အမေရိကန် - အီရန် အပြန်အလှန် ပိတ်ဆို့
အမေရိကန် ပြည်ထောင်စုက အီရန်ရဲ့ ဆိပ်ကမ်းတွေကို ပိတ်ဆို့မှုတွေ စတင်လိုက်ပြီးနောက် သဘောတူညီမှုတခု ရယူဖို့ အီရန်အပေါ်မှာပဲ မူတည်တော့တယ်လို့ ပြောလိုက်ပါတယ်။ အမေရိကန်က အီရန်ဆိပ်ကမ်းတွေကို ဝင်ထွက်သွားလာနေတဲ့ သင်္ဘောတွေကိုသာ ပိတ်ဆို့တာဖြစ်ပြီး အီရန်က ဆိပ်ကမ်းတွေကို အသုံးမပြုဘဲ ဟော်မုဇ်ရေလက်ကြားကို ဖြတ်တဲ့ တခြားရေယာဉ်တွေကိုတော့ လွှတ်ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုတွေမှာ အရေးပါတဲ့ အဲဒီ ရေလက်ကြားကို အသုံးမပြုနိုင်ဘဲ ဖြစ်နေတဲ့ ရေယာဉ်တွေ အများအပြားရှိနေဆဲ ဖြစ်ပါတယ်။ အီရန်က ရေလက်ကြားကို စစ်ပွဲတွေ စကတည်းက ပိတ်ထားတာ ဖြစ်ပြီး အမေရိကန်ကတော့ သူတို့ နှစ်နိုင်ငံအကြား ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ပါကစ္စတန်မှာ လုပ်ခဲ့တဲ့ အပစ်ရပ်ရေး ဆွေးနွေးပွဲ မအောင်မြင် ဖြစ်ခဲ့ပြီးနောက်မှ ပိတ်ဆို့မှုတွေကို စတင်လိုက်တာ ဖြစ်ပါတယ်။ အီရန်ကတော့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေဟာ သူတို့ရဲ့ အချုပ်အခြာအာဏာကို အလွန်အကျူး ထိပါးစော်ကားမှု ဖြစ်တယ်လို့ ပြောပါတယ်။



