ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန် ဒီဇယ်ဆီစျေး အမြင့်ဆုံး စံချိန်တင် ထိုးတက်သွား
- ရေးသားသူ, Mitchell Labiak မစ်ချယ်လ် လက်ဘေ့ခ်
- ရာထူးတာဝန်, စီးပွားရေးသတင်းထောက်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၂
အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြားဖြစ်တဲ့ စစ်ပွဲကြောင့် အမေရိကန်ပြည်သူတွေ ငွေအကုန်အကျ ဆက်များလာနေချိန်မှာပဲ အမေရိကန်နိုင်ငံက ဓာတ်ဆီဆိုင်တွေမှာ ကားမောင်းသူတွေက ဒီဇယ်ဆီတွေကို အမြင့်ဆုံးစျေး ပေးပြီး ဝယ်နေကြရပါတယ်။
အမေရိကန်နိုင်ငံမှာ ကုန်တင်ကားတွေ၊ ရထားတွေ၊ မော်တော်ဘုတ်တွေ၊ ဘတ်စ်ကားတွေ၊ မွေးမြူရေးမော်တော်ယာဉ်တွေ၊ ဆောက်လုပ်ရေးမော်တော်ယာဉ်တွေလို စီးပွားရေးလုပ်ငန်းအတွက် ပြေးဆွဲတဲ့ယာဉ်အများစုက ဒီဇယ်ဆီကို အသုံးပြုကြပါတယ်။
အမေရိကန်မှာ ဒီဇယ်ဆီ ပျမ်းမျှ တစ်ဂါလံစျေးက လွန်ခဲ့တဲ့တစ်နှစ်လောက်က ၃.၇၁ ဒေါ်လာ ရှိခဲ့ရာကနေ အခု ၅.၈၅ ဒေါ်လာစျေး အထိ တက်သွားခဲ့သလို ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်ခဲ့အပြီး ထိုးတက်သွားခဲ့တဲ့ ဒီဇယ်ဆီစျေးထက် ပိုမြင့်တက်ခဲ့တယ်လို့ အမေရိကန် မော်တော်ကားအသင်း (AAA) ကဆိုပါတယ်။
အီရန်စစ်ပွဲ စတင်တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကစလို့ စက်သုံးဆီစျေးတွေ မြင့်တက်လာခဲ့ပြီး လက်ကား ရေနံစျေးတွေ ထိုးတက်လာတာကို ထင်ဟပ်ပြနေပါတယ်။
စက်သုံးဆီစျေးတွေ မြင့်တက်လာတာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ဗင်နီဇွဲလားနိုင်ငံနဲ့ ရေနံသဘောတူချက်တစ်ခုကနေတစ်ဆင့် အမေရိကန်ပြည်သူတွေအားလုံးအတွက် သဘာဝဓာတ်ငွေ့ စျေးတွေ သိသိသာသာကြီး လျော့ကျအောင် လုပ်ပေးမယ်ဆိုပြီး မကြာသေးခင်က ကတိပြု ပြောခဲ့ပါတယ်။
ဇန်နဝါရီလတုန်းက သမ္မတထရမ့်ရဲ့ အမိန့်နဲ့ စီးနင်းတိုက်ခိုက်ခဲ့မှုတစ်ခုအတွင်း ဗင်နီဇွဲလား ခေါင်းဆောင်ဟောင်း နီကိုလက်စ် မက်ဒူရို ကို အမေရိကန် အထူးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
စနေနေ့က ထုတ်ပြန်ကြေညာခဲ့တဲ့ သဘောတူချက်ထဲမှာ မဟာဗျူဟာကျပြီး ရေနံစည်ပေါင်း ၆၅ ဘီလျံ ထုတ်လုပ်နိုင်ဖို့ အလားအလာရှိတဲ့ ရေနံမြေ ၁၇ ခု ဖွံ့ဖြိုးတိုးတက်ရေးနဲ့အတူ ဗင်နီဇွဲလားနိုင်ငံအတွက် ဒေါ်လာ ဘီလျံ ၁၀၀ ကျော်ဖိုး ရင်းနှီးမြှုပ်နှံမှုနဲ့ ဒေါ်လာ ၂၀၉ ဘီလျံကျော်ဖိုး အခွန်ငွေ ကောက်ခံမှုတွေ လုပ်ဖို့ တောင်းဆိုထားတယ်လို့ ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်ဆီ ရော့ဒရီဂက်ဇ် က ပြောပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ အတွေ့အကြုံရှိတဲ့ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနဲ့ ပူးတွဲလုပ်မယ့် လုပ်ငန်းတစ်ခုကို အမေရိကန်အစိုးရက ၅၅ ရာခိုင်နှုန်း ထိန်းချုပ်ခွင့်ရမှာ ဖြစ်တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက CBS အမေရိကန်သတင်းဌာနကို ပြောပါတယ်။
ဒါပေမဲ့ အကဲခတ်တချို့ကတော့ ဒီသဘောတူချက်ဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ ရေနံလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ ကာလတာရှည် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျော်လွှား ဖြေရှင်းနိုင်မလားဆိုတာကို မေးခွန်းထုတ်နေကြပြီး မယုံမရဲ သံသယစိတ်တွေ ဖြစ်နေကြပါတယ်။
မော်တော်ကား လောင်စာဆီအတွက် ရေနံဟာ အရေးပါတဲ့ ပစ္စည်းတစ်ခု ဖြစ်ပြီး အီရန်အစိုးရက နိုင်ငံတောင်ပိုင်း ဟော်မုဇ် ရေလက်ကြားကို ထိထိရောက်ရောက် ပိတ်ဆို့ထားခြင်းအားဖြင့် စစ်ပွဲကို တုံ့ပြန်ခဲ့တဲ့အတွက် ရေနံ ဖြန့်ဝေထောက်ပံ့မှုတွေ အကန့်အသတ် ဖြစ်သွားခဲ့ရပါတယ်။ ကမ္ဘာတစ်ဝန်း ရေနံ ပို့ဆောင်မှုရဲ့ ငါးပုံတစ်ပုံလောက်ဟာ ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်း သယ်ဆောင်နေတာ ဖြစ်ပါတယ်။
ဓာတ်ဆီဆိုင်တွေမှာ လောင်စာဆီစျေးတွေ ထိုးတက်သွားတဲ့အတွက် အရေးပါတဲ့ နိုဝင်ဘာလ သက်တမ်းဝက် ရွေးကောက်ပွဲမတိုင်ခင် အမေကန် မဲဆန္ဒရှင်ပြည်သူတွေ ဒေါသအမျက် ထွက်ခဲ့ကြပါတယ်။
မကြာသေးခင်က လုပ်ခဲ့တဲ့ ရိုက်တာစ်/အစ်ပ်ဆော့စ် စစ်တမ်းတွေအရ ထရမ့်ကို ထောက်ခံအားပေးမှုနှုန်း ၃၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး အီရန်စစ်ပွဲအပေါ် အမေရိကန်ပြည်သူတွေရဲ့ ထောက်ခံမှုက ၃၁ ရာခိုင်နှုန်းသာ ရှိတော့တယ်လို့ သိရပါတယ်။
ဒါပေမဲ့လည်း ရေနံစျေးတက်မှုအတိုင်းအတာကို အမေရိကန်ပြည်သူတွေ တပြေးညီ ကြုံတွေ့ရတာတော့ မဟုတ်ပါဘူး။ AAA ရဲ့ အချက်အလက်တွေအရ အခွန်ငွေကွာခြားမှုနဲ့ အမေရိကန် ရေနံကုမ္ပဏီတွေနဲ့ ခရီးအကွာအဝေးတွေပေါ်မူတည်ပြီး နိုင်ငံအနောက်ဘက်ခြမ်းပြည်နယ်တွေက တခြားနေရာတွေထက် လောင်စာဆီစျေး အများကြီး ပိုပေးရတယ်လို့ သိရပါတယ်။
ဥပမာအားဖြင့် ဝါရှင်တန်မြို့မှာ လွန်ခဲ့တဲ့ တစ်နှစ်က ပျမ်းမျှ ဒီဇယ်ဆီစျေးဟာ တစ်ဂါလံကို ၅.၀၃ ဒေါ်လာ ရှိခဲ့ပေမဲ့ အခုအခါ ၆.၈၁ ဒေါ်လာစျေး ဖြစ်နေပါတယ်။
ဒီဇယ်ဆီစျေးမြင့်တက်လာသလို အမေရိကန်ပြည်သူတွေဟာ သမိုင်းတစ်လျှောက်လုံး မြင့်မားတဲ့ ဓာတ်ဆီစျေးတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က ဓာတ်ဆီ တစ်ဂါလံ ပျမ်းမျှဈေးနှုန်းဟာ ၃.၂၀ ဒေါ်လာရှိခဲ့ရာကနေ အခုအခါ ၄.၁၅ ဒေါ်လာအထိ မြင့်တက်လာခဲ့ပါတယ်။