုပါတယ်။
လက်ရှိမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနဲ့ ဘယ်လာရုဇ်ကြား အသွားအပြန်ခရီးသွား ပမာဏ ဘယ်လောက်ရှိတယ်ဆိုတာကို တရားဝင်အချက်အလက် မသိရပါဘူး။
ဘယ်လာရုဇ် အောက်လွှတ်တော် နိုင်ငံတကာရေးရာအမြဲတမ်းကော်မတီဝင် လွှတ်တော်အမတ် အလက်ဇန်းဒါး ရှာကော့စကီးကတော့ ၂၀၂၅ ခုနှစ်အတွင်း ဘယ်လာရုဇ် ခရီးသွား အယောက် ၃၀၀ မြန်မာကို လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံသား ၁၅၀ နီးပါး ဘယ်လာရုဇ်ကို လာရောက်ခဲ့တယ်လို့ ဧပြီလတုန်းက ပြောထားပါတယ်။

မြန်မာနဲ့ ဘယ်လာရုဇ်ဟာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၁၉၉၇ ခုနှစ်ကစလို့ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့တာဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်မှာ နှစ်နိုင်ငံဝန်ကြီးတွေ အပြန်အလှန် လည်ပတ်မှုတွေနဲ့ ဆက်ဆံရေး နီးကပ်ခဲ့ပေမဲ့ NLD အရပ်သား အစိုးရတက်လာတဲ့ ၂၀၁၆ ခုနှစ်နောက်ပိုင်း ဆက်ဆံရေး ပြန်အေးသွားခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာမှာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း နေပြည်တော်နဲ့ မင့်စ်ကြားမှာ ဆက်ဆံရေး ပြန်နီးကပ်လာပြီး ဘယ်လာရုဇ်သမ္မတ ကိုယ်တိုင် နေပြည်တော်ကို ၂ ရက်ကြာ ခရီးထွက်ပေါ်ခဲ့လို့ သံတမန်ဆက်ဆံရေး အမြင့်ဆုံးကို ပြန်ရောက်ခဲ့ပါတယ်။
လက်ရှိမှာ နေပြည်တော်မှာ သမ္မတရာထူး ယူထားတဲ့ ဦးမင်းအောင်လှိုင်ကိုယ်တိုင်လည်း စစ်ခေါင်းဆောင် တာဝန်ယူချိန်တုန်းက ဘယ်လာရုဇ်ကို သွားခဲ့သလို မြန်မာစစ်တပ်ရဲ့ပညာတော်သင်တွေလည်း ဘယ်လာရုဇ်မှာ ပညာသင်နေပါတယ်။
မြန်မာပဋိပက္ခမှာ အရပ်သားတွေသေဆုံးမှုဖြစ်နေချိန် မြန်မာစစ်တပ်ကို ဘယ်လာရုဇ်က စစ်လက်နက်ပစ္စည်းတွေ ရောင်းချနေတယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက် ထောက်ပြပါတယ်။
ဒါပေမဲ့ မြန်မာစစ်တပ်နဲ့ ဘယ်လာရုဇ်ကြား စစ်ဘက်ဆိုင်ရာဆက်ဆံရေး ဆက်ရှိနေပါတယ်။
လက်ရှိမှာလည်း နေပြည်တော် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်ဟာ မင့်ခ်စ်မြို့ကို ရောက်ရှိနေပြီး ဘယ်လာရုဇ် ကာကွယ်ရေးဝန်ကြီးနဲ့တွေ့ဆုံကာ နှစ်နိုင်ငံ စစ်ဘက် ဆက်ဆံရေး တိုးမြှင့်ဖို့ ပြောဆိုထားတဲ့အကြောင်း မင့်ခ်စ်ကနေလာတဲ့သတင်းတွေက ဆိုပါတယ်။
ဗိုလ်ချုပ်ကြီး ထွန်းအောင်က ဘယ်လာရုဇ်လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဆက်သွယ်ရေး၊ ကာကွယ်ရေးကဏ္ဍ၊ မြန်မာစစ်ဘက်ကျွမ်းကျင်သူတွေကို ဘယ်လာရုဇ်ကို စေလွှတ်ဖို့ ဆန္ဒရှိတဲ့အကြောင်း အဲဒီတွေ့ဆုံမှုမှာ ဆွေးနွေးထားတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာက ပဋိပက္ခအခြေအနေက စိုးရိမ်စရာဆက်ဖြစ်နေလို့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေပြုလုပ်ဖို့ အမေရိကန်ပါဝင်တဲ့ Quad အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
Quad ကို အမေရိကန်၊ ဂျပန်၊ အိန္ဒိယနဲ့ ဩစတြေးလျ တို့ လေးနိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ မဟာဗျူဟာမြောက် မဟာမိတ်အဖွဲ့ဖြစ်ပါတယ်။
ပဋိပက္ခကြောင့် ထိခိုက်နစ်နာနေသူတွေ အပါအဝင် သက်ဆိုင်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာရေးဆိုတာကို အချက် ၁ ချက်အနေနဲ့ထည့်ပြောထားတာဖြစ်ပါတယ်။
ဒါအပြင် မြန်မာက ပဋိပက္ခအခြေအနေဟာ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ တိုးလာစေပြီး ဒေသတွင်းလုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာထည့်ပြောထားပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ မေလ ၂၆ ရက်က ကျင်းပခဲ့တဲ့ Quad နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ အခုလို ထည့်သွင်းပြောဆိုလိုက်တာပါ။
ဒါ့အပြင် အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း ဖော်ပြထားပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ မတရားဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လုံခြုံစွာ ဖြတ်သန်းနိုင်မယ့် အခြေအနေ ဖန်တီးပေးဖို့ တောင်းဆိုထားပါတယ်။
တစ်ဖက်မှာလည်း လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနဲ့ လိင်ပိုင်းဆိုင်ရာ ငွေညှစ်ခြိမ်းခြောက်မှုတွေ အပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းတွေကို ပိုမိုကြီးထွားစေတဲ့ အရှေ့တောင်အာရှဒေသက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုလည်း အထူးစိုးရိမ်တယ်လို့ Quad က ဆိုပါတယ်။
အဲဒီ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်သွားမယ်လို့လည်း Quad ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မင်္ဂလာပါ။ မေ ၂၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။