ထရမ့်တက်တဲ့ ဝါရှင်တန် ညစာစားပွဲပစ်ခတ်မှု သိရသမျှ

ဖတ်ရန်အချိန်: မိနစ် ၉

ဝါရှင်တန် ဟေလ်တန်ဟိုတယ်မှာ ပြုလုပ်တဲ့ အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲ ကျင်းပနေတဲ့ဟိုတယ်မှာ သေနတ်ပစ်ခတ်သံတွေ ကြားခဲ့ရအပြီးမှာပဲ အဲဒီမှာရှိနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို လုံခြုံရေးအဖွဲ့တွေက အလျင်အမြန်ခေါ်ထုတ်ခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ သမ္မတ ထရမ့်က သူဘေးကင်းကြောင်းနဲ့ သေနတ်သမားကို ဖမ်းမိတဲ့အကြောင်း ဓာတ်ပုံနဲ့တကွ လူမှုကွန်ရက်ပေါ်ကနေ သတင်းထုတ်ပါတယ်။​

ဒီဖြစ်ရပ်အတွင်း ညစာစားပွဲကို တက်ရောက်လာသူတွေဟာ စားပွဲခုံတွေ အောက်မှာ ဝင်ပုန်းနေခဲ့ကြတယ်လို့ အဲဒီမှာရှိနေတဲ့ ဘီဘီစီရဲ့ ဝါရှင်တန်သတင်းထောက်က ရေးပါတယ်။

သေနတ် ၇ ချက်၊ ၈ ချက် ပစ်ခတ်ခဲ့ရတယ်လို့ ပွဲထဲမှာရှိတဲ့ လုံခြုံရေးအရာရှိတစ်ဦးက ပြောပါတယ်။​

အဲဒီပွဲကို အမေရိကန်သမ္မတအပြင် သမ္မတ ကတော်ရော၊ ဒုသမ္မတရော၊ ကာကွယ်ရေးဝန်ကြီးလို အစိုးရတွင်း ထိပ်ပိုင်းခေါင်းဆောင်တွေပါ တက်ရောက်နေခဲ့တာပါ။

ဒီဖြစ်ရပ်ဘယ်လိုဖြစ်ခဲ့လဲ။ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။​

အခင်းဖြစ်တဲ့အခြေအနေ အိမ်ဖြူတော် သတင်းထောက်အသင်း ဘုတ်အဖွဲ့ဝင် ပြောပြချက်

အိမ်ဖြူတော် သတင်းထောက်များအသင်း ဘုတ်အဖွဲ့ဝင် ကော့တနီ ဆပ်ဘရာမန်နီယန်က ညစာစားပွဲခန်းမထဲက အချိန်အခြေအနေဟာ အခန်းထဲမှာရှိနေသူအများစုအတွက် စိတ်ဒဏ်ရာဖြစ်စရာလို့ အစောပိုင်းတုန်းကပဲ ဘီဘီစီကို ပြောပါတယ်။

သူလည်း ခန်းမထဲမှာရှိနေပြီး သမ္မတ ထရမ့် အပါအဝင် ခန်းမထဲက လူတွေတဝက်လောက်ဟာ ကြမ်းပြင်ပေါ်ကို ရုတ်ချည်း ဝပ်ချလိုက်ကြရတယ်လို့ ပြောပါတယ်။​

''ကျွန်မတို့ ကြမ်းပြင်မှာပဲ ဝပ်နေကြတာ'' လို့ သူက ပြောပြီး လုံခြုံရေးတပ်ဖွဲ့ဟာ သမ္မတနဲ့ ဒုတိယသမ္မတတို့ကို စင်နောက်ဘက်ကနေ ခပ်သုတ်သုတ် ခေါ်ထုတ်သွားတဲ့အကြောင်းလည်း သူက ပြောပါတယ်။

ခန်းမထဲမှာ ပြီးခဲ့တဲ့နှစ်တုန်းက ပစ်ခတ်ခံခဲ့ရတဲ့ ကွန်ဆာဗေးတစ် လူငယ် နာမည်ကြီး ချာလီကာ့ခ်ရဲ့ ကျန်ရစ်သူ ဇနီး အဲရစ်ကာ ခါ့ခ်လည်း ရှိနေခဲ့ပြီး သူကိုလည်း လုံခြုံရေးအဖွဲ့က ခေါ်ထုတ်သွားတယ်လို့ သူက ပြောပါတယ်။​ အဲရစ်ကာ ခါ့ခ်ဆီမှာ မျက်ရည်တွေ မြင်ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။​

ထရမ့်လုံခြုံရေးအဖွဲ့ဟာ သေနတ်သမားလို့ဆိုသူ အမျိုးသားကို ခန်းမအပြင်ဘက်မှာ ဖမ်းမိခဲ့တာကြောင့် သေနတ်သမားဟာ ပွဲခင်းရှိတဲ့ခန်းမထဲကို မရောက်ခဲ့ဘူးလို့ ပြောပါတယ်။​

''နောက်တော့ လုပ်ထုံးလုပ်နည်းအတိုင်း ကျွန်မတို့ကို ထွက်ခွါဖို့ ပြောခဲ့တယ်'' လို့ သူက ပြောပါတယ်။​

အခင်းဖြစ်ပွားပြီးမြင်ကွင်းတွေ

သမ္မတထရမ့် ရှိနေခဲ့တဲ့ ဝါရှင်တန် ဟေလ်တန် ဟိုတယ်မှာ သေနတ်ပစ်ခတ်သံတွေ ကြားရပြီးတဲ့နောက် ပွဲတက်လာသူတွေ စားပွဲအောက်ထဲ ပုန်းခိုနေကြတာတွေကို ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။

လုံခြုံရေးအဖွဲ့ဝင်တွေကလည်း ဧည့်သည်တော်တွေကို အဆောက်အဦ ထဲကနေ ခေါ်ထုတ်သွားပါတယ်။

လုံခြုံရေးယာဉ်တန်းတွေ

အခမ်းအနားကျင်းပတဲ့ ဝါရှင်တန် ဟေလ်တန်ဟိုတယ်အပြင်မှာတော့ ဒါဇင်နဲ့ ချီတဲ့ ရဲကားတွေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရဲ့ကားတွေ ရဲ့မီးတန်းတွေ တွေ့ရပါတယ်။ လမ်းတစ်ခုလုံးကိုလည်း ပိတ်ချလိုက်ပြီး ကောင်းကင်မှာလည်း ရဟတ်ယာဥ်အသံတွေ ကြားရပါတယ်။

လမ်းပေါ်မှာတော့ ရိုက်ကူးရေးလုပ်ဖို့ အသင့်ဖြစ်နေတဲ့သတင်းထောက်တွေ ရှိနေပါတယ်။

သမ္မတထရမ့် ယာဉ်တန်းကတော့ လမ်းမပေါ်က ဖြတ်လာပြီး အိမ်ဖြူတော်ကို ဦးတည်ပြီး အရှိန်ပြင်းပြင်းနဲ့ထွက်သွားပါတယ်။

လူတွေက နာမည်ကြီးတွေကိုပဲ ပစ်မှတ်ထားတယ် - ထရမ့်

ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဝါရှင်တန် ဟေလ်တန် ဟိုတယ် ကနေ အိမ်ဖြူတော်ပြန်ရောက်လာတဲ့ သမ္မတထရမ့်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

သူ့ဘေးနားမှာတော့ အမိမြေလုံခြုံရေးဝန်ကြီးဌာနရဲ့ဝန်ကြီး နဲ့ ဖယ်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ရဲ့ဒါရိုက်တာလည်း ရှိနေပါတယ်။

"ဒီအခမ်းအနားက လွတ်လပ်စွာပြောဆိုခွင့် အတွက် ရည်ရွယ်တဲ့ပွဲဖြစ်ပါတယ်။ ဒီပွဲအခမ်းအနားက အားလုံးစည်းလုံးညီညွတ်စေဖို့ ကျင်းပခဲ့တာ" လို့ သူက ပြောပါတယ်။

ဒီလုပ်ကြံမှုက ပထမဆုံးအကြိမ်တော့ မဟုတ်ဘူးလို့ ထရမ့်က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ရီပတ်ဘလီကန် ပါတီဝင်တစ်ဦးကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြသေးတယ်လို့ သူက ပြောပါတယ်။

နောက်ပြီး သမ္မတထရမ့်က သူ သမ္မတအဖြစ် ဒုတိယအကြိမ်အရွေးမခံရခင်မှာ သူ့ကို နှစ်ကြိမ်တိုင်တိုင် သတ်ဖြတ်ဖို့ ကြိုးပမ်းတဲ့ဖြစ်ရပ်တွေကို ရည်ညွှန်းပြောတာဖြစ်ပါတယ်။​

ပန်ဆေဗေးနီးယားပြည်နယ်က ဟောပြောပွဲမှာတစ်ကြိမ်၊ ဖလော်ရီဒါပြည်နယ်က ကမ်းခြေမှာ ဂေါက်ရိုက်နေတဲ့အချိန် သူကြုံခဲ့ရတဲ့ သေနတ်ပစ်ခတ် လုပ်ကြံဖို့ ကြိုးပမ်းမှုတွေကို ရည်ညွှန်းတာဖြစ်ပါတယ်။​

လုပ်ကြံဖို့ကြိုးပမ်းခံရတာ မကြာခဏဖြစ်နေတဲ့အပေါ် ဘယ်လို အမြင်ရှိလဲလို့ သတင်းထောက်တစ်ယောက်က သမ္မတထရမ့်ကို မေးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားမှု နှစ်ကြိမ် ရှိခဲ့ပါတယ်။ ဒီ တစ်ကြိမ်မှာတော့ သေနတ်ပစ်သမားရဲ့ရည်ရွယ်ချက်ကို ရဲတပ်ဖွဲ့က ထုတ်မပြောသေးပါဘူး။

ထရမ့်က လုပ်ကြံမှုတွေကို သူ လေ့လာခဲ့တဲ့အကြောင်း ပြောပါတယ်။ သူ့ရဲ့ လေ့လာမှုတွေအရ လူတွေဟာ "ကြီးမားတဲ့သက်ရောက်မှုတွေ" လုပ်နေတဲ့သူကိုပဲ ပစ်မှတ်ထားကြတယ်လို့ ဆိုပါတယ်။ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အမေရိကန်သမ္မတဟောင်း အေဘရာဟင် လင်ကွန်းကို သူက ခိုင်းနှိုင်းပြပါတယ်။

"နာမည်ကြီးတွေ"ပဲ ပစ်မှတ်ထားခံရတာလို့ သူက ဆက်ပြောပါတယ်။

"ဒီလိုပြောရတာတော့ မကြိုက်ပေမဲ့ ဒီအတွက် ကျွန်တော် ဂုဏ်ယူနေမိပါတယ်" လို့ သူက ပြောပါတယ်။ သူ့အစိုးရအဖွဲ့က တိုင်းပြည်အတွက် ကောင်းကျိုး အမြောက်အများစွမ်းဆောင် နိုင်ခဲ့တော့ ဒါကို တချို့လူတွေက မနှစ်လိုကြဘူးလို့ ထရမ့်က ပြောပါတယ်။

ဖမ်းဆီးခဲ့သူရဲ့ဓာတ်ပုံ ထရမ့် ချပြပြီး ''စိတ်ကျန်းမာရေး မကောင်းသူ'' လို့ဆို

သေနတ်သမားလို့ သံသယရှိသူ အမျိုးသားတစ်ဦးရဲ့ဓာတ်ပုံကို သမ္မတထရမ့်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ Truth မှာ တင်ထားကြောင်း သူက ပြောပါတယ်။ ပစ်ခတ်မှုရဲ့အစောပိုင်း ရုပ်သံမှတ်တမ်းတွေကိုလည်း ချပြခဲ့ပါတယ်။

ပွင့်လင်းမြင်သာမှုရှိစေဖို့ အခုလို မျှဝေခဲ့တာလို့ သမ္မတထရမ့်က ပြောပါတယ်။

သေနတ်သမားရဲ့ အနီးကပ်ပစ်ခတ်မှုကြောင့် အမေရိကန် Secret Service အရာရှိ ထိမှန်သွားခဲ့တယ်လို့ သမ္မတထရမ့်က ပြောပါတယ်။ ဒါပေမဲ့ အဲဒီအရာရှိ ဝတ်ထားတဲ့ကျည်ကာက သူ့အသက်ကို ကယ်တင်သွားတယ်လို့ ဆိုပါတယ်။

"ကျွန်တော် အဲဒီအရာရှိနဲ့ပြောပြီးပါပြီ။ သူ အခြေအနေ ကောင်းပါတယ်" လို့ ထရမ့်က ပြောပါတယ်။

"သူ့ရဲ့စိတ်အခြေအနေကလည်း ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ သူ့ကို ချစ်ခင်ကြောင်း၊ လေးစားကြောင်း ပြောခဲ့ပါတယ်။ သူ ကိုယ့်သူတော့ ဂုဏ်ယူလို့မဆုံး ဖြစ်နေပါတယ်"

ဖမ်းဆီးထားတဲ့ သံသယရှိသူ သေနတ်သမားဟာ "အတော်လေး စိတ်ကျန်းမာရေးမကောင်းတဲ့သူ" လို့ သမ္မတထရမ့်က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

"ကျွန်တော်တို့ ဒီလိုဖြစ်ရပ်မျိုး မဖြစ်စေချင်ကြပါဘူး" လို့ သူကပြောပါတယ်။

လွတ်လပ်စွာပြောဆိုခွင့်ကို ရည်ရွယ်ကျင်းပတဲ့ ဒီအခမ်းအနားရဲ့ စီစဉ်သူတွေကို သမ္မတ ထရမ့်က ကျေးဇူးတင်ခဲ့ပါတယ်။

"လှပလှတဲ့ ညနေခင်းမှာ ကောင်းမွန်တဲ့ ပွဲအခင်းအကျင်းဖြစ်အောင် စီစဉ်နိုင်ခဲ့တယ်" လို့ အခမ်းအနားစီစဉ်သူတွေကို ထရမ့်က ချီးကျူးခဲ့ပါတယ်။

ဒီအခမ်းအနားကို လာမယ့် ရက် ၃၀ အတွင်း ပြန်ပြီး ကျင်းပသွားဖို့ ရှိတယ်လို့ ထရမ့်က ပြောပါတယ်။ အဲဒီပွဲဟာ "ပိုကြီးမယ်၊ ပိုကောင်းမယ်" လို့ သူက ပြောပါတယ်။

ဒီအဖြစ်အပျက်ကို တာဝန်ယူမှုရှိရှိ သတင်းတင်ဆက်ခဲ့တဲ့ သတင်းဌာနတွေကိုလည်း ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။

ဒီပစ်ခတ်မှုကြောင့် အခမ်းအနားကို အိမ်ဖြူတော်ခန်းမဆောင်မှာ ပြောင်းလုပ်ဖို့ လိုပြီလို့ ထရမ့်ပြောပါတယ်။ အိမ်ဖြူတော်က ဆောက်လုပ်ဆဲ ခန်းမဆောင်ကို ရည်ညွှန်းပြီး ထရမ့်က ပြောသွားတာလည်း ရှိပါတယ်။​

လုံခြုံရေးတပ်ဖွဲ့တွေက အိမ်ဖြူတော်မှာ ခန်းမဆောင်တစ်ခု လိုချင်နေခဲ့တာ နှစ်ပေါင်း ၁၅၀ လောက်ရှိပြီလို့ ထရမ့်က ပြောပါတယ်။

ဒီနေ့ ပစ်ခတ်မှုဟာ "အိမ်ဖြူတော်မှာ ကျွန်တော်တို့ စီစဉ်ထားတဲ့ လုံခြုံရေး အစီအစဉ်တွေ ဘာကြောင့် လိုအပ်တယ်ဆိုတာ ပြသလိုက်တာပဲ" လို့ ထရမ့်က ပြောပါတယ်။

"ခင်ဗျားတို့ တခါမှ မမြင်ဖူး၊ မကြုံဖူးတဲ့ လုံခြုံရေးအစီအမံတွေ ကျွန်တော်တို့ လိုအပ်နေပြီ"

သေနတ်သမားဟာ တစ်ကိုယ်တော်လှုပ်ရှားသူလို့ ထရမ့် ယူဆ

သံသယရှိသူဟာ တစ်ကိုယ်တော်လှုပ်ရှားသူဆိုတာဟုတ်ပါသလားလို့ သမ္မတ ထရမ့်ကို သတင်းထောက်တွေက မေးကြပါတယ်။

ဒါဟာ သူ့ရဲ့ ကျွမ်းကျင်တဲ့ အပိုင်းမဟုတ်တော့ ဒီမေးခွန်းအတွက် အဖြေမပေးနိုင်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအခန်းထဲမှာ ဒါနဲ့ပတ်သက်လို့ ကျွမ်းကျင်သူတွေ ရှိနေသလို အပြင်မှာလည်း ဒီအမှုကို စုံစမ်းဖော်ထုတ်နေသူတွေ ရှိတယ်လို့ ဆိုပါတယ်။

"ကျွန်တော့် အမြင်မှာတော့ သူဟာ တစ်ကိုယ်တော်လှုပ်ရှားသူပါ၊ စိတ်မနှံ့သူပါ" လို့ ထရမ့် က ပြောပါတယ်။ "သူတို့တွေက စိတ်မမှန်တဲ့သူတွေပါ။ ဒီလူတွေကို ကျွန်တော်တို့ ကိုင်တွယ်ရပါမယ်" လို့ သူက ဆက်ပြောပါတယ်။

ဝါရှင်တန်ဒီစီမြို့၊ ရဲတပ်ဖွဲ့ ရဲ့ခေါင်းဆောင်ကတော့ သံသယရှိသူဟာ အခင်းဖြစ်တဲ့ ဝါရှင်တန်ဟေလ်တန် ဟိုတယ်မှာ တည်းခိုနေသူဖြစ်တယ်လို့ ဆိုပါတယ်။

သံသယရှိသူဟာ အသက် ၃၁ နှစ် အရွယ် ကိုး သောမတ် အယ်လန် ဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ် တောရန့်စ်မြို့မှာ နေထိုင်သူဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့ ခေါင်းဆောင် ဂျက်ဖရီ ကာရိုး ကတော့ သံသယရှိသူဟာ အခင်းဖြစ်နေတဲ့ ဟိုတယ်မှာ တည်းခိုသူဖြစ်ပြီး သူ့အခန်းကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ သူ့အခန်းကို ချိပ်ပိတ်ထားတယ်လို့ ပြောပါတယ်။

သံသယရှိသူရဲ့ရည်ရွယ်ချက်ကိုတော့ မသိရသေးဘူးလို့ ဂျက်ဖရီက ပြောပါတယ်။

သေနတ်ပစ်ခတ်မှုတွေရှိရုံနဲ့ လုံခြုံရေးစည်းကျိုးပေါက်တယ်လို့ ပြောလို့မရကြောင်းလည်း သူက ပြောပါတယ်။

သံသယရှိသူကို ဖမ်းဆီးခဲ့တဲ့နေရာ၊ စစ်ဆေးရေးဂိတ်ကလည်း အကြောင်းမဲ့ ရှိနေတာမဟုတ်ကြောင်းနဲ့ ဒီအချက်ကပဲ အလုပ်ဖြစ်ခဲ့တာလို့ သူက ပြောပါတယ်။

သံသယရှိသူဟာ မြို့တော်ရဲတပ်ဖွဲ့ ရဲ့စောင့်ကြည့်ခံနေရသူတစ်ဦးမဟုတ်တဲ့အကြောင်းကိုတော့ သူက ထပ်လောင်းပြောပါတယ်။​

ဝါရှင်တန်တရားရေးဝန်ကြီးဌာန တာဝန်ရှိသူကတော့ သံသယရှိသူကို လာမယ့် တနင်္လာနေ့၊ တရားရုံးမှာ အမှုဖွင့်အရေးယူသွားမယ်လို့ဆိုပါတယ်။

သူဟာ ရာဇဝတ်ပစ်မှု ကျူးလွန်ချိန် လက်နက်ခဲယမ်းအသုံးပြုမှုနဲ့ လုံခြုံရေးအရာရှိတွေကို ပစ်ခတ်တိုက်ခိုက်မှုစတဲ့ အမှုနှစ်မှုနဲ့ တရားစွဲသွားမယ်လို့ ဆိုပါတယ်။

ဖက်ဒရယ်တရားရုံးက သူ့ရဲ့ ကြားနာမှုကို လာမယ့် တနင်္လာနေ့မှာ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

ထရမ့်အရာရှိတွေကို ပစ်မှတ်ထားခဲ့တာလို့ သံသယရှိသူပြော - CBS သတင်းဌာန

သံသယရှိသူ သေနတ်သမားက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ဆက်စပ်တဲ့အရာရှိတွေကို ပစ်မှတ်ထားခဲ့တာလို့ အာဏာပိုင်တွေကို ပြောခဲ့ကြောင်း ဘီဘီစီရဲ့မိတ်ဖက် အမေရိကန် သတင်းဌာန ဖြစ်တဲ့ CBS သတင်းဌာနက ဖော်ပြပါတယ်။

အမည်မဖော်လိုတဲ့သတင်းရင်းမြစ် ၂ ဦးကို ကိုးကားပြီး သတင်းဖော်ပြခဲ့တာဖြစ်သလို အခုဖြစ်ရပ်အတွင်း သေနတ် အချက်ရေ ၅ ကြိမ်ကနေ ၈ ကြိမ်ကြားရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုလက်ရှိမှာတော့ အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) တာဝန်ရှိသူတွေက ကယ်လီဖိုးနီးယားမှာရှိတဲ့ သံသယရှိသူရဲ့နေအိမ်မှာ ရှာဖွေရေးလုပ်နေပါပြီ။

ရဟတ်ယာဉ်ပေါ်ကနေ ရိုက်ကူးထားတဲ့ ရုပ်သံမှာတော့ သံသယရှိ သေနတ်သမား နေထိုင်ရာ ကယ်လီဖိုးနီးယားပြည်နယ်၊ တောရန့်စ်မြို့မှာ ရဲအင်အားအမြောက်အများချထားတာကို တွေ့ရပါတယ်။

ဝါရှင်တန်ဟေလ်တန် ဟိုတယ်မှာ လွန်ခဲ့တဲ့ ၄၅ နှစ်ကလည်း အမေရိကန်သမ္မတတစ်ဦး သေနတ်ပစ်ခတ်ခံရ

ဒီနေ့ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာဟာ ဝါရှင်တန်မြို့က ကော်နက်တီးကပ် ရိပ်သာလမ်းပေါ်မှာရှိတဲ့ ဝါရှင်တန် ဟေလ်တန် ဟိုတယ်မှာဖြစ်ခဲ့တာပါ။ ဒီဟိုတယ်မှာ အမေရိကန် သမ္မတတစ်ဦး အရင်တုန်းက ပစ်ခတ်ခံရမှု ဖြစ်ခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့ ၄၅ နှစ် (၁၉၈၁ ခုနှစ်)မှာ အမေရိကန်ရဲ့အယောက် ၄၀ မြောက် သမ္မတ ရော်နယ် ရေဂင်လည်း ဒီဟိုတယ်မှာပဲ ပစ်ခတ်ခံရပြီး သေနတ်ဒဏ်ရာရခဲ့ဖူးပါတယ်။

အဲဒီဖြစ်စဉ်ဟာ ၁၉၈၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှာ ဟိုတယ်ထဲ မိန့်ခွန်းပြောပြီး ကားပေါ်ပြန်တက်တော့မယ့် သမ္မတ ရေဂင်ကို သေနတ်သမား ဂျွန် ဟင်ကလေ ဂျူနီယာက ပစ်ခတ်ခဲ့တာပါ။

ဒီပစ်ခတ်မှုမှာ ရေဂန် အသက်ရှင်ခဲ့ပေမဲ့ ဒဏ်ရာကြီးခဲ့ပါတယ်။ သေနတ်သမားပစ်လိုက်တဲ့ ကျည်ဟာ သမ္မတကားကို ထိပြီး ပြန်လွင့်စင်လာတဲ့အချိန် သမ္မတရဲ့ခန္ဓာကိုယ်ကို ထိမှန်ခဲ့တာပါ။

နံရိုးတစ်ချောင်းကျိုးခဲ့ပြီး အဆုတ်တခြမ်း ထိမှန်ခဲ့တာပါ။ သူ့ကို အနီးနားက ဂျော့ရှ် ဝါရှင်တန်တက္ကသိုလ် ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ရပြီး ၁၂ ရက်အကြာ ဧပြီ ၁၁ ရက်မှာ ဆေးရုံက ပြန်ဆင်းခဲ့ပါတယ်။

အဲဒီတုန်းက အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ ဂျိမ်းဘရက်ဒီကလည်း ဒီပစ်ခတ်မှုမှာ ဒဏ်ရာရခဲ့ပြီး Secret Service အဖွဲ့ဝင်တစ်ဦးနဲ့ မြို့တော် ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

His injuries plagued him for the rest of his life and contributed to his death in 2014.

ဘရက်ဒီက ရရှိတဲ့ဒဏ်ရာကြောင့် ဦးနှောက် ပျက်စီးခဲ့ပြီး သူ့တစ်သက်တာ မသန်စွမ်းတစ်ယောက်အဖြစ် အသက်ရှင်သန်ခဲ့ရပါတယ်။ သူ့ ဘဝတလျှောက်လုံး ဒီဒဏ်ရာနောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားခဲ့ရပြီး ၂၀၁၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

နောက်တစ်နှစ်မှာတော့ ဟင်ကလီဟာ စိတ်မနှံ့လို့ ဆိုတဲ့ အကြောင်းပြချက်ကြောင့် အပစ်မရှိဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ဝါရှင်တန်က လုံခြုံရေးတင်းကြပ်တဲ့ စိတ်ရောဂါဆေးရုံ စိန့် အဲလိဇဘက် ဆေးရုံကို ထိန်းသိမ်းခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ ဆေးရုံက ဆင်းခဲ့ပါတယ်။

အခုချိန်အထိ ဟိုတယ်ရဲ့ဘေးဘက်တစ်နေရာမှာ အဲဒီပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာကို ပြသထားတဲ့ အမှတ်အသား ထားရှိထားပါတယ်။

အိမ်ဖြူတော်သတင်းထောက်အသင်း ညစာစားပွဲဆိုတာဘာလဲ

ဘတ် ဒီဘတ်စ်မန်း ဂျူနီယာ

အိမ်ဖြူတော်သတင်းထောက်

ပြီးခဲ့တဲ့နှစ်တွေကစလို့ အိမ်ဖြူတော်သတင်းထောက်တွေညစာစားပွဲဟာ အကျော်အမော်တွေ ရှေ့မျက်နှာပြချင်တဲ့သူတွေ လာကြတဲ့အခမ်းအနားတစ်ခုလိုဖြစ်လာပါတယ်။ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ထင်ရှားကျော်ကြားသူတွေကို ဆွဲဆောင်နိုင်တဲ့ပွဲတစ်ခု ဖြစ်ပါတယ်။

ဒီညစာစားပွဲကျင်းပပြီးရင်တောင် မပြီးသေးပါဘူး။ သီတင်းပတ်တစ်ခုလုံး သံရုံးတွေ၊ အဖွဲ့အစည်းတွေနဲ့ သတင်းဌာနတွေက ကျင်းပတဲ့ ပါတီတွေနဲ့ ဝါရှင်တန်မှာ စည်ကားသိုက်မြိုက်လှပါတယ်။

ဒီပွဲရဲ့ အနှစ်သာရကို ပြန်ကြည့်ရင်တော့ ဒီညစာစားပွဲကနေ နိုင်ငံတဝန်းမှာ သတင်းစာပညာသင်ကြားနေတဲ့ အရည်အချင်းရှိ ကျောင်းသူ/သားတွေအတွက် ရန်ပုံငွေ ထူထောင်ပေးကြတာဖြစ်ပါတယ်။

သူတို့တွေဟာ အိမ်ဖြူတော်သတင်းထောက်များအသင်းကနေ ငွေကြေးအထောက်အပံ့တွေ ရရှိကြပါတယ်။

အသင်းကနေ လက်တွေ့သတင်းစာပညာသင်ပေးသူအဖြစ် အိမ်ဖြူတော်မှာ သတင်းယူနေတဲ့ သတင်းထောက်တစ်ဦးနဲ့ ကျောင်းသားတစ်ယောက်ချင်းစီကို တွဲထားပေးပါတယ်။ အဲဒီကျောင်းသားတွေအားလုံး ညစာစားပွဲကို တက်ရောက်ခွင့်ရကြပါတယ်။

ဒီမှာတော့ ကျွန်တော်က ဒုတိယအကြိမ်အနေနဲ့ အဲဒီကျောင်းသားတွေထဲက တစ်ယောက်ရဲ့ဆရာ အဖြစ်တာဝန်ယူရပါတယ်။ ကျွန်တော် သင်ကြားပေးရသူက ထက်မြက်ပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့အမျိုးသမီးငယ်တစ်ဦးပါ။

သေနတ်ပစ်ခတ်မှုဖြစ်တဲ့အချိန် သူနဲ့ တခြားကျောင်းသားတွေ အားလုံး ကြောက်လန့်တုံလှုပ်နေခဲ့ကြပေမဲ့ ဘေးမသီရန်မခပဲရှိနေတယ်လို့ သူက ကျွန်တော့်ကို ပြောပါတယ်။

သူတို့တွေ အားလုံးက ညစာစားပွဲတစ်ခုမှာ အခုလို သေနတ်ပစ်ခတ်မှုဖြစ်လိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူးလို့လည်း ဆိုပါတယ်။​

မေးခွန်းထုတ်စရာဖြစ်နေတဲ့ လုံခြုံရေး

ဒန်နီယယ် ဘုရှ်

ဝါရှင်တန်သတင်းထောက်

အိမ်ဖြူတော်သတင်းထောက်တွေ ညစာစားပွဲမှာရှိနေတဲ့သတင်းထောက်က ဒီဖြစ်စဉ် အကြောင်း ရှင်းပြလာပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ အဓိကမေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။ ဖြစ်စဉ်ဖြစ်ပြီးချင်းချင်းမှာတော့ အိမ်ဖြူတော်သတင်းထောက် ညစာစားပွဲအတွက်ချမှတ်ထားတဲ့လုံခြုံရေး အစီအမံတွေ နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ပိုပြီး မြင့်တက်စေခဲ့ပါတယ်။

ဝါရှင်တန် ဟေလ်တန်ဟိုတယ်မှာလုပ်တဲ့ဒီအခမ်းအနားကို နှစ်စဉ် သမ္မတတွေ၊ အစိုးရအဖွဲ့ ဝန်ကြီးတွေ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ရာနဲ့ချီတဲ့သတင်းထောက်တွေ တက်ရောက်ကြပါတယ်။

အခမ်းအနားတက်ရောက်သူတိုင်းဟာ ခန်းမထဲကို ဝင်ဖို့ ဆိုရင် လေဆိပ်တွေမှာလိုမျိုး စစ်ဆေးမှု တွေ ခံယူရပါတယ်။ ဟိုတယ်အပြင်ဘက်မှာလည်း လုံခြုံရေးတွေ ချထားပါတယ်။

သီအိုရီအရ ဆိုရင် ဒါဟာ ဝါရှင်တန်မှာ လုံခြုံမှုရှိတဲ့အခမ်းအနားတစ်ခု လို့ဆိုနိုင်ပါတယ်။ အရင် ညစာစားပွဲတွေတုန်းက ဒီလိုဖြစ်ရပ်မျိုး တခါမှ မဖြစ်ဖူးပါဘူး။ ဒီညမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဟာ နောက်လာမယ့် အခမ်းအနားတွေရဲ့လုံခြုံရေးအစီအမံတွေအပေါ် သံသယဝင်စရာဖြစ်လာမှာပါ။