''တော်လှန်ရေးအောင်မြင်ဖို့ ... အမျိုးသမီးကိုယ်စားပြုမှုက အရေးကြီးတယ်'' - မဇူးပဒုမ္မာ (SCEF အတွင်းရေးမှူးအဖွဲ့၀င်)

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၈

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ပူးပေါင်း ဖွဲ့စည်းထားပါတယ်။

SCEF ကတော့ ဒီစုဖွဲ့မှုကို မဏ္ဍိုင် ၃ ရပ်နဲ့ ဖွဲ့စည်းတယ်လို့ ထုတ်ပြောထားပါတယ်။

  • ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ EROs ကိုယ်စားပြု
  • ပြည်သူ့ကိုယ်စားပြုနဲ့
  • အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ်တွေဆိုတဲ့ မဏ္ဍိုင် တွေဖြစ်ပါတယ်။

SCEF ဖွဲ့စည်းတာ ၅ လ ကျော်လာချိန်မှာ အမျိုးသမီးကိုယ်စားလှယ်ပါဝင်မှုအခြေအနေ ဘယ်လိုရှိနေပြီလဲ။ နိုင်ငံရေးနဲ့ စစ်ရေးအဆုံးအဖြတ်ပေးနိုင်တဲ့နေရာတွေမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရနေပြီလား။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)ရဲ့အတွင်းရေးမှူး ၁ ဖြစ်သလို SCEF ရဲ့ အတွင်းရေးမှူးအဖွဲ့မှာ ကရင်နီကိုယ်စားပြုပါဝင်နေတဲ့ မဇူးပဒုမ္မာကို ဘီဘီစီသတင်းထောက် မနှင်းမိုက အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

SCEF ထိပ်ပိုင်းဦးဆောင်မှုမှာ အမျိုးသမီးပါဝင်မှု

ဘီဘီစီ- SCEF မှာ ပါဝင်တဲ့အလှည့်ကျဥက္ကဋ္ဌ၊ မဟာဗျူဟာနဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်တွေ၊ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီတွေဖွဲ့စည်းလာတာ တွေ့ရပါတယ်။ SCEF မှာ ဒီလိုအဆုံးအဖြတ်ပေးနိုင်တဲ့ထိပ်ပိုင်းဦးဆောင်မှုတွေထဲမှာ အမျိုးသမီးပါဝင်မှုဘယ်လိုရှိနေလဲ ဆိုတာကို ပထမဆုံးမေးခွန်းအနေနဲ့ မေးချင်ပါတယ်။

မဇူးပဒုမ္မာ(SCEF) - ဒီနေရာမှာ အမျိုးသမီးပါဝင်မှုလို့ပြောရင် သိသာထင်ရှားတာက တော်လှန်ရေးမှာ မရှိသေးတဲ့ Authentic (မူရင်းပုံစံ) ပါဝင်မှုဖြစ်တယ်။ အမျိုးသမီးမဏ္ဍိုင်မှာ အမျိုးသမီး၊ နိုင်ငံရေးကိုယ်စားပြုနိုင်တဲ့သူတွေပါဝင်သလို တခြားမဏ္ဍိုင်တွေမှာလည်း သက်ဆိုင်ရာအစုအဖွဲ့အသီးသီးက ပြည်နယ်နဲ့ အစုအဖွဲ့ ကိုယ်စားပြုတဲ့အမျိုးသမီးတွေ ပါဝင်လာပါတယ်။ ဥပမာ - ကျွန်မဆိုရင် ကရင်နီပြည်နယ်ဖက်ဒရယ်ယူနစ်ကို ကိုယ်စားပြုပြီးမှ SCEF မှာ ပါဝင်နေတာဖြစ်ပါတယ်။ ဆိုတော့ SCEF မှာ ပုံစံ ၂ မျိုးနဲ့ အမျိုးသမီးတွေ ပါဝင်နေတာဖြစ်ပါတယ်။

နောက်တခုကတော့ ထိပ်ပိုင်းနေရာတွေမှာ အမျိုးသမီးတွေပါဝင်မှုနဲ့ အဆုံးအဖြတ်နေရာတွေမှာ ဘယ်လိုရှိလဲဆိုတဲ့မေးခွန်းပေါ့။

SCEF ရဲ့ပုံစံက တစ်နိုင်ငံလုံးကို အဆုံးအဖြတ်ပေးနိုင်ဖို့ရာ ဘယ်လောက်ရှိလဲဆိုတာနဲ့ ဆက်စပ်မယ်လို့ထင်ပါတယ်။ SCEF စုဖွဲ့ပုံကိုကြည့်ရင်လည်း အမျိုးသမီးပါဝင်မှုကို သီးသန့်မဏ္ဍိုင်အနေနဲ့ထည့်ထားတယ်။

ဒါပေမဲ့လည်း အမျိုးသမီးမဏ္ဍိုင်ထည့်ထားရုံနဲ့ အမျိုးသမီးပါဝင်မှုရှိလာနိုင်မယ်ဆိုတာမျိုးနဲ့ ပြီးသွားမှာ မဟုတ်ဘူး။ SCEF က နိုင်ငံရဲ့အရေးကို ဘယ်လောက်အထိ အဆုံးအဖြတ်ချနိုင်မလဲဆိုတဲ့ပေါ်မူတည်ပြီး ဘယ်လိုကိုယ်စားပြုအဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားလဲဆိုတဲ့မေးခွန်းကနေ စဖြေရမလိုဖြစ်တယ်။

SCEF က အဆုံးအဖြတ်ပေးနိုင်ရင် အမျိုးသမီးတွေကလည်း နိုင်ငံရေးရဲ့အဆုံးအဖြတ်ပေးနိုင်တဲ့နေရာမှာ ပါဝင်လာမှာဖြစ်ပါတယ်။ ဒီနေရာမှာ အမျိုးသမီးကိုယ်စားပြုရှိနေရုံနဲ့ လုံလောက်တာမဟုတ်ဘဲ SCEF စုဖွဲ့မှုမှာ agenda (အစီအစဉ်) ပြင်ဆင်တာကစလို့ နိုင်ငံရေးကိစ္စတွေ စီစဉ်ဆောင်ရွက်တာတွေ၊ အဆုံးအဖြတ်ချတဲ့နေရာတွေမှာ အဓိပ္ပါယ်ရှိရှိ ပါဝင်လာဖို့ စုဖွဲ့ထားတာဖြစ်တယ်။ ဒီလိုအဆုံးအဖြတ်ချနိုင်တဲ့နေရာအထိ အမျိုးသမီးတွေပါဝင်လာဖို့ အရေးကြီးတယ်။

ဘီဘီစီ - SCEF ရဲ့အမျိုးသမီးပါဝင်မှုက အရေးကြီးတယ်လို့ ပြောပါတယ်။ ဘာကြောင့်အရေးကြီးတာလဲ။ တည့်တည့်မေးရရင် SCEF ရဲ့ အမျိုးသမီးကဏ္ဍ၊ အမျိုးသမီး ကိုယ်စားပြုတာက ဘာတွေ လုပ်မှာလဲ၊ ဘယ်လိုအလုပ်လုပ်မှာလဲ။ မြန်မာက အမျိုးသမီးတွေကို ကိုယ်စားပြုပြီး ဘယ်လိုအလုပ်လုပ်မလဲဆိုတာ သိပါရစေ။

မဇူးပဒုမ္မာ(SCEF) - အမျိုးသမီးကိုယ်စားပြုမှုက SCEF အတွက် ဘယ်လိုမျိုးအရေးကြီးလဲဆိုတာထက် တော်လှန်ရေးအောင်မြင်ဖို့ အခန်းကဏ္ဍအတွက် အမျိုးသမီးပါဝင်မှုနဲ့ ကိုယ်စားပြုမှုကအရေးကြီးတယ်လို့ အရင်ဆုံးဖြေချင်တယ်။

ဘာဖြစ်လို့လဲဆိုတဲ့ ဒီအမျိုးသမီးတွေက တော်လှန်ရေးရဲ့အပြင်ဘက်ကနေ ပါဝင်လာတဲ့သူတွေမဟုတ်ဘူး။ ဒီတော်လှန်ရေး လူထုလှုပ်ရှားမှု၊ အုပ်ချုပ်ရေး၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ဒီဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်မယ်လို့ ပြောထားတဲ့အချိန်ကစပြီးမှ နိုင်ငံရေး၊ သံတမန်ရေးနဲ့ တချို့နေရာတွေမှာ စစ်ရေးအထိတောင် ပါဝင်လာကြတာဖြစ်တယ်။

ဒီအခြေအနေကို ကျွန်မတို့က နားလည်အသိအမှတ်ပြုပြီးမှ SCEF မှာ အမျိုးသမီးမဏ္ဍိုင်ထားရှိရတဲ့ရည်ရွယ်ချက်တွေထဲက တစ်ခုဖြစ်တယ်။ ဒါကြောင့်မို့ အဆုံးအဖြတ် ပေးနိုင်တဲ့နေရာတွေကို အမျိုးသမီးတွေကို ပေးတာက အခွင့်အရေးပေးတာထက်ကို ကျော်လွန်တယ်။ အခွင့်အရေးပေးတာထက် ဒီတော်လှန်ရေးထဲမှာရှိပြီးသား အတွေ့အကြုံတွေကို နိုင်ငံရေးအင်အားတစ်ခုအနေနဲ့ အသိအမှတ်ပြုပြီးမှ အမျိုးသမီးမဏ္ဍိုင်ကို ထားရှိရတာဖြစ်တယ်။

ကျွန်မတို့ ဘာတွေလုပ်မှာလဲဆိုရင် မေးခွန်းတွေမေးတတ်ကြတယ်။ SCEF ကိုယ်တိုင်လည်း စဉ်းစားတယ်။ အမျိုးသမီးတွေပါဝင်လာပြီးမှ အမျိုးသမီးလှုပ်ရှားဆောင်ရွက်ရေးကိစ္စရပ်တွေပဲ ပြောလာကြမလားဆိုတဲ့စဉ်းစားချက်တွေ၊ စိုးရိမ်ချက်တွေလည်းရှိတယ်။

ဆိုတော့ ဒီနေရာမှာ ကျွန်မတို့ပြောရမှာက အမျိုးသမီးအရေးက နိုင်ငံရေးဖြစ်တယ်။ ဒါက ငြင်းလို့မရတဲ့အရာဖြစ်တယ်။ အမျိုးသမီးတွေက အမျိုးသမီးတွေရဲ့ထိခိုက်ဆုံးရှုံးမှုနဲ့ ဒီနိုင်ငံရဲ့ အခင်းအကျင်းကိုပြောနေတာကလည်း နိုင်ငံရေးကို ပြောနေတာပဲ ဖြစ်တယ်။

ဘီဘီစီ - အခုဆိုရင် နွေဦးတော်လှန်ရေးက ၅ နှစ်ကျော်ကာလထဲ ရောက်ပြီ။ SCEF ကလည်း မတ်လမှာ ပေါ်လာတဲ့အချိန်မှာ တော်လှန်ရေးတပ်ဦးအနေနဲ့ စစ်ရေးနဲ့ နိုင်ငံရေးကို ဆောင်ရွက်မယ်လို့ ပြောတယ်။ ၂ ပိုင်းခွဲ မေးချင်တယ်။ နိုင်ငံရေးကဏ္ဍမှာဆိုရင် SCEF ရဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ အမှီအခိုကင်းကင်းနဲ့ အမျိုးသမီးတွေပါဝင်နိုင်ရေးက ဘယ်လောက်အရေးကြီးလဲ။ နိုင်ငံရေးဖော်ဆောင်မှုတွေမှာ လက်ရှိပါဝင်နေမှုအနေအထားကရော ဘယ်လောက်အကျေအလည် ဆွေးနွေးနေရလဲ၊ ဘယ်လောက်အလုပ်ဖြစ်လဲ။

မဇူးပဒုမ္မာ(SCEF) - မြန်မာနိုင်ငံရဲ့အရွေ့၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့ဆိုရင် ဒီလိုနေရာတွေမှာ အမျိုးသမီးတွေပါဝင်မှုက အရမ်းအရေးကြီးတယ်။

ဘာကြောင့်အရေးကြီးတာလဲဆိုတော့ ဒီနိုင်ငံမှာ နေထိုင်တဲ့လူသားတစ်ယောက်ဖြစ်ခြင်း၊ ဆုံးဖြတ်ချဖို့ ပါဝင်ခွင့်ရဖို့ရှိသင့်တဲ့လူသားတစ်ယောက်အနေနဲ့လည်း ခေတ်အဆက်ဆက်မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို ကြုံတွေ့ရတဲ့ လူသားတစ်ယောက်အနေနဲ့ရော ဒီမိုကရေစီရှုထောင့်အရကြည့်ရင်လည်း တိုင်းပြည်ရဲ့လူဦးရေထက်ဝက်ကျော်က အမျိုးသမီးတွေဖြစ်နေတယ်။

ဒီအခြေအနေကို အသိအမှတ်ပြုလက်ခံပြီးတော့မှ SCEF အနေနဲ့ အမျိုးသမီးမဏ္ဍိုင်ကို ထားရှိပြီးမှ တော်လှန်ရေးရဲ့အရွေ့ကိုသွားရမယ်လို့ ပြောတာပေါ့နော်။ အဆုံးအဖြတ်ချတဲ့နေရာမှာ အမျိုးသမီးတွေပါဝင်လာဖို့ အရေးကြီးတယ်။

နောက်တစ်ခုကတော့ စိန်ခေါ်မှုကို ပြောသွားတယ်လို့ နားလည်တယ်၊ စိန်ခေါ်မှုကိုကြည့်မယ်ဆိုရင် SCEF ကိုယ်တိုင်မှာ အချိန်အကြာကြီးယူပြီး ဆွေးနွေးရတဲ့ကိစ္စတွေရှိတယ်။ အမျိုးသမီးတွေပါဝင်ပြီးမှ ဘယ်လိုလုပ်ငန်းတွေလုပ်သွားမှာလဲ၊ ဒီအမျိုးသမီးတွေကရော တစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်တဲ့အခင်းအကျင်းမျိုးဖြစ်ပါ့မလားဆိုတဲ့စဉ်းစားချက်ရှိတယ်။

နောက်တစ်ခုကတော့ ပါဝင်လာမယ်ဆိုရင် ဘယ်လိုမျိုးကိုယ်စားပြုတဲ့အမျိုးသမီးတွေဖြစ်မလဲဆိုတာမျိုး စဉ်းစားရတဲ့စိန်ခေါ်ချက်တွေရှိတယ်။ ဘာကြောင့်ပါဝင်ရတယ်ဆိုတာ အရှေ့မှာအများကြီးပြောပြီးသွားပြီ။

ဒါပေမဲ့ ပါဝင်လာတဲ့ အမျိုးသမီးတွေကတော့ SCEF ချမှတ်ထားတဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိစ္စရပ်တွေမှာ သူတို့ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ဖို့ဖြစ်မယ်။ စစ်ရေးမှာဆိုလည်း အမျိုးသမီးတွေကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့တွေမှာ ပါဝင်လာဖို့ စဉ်းစားပြီးမှ အလုပ်လုပ်သွားဖို့ ရည်ရွယ်တာဖြစ်တယ်။

စစ်ရေးမှာ အမျိုးသမီးပါဝင်မှု

ဘီဘီစီ - ဒါဆိုရင် SCEF ရဲ့ စစ်ရေးအရအမြင့်ဆုံးအဖွဲ့အစည်းတွေ ဥပမာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီလိုနေရာမျိုးတွေမှာ အမျိုးသမီးပါဝင်မှုဘယ်လိုရှိနေလဲ။ စစ်ရေးမှာ အမျိုးသမီးပါဝင်မှုနဲ့ပတ်သက်လို့ SCEF ရဲ့စဉ်းစားချက်က ဘယ်လိုဖြစ်မလဲရှင့်။

မဇူးပဒုမ္မာ(SCEF) - ဒီလိုကော်မတီမျိုးမှာ ကြည့်မယ်ဆိုရင် ကျွန်မတို့ရဲ့ခေတ်အဆက်ဆက်အရ အမျိုးသမီးတွေဟာ စစ်ရေးနဲ့ မသက်ဆိုင်ဘူး၊ စစ်ရေးဆုံးဖြတ်ချက်တွေမှာဆိုရင် အမျိုးသမီးတွေပါဝင်မှုမရှိဘူး၊ ဒီတော်လှန်ရေး ၅ နှစ်တာအတွင်းမှာတောင် အမျိုးသမီးတွေက စစ်ရေးမှာဆိုရင် နောက်ကွယ်ကနေမှ ပံ့ပိုးပေးတဲ့ Logisitic အရ လုပ်ရတာများတယ်။

ရှေ့တန်းတိုက်ပွဲသွားတဲ့အမျိုးသမီးတွေရှိတယ်ဆိုပေမဲ့ ဆုံးဖြတ်ချက်ချနိုင်တ့ အခန်းကဏ္ဍအထိ ပါဝင်နိုင်တာ အရမ်းနည်းတယ်။ အမြင့်ဆုံးဆိုရင် Logisitic ယူနစ်တွေရဲ့တာဝန်ရှိတဲ့သူ၊ တပ်တွေရဲ့ EC တို့ CC တို့ထဲ ပါရင်တောင် အရမ်းနည်းတယ်။ ပါခဲ့ရင်တောင် စစ်ရေးဆိုင်ရာဆုံးဖြတ်ချက်မဟုတ်ဘဲ တပ်အုပ်ချုပ်မှုအပိုင်းတွေမှာ ပိုများတာဖြစ်လို့ အခု SCEF ကဖွဲ့တဲ့ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးအဖွဲ့မှာ အမျိုးသမီးပါဝင်မှုမရှိဘူး၊ ပြီးမှ အားနည်းတယ်လို့ ပြောလို့ရတယ်။

စစ်ရေးကိစ္စဆိုရင် SCEF ရဲ့ စုဖွဲ့မှုမှာ လုပ်ငန်း ၄ ခုကို လုပ်ရမယ်။ ဖက်ဒရယ်ရေး၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေးနဲ့ လုံခြုံရေးနဲ့ကာကွယ်ရေးကိစ္စရပ်တွေကို SCEF က အဓိက အလုပ်လုပ်မှာဖြစ်တယ်။

ဒီကဏ္ဍ ၄ ခုအောက်မှာ SCEF မှာပါဝင်တဲ့ အမျိုးသမီးကိုယ်စားလှယ်တွေ အထူးသဖြင့် အမျိုးသမီးမဏ္ဍိုင်မှာကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေကတော့ လုံခြုံရေးနဲ့ ကာကွယ်ရေးလုပ်ငန်းအောက်ကနေပြီး စစ်မဟာဗျူဟာ ပေါင်းစပ်နိုင်ဖို့ လိုအပ်တဲ့ မူဝါဒတွေ၊ အစီအစဉ်တွေရေးဆွဲတဲ့အခါမှာ ပြီးတော့ အဲဒီကဏ္ဍတွေအတွက်လိုအပ်တဲ့ စစ်ရေးဆိုင်ရာအသုံးစရိတ်တွေ၊ စီမံအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်တွေနဲ့ သက်ဆိုင်တဲ့ အရာတွေကိုတော့ ပါဝင်ဆွေးနွေးခွင့်၊ ကိုယ်စားပြုခွင့်နဲ့ ပါဝင်ဆုံးဖြတ်ပိုင်ခွင့်ကတော့ လုံခြုံရေးနဲ့ ကာကွယ်ရေးကဏ္ဍအောက်ကနေမှ လုပ်ခွင့်ရမှာကတော့ အသေအချာဖြစ်တယ်။

အမျိုးသမီးတွေပါဝင်ဖို့ စိန်ခေါ်ချက်တွေ

ဘီဘီစီ - အစောပိုင်းကာလမှာ ကြားခဲ့တာရတာရှိပါတယ်။ SCEF အမျိုးသမီးမဏ္ဍိုင်စုဖွဲ့မှုမှာ အမျိုးသမီး အဖွဲ့အစည်းတချို့ နုတ်ထွက်တယ်လို့ ကြားသိရပါတယ်။ အဲဒါက ဘယ်လိုအခြေအနေမျိုး ကြုံနေရတာလဲ။ SCEF ထဲ အမျိုးသမီးပါဝင်ဖို့ ဆွေးနွေးတာမှာ အဓိကကြုံနေရတဲ့ အခက်အခဲ ၃ ခု ဆို ဘာတွေဖြစ်မလဲ။

မဇူးပဒုမ္မာ(SCEF) - အမျိုးသမီးတွေ နုတ်ထွက်တဲ့ကိစ္စ၊ စိန်ခေါ်မှုတွေမပြောခင်မှာ မဏ္ဍိုင်စုဖွဲ့မှုအတွက် အမျိုးသမီးအစုအဖွဲ့တွေက ဘယ်လိုပြင်ဆင်လဲဆိုတာကို ကျွန်မ အကျဉ်းချုပ်ပြောပြချင်တယ်။ ကျွန်မတစ်ယောက်တည်းအနေနဲ့ပြောမယ်ဆိုရင် အမျိုးသမီးမဏ္ဍိုင်ဖြစ်မြောက်လာရေးအတွက် စုဖွဲ့လာနိုင်ဖို့ အစီအစဉ်တွေကို စနစ်တကျပြင်ဆင်ကြတယ်လို့ မြင်တယ်။

ဆောင်ရွက်မှုတွေက စနစ်ကျတယ်လို့ သိထားရတယ်။ SCEF က မဏ္ဍိုင်ဖွဲ့စည်းမယ်၊ အမျိုးသမီးကိုယ်စားပြုပါဝင်မယ်လို့ စပြီး မိတ်ဆက်တဲ့အချိန်ကတည်းက အမျိုးသမီးအစုအဖွဲ့အချင်းချင်းကြား တွေ့ဆုံနိုင်ဖို့ ဖန်တီးခဲ့တယ်။

ဒီလိုဖန်တီးပြီးမှ အမျိုးသမီးမဏ္ဍိုင်ဖွဲ့စည်းရေးကော်မတီကို ဖွဲ့စည်းတယ်။ မဏ္ဍိုင်ဖွဲ့စည်းမယ်၊ အစုအဖွဲ့တွေက ကိုယ်စားပြုပေးပါဆိုပြီး လွယ်လွယ်လုပ်ခဲ့တာမျိုးမဟုတ်ဘဲ ဒီမဏ္ဍိုင်ဖြစ်လာဖို့အတွက် ယာယီကော်မတီကို ဖွဲ့စည်းပြီးမှ လုပ်ကြတယ်။ အဲဒီယာယီကော်မတီကနေမှ မဏ္ဍိုင်ကို ဘယ်လိုဖွဲ့မလဲ၊ ဘယ်လိုဆွေးနွေးညှိနှိုင်းမှုလုပ်ကြမလဲဆိုတာကို လုပ်ကြတယ်။

စိန်ခေါ်မှုအပိုင်းမှာတော့ ကျွန်မတို့မှာ အများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီး အစုအဖွဲ့တွေက ကိုယ့်ကိုယ်ကို စုဖွဲ့ကြတယ်ဆိုပေမဲ့လည်း ဒီစုဖွဲ့မှုအစောပိုင်းမှာ မတူကွဲပြားမှုတွေ၊ စိုးရိမ်မှုတွေ၊ လာတဲ့နောက်ခံတွေပေါ့။ အမျိုးသမီးအရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ တချို့ကလည်း ပညာရပ်နောက်ခံကနေ လာတာဖြစ်ပါတယ်။ ကိုယ့်ရဲ့ စုဖွဲ့မှုပုံစံက ဘယ်လိုမျိုးဖြစ်မလဲဆိုတာကို ဆွေးနွေးတဲ့အခါကျတော့ စိုးရိမ်ချက်တွေ မတူကွဲပြားမှုတွေရှိတာကတော့ သဘာဝပဲလို့ ကျွန်မနားလည်တယ်။

ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးကိုယ်စားပြုတွေက ကိုယ်စားပြုရုံသက်သက်မဟုတ်ဘဲ SCEF မှာ သူတို့ရဲ့လုပ်ပိုင်ခွင့်၊ တရား၀င်မှုနဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့် အာဏာနဲ့ ဆိုင်တာတွေကလည်း ဆက်စပ်နေတာဖြစ်လို့ ဒါတွေကို ဆွေးနွေးတာမှာ အချိန်ယူရတယ်။ မတူကွဲပြားမှုတွေကတော့ သဘာဝကျတဲ့စိန်ခေါ်မှုတွေလို့ မြင်တယ်။

SCEF ကိုယ်တိုင်ကလည်း အမျိုးသမီးမဏ္ဍိုင်ကို သီးသန့်ထားပြီး တော်လှန်ရေးအရွေ့မှာ အမျိုးသမီးကိုယ်စားပြုပါဝင်ဖို့ လုပ်တယ်ဆိုကတည်းက ဒီလိုအခင်းအကျင်းက မရှိခဲ့ဘူး။ Authentic ပုံစံမျိုးလည်းဖြစ်တယ်။ အဲဒါကြောင့် SCEF ကိုယ်တိုင်မှာ ကြေလည်အောင်လုပ်ရတဲ့စိန်ခေါ်ချက်တွေရှိတယ်။ အထူးသဖြင့် အမျိုးသားတွေက သမားရိုးကျစဉ်းစားချက်ပုံစံကနေ ခွဲထွက်ပြီး စဉ်းစားရတာဖြစ်လို့ အချိန်ယူရတာတွေ၊ နားလည်မှု တည်ဆောက်ရတာတွေလိုမျိုး SCEF ကိုယ်တိုင်က စိန်ခေါ်မှုကို ကျော်လွှားရတာတွေရှိတယ်။ ဒါပေမဲ့ ကျွန်မအနေနဲ့ ဒါတွေကို အားနည်းချက်၊ စိန်ခေါ်ချက် တစ်ခုလိုတော့ မမြင်ပါဘူး။

အစုအဖွဲ့တွေစုဖွဲ့မှုတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘာဝလို့ မြင်တယ်။ အခုလည်း အမျိုးသမီးတွေကိုယ်တိုင်စုဖွဲ့ပြီးမှ SCEF ကိုလည်း ကိုယ်စားပြုမှုတွေ ရောက်လာပြီဖြစ်လို့ အောင်မြင်မှုရှိတဲ့အနေအထားလည်းဖြစ်ပါတယ်။

ဘီဘီစီ - နွေဦးတော်လှန်ရေးကာလတလျှောက်မှာ အမျိုးသမီးကဏ္ဍကို ပြောခဲ့ကြတယ်၊ မဇူးပဒုမ္မာ အနေနဲ့လည်း ပါဝင်ခဲ့တယ်။ ဒီအခြေအနေကရော အားရစရာအခြေအနေတစ်ခုမှာရှိလား။ အခု SCEF မှာလည်း အမျိုးသမီးပါဝင်ဖို့လည်းရှိတော့ အစ်မတို့အနေနဲ့ ဒီအပေါ်မှာ ဘယ်လောက်အထိ မျှော်လင့်ချက်ရှိလဲ။

မဇူးပဒုမ္မာ(SCEF) - အားရစရာလည်းရှိသလို စိတ်ပျက်စရာကောင်းတဲ့အခင်းအကျင်းတွေလည်း ရှိတယ်လို့ ကျွန်မအနေနဲ့ ပြောရမယ်ထင်တယ်။ အားရစရာကောင်းတာက ဒီတော်လှန်ရေး ၅ နှစ်အတွင်းမှာ အမျိုးသမီးတွေက နိုင်ငံရေးအခန်းကဏ္ဍကို တစုံတဦး တယောက်ရဲ့တွန်းပို့မှုကြောင့်မဟုတ်ဘဲ ကိုယ့်ရဲ့အခန်းကဏ္ဍကို ပိုပြီးယူလာကြတယ်။ ပိုပြီးမှ ပါဝင်မှုကျယ်ပြန့်လာတာက အားရစရာကောင်းတဲ့အခင်းအကျင်းဖြစ်တယ်။

အခုချိန်အထိ အမျိုးသမီးတွေက နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူထုလှုပ်ရှားမှုတွေ၊ လူသားချင်းစာနာထောက်ထားမှုနဲ့ စစ်ရေးဆိုင်ရာတချို့သောကိစ္စရပ်တွေမှာလည်း ပါဝင်ပြီးမှ ဆောင်ရွက်နေတယ်။

အခုချိန်ထိလည်း တက်တက်ကြွကြွ နဲ့ပါဝင်ဆောင်ရွက်နေကြတာဖြစ်တယ်။ ဒီပါဝင်မှုနဲ့ အာဏာပိုင်ခွင့်ကတော့ မတူဘူး။ ပြောချင်တာက ပါဝင်တာနဲ့ လုပ်ပိုင်ခွင့်ရှိပြီလားလို့ မေးသလိုပေါ့။ ပါဝင်မှုရှိတာက အားကောင်းစရာဖြစ်တယ်။ ဒါပေမဲ့ ဒီပါဝင်မှုနဲ့ လုပ်ပိုင်ခွင့်အာဏာတွေက မတူတဲ့အတွက် အမျိုးသမီးတွေပါဝင်တာရှိပေမဲ့ ဆုံးဖြတ်ချက်ချတဲ့အခါမှာ အမျိုးသားတွေနဲ့တန်းတူ အချိုးညီညီရှိနေရဲ့လားဆိုတာကို ဆက်ပြီးမှ မေးခွန်းထုတ်နေရဆဲဖြစ်တယ်။ ဒါတွေကိုဆောင်ရွက်နေရဆဲဖြစ်တယ်။ ဒီအပိုင်းတွေကတော့ အားရကျေနပ်မှုနည်းတယ်လို့ ပြောရမယ်။

SCEF ကတော့ ဒီအခြေအနေ ကွာဟချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ တော်လှန်ရေးအရွေ့ကို အမျိုးသမီးတွေပါဝင်မှုကို အသိအမှတ်ပြုပြီးမှ ပါဝင်လာတဲ့အမျိုးသမီးတွေက ကျန်တဲ့ပါဝင်ခွင့်ရှိနေတဲ့အမျိုးသားတွေနဲ့တန်းတူ နိုင်ငံရေးအရဆုံးဖြတ်ခွင့်ရှိတယ်။ ပါဝင်ကိုယ်စားပြု ရှိသင့်တယ်ဆိုတာမျိုးကို ဖော်ပြနိုင်ဖို့ SCEF ကတော့ ဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့်တယ်။

ဒါကြောင့် အမျိုးသမီးမဏ္ဍိုင် တည်ဆောက်တာဖြစ်တယ်။ ဒါကလည်း အဆုံးသတ် မဟုတ်ဘူးကျားမ တန်းတူရေးနဲ့ အားလုံးပါဝင်တဲ့လူမှုအသိုက်အ၀န်း တစ်ခုကိုတည်ဆောက်သွားနိုင်ဖို့အတွက် ပထမခြေလှမ်းပဲ ဖြစ်တယ်လို့ ကျွန်မထင်တယ်။

SCEF အတွက် စုပေါင်းနိုင်ငံရေးဦးဆောင်မှုပေးမယ့်အမြင့်ဆုံးအဖွဲ့ ဖြစ်တဲ့ "မဟာဗျူဟာနဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့" မှာတော့ အဖွဲ့ဝင်တွေရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေ နေရာယူထားပါတယ်။ စစ်ရေးကိုတော့ "စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ" က အမြင့်ဆုံး အဆုံးအဖြတ်ပေးနိုင်မယ့်အလုပ်အဖွဲ့ ဖြစ်ပါတယ်။