ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အင်ဒီဘာနမ် - အသိရခက်နေသေးတဲ့ဗြိတိန်ဝန်ကြီးချုပ်လောင်း
- ရေးသားသူ, ရော့ဘ် ဝပ်ဆင်
- ရာထူးတာဝန်, ယူကေနိုင်ငံရေးသတင်းထောက်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၅
ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းမှာ အင်ဒီဘာနမ် လောက် လူထုရဲ့ စိစစ်အကဲဖြတ်ခံရမှုနည်းနည်းနဲ့ ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာမယ့်သူ ရှားပါးပါတယ်။
ဝန်ကြီးချုပ် ကီရာစတာမာ ရာထူးကနုတ်ထွက်မယ်ဆိုတဲ့နောက် အာဏာရ လေဘာပါတီက ပါတီခေါင်းဆောင်နေရာကို 'contest' ယှဥ်ပြိုင်မယ့်လူတွေကြား ရွေးချယ်ပွဲကျင်းပပြီး ဝန်ကြီးချုပ် ရွေးမယ့်အစား "coronation" လို့ ခေါ်တဲ့ ပြိုင်ဘက်မရှိဘဲ ခေါင်းဆောင်အဖြစ် တင်မြှောက်တဲ့နည်းလမ်းကို နောက်ဆုံးမှာ ရွေးချယ်ခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ မူဝါဒတွေ၊ အုပ်ချုပ်ရေးပုံစံတွေကို အများပြည်သူရှေ့မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှု မရှိသလောက် ဖြစ်ခဲ့ပါတယ်။
ဒီနည်းလမ်းရဲ့ အားသာချက်က ပါတီအတွင်း ထိခိုက်စေနိုင်တဲ့ လူသိရှင်ကြားကွဲလွဲမှုတွေကို ရှောင်ရှားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အားနည်းချက်ကတော့ ပါတီခေါင်းဆောင်သစ်နဲ့ ဝန်ကြီးချုပ်သစ်အတွက် နိုင်ငံရေးစမ်းသပ်မှု မဖြစ်ခဲ့တာပါ။
မကြာခင်မှာတော့ သူဟာ ဘယ်လိုဝန်ကြီးချုပ်မျိုး ဖြစ်လာမလဲဆိုတာကို အဖြေတွေ ရလာမှာပါ။ ဒါပေမဲ့ ဘာနမ်ဟာ သူ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဂရိတ်တား မန်ချက်စတာ (Greater Manchester) မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေသကို ကျော်လွန်ပြီး လူသိများလှသူ မဟုတ်တာကို သတိပြုဖို့ လိုပါတယ်။ ဒါကြောင့် သူဝန်ကြီးချုပ်ဖြစ်လာတဲ့အခါမှာလည်း အားလုံးအတွက် ခရီးတစ်ခုကို အတူသွားကြည့်ကြတဲ့ပုံမျိုး ဖြစ်နေပါလိမ့်မယ်။
ဘာနမ်နဲ့ ပတ်သက်ပြီး သိထားသမျှက သူဟာ ဝက်စ်မင်စတာနိုင်ငံရေးမှာ ပါတီအတွက် ပြင်ပလူတစ်ဦးလည်း ဖြစ်သလို၊ အတွင်းလူတစ်ဦးလည်း ဖြစ်တယ် ဆိုတာကို ပြနေပါတယ်။ ဒီနေ့ခေတ် နိုင်ငံရေးသမားအများစုလိုပဲ သူက ပထမအချက်ကို ပိုပြီး အလေးပေး ပြောဆိုလေ့ရှိပါတယ်။
အင်္ဂလန်မြောက်ပိုင်းမှာ အလုပ်သမားလူတန်းစား မိသားစုကနေ ကြီးပြင်းလာခဲ့တာကြောင့် သူ့ကိုယ်သူ ပြင်ပလူ အဖြစ် တင်ပြနိုင်ပါတယ်။ တစ်ဖက်မှာတော့ နာမည်ကျော် ကိမ်းဘရစ်ချ်တက္ကသိုလ် မှာ ပညာသင်ကြားပြီး နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့ပြီး တိုနီ ဘလဲယား နဲ့ ဂေါ်ဒွန် ဘရောင်းတို့ ဦးဆောင်ခဲ့တဲ့ နယူးလေဘာအစိုးရတွေမှာ ထက်မြက်တဲ့ လူငယ်နိုင်ငံရေးအရည်အချင်းရှင်တွေထဲက တစ်ဦးအဖြစ် ထင်ရှားခဲ့တာကြောင့် သူဟာ အတွင်းလူ လည်း ဖြစ်ပါတယ်။
ကိုယ်ရည်ကိုယ်သွေးအရဆိုရင် ဘာနမ်က သူ့ကိုယ်သူ သာမန်ပြည်သူတွေနဲ့ တစ်သားတည်း ခံစားနိုင်တဲ့ သာမန်လူတစ်ယောက် အဖြစ် မြင်စေချင်သူပါ။ သူက ဘီယာသောက်ရတာ၊ အင်္ဂလိပ်အစားအစာ ငါးကြော်နဲ့ အာလူးချောင်းကြော် စားရတာကို နှစ်သက်သလို ဘောလုံးနဲ့ ဂီတအကြောင်း ပြောရတာလည်း ဝါသနာပါတယ်။ ဒီဘက်ခေတ်နိုင်ငံရေးသမားအများစုနဲ့ ယှဉ်ရင်လည်း သူ့ရဲ့ ဝတ်စားဆင်ယင်ပုံက ပိုပြီး ခေတ်မီတာကို တွေ့ရနိုင်ပါတယ်။
နိုင်ငံရေးအမြင်နဲ့ ပတ်သက်ပြီးတော့ ဘာနမ်က သူ့ရဲ့ နိုင်ငံရေးအယူအဆတွေဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေက မာဂရက် သက်ချာ ဦးဆောင်ခဲ့တဲ့ ကွန်ဆာဗေးတစ်အစိုးရရဲ့ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးနဲ့ စျေးကွက်လွတ်လပ်ခွင့် မြှင့်တင်ရေးမူဝါဒတွေကို ဆယ်ကျော်သက်အရွယ်ကတည်းက မနှစ်သက်ခဲ့တာကနေ ပုံဖော်လာတာလို့ ပြောပါတယ်။
သူကြီးပြင်းခဲ့တဲ့ အင်္ဂလန်မြောက်ပိုင်းဒေသမှာ အဲဒီမူဝါဒတွေကြောင့် စက်မှုလုပ်ငန်းတွေ ကျဆင်းပြီး ဒေသခံတွေ စိတ်ဓာတ်ကျခဲ့ရတယ်လို့လည်း သူက ယူဆပါတယ်။ အဲဒီတုန်းကလိုပဲ အခုလည်း သူဟာ နိုင်ငံရေးမှာ ဗဟိုကနေလက်ဝဲဘက်ကို ယိမ်းတဲ့ ရပ်တည်ချက်ကို အလျှော့မပေးဘဲ ဆက်လက်ကိုင်စွဲထားပါတယ်။
ဥရောပက လက်ဝဲယိမ်းနိုင်ငံရေးသမားအများစုလိုပဲ ဘာနမ်က နိုင်ငံတော်ရဲ့ အခန်းကဏ္ဍဟာ အကျိုးရှိတယ်လို့ ယုံကြည်ပြီး လူမှုအသိုင်းအဝိုင်းထဲက ဝင်ငွေနည်းသူတွေအပေါ် အဓိက အာရုံစိုက်ပါတယ်။
သူက လွန်ခဲ့တဲ့ နှစ် ၄၀ အတွင်း ကျင့်သုံးလာခဲ့တဲ့ "နီယိုလစ်ဘရယ်ဝါဒ" ကို မကြာခဏ ဝေဖန်လေ့ရှိပြီး အဲဒီစနစ်ဟာ သာမန်ပြည်သူတွေကို အကျိုးမပြုနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီစကားနဲ့ သူ ဘာကို အတိအကျ ဆိုလိုတာလဲဆိုတာကတော့ မရှင်းလင်းလှပါဘူး။
ဒါ့အပြင် သူဟာ နိုင်ငံရေးအယူဝါဒကို အလွန်အကျွံ စွဲကိုင်ထားသူမျိုးလည်း မဟုတ်သလို၊ မူဝါဒအသေးစိတ်ကိစ္စတွေကို အထူးစိတ်ဝင်စားသူလည်း မဟုတ်ခဲ့ပါဘူး။
ဘာနမ်ဟာ ဗြိတိန်ရဲ့ ပြည်တွင်းရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေကို အကြီးအကျယ် ပြောင်းလဲပစ်မှာလား။ အတိုချုပ်ဖြေရရင်တော့ မသိသေးဘူး လို့ပဲ ပြောရမှာပါ။ သူက ဒီကိစ္စတွေအပေါ် အခုထိ ဘာမှ သိပ်ထုတ်မပြောထားလို့ပါ။
ပြည်တွင်းမူဝါဒပိုင်းမှာတော့ ကန့်သတ်ချက်ကြီးတွေ ရှိနေပါတယ်။ ဗြိတိန်ဟာ စီးပွားရေးတိုးတက်မှုနှုန်း နိမ့်ပြီး အစိုးရကြွေးမြီ မြင့်မားတဲ့ နိုင်ငံဖြစ်ပါတယ်။ အစိုးရအသုံးစရိတ်နဲ့ အခွန်ကောက်ခံမှု နှစ်ခုစလုံးဟာလည်း သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်ကို ရောက်နေပြီး ဖြစ်ပါတယ်။
ဒါကြောင့် လေဘာပါတီရဲ့ လက်ဝဲယိမ်းအုပ်စုက နိုင်ငံတော်ရဲ့ စွက်ဖက်မှုအခန်းကဏ္ဍကို ပိုမိုချဲ့ထွင်ချင်ကြပေမယ့် လက်တွေ့အကောင်အထည်ဖော်ဖို့ကတော့ မလွယ်ကူပါဘူး။ ဒါ့အပြင် နောက်ဆုံး အထွေထွေရွေးကောက်ပွဲမှာ လေဘာပါတီက အခွန်အများစုကို မတိုးမြှင့်ဘူး၊ ချေးငွေကိုလည်း အလွန်အကျွံ မယူဘူး လို့ ကတိပေးထားတာကြောင့် ဘာနမ်အစိုးရအနေနဲ့ အဲဒီကတိတွေကြောင့်လည်း အကန့်အသတ်ရှိမှာ ဖြစ်ပါတယ်။
လေဘာပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီးနောက် ဘာနမ် ထုတ်ဖော်ပြောဆိုခဲ့တဲ့ အဓိက နိုင်ငံရေးအဆိုပြုချက်တစ်ခု ကတော့ ဗဟိုအစိုးရ (လန်ဒန်) က ကိုင်ထားတဲ့ အာဏာနဲ့ ဘဏ္ဍာငွေကို ဒေသတွေဆီ ပိုမိုလွှဲပြောင်းပေးရေး ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအစီအစဉ်က သူဘယ်လိုလုပ်မှာလဲဆိုတာ အခုထိတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
နိုင်ငံခြားရေးမူဝါဒပိုင်းမှာတော့ ဘာနမ်ဟာ သူ့ရဲ့ နိုင်ငံရေးဘဝတစ်လျှောက် ဒီကိစ္စကို သိပ်ပြောခဲ့တာ မရှိပါဘူး၊ ဒါကြောင့် အပြောင်းအလဲထက် လက်ရှိမူဝါဒကိုပဲ ဆက်ထိန်းသိမ်းမှုကို ပိုတွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။
နိုင်ငံခြားရေးမူဝါဒဆိုတာ ပါတီနိုင်ငံရေး ဒါမှမဟုတ် ခေါင်းဆောင်တစ်ဦးချင်းရဲ့ စိတ်ကြိုက်ဆုံးဖြတ်ချက်တွေထက် ပထဝီအနေအထား၊ သမိုင်းကြောင်း၊ နိုင်ငံတော်ရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံတကာဖြစ်ရပ်တွေက ပိုပြီး ပုံဖော်ပေးတာဖြစ်လို့ အခုလို မူဝါဒဆက်လက်ထိန်းသိမ်းတသွားမယ်ဆိုလည်း အံ့ဩစရာတော့ မဟုတ်ပါဘူး။
ဒါကြောင့် ဆာ ကီယာစတာမာလိုပဲ ဘာနမ်ဟာ ဥရောပသမဂ္ဂ (EU) နဲ့ ဆက်ဆံရေးကို ပိုမိုနီးကပ်လာအောင် ကြိုးပမ်းမှာ သေချာသလောက်ရှိပေမယ့် အလွန်အကျွံ နီးကပ်တဲ့အဆင့်အထိတော့ မဟုတ်ပါဘူး။ ဒါ့အပြင် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာ စံနှုန်းတွေနဲ့ ကုလသမဂ္ဂ (UN) လို ဘက်စုံပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းတွေ အပေါ် ဗြိတိန်က အလေးထားကြောင်းကိုလည်း ဆက်လက် အားပေးပြောဆိုသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စု အကြားက ရင်းနှီးကျွမ်းဝင်တဲ့ အထူးဆက်ဆံရေး (special relationship) ကိုလည်း ဆက်လက်ထိန်းသိမ်းဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီလို ဆက်ဆံရေးဟာ သမ္မတ ဒေါ်နယ် ထရမ့် နဲ့ ကိုယ်ရေးကိုယ်တာအရ နီးကပ်တဲ့ ဆက်ဆံရေး ဖြစ်မယ်လို့တော့ မဆိုလိုပါဘူး။ဘာပဲဖြစ်ဖြစ် အဲဒီလို ဆက်ဆံရေးကောင်းကိုလည်းတည်ဆောက်နိုင်အောင်တော့ သူ ကြိုးစားဖို့ သေချာသလောက် ရှိပါတယ်။
၁၀ နှစ်အတွင်း ဗြိတိန်ရဲ့ ခုနစ်ယောက်မြောက် ဝန်ကြီးချုပ် ဖြစ်လာတဲ့ ဘာနမ် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုနဲ့ ပတ်သက်ရင်တော့ အဲဒီလို ဝန်ကြီးချုပ် အပြောင်းအလဲ မကြာခဏ ဖြစ်ပေါ်ခဲ့တာကိုယ်တိုင်က သူကျော်ဖြတ်ရမယ့် အခက်အခဲတွေ ဘယ်လောက်ကြီးမားတယ်ဆိုတာကို ပြသနေပါတယ်။
ဒါပေမဲ့ ဘာနမ်အတွက် သတင်းကောင်းလည်း ရှိသလို သတင်းဆိုးလည်း ရှိပါတယ်။ သတင်းဆိုးကတော့ သူ့မတိုင်ခင် ဝန်ကြီးချုပ် ခြောက်ယောက်ကိုပါ အခက်တွေ့စေခဲ့တဲ့ စီးပွားရေးနဲ့ လူမှုရေး ပြဿနာတွေဟာ အလွန်ကြီးမားနေဆဲ ဖြစ်တာပါ။ သတင်းကောင်းကတော့ လူထုစိတ်ခံစားချက်ကို အခြေခံတဲ့ (populist) နိုင်ငံရေးလမ်းစဉ်ကို ကိုင်စွဲထားတဲ့ လက်ဝဲနဲ့ လက်ယာယိမ်း ပါတီသစ်တွေဖြစ်တဲ့ အစိမ်းရောင်ပါတီ (Greens) နဲ့ Reform UK ပါတီတို့ရဲ့ လူကြိုက်များမှုဟာ အမြင့်ဆုံးအဆင့်ကို ရောက်ပြီးသား ဖြစ်နိုင်တယ် ဆိုတာပါ။
ဆိုချင်တာက ဒီပါတီတွေကို လူထုထောက်ခံမှုတွေ အခုထက်ထပ်ပြီး အများကြီးတိုးမလာနိုင်လောက်တော့ဘူးလို့ ယူဆနိုင်စရာရှိတာပါ။
နောက်ဆုံးတော့ ဘာနမ်နဲ့ ပတ်သက်ပြီး မသေချာမှုတွေ အများကြီး ရှိနေဆဲပါ။ တချို့ စိုးရိမ်နေသလို လူချစ်လူခင်များပေမယ့် အရည်အချင်းအပိုင်းမှာ အားနည်းတဲ့ နိုင်ငံရေးသမားတစ်ဦး ပဲလား၊ ဒါမှမဟုတ် လေဘာပါတီ လွှတ်တော်အမတ်တွေကြား အကောင်းမြင်မှု အတိုင်းအတာ မတူညီကြပေမယ့် မျှော်လင့်နေသလို နိုင်ငံကို အလေးအနက် ဦးဆောင်နိုင်မယ့် ခေါင်းဆောင်တစ်ဦး ဖြစ်လာမယ့်သူလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။