ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စက်တင်ဘာ ၆ ရက်သတင်းများအနှစ်ချုပ် - သားပေါ်တာဆွဲခံရကြောင်း တစ်တော့ပေါ် ရင်ဖွင့်တဲ့မိခင် အဖမ်းခံရ
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ထဲက ဒေါ်ခင်ဌေးမြင့် (ခ) ဒေါ်ဌေးဟာ သူ့ကို လုပ်ကိုင်ကျွေးနေတဲ့ သားဖြစ်သူ ပေါ်တာဆွဲခံရလို့ ကူညီပေးကြဖို့ တစ်တော့ပေါ်မှာ ဗီဒီယိုတင်အပြီး နောက်တစ်ရက်မှာပဲ နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတချို့ဆီကနေ သိရပါတယ်။
"အဲဒီ အစ်မကြီးကို မနေ့ညနေပိုင်းမှာ လာဖမ်းသွားတယ်။ ဒက္ခိဏသီရိစက်မှုဇုန်နဲ့ လယ်ဝေးမြို့နယ်အစပ် ချမ်းသာကြီးရပ်ကွက်က သူ့နေအိမ်မှာ ဖမ်းသွားတာပါ။ သူတို့က ပခုက္ကူကနေ ပြောင်းလာတာလေ" လို့ လယ်ဝေး ဒေသခံတစ်ဦးက ပြောပါတယ်။
စက်တင်ဘာ ၄ ရက်တုန်းက ဒေါ်ခင်ဌေးမြင့်ဟာ Khin Htay Myint ဆိုတဲ့ တစ်တော့အကောင့်ကနေ "မိဘကို လုပ်ကျွေးနေတဲ့ကလေးကို ၂၀၃၀ တပ်က ဗိုလ်မှူးအောင်မင်း ကိုယ်တိုင်ခေါ်ပြီးတော့ ပြည်သူ့စစ်ထဲ ထည့်လိုက်ပါတယ်။ ပေါ်တာလည်း လာဆွဲသွားပါတယ်ရှင်" ဆိုတဲ့ပြောဆိုချက်တွေ ပါဝင်တဲ့ ၅၉ စက္ကန့်စာ ရုပ်သံဗီဒီယိုကို တင်ခဲ့ပါတယ်။
ဗီဒီယိုထဲမှာ ဒေါ်ခင်ဌေးမြင့်က သူတို့ဟာ လယ်ဝေးရဲ့နယ်မြေ ၁၀၊ အမှတ် ၁ ရပ်ကွက်မှာ နေထိုင်ပြီး သား ၃ ဦးထဲက နှစ်ဦးဟာ စစ်သားဖြစ်ကာ တစ်ဦး ပေါ်တာဆွဲခံလိုက်ရလို့ အကူအညီတောင်းခဲ့တာလို့ ဆိုပါတယ်။
အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး လယ်၀ေးမြို့နယ်ထဲက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ဘီဘီစီက ဆက်သွယ် မေးမြန်းဖို့ ကြိုးစားနေပါတယ်။
၂၀၂၄ ခုနှစ်မှာ အသက်သွင်းခဲ့တဲ့ စစ်မှုထမ်းဥပဒေမှာ အခြားပြုစုစောင့်ရှောက်မယ့်သူမရှိတဲ့ မိအို၊ ဖအိုတွေကို လုပ်ကျွေးနေသူတွေဟာ စစ်မှုထမ်းရွှေ့ဆိုင်းခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ နည်းဥပဒေတွေကို ကျော်လွန်ပြီး သတ်မှတ်ချက်တွေထက် ပိုမိုခေါ်ယူနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း နှစ်နှစ်ကျော်အတွင်း ဆက်တိုက်ထွက်ပေါ်နေပေမဲ့ မြန်မာစစ်တပ်ဘက်က ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းတာ မတွေ့ရပါဘူး။
ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းကလည်း ရန်ကုန်မှာ လူငယ်အချို့ စစ်မှုထမ်းဖို့ စုဆောင်းခံရတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်းဗဟိုကို မှတ်ချက်တောင်းခဲ့ပေမဲ့ စစ်မှုထမ်းဗဟိုအဖွဲ့ကတော့ အဓမ္မ စစ်မှုထမ်းစုဆောင်းခံရတယ်ဆိုရင် အချက်အလက်နဲ့တိုင်ကြားနိုင်တယ်လို့သာ တုံ့ပြန်ပါတယ်။
အခု လယ်ဝေးမြို့နယ်ထဲကဖြစ်စဉ်ကိုတော့ စစ်တပ်သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရန်ချန်နယ်တွေက တပ်ကိုအပုပ်ချတဲ့သတင်းလို့ တုံ့ပြန်ရေးသားနေကြပြီး ဒေါ်ခင်ဌေးမြင့်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုဖို့လည်း ရေးသားပြောဆိုနေပါတယ်။
ရခိုင်နဲ့ ဧရာ၀တီတိုင်းအစပ်မှာ တိုက်ပွဲပြင်းထန်
မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်ထဲကို ၀င်ရောက်နိုင်ဖို့ ရခိုင်နဲ့ထိစပ် နယ်စပ်တွေမှာ စက်တင်ဘာလဆန်းကစလို့ အင်အားအလုံးအရင်းဖြည့်တင်း ဖြန့်ကြက်နေပြီး ဧရာဝတီတိုင်းထဲက ကျေးရွာအချို့မှာ ဒီရက်ပိုင်း အေအေနဲ့စစ်တပ်ကြားတိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့ ဆီကနေ သိရပါတယ်။
အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်ရဲ့ ရခိုင်ရိုးမတစ်ဖက်ခြမ်း ဧရာဝတီတိုင်းအစပ်က ရေကြည်နဲ့ ငါးသိုင်းချောင်းမြို့နယ်တလျှောက် ကျေးရွာအချို့မှာ တိုက်ပွဲ ဖြစ်နေတယ်လို့ အေအေ သတင်းရင်းမြစ်က ပြောပါတယ်။
"ရေကြည်က သီတာကုန်းပြင်ရွာဘက်ကိုလည်း စစ်တပ်က အင်အားဖြည့်တယ်။ အဲဒီကနေ ဂွအစပ်ဘက်တော့ မဝင်နိုင်သေးဘူး၊ ဘောဓိရွာတို့ ဗေဒါရွာတို့ဘက်မှာတော့ အေအေဘက နေရာယူထားတုန်းပဲ" လို့ သူက ဆက်ပြောပါတယ်။
ပုသိမ် - မုံရွာလမ်းမကြီးအနီးက သီတာကုန်းပြင်ကျေးရွာဟာ စစ်တပ်ရဲ့ အမြောက်တပ်အခြေစိုက်တဲ့ မြောက်စမ်းကျေးရွာနဲ့အနီးမှာရှိပါတယ်။
ဂွမြို့နယ်နဲ့ ဆက်နေတဲ့ ရွှေသောင်ယံမြို့နယ်ဘက်မှာလည်း စစ်ရေးတင်းမာနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
"ဒီရက်ပိုင်းက ရွှေသောင်ယံဘက်ကို စစ်တပ်ကအင်အားဖြည့်ထားတယ်။ ဧရာဝတီမှာတင် စစ်ကြောင်း ၅ ကြောင်း ထက်မနည်းရှိတယ်" လို့ သူက ပြောပါတယ်။
ပုသိမ်ခရိုင်ထဲမှာရှိတဲ့ ရွှေသောင်ယံမြို့ဟာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ ဆက်နေပြီး ဂွနဲ့ ရွှေသောင်ယံကြားက မန်ကျည်းဇင်ရွာကို အေအေက ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ သိမ်းထားပါတယ်။
အဲဒီနောက် စစ်တပ်ဟာ အရင်က ကြည်းနဲ့ရေ စစ်ရေးလေ့ကျင့်မှုကြီးလုပ်ခဲ့တဲ့ ရွှေသောင်ယံမှာ အင်အားဖြည့်ခဲ့ပြီး အခုတော့ စစ်ရေးတင်းမာမှုဖြစ်နေတယ်ဆိုတဲ့သတင်းပါ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အေအေ ထိန်းချုပ်မြို့နယ်အများစုဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲကို စစ်မျက်နှာ အများအပြားကနေ တပြိုင်နက် ထိုးစစ်ဆင်တဲ့ "၄၉၂၆ စစ်ဆင်ရေး" စတင်ပြီလို့ စစ်တပ်ထောက်ခံကြောင်း ရေးသားနေတဲ့ တယ်လီဂရန်ချန်နယ်တွေက စက်တင်ဘာ ၄ ရက်ကစလို့ ဆက်တိုက် ရေးသားနေကြပါတယ်။
"သူတို့ဘက်က ထိုးစစ်တွေ တရစပ် လုပ်နေတယ်။ လေယာဉ်ကတော့ ပုံမှန်လာပစ်တာ ရှိနေတယ်" လို့ ရခိုင်အခြေစိုက် စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။
မနေ့ စက်တင်ဘာ ၅ ရက်တုန်းကလည်း အေအေထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့ပေါ်ကို စစ်တပ်က လေကြောင်းနဲ့ ပစ်တာကြောင့် သမိုင်းဝင် ဂူဝ ဘုရားမှာ အပျက်အစီးများခဲ့တယ်လို့ စာရေးဆရာ ဝေဟင်အောင်က ဓာတ်ပုံနဲ့တကွဖော်ပြပါတယ်။
မြန်မာစစ်တပ်ရဲ့လက်ရှိစစ်ရေး လှုပ်ရှားမှုတွေအရ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးတွေကို အချိန်မရွေးပစ်နိုင်လို့ အထူးသတိထားကြဖို့ စက်တင်ဘာ ၄ ရက်နေ့မှာပဲ အေအေက ထပ်ပြီးကြေညာထားပါတယ်။
စစ်ကိုင်းပြတ်ရွေ့ကြောင့် ဘန်ကောက်မှာ ငလျင်အန္တရာယ်ရှိကြောင်း ထိုင်းပညာရှင်တွေသတိပေး
မြန်မာနိုင်ငံက စစ်ကိုင်းပြတ်ရွေ့ကြောရဲ့တောင်ဘက်အပိုင်းမှာ ပြင်းထန်တဲ့ ပြတ်ရွေ့ကျိုးပျက်မှု ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားတဲ့ နှစ် ၁၀၀ ကာလ နီးကပ်လာတာကြောင့် မြို့တော်ဘန်ကောက်အတွက်လည်း ငလျင်အန္တရာယ်ကြီးမားတဲ့အကြောင်း ထိုင်း အင်ဂျင်နီယာနဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေက သတိပေးလိုက်ပါတယ်။
မရေရာတဲ့ဘဘာ၀ဘေးကာလမှာ နည်းပညာနဲ့ကြိုတင်ပြင်ဆင် ဖြေရှင်းရေးရည်ရွယ်ပြီး ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ထိုင်းပညာရှင်တွေက အခုလို သတိပေးလိုက်တာလို့ The Nation သတင်းမှာဖော်ပြပါတယ်။
ဆွေးနွေးပွဲကိုတော့ ဘန်ကောက်မြို့က သမ္မဆတ်တက္ကသိုလ်မှာ သောကြာနေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မြန်မာက စစ်ကိုင်းပြတ်ရွေ့တောင်ပိုင်းမှာ နောက်ဆုံးအကြိမ် အဓိကပြတ်ရွေ့ကျိုးပဲ့မှု ဖြစ်ခဲ့တာဟာ ထိုင်းဘုရင် ရာမ ၇ လက်ထက်မှာဖြစ်ခဲ့ပြီး ၉၆ နှစ်ခန့်ကြာမြင့်ပြီဖြစ်လို့ နောက်ထပ်ငလျင်ကြီးတစ်ခု လာနိုင်တယ်ဆိုပြီး ထိုင်းပညာရှင်တွေက ခန့်မှန်းခဲ့ကြတာပါ။
ဒီလိုသာဖြစ်ခဲ့ရင် ငလျင်ဗဟိုချက်ဟာ အရင်ဖြစ်ရပ်တွေနဲ့မတူဘဲ ဘန်ကောက်နဲ့ ပိုနီးကပ်နိုင်ပြီး မြေသားနုတဲ့ဘန်ကောက်မြို့မြေဆီလွှာတွေကို ပိုပြီးတုန်ခါစေနိုင်မယ်လို့ သတိပေး နေကြပါတယ်။
စစ်ကိုင်းပြတ်ရွေ့တောင်ပိုင်းဟာ ပဲခူး၊ ရန်ကုန်တို့နဲ့ဆက်စပ်ပြီး အထပ်မြင့်အဆောက်အဦနဲ့ လူနေထူထပ်တဲ့ နေထိုင်မှုစနစ်ကြောင့် ပဲခူးငလျင် တကျော့ပြန်လှုပ်ခတ်လာမှာကို ပြည်သူတွေ စိုးရိမ်နေကြပါတယ်။
ဒါအပြင် အင်အားပြင်းတဲ့ငလျင်တွေ ရန်ကုန်ကို ရိုက်ခတ်နိုင်သေးတယ်လို့လည်း ငလျင်ပညာရှင်တွေက တွက်ချက်ထားကြပါတယ်။
၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တုန်းက စစ်ကိုင်းပြတ်ရွေ့ရဲ့အပေါ်ပိုင်းလှုပ်ခတ်ခဲ့ရာ စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ ငလျင်ဒဏ်သင့်ပြီး လူထောင်ချီသေခဲ့သလို ဘန်ကောက်မြို့မှာလည်း ချက်တူချက်အရပ်က ဆောက်လက်စ အဆောက်အဦပြိုကျခဲ့လို့ အလုပ်သမားတစ်ရာနီးပါး သေဆုံးခဲ့ပါတယ်။
နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းမှု တိုးဖို့ ဗီယက်နမ်နဲ့ နေပြည်တော် သဘောတူ
နိုင်ငံရေးယုံကြည်မှုရှိဖို့အပါအဝင် လုံခြုံရေးနဲ့ ကာကွယ်ရေးကိစ္စရပ်တွေ ပူးပေါင်းလုပ်ကိုင်ဖို့အတွက် စစ်ရေးပူးတွဲလေ့ကျင့်ဖို့ပါ နေပြည်တော်နဲ့ သဘောတူခဲ့ကြောင်း ဗီယက်နမ်သတင်းတွေက ဖော်ပြပါတယ်။
ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန်နဲ့ နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်တို့ မနေ့တုန်းက ဟနွိုင်းမြို့က အစိုးရအဖွဲ့ရုံးမှာတွေ့ချိန် နှစ်ဖက်ပူးပေါင်းရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတာပါ။
နိုင်ငံရေးပူးပေါင်းမှုအဆင့်မြှင့်ဖို့ ပါတီ၊ အစိုးရ၊ လွှတ်တော်၊ သံတမန်အချင်းချင်း ထိတွေ့ဆက်ဆံမှုတွေဆောင်ရွက်မယ်လို့ နှစ်ဖက် ဆွေးနွေးခဲ့ကြတဲ့အကြောင်း ဗီယက်နမ်သတင်းတွေက ရေးသားကြပါတယ်။
အဲဒီကတဆင့် နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေးပူးပေါင်းမှုတွေ ဆက်လုပ်ဖို့ ရည်ရွယ်တာပါ။ စစ်ရေးအရလည်း မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လို နိုင်ငံဖြတ်ကျော်မှုခင်းတွေကို နှိမ်နင်းဖို့ ပူးပေါင်းမယ့်အပြင် စစ်တပ်က အရာထမ်းငယ်တွေကို အပြန်အလှန်သင်တန်းပေးမယ့်အစီအစဥ်တွေပါ ပါဝင်နေပါတယ်။
နေပြည်တော်ရဲ့ဒီနေ့ထုတ်သတင်းစာမှာတော့ ပူးပေါင်းမှုတွေအကြောင်း အသေးစိတ်ထုတ်မပြောထားပါဘူး။ ဒါဟာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပြန်လည်မြှင့်တင်တာလို့ ဦးမင်းအောင်လှိုင်က ဗီယက်နမ်ဝန်ကြီးချုပ်နဲ့တွေ့ချိန်မှာပြောကြောင်းသာ ဖော်ပြထားပါတယ်။
ဗီယက်နမ်နဲ့ မြန်မာစစ်တပ်တို့ဟာ ၂၀၂၁ စစ်တပ်အာဏာမသိမ်းခင်ကတည်းက စစ်ဘက်ဆိုင်ရာစီးပွားရေးမှာ နီးကပ်တဲ့ဆက်ဆံရေးရှိခဲ့ပြီးဖြစ်ပါတယ်။
ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တယ်လီကွန်းနဲ့ နည်းပညာလုပ်ငန်းစု Viettel Group နဲ့ စစ်တပ်ရဲ့ Mytel လုပ်ငန်းဟာ မိတ်ဖက်တွေဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ဆက်ရှိနေပါတယ်။
ဒီလို စီးပွားရေးပူးပေါင်းဆောင်ရွက်တာတွေဟာ ဦးမင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်တာ၀န်ယူခဲ့ချိန်ကတည်းက ဖြစ်ပြီး ဦးမင်းအောင်လှိုင်ဟာ သူ့ရဲ့ အခုဗီယက်နမ် ခရီးစဉ်မှာလည်း ဒီလုပ်ငန်းနှစ်ခု ပူးပေါင်းရေးဆက်တိုးလုပ်ဖို့ ဆွေးနွေးခဲ့တယ်လို့ နေပြည်တော်က သတင်းထုတ်ပါတယ်။
ဗီယက်နမ်ဟာ အနောက်ရဲ့စီးပွားရေးပိတ်ဆို့ခံထားရတဲ့ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ထောက်ပို့လမ်းကြောင်းမှာ ဆက်နွှယ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ၀ေဖန်ထောက်ပြထားပါတယ်။
ဦးမင်းအောင်လှိုင်ဟာ စက်တင်ဘာ ၄ ရက်ကနေ ၆ ရက်အထိ ဗီယက်နမ်ကို ရောက်နေပြီး သမ္မတ ရာထူးယူပြီးနောက် အာဆီယံဒေသတွင်း သုံးနိုင်ငံမြောက်ခရီးစဥ်ဖြစ်ပါတယ်။ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်တို့ကိုရောက်ရှိထားပြီး ကမ္ဘာဒီးယားကိုပါ သွားဖို့ရှိနေပါတယ်။