မိုင်းဆတ်ကျောက်မီးသွေးစက်ရုံကြောင့် ပျက်စီးလာတဲ့ ဂေဟစနစ်

ဖတ်ရန်အချိန်: မိနစ် ၆

ထိုင်း-မြန်မာ နယ်စပ် မိုင်းဆတ်မြို့နယ်ထဲက "ဝ" တပ်ဖွဲ့(UWSA)ထိန်းချုပ်ထားတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအသစ်ကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှုပိုတိုးလာပြီး သတ္တုဆိပ်သင့်နေပြီလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတိပေးလာပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံလုံးကို ဖြတ်သန်းစီးဆင်းနေတဲ့ နမ့်ခုတ်မြစ်ရေမှာ အာဆင်းနစ် (Arsenic) သတ္တုဓာတ်တစ်မျိုးပါဝင်နှုန်းမြင့်တက်လာတာဟာ မြန်မာဘက်က သတ္တုတူးဖော်မှုတွေကြောင့်လို့ ထိုင်းဘက်က အစောပိုင်းလတွေကတည်းက စောဒကတက်ထားပါတယ်။

အခုတစ်ခါ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကနေ စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေကြောင့် ရေအရင်းအမြစ်တွေ ညစ်ညမ်းလာလို့ မြစ်ရေကိုအားထားနေရတဲ့ ထိုင်းဘက်က တောင်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို ခြိမ်းခြောက်နေပြီလို့ ထိုင်းအရပ်ဖက်အဖွဲ့တွေနဲ့ ထိုင်းမီဒီယာတွေကနေ သတိပေးနေတဲ့အသံတွေလည်း ကျယ်လောင်လာပါတယ်။

"ဝ"တပ်ဖွဲ့ထိန်းချုပ်လည်ပတ်နေတဲ့ ဝမ်ဟုန်ရွာအနီးက ဒီ ဓာတ်အားပေးစက်ရုံကနေ ဘယ်နေရာတွေကို မီးပေးနေတာလဲ။

စက်ရုံအနီးက ဒေသခံတွေရဲ့ ကျန်းမာရေး ထိခိုက်မှုရှိနေလားဆိုတာသိရဖို့ မိုင်းဆတ်မြို့နယ်ထဲက ကျေးရွာဒေသခံတွေကို ဘီဘီစီက မေးမြန်းခဲ့ပါတယ်။

ဒေသခံတွေ ကြုံတွေ့နေရတဲ့ ကျန်းမာရေးအခြေအနေ

"ဝ"တပ်ရဲ့ ပြောခွင့်ရသူ ဦးညီရမ်းကတော့ ဒီစက်ရုံကို သက်ဆိုင်ရာ အစိုးရအဖွဲ့က လစဉ်လာရောက်စစ်ဆေးပြီး စနစ်တကျလည်ပတ်နေတယ်လို့ "ဝ" သတင်းတွေကို ဖော်ပြ‌နေတဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ Wa News Land ကို ဖြေကြားထားပါတယ်။

တရားဝင်ခွင့်ပြုချက်အရ လုပ်ဆောင်နေတာလို့ သူကပြောပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလကစပြီး စတင်လည်ပတ်နေတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း စက်ရုံအနီးက ရွာတွေမှာနေထိုင်ကြသူတွေဟာ စက်ရုံက ထွက်လာတဲ့ ဓာတ်ငွေ့နဲ့ အညစ်အကြေးတွေကြောင့် လေထုနဲ့ ရေထုညစ်ညမ်းတဲ့ ဒဏ်တွေကို သိသိသာသာ ထိခိုက်ခံစားလာရတယ်လို့ မိုင်းဆက်ဒေသခံ ၃ ဦးထက်မနည်းက ဘီဘီစီကိုဖွင့်ပြောပါတယ်။

ဝမ်ဟုန်ကျေးရွာ ဒေသခံတစ်ဦးတော့ မြစ်ရေတွေဟာ နောက်ကျိနေပြီး အရင်လို ချိုးရေ၊ သုံးရေအဖြစ် သုံးလို့မရတော့တဲ့အကြောင်း ပြောပါတယ်။

"အရင်ကဆို ရေကကြည်နေတာ၊ အခုကတော့ မြစ်ဆိပ်မှာ ရေမချိုးရဲတော့တာ ကြာပေါ့"လို့ သူက ဆိုပါတယ်။

ကလေးငယ်တွေ ညနေပိုင်း ရံဖန်ရံခါမြစ်ကမ်းစပ်နား ရေဆော့ကစားတဲ့အခါတွေဆိုရင်လည်း လက်တွေ ခြေတွေမှာ အနီဖုလို အဖုသေးသေးလေးတွေထလာပါတယ်။

ယားယံတာမျိုးဖြစ်တဲ့အရေပြားဆိုင်ရာ လက္ခဏာတွေပါ တွေ့လာရတယ်လို့ သူက ဖြည့်ပြောပါတယ်။

မိုင်းဆတ်ဒေသခံ တောင်သူတစ်ဦးကလည်း နမ့်ခုတ်မြစ်တကြောကနေ မြင်ရတဲ့ ကောင်းကင်ရဲ့အရောင်ဟာ အရင်ကလို မကြည်လင်တော့ဘဲ မနက်၊ နေ့လယ်လို နေရောင်ရှိတဲ့အချိန်တွေမှာတောင် လေထုညစ်ညမ်းပြီး မှုန်မှိုင်းနေတယ်လို့ ဆိုပါတယ်။

"အရင်ကဆို တောင်ယာမီးရှို့တဲ့အချိန်ကာလတွေလောက်ပဲ မှိုင်းတာ၊ အခုကတော့ ရာသီအကုန် မှိုင်းနေတာ" လို့ ဝမ်ဟုန်ရွာခံတစ်ဦးက ထပ်ပြောပါတယ်။

စက်ရုံအတွက် ကျောက်မီးသွေးကို စက်ရုံနဲ့ ၃၅ ကီလိုမီတာ (၂၁ မိုင်ဝန်းကျင်) အကွာ မိုင်းတုံမြို့နယ်ထဲက ကျောက်မီးသွေးတွင်းကနေ ထုတ်ယူနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)က ပြောပါတယ်။

မိုင်းတုံအရှေ့တောင်ဘက် မဲကင်ကျေးရွာအုပ်စု၊ နားပါကော်ကျေးရွာအနီးက ဟင်းလင်းပွင့်(open-pit) ကျောက်မီးသွေးတွင်းအသစ်ကနေ ရယူတာလို့ SHRF က ဖော်ပြထားသလို စက်ရုံနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ကလည်း အတည်ပြုပါတယ်။

"တွင်းကနေရတဲ့ ကျောက်မီးသွေးတွေကို စက်ရုံဘက်ပြန်သယ်တယ်" လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ကျောက်မီးသွေးတွင်းအောက်ဘက်မှာ မဲကင်ချောင်းရှိပြီး တူးဖော်မှုတွေကြောင့် ချောင်းတလျှောက်မှာနေထိုင်ပြီး ချောင်းရေကို အသုံးပြုရတဲ့ ဒေသခံတွေမှာ ယားနာတွေဖြစ်ပွားနေပြီး ချောင်းထဲက ငါးတွေသေဆုံးတာ တွေ့လာရပြီလို့ SHFR က ဆိုပါတယ်။

မဲကင်ချောင်းဟာ သံလွင်မြစ်ရဲ့ အဓိကမြစ်လက်တက်ဖြစ်တဲ့ နမ့်ဟန်မြစ်ထဲသို့စီး၀င်ပါတယ်။

စက်ရုံကနေ ကျောက်မီးသွေးလောင်ကျွမ်းလို့ ထွက်လာတဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်ဓာတ်ငွေ့တွေနဲ့ အမှုန်အမွှားတွေဟာ အဆိပ်သင့်ဓာတ်ငွေ့တွေအဖြစ် ထုတ်လွှတ်နေတာလို့ SHRF က ဆိုပါတယ်။

ဝမ်ဟုန်ရွာခံ တောင်သူတစ်ဦးကတော့ ပြီးခဲ့တဲ့လပိုင်းလောက်ကစပြီး ကျန်းမာရေးနဲ့ပတ်သက်လို့ နှာစေး၊ ချောင်းဆိုးတဲ့ ရောဂါလက္ခဏာတွေ မကြာခဏခံစားလာရတယ်လို့ ဘီဘီစီကို ဖွင့်ပြောပါတယ်။

"အိမ်အပြင်ကိုထွက်တိုင်း ပါးစပ်နဲ့ နှာခေါင်းကို အဝတ်နဲ့ သေချာစည်းရတယ်။ မဟုတ်လည်း နှာခေါင်းစည်းတပ်ရတယ်။ မတပ်မိတဲ့နေ့တွေဆို အပြင်မှာနေတာကြာလာရင် နှာခေါင်းသွေးယိုတဲ့အထိဖြစ်တယ်" လို့ သူက ဖြည့်ပြောပါတယ်။

"ဝ"တပ်ဖွဲ့ ပြောခွင့်ရ ဦးညီရမ်းကတော့ စက်ရုံအနေနဲ့ ညစ်ညမ်းရေတွေ စွန့်ထုတ်တာမရှိသလိုအနီးနားမှာရှိနေတဲ့ ပြည်သူတွေကို အထိခိုက်မခံဘဲ စည်းကမ်းတကျ လည်ပတ်နေတယ်လို့ SHRF ရဲ့ထုတ်ပြန်ချက်အပေါ် Wa News Land သတင်းဌာနမှာ တုံ့ပြန်ထားပါတယ်။

အလားတူ ၂၀၂၀ ခုနှစ်ကတည်းက ဒီကျောက်မီးသွေးစက်ရုံဆောက်လုပ်မယ့်အစီအစဉ်ကို အစိုးရတာဝန်ရှိသူတွေ လာကြည့်ခဲ့တယ်လို့ ဦးညီရမ်းက ဖြေကြားထားတာပါ။

စက်ရုံအနီးနားနေရာတွေမှာ "ဝ"တပ်ဖွဲ့က လုံခြုံရေးယူတင်းကြပ်ထားပြီး စက်ရုံဝန်ထမ်းတွေကလွဲရင် ပြင်ပကလူတွေ ဝင်၊ထွက် သွားလာခွင့်ကို ကန့်သတ်ထားတယ်လို့ ဝမ်ဟုန်ကျေးရွာဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။

ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ လည်ပတ်နေတဲ့ အခြေအနေနဲ့ စက်ရုံကနေ အညစ်အကြေးစွန့်ထုတ်တဲ့လုပ်ငန်းစဉ်အသေးစိပ်တွေအကြောင်း ဧပြီ ၂၄ ရက်မနက်ပိုင်းက ဦးညီရမ်းကိုမေးမြန်းထားပေမယ့် ပြန်ဖြေကြားခြင်းမရှိသေးပါဘူး။

စက်ရုံဘယ်မှာရှိလဲ၊ ဘယ်နေရာတွေ မီးပေးနေတာလဲ

မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းက နေရာတချို့ကို အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်တဲ့ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)က ထိန်းချုပ်ထားပြီး "ဝ" တောင်ပိုင်း ဒါမှမဟုတ် ၁၇၁ စစ်ဒေသလို့ ခေါ်ပါတယ်။

မိုင်းဆတ်မြို့က မြေရှားသတ္တုတွင်းနေရာတွေ၊ ရာဘာစိုက်ခင်းနဲ့ စက်မှုဇုန်တွေအပါအဝင် နေရာတချို့ကို လည်း UWSA က ထိန်းချုပ်ထားပါတယ်။

ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံဟာ မိုင်းဆတ်မြို့ရဲ့ တောင်ဘက် ၆ မိုင်ဝန်းကျင်ကွာဝေးတဲ့ ဝမ်ဟုန်ရွာအနီးမှာရှိပြီး ရွာနဲ့ စက်ရုံကြားမှာ နမ့်ခုတ်မြစ် စီးဆင်းနေပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကနေဆိုရင် ၁၉ ကီလိုမီတာ (၁၁ မိုင်ဝန်းကျင်) သာ ကွာဝေးတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဂြိုဟ်တုဓာတ်ပုံတချို့နဲ့အတူ ဖော်ထုတ်ထားပါတယ်။

စက်ရုံကို ဝမ်ဟုန်နက်ထရယ်အင်နာဂျီကုမ္ပဏီကနေ တာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပြီး ဒီစက်ရုံကနေ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀ ထုတ်လုပ်နိုင်ဖို့ လျာထားတည်ဆောက်ထားတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF) က ပြောပါတယ်။

ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကနေ ဝမ်ဟုန်ဒေသမှာရှိတဲ့ "ဝ"တပ်ဖွဲ့ရဲ့ ၁၇၁ စစ်ဒေသလက်အောက်က တပ်စခန်းတွေနဲ့ စစ်သင်တန်းကျောင်းတွေကို လျှပ်စစ်မီးအဓိကပေးနေတယ်လို့ "ဝ"နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ရုံးစိုက်တဲ့နေရာတွေ၊ ယမ်းစက်ရုံတွေ၊ စိုက်ပျိုးရေးနဲ့ စက်မှုဇုန်တွေလည်းပါတယ်" လို့ သူကဆိုပါတယ်။

ဝမ်ဟုန်ဒေသက "ဝ" တပ်ဖွဲ့ပိုင်တဲ့ သစ်စက်တွေအပြင် တခြားကုန်ထုတ်လုပ်ငန်းတချို့နဲ့ ရာဘာသန့်စင်စက်ရုံတို့ကို လျှပ်စစ်မီးပေးနေတာလို့ "ဝ"နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။

စက်ရုံတည်ထားတဲ့ ဝမ်ဟုန်ကျေးရွာအုပ်စုထဲက "ဝ"လူမျိုးတွေအများစုနေထိုင်တဲ့ ကျေးရွာတချို့ကိုတော့ အဲဒီစက်ရုံကနေ ယာယီမီးပေးထားတယ်လို့ စက်ရုံနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

တစ်ဖက်ထိုင်းနိုင်ငံမှာလည်း နမ့်ခုတ်မြစ်ထဲမှာ အာဆင်းနစ်သတ္တုဓာတ်တွေပါဝင်နှုန်းမြင့်လာတာကြောင့် ထိုင်းအာဏာပိုင်တွေနဲ့ သဘာဝပတ်ဝန်းကျင်အဖွဲ့အစည်းတွေက မြစ်ရေအရည်အသွေးကို အစဉ်တစိုက် စောင့်ကြည့်စစ်ဆေးတာတွေလုပ်နေပါတယ်။

နမ့်ခုတ်မြစ်ဟာ ရှမ်းအရှေ့ပိုင်း (မိုင်းဆတ်ခရိုင်/မိုင်းယောင်းဒေသ) က မြစ်ဖျားခံပြီး ထိုင်းနိုင်ငံမြောက်ပိုင်းထဲ စီးဝင်ပြီးမှ မဲခေါင်ဖြစ်ထဲ ပေါင်းဆုံတာဖြစ်ပါတယ်။

ထိုင်းဘက်က ဒီလို စောင့်ကြည့်စစ်ဆေးမှုတွေကို ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်ကတည်းက စတင်နေတာဖြစ်ပြီး မြန်မာက မြေရှားသတ္တုတူးဖော်တဲ့လုပ်ငန်းတွေကနေ မြစ်ထဲ စွန့်ပစ်လိုက်တဲ့အညစ်အကြေးတွေကြောင့်လို့ ထိုင်းအရပ်ဖက်အဖွဲ့တချို့က ပြောထားကြပါတယ်။

၂၀၂၅ ခုနှစ် ဧပြီနဲ့ ဇွန်လတုန်းက ထိုင်းဘက်က စစ်ဆေးမှုတွေအရ နမ့်ခုတ်မြစ်ရဲ့ အချို့နေရာတွေမှာ အာဆင်းနစ်ပမာဏက ၀ ဒသမ ၀၄၉ မီလီဂရမ် အထိ ရှိခဲ့တာကြောင့် စံနှုန်းထက် ၄၄ ဆ ခန့် ပိုမြင့်မားနေတဲ့သဘောဖြစ်ပါတယ်။

စံနှုန်းအရ အာဆင်းနစ်ပမာဏကို ၀.၀၁ မီလီဂရမ် အထိပဲ ရှိသင့်တယ်လို့ သတ်မှတ်ထားပါတယ်။

မြန်မာမှာတော့ မိုင်းဆတ်ဒေသတွင်းက သတ္တုတွင်းတွေနဲ့ လက်ရှိအသစ်စတင်လည်ပတ်နေတဲ့ ဓာတ်အားပေးစက်ရုံအနီးက နမ့်ခုတ်မြစ်အပါအဝင် မဲကင်ချောင်းမှာ စီးဆင်းနေတဲ့ ရေအရင်းအမြစ်တွေကို အာဏာပိုင်တွေက စစ်ဆေးစောင့်ကြည့် ထုတ်ပြန်တာ မရှိသေးပါဘူး။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ထိုင်းဘက်ကစစ်ဆေးမှုမှာတော့ နမ့်ခုတ်မြစ်အတွင်း အာဆင်းနစ်ပမာဏဟာ ၀ ဒသမ ၀၁၃ မှ ၀ ဒသမ ၀၁၆ မီလီဂရမ် အတွင်း ရှိနေပြီး သတ်မှတ်စံနှုန်းထက် ဆက်လက်ကျော်လွန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို သတ်မှတ်စံနှုန်းတွေထက်ကျော်လွန်နေတာကြောင့် မြစ်ရေကို တိုက်ရိုက်သောက်သုံးဖို့မသင့်တော်သလို စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့လည်းမသင့်တော်ဘဲ ဒေသခံတွေမှာ အရေပြားရောဂါနဲ့ ယားယံတာတွေ ခံစားနေရတယ်လို့ ကျန်းမာရေးပညာရှင်တချို့က ထောက်ပြထားပါတယ်။

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲမှာလည်း ၂၀၂၅ ခုနှစ် ဇူလိုင်တုန်းက နမ့်ခုတ်မြစ်အပါအဝင် မယ်ဆိုင်ချောင်း၊ မယ်ဟုတ်ချောင်း၊ မဲခေါင်မြစ်ဝှမ်းတလျောက် ရေထုညစ်ညမ်းမှုတွေနဲ့ပတ်သက်လို့ နေထိုင်ကြတဲ့ ပြည်သူတွေနဲ့ ထိုင်းအာဏာပိုင်တို့ လူထုတွေ့ဆုံဆွေးနွေးပွဲတစ်ခုလုပ်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဩဂုတ်လမှာတော့ ထိုင်းဒုတိယဝန်ကြီးချုပ်ဟောင်းဦးဆောင်တဲ့အဖွဲ့ နေပြည်တော်အထိ သွားရောက်တွေ့ဆုံတာတွေလုပ်ခဲ့ပါတယ်။

နမ့်ခုတ်မြစ်အနီးမှာနေထိုင်လုပ်ကိုင်ကြတဲ့ ထိုင်းဒေသခံတွေမှာ အရေပြားမှာ အဖုအပိန့်တွေထွက်တာအပြင် တချို့ကတော့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ရေနဲ့ အစားအစာ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်ရမှုတွေ အခုထိဆက်ရှိနေပြီး စိတ်ကျန်းမာရေးကုသမှု ခံယူဖို့လိုအပ်တဲ့အဆင့်အထိ ရောက်နေပြီလို့ ထိုင်းအရပ်ဖက်အဖွဲ့တချို့က ထုတ်ပြောထားကြပါတယ်။

တစ်ဖက်မှာလည်း စက်ရုံကနေ ပိုလျှံလာမယ့် ဓာတ်အားတချို့ကို တာချီလိတ်ဘက်ကို သွယ်တန်းဖို့ ၂၀၂၃ ခုနှစ်ကတည်းက "ဝ"ဘက်က ပြင်ဆင်နေခဲ့တာလို့ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံနဲ့နီးစပ်တဲ့ ဘီဘီစီ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

"ထိုင်းကနေ ဝယ်သုံးရတဲ့ လျှပ်စစ်ခထက် ပိုသက်သာတဲ့နှုန်းနဲ့ ရောင်းဖို့ပြင်နေတာ" လို့ သူက ဆိုပါတယ်။

"ဝ"တပ်ဖွဲ့က ကျောက်မီးသွေးသုံးစက်ရုံကနေ ရလာတဲ့ လျှပ်စစ်မီးကို ဝမ်ဟုန်ရွာကတဆင့် တာချီလိတ်မြို့အထိပါ ဆက်ပြီးဖြန့်ဖြူးသွားဖို့ရှိတယ်လို့ SHRF ရဲ့ ဖော်ပြချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

တာချီလိတ်မြို့မှာ ထိုင်းနိုင်ငံရဲ့ လျှပ်စစ်မီးကို အဓိကအားထားနေရပြီး တစ်ယူနစ်ကို ၄ ဘတ်ဝန်းကျင် (ပြင်ပကျပ်ငွေပေါက်ဈေး ကျပ် ၅၀၀ ကျော်)ပေးဆောင်နေရတယ်လို့ တာချီလိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

တစ်ဖက်မှာလည်း ပြည်တွင်းမှာ စစ်ကော်မရှင်က အရပ်သားသုံးမီတာခကို အမြင့်ဆုံး တစ်ယူနစ် ၅၀၀ ကျပ်နဲ့ လုပ်ငန်းသုံးမီတာခကိုတော့ တစ်ယူနစ် ကျပ် ၈၀၀ အထိ သတ်မှတ်ထားပြီး တချို့စက်မှုဇုန်တွေမှာတော့ တစ်ယူနစ် ကျပ် ၉၀၀ အထိ တိုးမြှင့်ထားတာပါ။

"ဝ"တပ်ဖွဲ့အနေနဲ့ တာချီလိတ်ဘက်အထိ လျှပ်စစ်မီးသွယ်တန်းဖြန့်ဖြူးနိုင်ရင် တာချီလိတ်မြို့မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်း ပိုပြီးတွက်ခြေကိုက်နိုင်တဲ့ ရွေးချယ်မှု ဖြစ်လာနိုင်တယ်လို့ ထိုင်း-မြန်မာအရေးလေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။

ဒါပေမဲ့ နမ့်ခုတ်မြစ်ညစ်ညမ်းတဲ့အပေါ် "ထိုင်းအာဏာပိုင်တွေရဲ့ ရှေ့ဆက်တုံ့ပြန်မယ့်အစီအစဉ်တွေက စက်ရုံလည်ပတ်မှုအပေါ် သက်ရောက်မှုတချို့လည်းရှိလာနိုင်တာပေါ့" လို့ သူက ဆက်ပြောပါတယ်။