ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းစစ်မှာ ရုရှားဘက်ကနေတိုက်ရင်းသေဆုံးတဲ့နိုင်ငံခြားသားတွေ
- ရေးသားသူ, အိုလာ အီရှီဗာ
- ရာထူးတာဝန်, ဘီဘီစီရုရှားဘာသာစကားဌာန
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၆
ရုရှားက ယူကရိန်းကို ကျူးကျော်စစ် စတင်ချိန်ကတည်းက ရုရှားဘက်ကနေ ဝင်တိုက်ရင်း သေဆုံးတဲ့ နိုင်ငံပေါင်း ၄၀ ကျော်က နိုင်ငံခြားသား ၃,၅၈၉ ဦး ထက်မနည်းရှိတယ်ဆိုတာကို ဘီဘီစီက စုံစမ်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။
အဲဒီသေဆုံးသူတွေထဲမှာ ရုရှားအကျဉ်းထောင်တွေကနေ စစ်မှုထမ်းဖို့ ခေါ်ယူခံခဲ့ရတဲ့ အကျဉ်းသားတွေ၊ ဖိအားပေး လှည့်ဖြားခံရပြီး စစ်မှုထမ်းဖို့ အတင်းအကျပ် စုဆောင်းခံရတယ်လို့ဆိုတဲ့ရွှေ့ပြောင်းလုပ်သားတွေ၊ လစာများများရမယ်ဆိုတဲ့ မက်လုံးကြောင့် ဆန္ဒအလျောက် ၀င်တိုက်ကြသူတွေ၊ လူစုခံရသူတွေ၊ မော်စကိုနဲ့ ပြုံယမ်းအကြား သဘောတူညီချက်အရ စေလွှတ်ခံရတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။
ဘီဘီစီ ရုရှားဘာသာစကား သတင်းဌာနနဲ့ လွတ်လပ်တဲ့သတင်းဌာန မီဒီယာဇိုနာတို့ဟာ ရုရှားဘက်က စစ်သည်ကျဆုံးမှုအရေအတွက်ကို ဆက်ပြီးအတည်ပြုနိုင်ဖို့ စာရင်းဆက်လက်ပြုစုနေပါတယ်။
အစိုးရထုတ်ပြန်ချက်တွေ၊ လူမှုကွန်ရက်ပေါ်က ပို့စ်တွေ၊ အရပ်သားနဲ့ စစ်သင်္ချိုင်းတွေက ဓာတ်ပုံတွေလို အများပြည်သူဝင်ရောက်ကြည့်ရှုနိုင်တဲ့အချက်အလက်တွေကို အခြေခံပြီး အချက်အလက်တွေ စုဆောင်းထားတာဖြစ်ပါတယ်။
ရုရှားဘက်ကနေ တိုက်ခိုက်ရင်းသေဆုံးတဲ့ နိုင်ငံခြားသား စစ်သည်အရေအတွက်ကို လေ့လာခဲ့တဲ့စာရင်းထဲမှာ ယူဂန္ဓာနိုင်ငံက အက်ဆန် ကာဝေဆီယဲ လည်း ပါဝင်ပါတယ်။ သူ့ မိသားစုရဲ့အပြောအရ သူဟာ လုံခြုံရေးဝန်ထမ်းလုပ်ဖို့ ရုရှားကို သွားရလိမ့်မယ်လို့ ထင်ခဲ့သူပါ။
ယူဂန္ဓာနိုင်ငံသား အသက် ၄၅ နှစ်အရွယ် အက်ဆန် ကာဝေဆီယဲ ၂၀၀၀ ပြည့်နှစ်တွေမှာ အီရတ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေမှာ လုံခြုံရေးအစောင့် အလုပ်လုပ်ခဲ့ပေမဲ့ တကယ့်စစ်ပွဲတွေမှာတော့ တစ်ခါမှ ပါ၀င်တိုက်ခိုက်ဖူးသူ မဟုတ်ဘူးလို့ သူ့ဇနီး ကာရိုလိုင်း မူကူဇာက သတင်းထောက်တွေကို ပြောပါတယ်။
နိုင်ငံခြားမှာ လုံခြုံရေးအလုပ်အကိုင်တွေ လျော့နည်းသွားတဲ့နောက် သူဟာ ယူဂန္ဓာကို ပြန်လာပြီး အငှားယာဉ်မောင်းတာနဲ့ လယ်လုပ်ငန်း လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ရတဲ့ဝင်ငွေက ဇနီးနဲ့ ကလေးနှစ်ယောက်ကို ထောက်ပံ့ဖို့တောင် မလောက်မငှ ဖြစ်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာတော့ သူဟာ လုံခြုံရေးအလုပ်တစ်ခု ထပ်ရထားတယ်လို့ မိသားစုကို ပြောခဲ့ပါတယ်။ အခုတစ်ခေါက် အလုပ်က ရုရှားကို သွားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ် ဇန်နဝါရီ ၁၆ ရက်နေ့မှာ သူ့ဆီကနေ ဇနီးဖြစ်သူ ပြန်ကြားခဲ့ရတဲ့သတင်းက တမျိုးဖြစ်နေပါတယ်။
"သူက စစ်သင်တန်း တက်နေရတယ်။ မကြာခင် ရှေ့တန်းစစ်မျက်နှာကို အပို့ခံရတော့မယ်။ သူ့အတွက် ဆုတောင်းပေးဖို့ ပြောခဲ့ပါတယ်" လို့ မူကူဇာက ဂျာမန်သတင်းစာ Taz ကို ပြောပါတယ်။
တစ်ပတ်အကြာမှာတော့ ကာဝေဆီယဲဟာ ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်း ကူပီယန့်စ်ခ်မြို့အနီးမှာ သေဆုံးခဲ့ကြောင်း ဘီဘီစီရုရှားဘာသာစကားဌာနက အတည်ပြုနိုင်ခဲ့ပါတယ်။
ဇနီးဖြစ်သူဟာ သူ့ခင်ပွန်းရဲ့ရုပ်အလောင်းကို နေရပ်ပြန်သယ်ယူနိုင်ဖို့ အခုအချိန်အထိ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ ရုပ်အလောင်းပြန်သယ်နိုင်အောင် စီစဉ်ပေးဖို့ ယူဂန္ဓာအာဏာပိုင်တွေက ငြင်းဆိုခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
ယူဂန္ဓာမီဒီယာတွေ ဖော်ပြချက်အရဆိုရင် ၂၀၂၆ ခုနှစ် ဇွန်လအထိ ရုရှားဘက်ကနေ တိုက်ပွဲဝင်တိုက်ရင်း သေဆုံးတဲ့ ယူဂန္ဓာနိုင်ငံငား နောက်ထပ် ၂ ဦး ထပ်မနည်းရှိနေပါတယ်။
ကာဝေဆီယဲဟာ ဘီဘီစီရုရှားဘာသာစကားဌာနက အတည်ပြုထားနိုင်တဲ့ ရုရှားအတွက်တိုက်ရင်း သေဆုံးသူ နိုင်ငံခြားသား တိုက်ခိုက်ရေးသမား ၁,၂၈၅ ဦးထဲက တစ်ဦး ဖြစ်ပါတယ်။
ဒီစာရင်းထဲမှာ ကျူးဘား၊ အမေရိကန်၊ တရုတ်၊ ဗီယက်နမ်၊ ပိုလန်၊ အိန္ဒိယ၊ နီပေါ၊ ဆားဗီးယားနဲ့ အခြားနိုင်ငံတွေက နိုင်ငံသားတွေလည်း ပါဝင်ပါတယ်။
ဒါအပြင် ဘီဘီစီ ကိုရီးယားဘာသာစကားဌာနကလည်း ရုရှားဘက်ကနေ တိုက်ခိုက်ရင်းသေဆုံးတဲ့ မြောက်ကိုရီးယား စစ်သား ၂,၃၀၄ ဦး ရှိတယ်ဆိုတာကို ပြုံယမ်းမြို့ စစ်သည်တော်ဗိမ္မာန်မှာ ရေးထိုးထားတဲ့ကမ္မည်းပြားတွေ၊ ဂြိုဟ်တုဓာတ်ပုံတွေကနေတဆင့် အချက်အလက် ဖော်ထုတ်နိုင်ခဲ့ပါတယ်။
အဲဒီမြောက်ကိုရီးယား စစ်သားတွေဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ယူကရိန်းတပ်ဖွဲ့တွေက ရုရှားနိုင်ငံ ခါ့စ်ခ်ဒေသထဲ ထိုးစစ်ဆင် ဝင်ရောက်ခဲ့ပြီးနောက် အဲဒီဒေသမှာ ယူကရိန်းတပ်ဖွဲ့တွေကို တိုက်ခိုက်ရင်း သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
ရုရှားဘက်မှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့နိုင်ငံခြားသား စစ်သည် စုစုပေါင်းအရေအတွက်ဟာ အသက်ရှင်ကျန်ရစ်နေသူတွေကိုပါ ထည့်တွက်မယ်ဆိုရင် ဒီထက်အဆပေါင်းအများကြီး ပိုနိုင်တယ်လို့ ယူဆထားကြပါတယ်။
နိုင်ငံပေါင်း ၄၄ နိုင်ငံက ကြေးစားစစ်သား ခန့်မှန်းခြေ ၂၄,၀၀၀ လောက်ဟာ ရုရှားတပ်ဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်နေတယ်လို့ နေတိုးအဖွဲ့(NATO)ရဲ့အဆင့်မြင့်အရာရှိတစ်ဦးက ဘီဘီစီရုရှားဌာနကို ပြောပါတယ်။ ဇူလိုင်လက တူရကီနိုင်ငံ၊ အန်ကာရာမြို့မှာ ကျင်းပခဲ့တဲ့ NATO ထိပ်သီးအစည်းအဝေးအတွင်း အခုလိုပြောခဲ့တာဖြစ်ပါတယ်။
သူ့အပြောအရဆိုရင် အဲဒီနိုင်ငံခြားသား တိုက်ခိုက်ရေးသမား အများစုက အာဖရိကနိုင်ငံတွေက လာရောက်သူတွေ ဖြစ်ပါတယ်။
"အာဖရိကတိုက်သား ရာနဲ့ချီက စစ်မှုထမ်းဖို့ စာချုပ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တချို့ကလည်း သဘောဆန္ဒအလျောက် ၀င်တာ၊ တချို့ကလည်း အတင်းအကျပ် ဖိအားပေးခံရတာ" လို့ သူက ပြောပါတယ်။
အခုပြုစုထားတဲ့ဒီစာရင်းထဲမှာတော့ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်နေတဲ့ ယူကရိန်းနိုင်ငံရဲ့ ခရိုင်းမီးယား၊ ဒွန်ညက်ခ်၊ လူဟန့်စ်ခ်၊ ခါဆွန်နဲ့ ဇာဟာပိုရီယားဒေသတွေမှာ နေထိုင်သူတွေကို မထည့်သွင်းထားပါဘူး။ အဲဒီလူတွေကို သီးခြားစာရင်းအနေနဲ့ ရေတွက်ထားတာဖြစ်လို့ အခုဆုံးရှုံးမှု စာရင်းအနှစ်ချုပ်မှာ အဲဒီလူတွေရဲ့အရေအတွက် မပါ၀င်ပါဘူး။
ဒါပေမဲ့ ဒီဒေသထဲကမဟုတ်တဲ့ ယူကရိန်းနိုင်ငံရဲ့အခြားဒေသတွေက နိုင်ငံသား ၂၅ ဦးဟာ ရုရှားဘက်ကနေ တိုက်ခိုက်ရင်း ရှေ့တန်းစစ်မျက်နှာမှာ သေဆုံးခဲ့ကြလို့ သူတို့ကို အခုစာရင်းထဲမှာ ထည့်သွင်းထားပါတယ်။
ထောင်တွေထဲကနေ လူစုစည်း၊ နိုင်ငံခြားကနေ လူစုစည်း
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ် စတင်ခဲ့ချိန်က မော်စကိုက မျှော်လင့်ထားသလို စစ်ပွဲ အမြန်မပြီးဆုံးခဲ့ပါဘူး။ အဲဒီနောက် ကရင်မလင်အစိုးရဟာ တပ်အင်အား မလုံလောက်တဲ့အခက်အခဲနဲ့ အမြန်ရင်ဆိုင်လာရပါတယ်။
၂၀၂၂ ခုနှစ် အလယ်ပိုင်းလောက်ကစပြီး နိုင်ငံခြားသားတွေအပါအဝင် အကျဉ်းသားတွေကို စစ်တိုက်ဖို့ သဘောတူရင် ထောင်က ပြန်လွတ်ပေးမယ့်အစီအစဉ် စတင်ခဲ့ပါတယ်။ အစပိုင်းမှာတော့ ဒီလိုစစ်သားစုဆောင်းရေးကို ဗာဂနာ(Wagner)ပုဂ္ဂလိက စစ်ရေးကုမ္ပဏီက တာဝန်ယူခဲ့ပြီး နောက်ပိုင်းမှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက လွှဲပြောင်းတာဝန်ယူခဲ့ပါတယ်။
ဒီအစီအစဉ်ကြောင့် အများဆုံးထိခိုက်ခဲ့သူတွေက အရင်ဆိုဗီယက်ပြည်ထောင်စုအောက်မှာ ရှိခဲ့တဲ့နိုင်ငံတွေက နိုင်ငံသားတွေဖြစ်ပြီး အထူးသဖြင့် ဗဟိုအာရှဒေသက လူတွေ ဖြစ်ပါတယ်။
ဥပမာပြောရရင် စစ်ပွဲအတွင်း သေဆုံးခဲ့တဲ့ ဥဇဘက်ကစ္စတန်နဲ့ တာဂျစ်ကစ္စတန် နိုင်ငံသားတွေထဲက ထက်ဝက်ကျော်ဟာ ရုရှားအကျဉ်းထောင်တွေကနေ ရှေ့တန်းစစ်မျက်နှာကို စေလွှတ်ခံခဲ့ရသူတွေ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်မှာတော့ ရုရှားအာဏာပိုင်တွေဟာ စစ်တပ်ထဲ ဝင်ဖို့ ပေးတဲ့ငွေကြေးတွေကို သိသိသာသာ တိုးခဲ့ပါတယ်။
ပေးတဲ့ပမာဏက ဒေသအလိုက် ကွာခြားပေမဲ့ လက်ရှိ မော်စကိုမှာ စစ်မှုထမ်းစာချုပ် ချုပ်ဆိုတဲ့သူတစ်ဦးဟာ စ၀င်ချိန်မှာ အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ခန့် တစ်ခါတည်း ပေးမယ်လို့ ကတိပြုထားပါတယ်။ အဲဒီအပြင် လစဉ်လစာ ဒေါ်လာ ၃,၅၀၀ ဝန်းကျင်လည်း ရရှိမှာ ဖြစ်ပါတယ်။
တိုက်ပွဲ အပိုဆုကြေးငွေတွေကိုပါ ထပ်ပေါင်းလိုက်ရင် မော်စကိုက စစ်မှုထမ်းသစ်တစ်ဦးရဲ့ပထမနှစ် ဝင်ငွေဟာ ဒေါ်လာ ၇၂,၃၀၀ ကျော်အထိ ရောက်နိုင်တယ်လို့ ဆိုပါတယ်။
ရုရှားမှာ လူတစ်ဦး ပျမ်းမျှ လစဉ်ဝင်ငွေက ဒေါ်လာ ၇၆၀ ဝန်းကျင်ပဲရှိလို့ ဒါက ပမာဏများတဲ့ငွေကြေးဖြစ်နေပါတယ်။
အဲဒီအချိန်ဝန်းကျင်ကစလို့ ကျူးဘား၊ နီပေါ၊ အိန္ဒိယ၊ သီရိလင်္ကာနဲ့ ယီမင်လို ခပ်ဝေးဝေးနိုင်ငံတွေက လူတွေကိုလည်း စတင် စုဆောင်းလာခဲ့ပါတယ်။
တချို့ကတော့ စစ်တပ်ထဲ ဝင်ရောက်ရမယ်ဆိုတာ သိပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ကတော့ ရုရှားမှာ ကျောင်းတက် ခွင့်ရဖို့ ဒါမှမဟုတ် ဆောက်လုပ်ရေးနဲ့ လုံခြုံရေးအလုပ်တွေ လုပ်ဖို့ မျှော်လင့်ချက်နဲ့ ရုရှားသွားခဲ့ပေမဲ့ စစ်သင်တန်းတွေ တက်ပြီး နောက်ဆုံး ရှေ့တန်းစစ်မျက်နှာကို ပို့ဆောင်ခံခဲ့ရတာလို့ ဆိုပါတယ်။
၂၀၂၅ နှစ်လယ်ပိုင်းကစပြီး ရုရှားမှာ နေထိုင်နေတဲ့ ဆိုဗီယက်ပြည်ထောင်စုခေတ် နိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ဖိအားပေးတာတွေ ပြန်တိုးလာတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ရှေ့နေတွေက ပြောကြပါတယ်။
စစ်မှုထမ်း စာချုပ်မှာ လက်မှတ်ထိုးရင် ပြည်နှင်ဒဏ်အမိန့် ထုတ်ခံထားရတာ၊ ရုရှားပြည်ဝင်ခွင့် ပိတ်ပင်ခံထားရတာ ဒါမှမဟုတ် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားမှုတွေမှာ အကူအညီရမယ်ဆိုလို့ လက်မှတ်ထိုးခဲ့ရသူတွေလည်းရှိတယ်လို့ စွပ်စွဲချက်တွေ ရှိနေပါတယ်။
ရိုက်တာ သတင်းဌာနနဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအဖွဲ့ (FIDH)တို့အပြောအရ အာဖရိကက ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေက လူတွေကိုလည်း စစ်သားအဖြစ် စုဆောင်းဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။
မြောက်ကိုရီးယားကတော့ တမျိုးထူးခြားပါတယ်။ တခြားနိုင်ငံခြားသားတွေလို မဟုတ်ဘဲ ရုရှားနဲ့ချုပ်ဆိုထားတဲ့ ကာကွယ်ရေးစာချုပ်အရ အစိုးရကိုယ်တိုင်က မြောက်ကိုရီးယားနိုင်ငံသားတွေကို ရုရှားရှေ့တန်းဆီ ပို့ခဲ့တာဖြစ်ပါတယ်။
ဒီလိုနိုင်ငံပေါင်းစုံက လူတွေကို စုဆောင်းခဲ့ပေမဲ့ နိုင်ငံခြားသားစစ်သည်တွေဟာ ရုရှားဆုံးရှုံးထားတဲ့ စုစုပေါင်းစစ်သားအရေအတွက်နဲ့ နှိုင်းယှဉ်ရင်တော့ ပမာဏအနည်းငယ်ပဲ ရှိနေပါသေးတယ်။
မြောက်ကိုရီးယား စစ်သားတွေကိုပါ ထည့်တွက်ရင်တောင် ဘီဘီစီက အတည်ပြုထားတဲ့ စစ်သေဆုံးသူ ၂၃၃,၀၃၃ ဦးရဲ့ ၂ ရာခိုင်နှုန်းတောင် မရှိဘူးသေးပါဘူး။
ဒီနိုင်ငံခြားသား စစ်သားတွေဟာ ရုရှားရဲ့ပင်မ စစ်သည်ရင်းမြစ်ဖြစ်တဲ့ ရုရှားနိုင်ငံသားတွေကို အစားထိုးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်ဆုံးရှုံးမှုတွေ ဆက်လက်မြင့်တက်နေပြီး ရုရှားနိုင်ငံသားတွေထဲမှာ စစ်မှုထမ်းစာချုပ် ချုပ်ဆိုလိုသူ နည်းလာတဲ့အတွက် မော်စကိုအစိုးရဟာ နိုင်ငံခြားမှာ စစ်သားရှာဖွေစုဆောင်းမှုတွေ ဆက်လုပ်သွားရဖွယ် ရှိနေပါတယ်။
ရုရှားအစိုးရကတော့ ၂၀၂၂ ခုနှစ် စက်တင်ဘာလနောက်ပိုင်း သူ့စစ်တပ်ရဲ့ သေဆုံးမှု အရေအတွက်ကို တရားဝင် ထပ်မံ ထုတ်ပြန်ထားတာ မရှိသလို ဘီဘီစီရုရှားဘာသာဌာနရဲ့တွေ့ရှိချက်တွေနဲ့ပတ်သက်ပြီးလည်း မှတ်ချက်ပေးလေ့မရှိပါဘူး။
ယူကရိန်းရဲ့'နိုင်ငံတကာစစ်သည်တပ်'
ယူကရိန်းနိုင်ငံကလည်း ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရုရှားက ကျူးကျော်စစ် စတင်ခဲ့ပြီးနောက် နိုင်ငံခြားသားတွေကို စစ်မှုထမ်းအဖြစ် စုဆောင်းတဲ့တရားဝင်စနစ်တစ်ခုကို ထူထောင်ခဲ့ပါတယ်။
သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ယူကရိန်းရဲ့ နိုင်ငံတကာစစ်သည်တပ်ဖွဲ့(International Legion)ကို ရက်ပိုင်းအတွင်း ဖွဲ့စည်းခဲ့ပြီး သဘောဆန္ဒအလျောက် ပါ၀င်လိုတဲ့ နိုင်ငံခြားသားတွေကိုလည်း လာရောက်ပူးပေါင်းဖို့ တိုက်တွန်းခဲ့ပါတယ်။
လက်ရှိမှာတော့ နိုင်ငံခြားသားတွေဟာ အဲဒီတပ်ဖွဲ့အပြင် ယူကရိန်းရဲ့အခြားစစ်တပ် ယူနစ်တွေမှာလည်း တာဝန်ထမ်းဆောင်နေကြပါတယ်။ စစ်အုပ်ချုပ်ရေးဥပဒေ(Martial Law) သက်ဝင်နေတဲ့ကာလအတွင်း ပုံမှန်အခြေအနေဆိုရင် သူတို့ဟာ အနည်းဆုံး ခြောက်လ ဆက်တိုက် တာဝန်ထမ်းဆောင်ပြီးမှ တပ်က ထွက်ခွင့် ရရှိနိုင်ပါတယ်။
ဒီနှစ် ဇွန်လမှာ သမ္မတ ဇလန်းစကီးက စစ်သားတွေရဲ့လစာကို တိုးမြှင့်ပေးသွားမယ့်အပြင် နိုင်ငံခြားက တိုက်ခိုက်ရေးသမားတွေကို ပိုစုဆောင်းသွားမယ်လို့ ကြေညာခဲ့ပါတယ်။
ရုရှားနဲ့စစ်ဖြစ်နေတာ လေးနှစ်ကြာလာချိန်မှာ ယူကရိန်းစစ်တပ်မှာလည်း လူအင်အား မလုံလောက်တဲ့ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။
ယူကရိန်းအစိုးရကတော့ စစ်ပွဲအတွင်း သေဆုံးခဲ့တဲ့နိုင်ငံခြားသား စစ်သည်စုစုပေါင်း အရေအတွက်ကို တစ်စုတစ်စည်းတည်း ထုတ်ပြန်တာမျိုး မရှိပါဘူး။
၂၀၂၅ ခုနှစ် ဩဂုတ်လမှာ နိုင်ငံခြားသား စစ်မှုထမ်းတွေကို ညှိနှိုင်းဆောင်ရွက်ပေးတဲ့တာဝန်ရှိသူတစ်ဦးက ယူကရိန်းသတင်းဌာန Hromadske ကို ပြောရာမှာ ကြည်းတပ်တစ်ခုတည်းမှာတင် သဘောဆန္ဒအလျောက် ၀င်တိုက်နေတဲ့ နိုင်ငံခြားသားစစ်သား ၈,၀၀၀ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။
ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ အားလုံးမှာရှိတဲ့ အဲဒီလိုစစ်သည်တွေကို ပေါင်းကြည့်ရင် အနည်းဆုံး ၁၆,၀၀၀ လောက် ရှိနိုင်တယ်လို့ သူက ခန့်မှန်းပြောဆိုပြီး ဒါဟာ နိုင်ငံပေါင်း ၇၂ နိုင်ငံက နိုင်ငံခြားသားတွေလို့လည်း ဆိုပါတယ်။
ယူကရိန်းဘက်မှာ တိုက်ခိုက်ပေးနေတဲ့နိုင်ငံခြားသားစစ်သည်အဖွဲ့ရဲ့ဖွဲ့စည်းပုံလည်း အချိန်နဲ့အမျှပြောင်းလဲလာခဲ့ပါတယ်။
စစ်ပွဲအစပိုင်းမှာတော့ အနောက်နိုင်ငံတွေနဲ့ ဆိုဗီယက်ပြည်ထောင်စုခေတ်က လူတွေအများဆုံး ပါဝင်ခဲ့ပြီး စစ်မှုထမ်း အတွေ့အကြုံရှိသူတွေလည်း ရှိခဲ့ပါတယ်။
ယူကရိန်းက စပိန်ဘာသာစကား အသုံးပြုတဲ့ စုဆောင်းရေးနဲ့ ကွပ်ကဲမှုစနစ်တွေ တိုးချဲ့ပြီးတဲ့နောက်မှာ ကိုလံဘီယာနိုင်ငံက စစ်မှုထမ်းဟောင်း ရာနဲ့ချီလည်း လာရောက်ပူးပေါင်းခဲ့ကြပါတယ်။
တချို့က ယူကရိန်းကို ကာကွယ်ဖို့ လာရောက်တာလို့ ပြောကြပေမဲ့ တချို့ကတော့ ငွေကြေး စေ့ဆော်မှုကြောင့်လည်း ပါ၀င်ပါတယ်။ အကြောင်းကတော့ ရှေ့တန်းစစ်မျက်နှာမှာ ရရှိတဲ့လစာဟာ ကိုလံဘီယာ စစ်တပ်ထဲက လစာထက် အဆပေါင်းများစွာ ပိုမြင့်နေလို့ ဖြစ်ပါတယ်။
ယူကရိန်းဘက်မှာ စစ်မှုထမ်းနေတဲ့နိုင်ငံခြားသားတွေဟာ ယူကရိန်းစစ်သားတွေနဲ့တန်းတူ လစာရရှိကြပါတယ်။ တစ်လလုံး တိုက်ပွဲထဲ ပါဝင်နေခဲ့မယ်ဆိုရင် အမေရိကန်ဒေါ်လာ ၂,၆၉၀ ဝန်းကျင် ရရှိမှာဖြစ်ပါတယ်။
ဒါအပြင် ရှေ့တန်းစစ်မျက်နှာမှာ စုစုပေါင်း ရက် ၃၀ ပြည့်တိုင်း နောက်ထပ် ဒေါ်လာ ၁,၅၇၀ ကို အပိုဆုကြေးအနေနဲ့ ရရှိနိုင်ပါတယ်။
ဒါပေမဲ့ နိုင်ငံခြားသားစစ်သည်တွေဟာ ရုရှားဘက်မှာရော ယူကရိန်းဘက်မှာပါ စစ်တပ်ရဲ့ အဓိကအင်အား မဟုတ်ဘဲ အိမ်ဖြည့်တဲ့အင်အားအဖြစ်သာ ရှိနေဆဲဖြစ်ပြီး တကယ့်အင်အားဟာ ရုရှားနဲ့ ယူကရိန်းစစ်သည်တွေအပေါ်မှာပဲ မူတည်နေပါတယ်။
ပူးတွဲတင်ဆက်သူ - Liza Fokht
ဂရပ်ဖစ် - Yaroslava Kiryukhina
သရုပ်ဖော် - Natalia Maca