"သူတို့ကို သေမင်းဆီ ကိုယ်တိုင်ခေါ်သွားခဲ့သလို ဖြစ်ခဲ့ရတယ်"- ရုရှားရဲ့ တိရစ္ဆာန်ကာကွယ်ဆေး အကျပ်အတည်း

ဓာတ်ပုံ ရင်းမြစ်, Stock shot: BBC
- ရေးသားသူ, ဘီဘီစီရုရှားဌာန
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၅
ရုရှားနိုင်ငံမှာထုတ်တဲ့ တိရစ္ဆာန်ကာကွယ်ဆေးထိုးပေးပြီးတဲ့နောက် ခွေး ဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီဖြစ်ရပ်တွေက ယူကရိန်းကို ရုရှားက ကျူးကျော်စစ်စတင်ပြီးနောက် ရုရှားနိုင်ငံမှာ တိရစ္ဆာန်ကုသရေးဆေးဝါးနဲ့ ပတ်သက်ရင်ရွေးချယ်စရာတွေ လျော့နည်းလာတာကို မီးမောင်းထိုးပြနေပါတယ်။
ရုရှားနိုင်ငံ ယာရိုစလပ်ဗ်ဒေသက ခွေးပိုင်ရှင်တွေဟာ သူတို့ရဲ့ ခွေးတွေကို ပုံမှန်ကာကွယ်ဆေးထိုးပေးဖို့ ဆေးခန်းတွေကို ခေါ်သွားခဲ့ကြပါတယ်။ သူတို့ကတော့ အဲဒီကာကွယ်ဆေးတွေ ထိုးပေးထားရင် ရုရှားမှာ ခွေးတွေအတွက် အန္တရာယ်အရှိဆုံးရောဂါအချို့ကနေ အကာအကွယ်ရနိုင်မယ်လို့ ယုံကြည်ခဲ့ကြတာပါ။
ဒါပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ ခွေးတချို့ဟာ အပြင်းအထန် နေမကောင်းဖြစ်လာခဲ့ပါတယ်။ ခွေးပိုင်ရှင်တွေ အပြောအရ ခွေးတွေဟာ အဖျားကြီးပြီး တက်တာ၊ အန်တာနဲ့ သွေးယိုတာမျိုး လက္ခဏာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ပြောကြပါတယ်။ ခွေးတော်တော်များများလည်း သေဆုံးခဲ့ပါတယ်။
"ဒီကာကွယ်ဆေးကြောင့် ကျွန်မတို့ ချစ်ရတဲ့သားလေးကို ဆုံးရှုံးခဲ့ရတယ်" လို့ ခွေးပိုင်ရှင်တစ်ယောက်က ပြောပါတယ်။
"နာကျင်မှုက အရမ်းကြီးမားတယ်။ ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားနေရတာကလည်း မခံနိုင်အောင်ပါပဲ။ သူ့ကို သေမင်းဆီ ကျွန်မကိုယ်တိုင် ခေါ်သွားခဲ့လိုက်သလို ဖြစ်ခဲ့တာ" လို့ သူက ဆိုပါတယ်။
နောက်ထပ် ခွေးပိုင်ရှင်တစ်ဦးကလည်း သူတို့ရဲ့ ခွေးလေးက "ဆေးထိုးထားတဲ့နေရာက ခြေထောက်ကို စပြီး ကိုက်ကိုက်နေတာကို သတိထားမိတာ" လို့ ပြောပါတယ်။
"အခြေအနေက အမြန်ဆိုးလာပြီး တိရစ္ဆာန်ဆေးကုဆရာဝန်ဆီကို ရောက်ရုံပဲ ရောက်လိုက်ရတယ်"လို့ အဲဒီပိုင်ရှင်က တယ်လီဂရမ် မှာ ရေးသားခဲ့ပါတယ်။
"သူတို့က ကယ်လို့မရတော့ဘူးလို့ ပြောတာကြောင့် သက်သက်သာသာနဲ့ ဇီဝိန်ချုပ်အောင်လုပ်ပေးဖို့ပဲ ဆုံးဖြတ်ခဲ့ရတယ်။ ဒါပေမဲ့ ဒီကြောက်စရာကောင်းတဲ့ မြင်ကွင်း၊ ခွေးလေးရဲ့ အော်ဟစ်သံနဲ့ ခံစားနေရတဲ့ ဝေဒနာတွေက ကျွန်မကို အချိန်အကြာကြီး ခြောက်လှန့်နေတော့မှာ" လို့ ရေးသားထားပါတယ်။
"မလိုသူတွေရဲ့ အဖျက်အမှောင့်လုပ်ရပ်" လို့စွပ်စွဲ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တစ်ချိန်တည်းမှာပဲ ရုရှားလူမှုကွန်ရက် VK မှာ ခွေးတစ်ကောင်ရဲ့ ပိုင်ရှင်က အားကိုးတကြီးအကူအညီတောင်းခံတဲ့ ပန်ကြားချက်တစ်ခုကို ရေးတင်ခဲ့ပါတယ်။
"ကံကောင်းလွန်းစွာနဲ့ ကိုယ့်ခွေးလေးတွေ အသက်ရှင်ခဲ့ဖူးတဲ့ ပိုင်ရှင်တွေကို ရှာနေပါတယ်။ ကိုယ့်တုန်းက ကုသပေးခဲ့တဲ့နည်းလမ်းလေးတွေရှိရင် မျှပေးကြပါ။ ကျွန်မရဲ့ခွေးလေးက ဆေးရုံတင်ထားရပြီး သွေးကြောထဲကနေ ဆေးရည်သွင်းကုသနေရပါတယ်" လို့ သူက ရေးထားပါတယ်။
ခွေးပိုင်ရှင်တွေနဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်တွေက ဒီဖြစ်ရပ်တွေဟာ Multikan-8 ကာကွယ်ဆေးနဲ့ ဆက်နွှယ်နေတယ်လို့ ပြောကြပါတယ်။ Multikan-8 ဟာ ခွေးရူးပြန်ရောဂါ၊ ခွေးတွေရဲ့ အသက်ရှူလမ်းကြောင်းနဲ့ အူလမ်းကြောင်းကိုထိခိုက်တဲ့ ဗိုင်းရပ်စ်ရောဂါ (distemper) နဲ့ တခြားကူးစက်ရောဂါ အများအပြားကို ကာကွယ်ဖို့ ရုရှားနိုင်ငံမှာ ထုတ်လုပ်တဲ့ ပေါင်းစပ်ကာကွယ်ဆေး ဖြစ်ပါတယ်။
အခုပြောခဲ့တဲ့ ဖြစ်ရပ်အများစုဟာ အဲဒီဆေး ထုတ်လုပ်ခဲ့တဲ့ အသုတ် (batch) တစ်ခုတည်းနဲ့ ဆက်နွှယ်နေပြီး ဩဂုတ်လအတွင်း ယာရိုစလပ်ဗ်ဒေသမှာ တိရစ္ဆာန် ၁၀၀ လောက်ကို အဲဒီ အသုတ်မှာထုတ်တဲ့ ကာကွယ်ဆေးထိုးပေးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးတဲ့ခွေး အရေအတွက်နဲ့ ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်း မရှိသေးသလို ကာကွယ်ဆေးနဲ့ ခွေးတွေ နေမကောင်းဖြစ်မှုအကြား တိုက်ရိုက်အကြောင်းရင်းဆက်နွှယ်မှုကိုလည်း အတည်မပြုနိုင်သေးပါဘူး။ မော်စကို၊ ကာလီနင်ဂရက်၊ ဆာရာတော့ဗ်၊ တျူမင်နဲ့ တခြားဒေသတွေမှာလည်း သီးခြားဖြစ်ရပ်တွေရှိတာသိရပါတယ်။
ကာကွယ်ဆေးထုတ်လုပ်တဲ့ Vetbiohim ကတော့ ပိုင်ရှင်တွေ သံသယရှိနေတဲ့ အသုတ်က ထုတ်တဲ့ဆေးတွေကို အစပိုင်းမှာတော့ ပြန်လည်သိမ်းဆည်းခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေချိန်အတွင်း သူတို့ရဲ့ Multikan-6 နဲ့ Multikan-8 ကာကွယ်ဆေး နောက်ထပ် အသုတ်သုံးခုကို အသုံးမပြုဖို့ တိရစ္ဆာန်ဆေးကုဆရာဝန်တွေကို အကြံပြုခဲ့ပါတယ်။
ကာကွယ်ဆေးထိုးပြီး မကြာခင်မှာပဲ တိရစ္ဆာန်တွေ နေမကောင်းဖြစ်လာတာတစ်ခုတည်းနဲ့ သူတို့ဆေးကြောင့် ဖြစ်တယ်လို့ သက်သေပြနိုင်တာ မဟုတ်ဘူးလို့ ကုမ္ပဏီက ပြောပါတယ်။
နောက်ပိုင်းမှာတော့ ကုမ္ပဏီက "မလိုတဲ့ တတိယအဖွဲ့အစည်းတွေရဲ့ စနစ်တကျ အဖျက်အမှောင့်ဝင်ရောက်စွက်ဖက်မှု ဖြစ်နိုင်တယ်" လို့ စွပ်စွဲခဲ့ပေမဲ့ အဲဒီပြောဆိုချက်ကိုခိုင်မာစေတဲ့သက်သေတစ်စုံတစ်ရာတော့ မရှိပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Stock shot: Reuters
ရုရှားနိုင်ငံရဲ့ တိရစ္ဆာန်ဆေးဝါးထိန်းကွပ်ရေးအဖွဲ့ Rosselkhoznadzor ကတော့ အဲဒီကာကွယ်ဆေး ထုတ်လုပ်တဲ့ကုမ္ပဏီကို စုံစမ်းစစ်ဆေးရာမှာ အစိုးရရှေ့နေတွေ ပါဝင်လာဖို့ တောင်းဆိုသွားမယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ခွေးပိုင်ရှင်တွေရဲ့ စိုးရိမ်မှုက ကာကွယ်ဆေးတစ်မျိုး ဒါမှမဟုတ် ထုတ်လုပ်မှု အသုတ်တစ်ခုတည်းထက် ပိုပါတယ်။ ဒီသေဆုံးမှုတွေက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားက အပြည့်အဝ ကျူးကျော်စစ်စတင်ပြီးနောက် ရုရှားနိုင်ငံရဲ့ တိရစ္ဆာန်ဆေးကုသရေးကဏ္ဍမှာ ပိုမိုကျယ်ပြန့်တဲ့ အကျပ်အတည်း ဖြစ်ပေါ်နေတာကို ဖော်ပြနေပါတယ်။
စစ်မဖြစ်ခင်က ရုရှားနိုင်ငံမှာ ခွေးနဲ့ကြောင်ပိုင်ရှင်တွေ၊ ပုဂ္ဂလိက တိရစ္ဆာန်ဆေးကုဆေးခန်းတွေဟာ Nobivac၊ Eurican နဲ့ Biocan လို နာမည်ရ ပြည်ပထုတ် ကာကွယ်ဆေးတွေကို အားကိုးအသုံးပြုခဲ့ကြပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ အနောက်နိုင်ငံက ထုတ်လုပ်သူတွေ ရုရှားနိုင်ငံကနေ ထွက်ခွာတာ ဒါမှမဟုတ် လုပ်ငန်းတွေ လျှော့ချတာကြောင့် အဲဒီဆေးဝါးတွေရဲ့ တင်သွင်းမှုတွေ သိသိသာသာ လျော့ကျသွားခဲ့သလို တချို့က လုံးဝ ရပ်တန့်သွားခဲ့ပါတယ်။
အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုက တိရစ္ဆာန်ဆေးဝါးတွေကိုပါ အားလုံးသိမ်းကြုံးပြီး ပိတ်ပင်ထားတာတော့ မဟုတ်ပါဘူး။ လူတွေအတွက် ကာကွယ်ဆေးနဲ့ ဆေးဝါးတွေ တင်ပို့ရာမှာလည်း လူသားချင်းစာနာမှုအတွက် ကင်းလွတ်ခွင့်တွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ ပိတ်ဆို့အရေးယူမှုတွေ၊ ရုရှားရဲ့ နိုင်ငံတကာစီးပွားရေးနဲ့ ကင်းကွာလာမှုတွေကြောင့် ငွေပေးချေရာမှာ၊ သယ်ယူပို့ဆောင်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်ရေးမှာ အခက်အခဲတွေ ဖြစ်လာခဲ့ပါတယ်။ တချို့ ပြည်ပကုမ္ပဏီတွေကလည်း ရုရှားဈေးကွက်ကို ဆက်လက်မပို့တော့ဖို့ ကိုယ်တိုင် ဆုံးဖြတ်ခဲ့ကြပါတယ်။
ရုရှားအစိုးရကလည်း နောက်ထပ် အတားအဆီးတစ်ခုကို သူတို့ဘက်က ထပ်ချမှတ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလကစပြီး ပြည်ပတိရစ္ဆာန်ဆေးဝါး ထုတ်လုပ်သူတွေဟာ ကောင်းမွန်သောထုတ်လုပ်မှု လုပ်ဆောင်ချက် Good Manufacturing Practice (GMP) စံနှုန်းတွေနဲ့ ကိုက်ညီကြောင်း ရုရှားနိုင်ငံက အသိအမှတ်ပြုတဲ့ လက်မှတ်ရယူရမှာ ဖြစ်တယ်လို့ သတ်မှတ်လိုက်ပါတယ်။
အဲဒီလက်မှတ်မရှိတဲ့ စက်ရုံတွေက ထုတ်လုပ်တဲ့ ဆေးဝါးတွေကို ရုရှားဈေးကွက်ထဲ တရားဝင် တင်သွင်းရောင်းချလို့ မရတော့ပါဘူး။
ဒီအခြေအနေတွေ ပေါင်းစပ်ဆုစုံလာတဲ့အခါ ရုရှား တိရစ္ဆာန်ပိုင်ရှင်တွေ ရင်းနှီးပြီးသား ကာကွယ်ဆေးနဲ့ ဆေးဝါးတွေ အများအပြား ဈေးကွက်ထဲကနေ ပျောက်ကွယ်သွားခဲ့ပြီး ရုရှားနိုင်ငံထုတ် အစားထိုးဆေးဝါးတွေအပေါ် ပိုပြီး အားထားလာရပါတယ်။
ရုရှားအာဏာပိုင်တွေကတော့ ပြည်တွင်းထုတ်လုပ်မှုဟာ ပြည်ပကနေ တင်သွင်းမှုကို အစားထိုးနိုင်လောက်အောင် တိုးမြှင့်လာပြီဖြစ်တဲ့အတွက် တိရစ္ဆာန်ဆေးဝါး အလုံးစုံရှားပါးမှု မရှိဘူး လို့ ပြောပါတယ်။
Rosselkhoznadzor ကလည်း ရုရှားကုမ္ပဏီ တော်တော်များများဟာ ခွေးနဲ့ကြောင်တွေမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတွေကို လက်ရှိမှာ ထုတ်လုပ်နေပြီလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Stock shot: Getty Images
တိရစ္ဆာန်ဆေးကုဆရာဝန်တွေနဲ့ ခွေးပိုင်ရှင်တွေ ပြောပြထားတဲ့ အခြေအနေက ဒီထက်ပိုရှုပ်ထွေးပါတယ်။ ရုရှားနိုင်ငံထုတ် အစားထိုးကာကွယ်ဆေးတချို့ ရှိပေမဲ့ မူလကာကွယ်ဆေးတွေနဲ့ တူညီတဲ့ ရောဂါအမျိုးအစားအားလုံးကို ကာကွယ်ပေးနိုင်တာတော့ မဟုတ်ပါဘူး။
ပြည်ပက ကာကွယ်ဆေးတွေကို ကြားခံပွဲစားတွေကနေတစ်ဆင့် ဝယ်ယူတာ ဒါမှမဟုတ် ကိုယ်ပိုင်အသုံးပြုဖို့ ရုရှားနိုင်ငံထဲ သယ်ယူလာတာတွေ ရှိပေမဲ့ ဈေးကြီးပြီး ရရှိနိုင်မှုကလည်း မသေချာပါဘူး။
ကာကွယ်ဆေးတွေကိုလည်း သတ်မှတ်ထားတဲ့ အအေးချိန်အတွင်း ထိန်းသိမ်းသယ်ယူဖို့ လိုအပ်ပါတယ်။ တရားဝင်မဟုတ်တဲ့ လမ်းကြောင်းတွေကနေ ရောက်လာတဲ့ ကာကွယ်ဆေးတွေဟာ အတုဖြစ်နိုင်သလို လိုအပ်တဲ့ အအေးချိန်ပမာဏနဲ့ မထိန်းသိမ်းထားတာကြောင့် ဆေးအာနိသင် ပျက်စီးနေနိုင်ပါတယ်။
ဒါကြောင့် အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေဟာ သိပ်အဆင်မပြေတဲ့ ရွေးချယ်မှု တစ်ခုခုကို လုပ်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ရုရှားမှာ တရားဝင်ရရှိနိုင်တဲ့ ကာကွယ်ဆေးကိုပဲ အကန့်အသတ်ထဲကနေ ရွေးသုံးရမလား၊ ဈေးကြီးပြီး ရရှိဖို့ မသေချာတဲ့ ပြည်ပကာကွယ်ဆေးတွေကို ရှာဝယ်ရမလား၊ ဒါမှမဟုတ် ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ပြင်းထန်တဲ့ ရောဂါတွေကနေ ကာကွယ်ဆေးမထိုးဘဲ ထားရမလားဆိုတဲ့ ရွေးချယ်မှု ဖြစ်လာပါတယ်။
တိရစ္ဆာန်ဆေးကုဆရာဝန်တွေကတော့ Multikan ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သံသယရှိနေတဲ့ ဖြစ်ရပ်တွေကြောင့် ကာကွယ်ဆေးထိုးလိုက်တာကပဲ အန္တရာယ်ရှိတယ်လို့ မယူဆသင့်ဘူး လို့ အလေးအနက်ပြောပါတယ်။ အထူးသဖြင့် ခွေးရူးပြန်ရောဂါဟာ သေဆုံးနိုင်တဲ့ ရောဂါဖြစ်ပြီး လူတွေဆီကိုလည်း ကူးစက်နိုင်ပါတယ်။
ဒါပေမဲ့ ခွေးတွေ သေဆုံးခဲ့ရတဲ့ ပိုင်ရှင်တွေအတွက်တော့ လက်ရှိရရှိနိုင်တဲ့ ကာကွယ်ဆေးတွေအပေါ် ယုံကြည်မှုက ပျက်စီးသွားခဲ့ပါပြီ။
ပြန်သိမ်းထားတဲ့ ကာကွယ်ဆေး အသုတ်တွေက ဘာဖြစ်သွားသလဲ၊ ကာကွယ်ဆေးကြောင့် ခွေးတွေ သေဆုံးခဲ့တာ ဟုတ်၊ မဟုတ်ကို စုံစမ်းစစ်ဆေးသူတွေက အတည်မပြုမချင်း ရုရှားနိုင်ငံက အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေအတွက် လုံခြုံစိတ်ချရတဲ့ အစားထိုးကာကွယ်ဆေးက ဘာလဲဆိုတဲ့ မေးခွန်းက ဆက်ရှိနေမှာ ဖြစ်ပါတယ်။
















